Sunday, 7 September 2014

၂၃ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

“သင်၏ညီအစ်ကိုသည် သင့်ကိုထိခိုက်ပြစ်မှားမိလျှင် . . .” မာတေဦး ၁၈း၁၅-၂၀

ခရစ်ယာန်ဝိညာဉ်ရေးတရားတော်တွင် အပြစ်ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းဟာ အင်မတန်မှအရေးကြီးသလို အနှစ်သာရရှိတဲ့ သွန်သင်ချက်လည်း ဖြစ်ပါတယ်။ ယနေ့ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော် (မာတေဦး ၁၈း၁၅-၂၀)တွင်လည်း ယေဇူးခရစ်တော်က အပြစ်ပြုသူကို မည်သို့ ပြန်လည်သွန်သင်ပေးပြီး လမ်းမှန်သို့မည်သို့ပြန်လည်ခေါ်ဆောင်ရမည်ကို စနစ်တကျမိန့်ဆိုထားပါတယ်။ အကယ်၍ သင်၏ညီအစ်ကိုသည် သင့်ကိုထိခိုက်ပြစ်မှားမိလျှင် ပထမဦးဆုံးလုပ်ရမှာက ထိုသူနှင့် နှစ်ဦးသား တွေ့ဆုံဆုံးမရမှာဖြစ်ပြီး အကယ်၍ ထိုဆုံးမခြင်းကို လက်မခံပါက အခြား တစ်ဦး၊ နှစ်ဦးတို့အား သက်သေအားဖြင့် အတည်ပြုစေခိုင်းပါတယ်။ ဒါမှ လက်မခံသေးပါက သူ့အားအခြားသော သူအဖြစ်သတ်မှတ်လော့ဟု သွန်သင်ထားပါတယ်။ ထိုသို့ အခြားသောသူအဖြစ် သတ်မှတ်ခြင်းဟာ သူ့အားစွန့်လွှတ်လိုက်ခြင်းမဟုတ်ပါဘူး - အဓိကပန်းတိုင်ဟာ ထိုသူနှင့်ပြန်လည်ကျေအေးသင့်မြတ်ဖို့သာ ဖြစ်ပါတယ်။ ထို့ကြောင့် ထိုပြစ်မှားသူအား တခဏတာ အချိန်ပေးသုံးသပ်ဆင်ခြင် စဉ်းစားစေခြင်းသာ ဖြစ်ပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်တော့်တို့ရဲ့ လူမှု့ဆက်ဆံရေးနယ်ပယ်မှာလည်း မကြာခဏဆိုသလို စကားများတတ်ပြီး မသင့်မြတ်တဲ့အချိန်လေးတွေ ရှိကြမှာသေချာပါတယ်။ ဘာမဟုတ်တဲ့ အပြစ်အနာဆာလေးတွေကို အမှတ်တမဲ့ မတော်တဆပြုလုပ်ကျူးလွန်မိပြီး တန်ဖိုးကြီးလှတဲ့ ကျွန်တော်တို့ရဲ့ လူမှု့ဆက်ဆံရေးတွေ ပျက်သွားတတ်တဲ့ သာဓကတွေလည်း ဘ၀မှာ ဒုနဲ့ဒေးပါပဲ။

ပျက်စီးသွားတဲ့ ကျွန်တော်တို့ရဲ့ ခင်မင်မှုမေတ္တာတရားတွေကို ဘယ်လိုပြန်လည်ပြုပြင်ကြမလဲ။ ယေဇူးခရစ်တော်ရဲ့ သွန်သင်ချက်အား ပြန်လည်သုံးသပ်ကြည့်လျှင် ကျွန်တော်တို့ရဲ့ ပျက်စီးသွားတဲ့ ခင်မင်မှုမေတ္တာတရားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ နည်းလမ်းကောင်းများ ရနိုင်ပါတယ်။ ပထမဆုံး မိမိဟာ တစ်စုံတစ်ဦး၏အမှားပြုလုပ်ခြင်း၊ ထိခိုက်ပြုမိခြင်းခံရပြီလို့ ခံစားမိလျှင် ထိုသူနှင့် ဦးစွာတိုက်ရိုက် စကားပြောဆိုသင့်ပါတယ်။ ထိုသို့ နှစ်ဦးတည်းစကားပြောဆိုတဲ့အခါ အရေးကြီးတဲ့ သတိထားရမည့်အချက်ဟာ စွပ်စွဲပြောဆိုမှုတွေ မလွန်ကဲဖို့လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုရနိုင်တဲ့ စကားပြောဆိုခြင်းသာဖြစ်သင့်ပါတယ်။

အကယ်၍ ထိုသို့နှစ်ဦးသား သီးသန့်ဆွေးနွေးပြောဆိုခြင်းမအောင်မြင်သောအခါ စိတ်လိုက်မာန်ပါ မလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ပိုပြီးအရေးကြီးတာက မိမိဘက်ကမှန်ကန်မှုမပျောက်စေဖို့ပါပဲ။ ထို့ကြောင့် အခြားအကြံညဏ်ကောင်းပေးနိုင်တဲ့ မိတ်ဆွေတစ်ဦး၊ နှစ်ဦးနှင့်အတူ ထိုကိစ္စအကြောင်းအရာကို ဆွေးနွေးသင့်ပါတယ်။ ဤနေရာတွင် မိမိ၏ရည်ရွယ်ချက်မှာ မိမိအားထိခိုက်သူကို အနိုင်ယူလိုခြင်းမဟုတ်ဘဲ ထိုသူအား ၎င်း၏အမှားကိုမြင်လာစေပြီး ခင်မင်မှုမေတ္တာတရားကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ဖြစ်ပါတယ်။

သို့သော်လည်း ထိုသူက ၎င်း၏အမှားကိုလက်မခံသေးပါက မိမိ၏မိတ်ဆွေအဖြစ်မှ အခြားသူစိမ်းတစ်ဦးအဖြစ် ခဏတာသတ်မှတ်လိုက်ပါ။ ထိုသို့ အခြားသောသူအဖြစ် သတ်မှတ်ခြင်းဟာ သူ့အားစွန့်လွှတ်လိုက်ခြင်းမဟုတ်ပါဘူး - အဓိကပန်းတိုင်ဟာ ထိုသူနှင့်ပြန်လည်ကျေအေးသင့်မြတ်ဖို့သာ ဖြစ်ပါတယ်။ ထို့ကြောင့် ထိုပြစ်မှားသူအား တခဏတာ အချိန်ပေးသုံးသပ်ဆင်ခြင် စဉ်းစားစေခြင်းသာ ဖြစ်ပါတယ်။ ထိုအချိန်ကာလတွင် မိမိဟာ ထိုသူအတွက်ဆုတောင်းပေးနေသင့်ပါတယ်။ ထိုသူအတွက် ဆုတောင်းပေးကို ပေးရပါမယ်။ မိမိ၏ဆုတောင်းမေတ္တာဖြင့် ထိုသူဟာ ၎င်း၏အမှားကို မြင်ပြီး ပြန်လည်တောင်းပန်လာပါက - ထိုအခွင့်အရေးကို ချက်ချင်းဆွဲယူကာ ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းကို ချက်ချင်းတည်ဆောက်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ခရစ်ယာန်အသိုင်းအ၀ိုင်းအကြားနှင့် လူလောကမိသားစုကြီးအကြား ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းတရားတို့ဖြင့် ငြိမ်းချမ်းအေးလမ်းသို့ ရောက်နိုင်ရန် ဆုတောင်းသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



No comments:

Post a Comment