Sunday, 28 September 2014

၂၆ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


သံမာတေဦး ၂၁း၂၈-၂
ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်က ပုံဥပမာတစ်ခုပေးပါတယ်။ ထိုပုံဥပမာထဲတွင် ဖခင်က သူ၏သားနှစ်ယောက်အား ၎င်း၏စပျစ်ခြံတွင် အလုပ်လုပ်ဖို့တောင်းဆိုပါတယ်။ ပထမသားတစ်ယောက်အား တောင်းဆိုသောအခါ ၎င်းသားက မသွားနိုင်ကြောင်း ချက်ချင်းတုန့်ပြန်ခဲ့ပါတယ် - သို့ပေမယ့်လည်း နောက်မှ နောင်တရပြီး စပျစ်ခြံအလုပ်ကို သွားခဲ့ပါတယ်။ ထို့အတူ ဒုတိယသားကိုလည်း ဖခင်ကြီးက ၎င်း၏စပျစ်ခြံမှာ အလုပ်သွားလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုအခါ ၎င်းက သွားမယ်ဟု ချက်ချင်းတုန့်ပြန်ခဲ့ပေမယ့်လည်း တကယ်တန်းတော့ မသွားပါဘူး။ အဲဒီမှာပင် ယေဇူးသခင်က မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတော့တယ် - ဤသူနှစ်ဦးတွင် မည်သူသည် ဖခင်၏အလိုကို ဆောင်ရွက်ခဲ့သနည်း။

ဤပုံဥပမာဟာ ကျွန်တော်တို့လူသားဘ၀အခြေအနေ ဖြစ်ရပ်မှန်ကို ထင်ဟပ်စေတာပါပဲ။ ကျွန်တော်တို့တတွေလည်း ကုသိုလ်လုပ်သည့်အခါပဲဖြစ်စေ၊ အလှူဒါနပြုလုပ်သည့်အခါပဲဖြစ်စေ၊ အခြားကောင်းသည့်အရာပြုလုပ်ရမှာပဲဖြစ်ဖြစ်၊ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ကြတဲ့အခါပဲဖြစ်ဖြစ် မကြာခဏဆိုသလို စိတ်ဟာဒွဟဖြစ်နေတတ်ပါတယ်။ ပထမရုတ်တရက်မှာ မိမိ၏စိတ်အလိုအတိုင်း လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူး စသဖြင့် ချက်ချင်းတုန့်ပြန်မိတတ်ကြမှာပါ။ သို့ပေမယ့်လည်း သေချာပြန်စဉ်းစားမိတဲ့အခါ စိတ်ထဲကအဖြေတွေဟာ ပြောင်းလဲတတ်ပါတယ်။ ဖခင်ကြီးရဲ့ ပထမသားလိုပဲ မလုပ်နိုင်ဘူးဖြေပြီးမှ ပြန်စဉ်းစားမိတဲ့အခါ လုပ်သင့်တဲ့အတွက် လုပ်ဖြစ်နိုင်ကြသလို၊ ဒုတိယသားလိုပဲ လုပ်မယ်ပြောပြီး နောက်မှမလုပ်ဖြစ်တာတွေလည်း အများကြီးရှိပါတယ်။

အင်္ဂလိပ်အဆိုရှိတစ်ခုရှိပါတယ် - Action speaks louder than speech. လုပ်ဆောင်ခြင်းဟာ စကားပြောခြင်းထက် အသံပိုကျယ်သည်ဟု ဆိုရပါလိမ့်မယ်။ မြန်မာ့နိတိကျမ်းတွင်လည်း မိုးလေးမျိုးနှင့် တူသောလူလေးမျိုးကို ဖော်ပြထားပါတယ်။ ပထမမိုးဟာ ခြိမ်းသာခြိမ်းတယ် မရွာတဲ့မိုးပါ။ ဒုတိယမိုးကတော့ မခြိမ်းဘဲ ရွာတဲ့မိုးပါ။ တတိယမိုးကတော့ ခြိမ်းလည်းမခြိမ်း ရွာလည်မရွာတဲ့မိုးဖြစ်ပြီး စတုတ္ထမိုးကတော့ ခြိမ်းလည်းခြိမ်း ရွာလည်းရွာတဲ့မိုးပါ။ ထို့အတူပဲ လူတွေမှာလည်း ပြောသာပြောတယ် မလုပ်တဲ့သူ၊ အပြောမဟုတ်ဘဲ လုပ်တဲ့သူ၊ ပြောလည်းမပြော လုပ်လည်းမလုပ်တဲ့သူ၊ နှင့် ပြောလည်းပြော လုပ်လည်းလုပ်တဲ့သူဟု လေးမျိုးခွဲခြားနိုင်ပါတယ်။
ပြောလည်းပြော လုပ်လည်းလုပ်တဲ့သူကို ပို၍သဘောကျကြမှာပါ။ သို့ပေမယ့်လည်း မပြည့်စုံသူတွေမို့ ထိုလူမျိုးရှာတယ်ဟု ထင်ရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မပြည့်စုံသူတွေကြားမှာတော့ ခရစ်တော်က အနိမ့်ဆုံး လူနှစ်မျိုးကို ပုံဥပမာပေးခဲ့တာပါပဲ။

မိတ်ဆွေ၊ ကျွန်တော်တို့ခရစ်ယာန်ဘ၀မှာလည်း ဘုရားသခင်၏အလိုကို ဆောင်ရွက်တဲ့အခါ ယေဇူးခရစ်တော်၏ပုံဥပမာထဲက သားနှစ်ဦးထဲက တစ်ဦးမဟုတ်တစ်ဦးလိုတော့ ဖြစ်တတ်ကြမှာပါ။ ကျွန်တော်တို့ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင့်နေပြီလား ဒါမှမဟုတ် ဘုရားသခင်၏အလိုတော်ကို ပြည့်စုံစေသလားဆိုတာ ခရစ်ယာန်တိုင်းအတွက် အရေးအကြီးဆုံးအချက်ပါပဲ။

သံမာတေဦး ၅း၄၈ တွင် ကောင်းကင်ဘုံ၌ရှိတော်မူသော ဖခင်သည်ကောင်းမြတ်ပြည့်စုံသကဲ့သို့ ကောင်းမြတ်ပြည့်စုံကြလော့ဟု မိန့်ဆိုထားပါတယ်။ သံမာတေဦး ၆း၁၀ တွင် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင်လည်း ကိုယ်တော်၏အလိုတော်သည် ပြည့်စုံပါစေသော်ဟု ဆုတောင်းနည်းသင်ပေးသောအခါ ယေဇူးခရစ်တော်က သင်ပေးခဲ့ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်သည်လည်း အဖဘုရားသခင်၏ အလိုတော်ကိုပြည့်စုံစေရန် လူ့အဖြစ်ကိုယူ၍ ဤလောကသို့ဆင်းကြွလာခဲ့ကြောင်း မိန့်ဆိုပါတယ်။ ထို့အပြင် သံမာတေဦး ၂၅း၃၁-၄၀ တွင် -အကြောင်းမူကား ငါဆာလောင်သောအခါ သင်တို့သည် ငါ့အားစားစရာကိုပေး၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အားသောက်ရေကိုပေးကြ၏ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည်ငါ့အား ပျူငှာစွာကြိုဆိုကြသည်။ ငါအ၀တ်မရှိသောအခါ သင်တို့သည် ငါ့ကိုအ၀တ်ဖြင့်လွှမ်းခြုံပေးကြသည်။ ငါသည်ဖျားနာသောအခါ သင်တို့သည် ငါ့အား ကြည့်ရှုကြသည်။ ငါသည်ထောင်ထဲရှိနေသောအခါ သင်တို့သည်ငါ့ထံသို့ လာကြ၏…. အသိမ်ငယ်ဆုံးသော ငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင်ပြုစုကြပြီ ဟုမိန့်ဆိုထားပါတယ်။

ထို့ကြောင့် ခရစ်ယာန်များအတွက် ဘုရားသခင်၏အလိုတော်ဆိုသည်မှာ ရှင်းလင်းမြင်သာလှပါတယ်။ ချစ်ခြင်းမေတ္တာကိုအခြေခံပြီး မိမိနှင့်နီးစပ်သူများအား ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍ မေတ္တာမျှဝေပေးခြင်းပင်ဖြစ်ပါတယ်။ ယနေ့ ဤလောကစပျစ်ခြံကြီးထဲတွင် လုပ်စရာများစွာရှိနေပါတယ်။ ထို့ကြောင့် အဖဘုရားသခင်၏တောင်းဆိုမှုကို လုပ်ဆောင်ပေးကြရင်း ဘုရားသခင်၏သားသမီးများအဖြစ် သက်သေခံသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)


Saturday, 20 September 2014

၂၅ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


ဘုရားသခင်သည် တရားမျှတ၍ သနားကြင်နာ၏။
ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်ဟာ ဘုရားသခင်သည် တရားမျှတ၍ ဖြောင့်မတ်မှန်ကန်သူဖြစ်ပြီး သနားကြင်နာတတ်သူဖြစ်ကြောင်းကို ဥပမာဆန်းတစ်ခုဖြင့် မိန့်ဆိုပါတယ်။ ယေဇူးသခင်၏ဥပမာဆန်းထဲတွင် ဘုရားသခင်အား အလုပ်ရှင်တစ်ဦးအဖြစ်ခိုင်းနှိုင်းထားပြီး ထိုအလုပ်ရှင်ကြီးဟာ အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများအား မျှတတဲ့လုပ်အားခဖြင့် ငှားရမ်းပါတယ်။ ပထမအလုပ်သမားအစုအား နံနက်အာရုံဦးမှာပင် တစ်နေ့စာလုပ်အားခဖြင့် ငှားရမ်းလိုက်ပါတယ်။ ထို့နောက် နံနက် နာရီခန့်တွင် ဈေးထောင့်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတစ်စုကို မြင်သောအခါ သူတို့ကိုလည်း လုပ်အားခကို မျှတစွာပေးမည်ဟု ကတိဖြင့် သူ့အလုပ်မှာသွားလုပ်စေခဲ့ပါတယ်။ နောက်ထပ် မွန်းတည့်ချိန် ၁၂ နာရီ၊ နောက်ထပ် နေ့ခင်း နာရီမှာလည်း အလားတူအလုပ်လက်မဲ့ လူတစ်စုကိုတွေ့၍ လုပ်အားခကို မျှတစွာပေးမည်ဟုကတိဖြင့် ငှားရမ်းလိုက်ပါတယ်။ ထို့အပြင် ညနေခင်း ၅နာရီထိုးခါနီသည့်တိုင်အောင် အလုပ်လက်မဲ့ဖြစ်နေတဲ့ လူတစ်စုကို တွေ့ရှိပြန်ပါတယ်။ ဒါနဲ့ဘာကြောင့် အလုပ်လက်မဲ့ဖြစ်နေရသလဲ မေးကြည့်သောအခါ ၎င်းတို့အား ငှားရမ်းမည့်အလုပ်ရှင် မရှိသောကြောင့်ဟု ဖြေကြပါတယ်။ ဒါနဲ့ အလုပ်ရှင်ကြီးက သူတို့ကိုလည်း သူရဲ့အလုပ်မှာ သွားရောက်လုပ်ကိုင်စေခဲ့ပါတယ်။

ဒီလိုဖြင့် ညနေ ၅နာရီ အလုပ်သိမ်းချိန်ကျရောက်လာတဲ့အခါ အလုပ်သမားများအား ၎င်းတို့၏နေ့စားခကို ပေးရန်ခေါ်ဆိုလိုက်ပါတယ်။ အလုပ်ချိန်နောက်ဆုံးမှရောက်သူမှ စတင်ကာ အရင်ဆုံးရောက်သူထိအောင် ၎င်းတို့အား တစ်နေ့စာလုပ်အားခကို မှန်ကန်စွာပေးလိုက်ပါတယ်။ နောက်ဆုံးရောက်လာသူများကိုလည်း တစ်နေ့စာလုပ်အားခအပြည့်ပေးသောအခါ အရင်ဆုံးရောက်သူတွေဟာ သူတို့တော့ပိုရတော့မည်ဟု မျှော်လင့်နေခဲ့ကြပါတယ်။ သို့သော်လည်း ထိုအရင်ဆုံးရောက်သူများလည်း တစ်နေ့စာကိုသာ တရားမျှတစွာ ရရှိခဲ့ပါတယ်။ ဒါနဲ့ ၎င်းတို့လည်း နောက်ဆုံးရောက်သူတွေကို ပိုပေးပါတယ်ဆိုပြီး ညည်းတွားကြပါတယ်။ သို့သော်လည်း သူတို့ညည်းတွားသည့်တိုင်အောင် အလုပ်ရှင်ဟာ သူတို့အပေါ်မတရားသောအမှုမပြုပါ - အခြားအလုပ်သမားများအပေါ် သနားကြင်နာ၍ ဂရုဏာသက်စွာဖြင့် စေတနာပိုခြင်းသာဖြစ်ပါတယ်။ သူတို့အပေါ်မတရားမပြုသောအလုပ်ရှင်၏ စေတနာဂရုဏာကို သူတို့တတွေ ဝေဖန်ခွင့်ရှိပါသလား။

မိတ်ဆွေ- ဤဥပမာအားဖြင့် ဘုရားသခင်သည်မတရားသောအမှုကို မကျူးလွန်သည့်အပြင် တရားမျှတခြင်းထက် ပို၍ဂရုဏာရှိကြောင်း ကွက်ကွက်ကွင်းကွင်းကို မြင်တွေ့နိုင်ပါတယ်။ ကိုယ်တော်သည် အပြစ်တို့ကို ရီမှတ်တော်မူလျှင် အဘယ်သူခံနိုင်မည်နည်းဆိုသလိုပဲ ဘုရားသခင်သည် တရားမျှတခြင်းတစ်ခုတည်းသာ လုံးဝလက်ကိုင်ထားမည်ဆိုပါက ကျွန်တော်တို့တတွေအတွက် ကယ်တင်ခြင်းတရား မရရှိနိုင်ပါ။ ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းတရားဟာ ဘုရားသခင်၏ သနားဂရုဏာကြောင့် မထိုက်တန်သော်လည်း ကျေးဇူးတော်ကို ကျွန်တော်တို့ခံစားရရှိခြင်းသာ ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ခရစ်ယာန်တတွေဟာလည်း သံပေါလူးပြောသလိုပဲ ယခင်အတိုင်အကျင့်ဆိုးတွေနဲ့ နေလို့မရတော့ဘဲ ကျေးဇူးတော်ဖြင့် ဘုရားသခင်၏သားသမီးများကဲ့သို့ နေထိုင်ကျင့်ကြံသင့်ပါတယ်။ ခရစ်ယာန်ဘ၀ကို အကောင်းဆုံးကျင့်ကြံနေထိုင်ခြင်းဟာ ခရစ်တော်ကိုအတုယူနေထိုင်သည့် ဘ၀ပါပဲ။

မိတ်ဆွေ- တခါတလေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မရသင့်ဘူး -မဖြစ်သင့်ဘူးဟု ထင်ရတဲ့ လူတစ်ချို့ဟာ မိမိထက်သာပြီး အောင်မြင်နေပါက ကျွန်တော်တို့တတွေချီးမွမ်းနိုင်ဖို့ထက် ဒါဟာ လုံးဝမဖြစ်သင့်ဘူးလို့ အရင်ဦးဆုံးတွေးမိတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့စိတ်ထားက မဖြစ်သင့်တာပါ - ကျွန်တော်တို့ သူတို့အောင်မြင်နေတာကို ချီးကျူးရမှာပါ။ ထို့အပြင် ၎င်းအောင်မြင်မှုများမှာ ဘုရားသခင်၏ဂုဏ်တော်ကို ရှာဖွေချီးမွမ်းတတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာသည် မနာလို ၀န်တိုခြင်းမရှိဘဲ တပါးသူ၏အောင်မြင်မှုမှာ ၀မ်းမြောက်ခြင်းရှိတတ်လို့ပါပဲ။
မိတ်ဆွေ- တခါတလေ ကျွန်တော်တို့တတွေဟာ အလုပ်တစ်ခုကို လုပ်တဲ့အခါ ဆုလာဒ်ကိုသာ ကြည့်တတ်ပါတယ်။ ဆုလာဒ်ကိုသာစိတ်ထဲထားပြီး အလုပ်ကိုတော့ ၀တ်ကျေတန်းကျေလုပ်တတ်တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။ ဘုရားသခင်အတွက် လုပ်ဆောင်ရတဲ့အလုပ်တာဝန်တွေမှာ ပိုဆိုးပါတယ်။ ရရှိမည့်အကျိုးတူညီတဲ့အခါ အလုပ် လုပ်တာချင်းမတူညီကြတော့ပါဘူး။ ပုံဥပမာထဲကလိုပဲ အရင်ဆုံးရောက်သူပဲဖြစ်ဖြစ်၊ နောက်ဆုံးရောက်သူပဲဖြစ်ဖြစ် တူညီတဲ့လုပ်အားခရတဲ့အတွက် ကျွန်တော်တို့တတွေ စိတ်ထားတွေမတူညီကြတော့ဘူး။ ဒါဟာ ခရစ်ယာန်စိတ်ထားမဟုတ်ပါဘူး။ ခရစ်ယာန်ဘ၀မှာ ဘုရားသခင်အတွက် စိတ်ရောကိုယ်ပါဖြင့် လုပ်ကိုင်ပေးရင်း နောက်မှလာသူများ ကိုယ်လိုလုပ်ကိုင်ကြသည့်အခါလည်း တူညီတဲ့ရလာဒ်ကိုပဲ ဝေမျှသည့်တိုင်အောင် စိတ်ကြည်ကြည် ရှိသင့်ပါတယ်။ ထိုဝေမျှခြင်းမှာပင် ဘုရားရဲ့ဂုဏ်တော်ချီးမွမ်းရာဖြစ်ကြောင်း နားလည်ထားသင့်ပါတယ်။

ကောင်းရာကောင်းကျိုးလုပ်ကြတဲ့အခါ ရရှိမည့်ဆုလာဒ်က အရေးမကြီးပါဘူး။ ကျွန်တော်တို့တတွေကိုလည်း အချင်းချင်းဝေဖန်နေရင်း ကောင်းရာကောင်းကျိုးလုပ်သည့်အရာမှ အဟန့်အတားမဖြစ်သင့်ပါဘူး။ ထို့ကြောင့် ဘုရားသခင်အား အတုယူပြီး ကျွန်တော်တို့တတွေလည်း ကျွန်တော်တို့ရဲ့ မိတ်ဆွေများကို တရားမျှတစွာ ဆက်ဆံသင့်သလို တရားမျှတခြင်းထက် ဂရုဏာမေတ္တာလိုအပ်သူများကိုလည်း တရားမျှတခြင်းထက် ဂရုဏာမေတ္တာပါ ပေးနိုင်ကြရမှာဖြစ်ပါတယ်။ ထို့အတူ ဘုရားသခင်၏ ဘုန်းဂုဏ်တော်များကိုလည်း မိမိနှင့်နီးစပ်သူများ၊ အကူညီလိုအပ်သူများ၊ ဂရုဏာစေတနာလိုအပ်သူများအား ကူညီပံ့ပိုးပေးရင်း ချီးမွမ်းတေးဆိုနေသော ခရစ်ယာန်ကောင်းများ ဖြစ်ဖို့ အစဉ်ကြိုးစားသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)




Saturday, 13 September 2014

ကရူစူးတိုင်အောင်နိုင်ခြင်းပွဲ


ယနေ့ တနင်္ဂနွေဟာ ကရူးစူးတိုင်အောင်နိုင်ခြင်းပွဲတော်ကျရောက်သည့်အတွက် အထူးနေ့ဟု ဆိုရပါလိမ့်မယ်။ ဤပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း တနင်္ဂနွေမှာ ကျရောက်တာမဟုတ်ပါဘူး။ ထို့ကြောင့် အထူးနေ့ဟု ပြောဆိုရခြင်းဖြစ်ပါတယ်။ ယနေ့အသင်းတော်အတွင်းမှာ ဤပွဲတော်ကိုကျင်းပသည့်အခါ အဓိပ္ပာယ်နှစ်ခုဖြင့် ကျင်းပနေကြသည်ဟု ဆိုနိုင်ပါတယ်။ ကရူစူးတိုင်အောင်နိုင်ခြင်းပွဲတော် ကျင်းပရခြင်း ပထမအကြောင်းရင်းမှာ ယေဇူးခရစ်တော်အားတံကျင်တင်ခဲ့သော ကားတိုင်တော်အစစ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းကို သမိုင်းစဉ်အရနားလည်အောက်မေ့နိုင်ရန်ဖြစ်ပါတယ်။ ထို့နောက် ပွဲတော်ကျင်းပရခြင်းဒုတိယအကြောင်းရင်းကတော့ ကားတိုင်အားဖြင့် ခရစ်တော်သခင်ပေးခဲ့သော၊ သက်သေပြသခဲ့သော သူ၏ယဇ်ပူဇော်ရာချစ်ခြင်းမေတ္တာတော်အား ပို၍ပို၍ နားလည်အောက်မေ့နိုင်ရန်နှင့် ကျွန်တော်တို့ခရစ်ယာန်အယောက်ဆီတိုင်းအတွက် ဘ၀မှာ ကားတိုင်တော်ဟာ မည်မျှအရေးပါသလဲဆိုတာကို သိရှိနားလည်နေကြဖို့ ဖြစ်ပါတယ်။

သမိုင်းအရပြောရမယ်ဆိုလျှင်ဖြင့် ယေဇူးခရစ်တော်အား တံကျင်တင်ခဲ့သော ကားတိုင်တော်အစစ်၏ လက်ကျန်အပိုင်းအား အေဒီ ၃၃၅ ခုနှစ်၊ စတင်ဘာလ ၁၄နေ့တွင် ကာဗာရီတောင်ကုန်းပေါ်ရှိ သန့်ရှင်းသောဓါတ်တော်ဘုရားကျောင်း (Holy Sepulcher)တွင် ပထမအကြိမ်ထိန်းသိမ်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်။ ဒုတိယအကြိမ်ထိန်းသိမ်းခြင်းကိုတော့ ထိုကျောင်းတော်မှာပဲ အေဒီ ၆၃၀ စတက်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။ ခရစ်တော်၏မူလ ကားတိုင်တော်အစစ်အား ပထမဆုံးရောမလူမျိုးမှ ခရစ်ယာန်ဖြစ်လာခဲ့သူ ကွန်စတန်တီနို၏မိခင် ရဟန္တာဟယ်လင်ဦးဆောင်သည့်အဖွဲ့မှ အေဒီ ၃၂၆တွင် တူးဖော်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုနောက် ၎င်းတွေ့ရှိရာနေရာတွင် သန့်ရှင်းသော ဓါတ်တော်ဘုရားကျောင်းတော်ကို အင်ပါယာကွန်စတန်တီနိုမှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကားတိုင်တော်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ နှစ်သုံးရာအကြာမှာတော့ ဂျေရုဇလင်အား ပါရှန်းတို့ကကျူးကျော်ခဲ့ပြီး အဖိုးတန်ရာအားလုံးကို သယ်ဆောင်သွားကြရန် သန့်ရှင်းသောကားတိုင်တော်စစ်လည်း ပါသွားခဲ့ရပါတယ်။ အေဒီ ၆၃၀မှာတော့ ဟယ်ရာကလီရု့ (၂)က ပါရှန်းတို့ကိုအောင်နိုင်ခဲ့ပြီး ကားတိုင်တော်ကို ပြန်လည်သယ်ယူလာခဲ့ကာ ဘုရားကျောင်းတော်ကိုလည်း ပြန်လည်မွမ်းမံပြီး ကားတိုင်တော်စစ်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ကားတိုင်တော်စစ်၏အကြီးမားဆုံးအပိုင်းအစကိုတော့ ရောမမြို့ရှိ စန်တာခရော့ခ်ျဘုရားကျောင်းတော်တွင် ထိန်းသိမ်းထားပါတယ်။

ယနေ့ဖတ်ရှုရသည့် ပထမကျမ်းမှာတော့ အီစ္စရာအဲလ်လူမျိုးတွေ သဲကန္တာရမှာ အနှစ်လေးဆယ်ဖြတ်သန်း နေထိုင်စဉ်အတွင်း ကာနန်ပြည်ခရီးဟာ ကြာလွန်းသည်ဟုဆိုကာ ဘုရားသခင်နှင့်အတူ မိုးဇယ်အား အပြစ်တင်လာကြတဲ့အတွက် ဘုရားသခင်ဟာ မြွေများကိုစေလွတ်ပြီး လူပေါင်းများစွာကို သေစေသည့်တိုင်အောင် အပြစ်ဒဏ်ပေးခဲ့ပါတယ်။ သို့ဖြစ်၍ အစ္စရာအဲလ်လူများဟာ မိုးဇယ်ထံလာပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အားဆန့်ကျင့်လျက် အပြစ်ကျူးလွန်မိကြောင်းဝန်ခံအသိမှတ်ပြုလာကာ နောင်တသံဝေဂရခဲ့ကြပါတယ်။ ထိုအခါ ကယ်တင်ခြင်းရစေရန် မြွေအဆိပ်ပြေစေရန် ကားတိုင်တစ်ခုလုပ်၍ မြွေရုပ်ကိုပတ်စေခဲ့ပြီး ကုသခြင်းပေးခဲ့ပါတယ်။ ဒုတိယကျမ်းမှာတော့ သံပေါလူးက ဘုရားသခင်သည် ကျွန်တော်တို့၏ ယေဇူးသခင်အား မိမိကိုယ်ကို ဗလနတ္တိအဖြစ်ယူစေကာ ကားတိုင်ပေါ်တွင် အသက်တော်စွန့်၍ ပြန်လည်ရှင်ပြန် ထမြောက်ခြင်းကို ပေးခဲ့ကြောင်း ရှင်းပြထားပါတယ်။

ဧ၀ံဂေလိတရားမှာတော့ နီကော်ဒီမူ၏အမေးအား ယေဇူးသခင်က ပြန်လည်ဖြေကြားရာတွင် ကောင်းကင်နိုင်ငံတော်သို့ ကောင်းကင်မှလာသူမှလွဲ၍ မည်သူမျှမသွားရလို့ဖြေကြားပြီး သဲကန္တာရတွင် အီစ္စရာအလဲလ်လူမျိုးတို့ဟာ မြွေကိုကားတိုင်မှာတင်မြှောက်၍ ကယ်တင်ခြင်းရခဲ့သကဲ့သို့ ယေဇူးသခင်ကိုယ်တိုင်လည်း ကားတိုင်ပေါ်တွင် တင်မြှောက်ခြင်းခံကာ လူသားများအားလုံး ကယ်တင်ခြင်းရနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ ထိုကဲ့သို့ ကားတိုင်တော်တွင် ဒုက္ကစရိယာခံကာ ကယ်တင်ခြင်းကို ရယူရခြင်းမှာလည်း ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကြီးမားလွန်းသောကြောင့် ဖြစ်ကြောင်း “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကိုစွန့်သည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုဆိုထားပါတယ်။

ချစ်သောဓမ္မမိတ်ဆွေများ၊ ကျွန်တော်တို့ရဲ့ခရစ်ယာန်ဘ၀အသက်တာမှာ ကားတိုင်နှင့်ခရစ်တော်၊ ခရစ်တော်နှင့်ကားတိုင် အမြဲယှဉ်တွဲလက်ခံထားဖို့လိုပါတယ်။ ကားတိုင်မပါဘဲ ခရစ်တော်ကို နားလည်လက်ခံနိုင်ဖို့ အခက်တွေ့နေပါလိမ့်မယ်။ အဓိကအကြောင်းရင်းကတော့ ခရစ်တော်ကိုယ်တော်တိုင် အနန္ဒတန်ခိုးတော်ရှင်ဘုရားဖြစ်ပါလျက် လူတွေရဲ့ကယ်တင်ခြင်းအတွက် ကားတိုင်တော်ကိုရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဤအချက်ကို ကျွန်တော်တို့ခရစ်ယာန်တွေ အမြဲစဉ်းစားထောက်ရှု့နေသင့်ပါတယ်။

တခါတလေ ကျွန်တော်တို့တတွေဟာ သဲကန္တာရထဲက အစ္စရာအဲလ်လူမျိုးတွေလိုပဲ လောကခရီးမှာ ကြာရှည်စွာ ရုန်းကန်လာရတာနဲ့ ဘုရားသခင်နှင့် တရားတော်တွေကို အပြစ်တင်ရှုံ့ချတတ်ကြပါတယ်။ ဒါတွေဟာ ဖြစ်တတ်ပေမယ့် ခရစ်ယာန်တို့အတွက်တော့ ကားတိုင်တော်ကို နားလည်ထားသူများဖြစ်တဲ့အတွက် ခရစ်တော်ကိုပါ ယှဉ်တွဲမြင်နိုင်တဲ့အတွက် နောက်တနေ့မျှော်လင့်ချက်ဖြင့် ပျော်ရွှင်စရာအကြောင်းဖြစ်ကာ လောကဓံကို ခံနိုင်စွမ်းရှိသူများ ဖြစ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လောကဓံအခက်ခဲများကြားမှာ ဘုရားသခင်ဟာ ဘ၀အဓိပာယ်ကို ပြည့်စုံစေပါတယ်။ ထို့ကြောင့် မိမိဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်ရ၏ ဟုကြွေးကြော်နိုင်ပါတယ်။ ထို့အပြင် ယနေ့ကားတိုင်တော်မှ ကျွန်တော်တို့တတွေဟာ အပြစ်ခွင့်လွှတ်ခြင်းခံရသူများ ဖြစ်ကြောင်း သတိပေးနေတာဖြစ်၍ ကျွန်ုပ်တို့အားထိခိုက်ကျူးလွန်သူများကိုလည်း ခွင့်လွတ်ပေးတတ်အောင် သွန်သင်သတိပေးနေပါတယ်။

ကားတိုင်တော်နှင့်ခရစ်တော်အားဖြင့် ကျွန်တော်တို့ခရစ်ယာန်တတွေ - လောကဓံအခက်ခဲများရှိသော်လည်း ပျော်ရွှင်သူများဖြစ်ကြသည်။ အပြစ်သားများဖြစ်ကြသော်လည်း အပြစ်ခွင့်လွှတ်ခြင်းခံရသူများဖြစ်၍ အချင်းချင်းခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေးအေးသင့်မြတ်ခြင်းဖြင့် ခရစ်ယာန်မိသားစုတွင် ရှင်သန်ကြသည်။ ကားတိုင်တော်အားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြီးမားသည်ကို နားလည်မြင်နိုင်ပြီး အချင်းချင်းမေတ္တာပွားများကာ ရိုင်းပင်းကူညီရင်း ဘ၀ကိုလျှောက်လှမ်းကြသည် . . . ခရစ်တော်အားဖြင့် ခိုင်မာသောယုံကြည်ခြင်းနှင့် ခရစ်ယာန်ဘ၀ကို ပြည့်စုံစွာလျှောက်လှမ်းနေထိုင်သွားနိုင်ရန် ဆုတောင်းသွားကြပါစို့။ အာမင်။

ကိုရင် (ဒိုမီနီကန်)


Sunday, 7 September 2014

၂၃ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

“သင်၏ညီအစ်ကိုသည် သင့်ကိုထိခိုက်ပြစ်မှားမိလျှင် . . .” မာတေဦး ၁၈း၁၅-၂၀

ခရစ်ယာန်ဝိညာဉ်ရေးတရားတော်တွင် အပြစ်ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းဟာ အင်မတန်မှအရေးကြီးသလို အနှစ်သာရရှိတဲ့ သွန်သင်ချက်လည်း ဖြစ်ပါတယ်။ ယနေ့ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော် (မာတေဦး ၁၈း၁၅-၂၀)တွင်လည်း ယေဇူးခရစ်တော်က အပြစ်ပြုသူကို မည်သို့ ပြန်လည်သွန်သင်ပေးပြီး လမ်းမှန်သို့မည်သို့ပြန်လည်ခေါ်ဆောင်ရမည်ကို စနစ်တကျမိန့်ဆိုထားပါတယ်။ အကယ်၍ သင်၏ညီအစ်ကိုသည် သင့်ကိုထိခိုက်ပြစ်မှားမိလျှင် ပထမဦးဆုံးလုပ်ရမှာက ထိုသူနှင့် နှစ်ဦးသား တွေ့ဆုံဆုံးမရမှာဖြစ်ပြီး အကယ်၍ ထိုဆုံးမခြင်းကို လက်မခံပါက အခြား တစ်ဦး၊ နှစ်ဦးတို့အား သက်သေအားဖြင့် အတည်ပြုစေခိုင်းပါတယ်။ ဒါမှ လက်မခံသေးပါက သူ့အားအခြားသော သူအဖြစ်သတ်မှတ်လော့ဟု သွန်သင်ထားပါတယ်။ ထိုသို့ အခြားသောသူအဖြစ် သတ်မှတ်ခြင်းဟာ သူ့အားစွန့်လွှတ်လိုက်ခြင်းမဟုတ်ပါဘူး - အဓိကပန်းတိုင်ဟာ ထိုသူနှင့်ပြန်လည်ကျေအေးသင့်မြတ်ဖို့သာ ဖြစ်ပါတယ်။ ထို့ကြောင့် ထိုပြစ်မှားသူအား တခဏတာ အချိန်ပေးသုံးသပ်ဆင်ခြင် စဉ်းစားစေခြင်းသာ ဖြစ်ပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်တော့်တို့ရဲ့ လူမှု့ဆက်ဆံရေးနယ်ပယ်မှာလည်း မကြာခဏဆိုသလို စကားများတတ်ပြီး မသင့်မြတ်တဲ့အချိန်လေးတွေ ရှိကြမှာသေချာပါတယ်။ ဘာမဟုတ်တဲ့ အပြစ်အနာဆာလေးတွေကို အမှတ်တမဲ့ မတော်တဆပြုလုပ်ကျူးလွန်မိပြီး တန်ဖိုးကြီးလှတဲ့ ကျွန်တော်တို့ရဲ့ လူမှု့ဆက်ဆံရေးတွေ ပျက်သွားတတ်တဲ့ သာဓကတွေလည်း ဘ၀မှာ ဒုနဲ့ဒေးပါပဲ။

ပျက်စီးသွားတဲ့ ကျွန်တော်တို့ရဲ့ ခင်မင်မှုမေတ္တာတရားတွေကို ဘယ်လိုပြန်လည်ပြုပြင်ကြမလဲ။ ယေဇူးခရစ်တော်ရဲ့ သွန်သင်ချက်အား ပြန်လည်သုံးသပ်ကြည့်လျှင် ကျွန်တော်တို့ရဲ့ ပျက်စီးသွားတဲ့ ခင်မင်မှုမေတ္တာတရားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ နည်းလမ်းကောင်းများ ရနိုင်ပါတယ်။ ပထမဆုံး မိမိဟာ တစ်စုံတစ်ဦး၏အမှားပြုလုပ်ခြင်း၊ ထိခိုက်ပြုမိခြင်းခံရပြီလို့ ခံစားမိလျှင် ထိုသူနှင့် ဦးစွာတိုက်ရိုက် စကားပြောဆိုသင့်ပါတယ်။ ထိုသို့ နှစ်ဦးတည်းစကားပြောဆိုတဲ့အခါ အရေးကြီးတဲ့ သတိထားရမည့်အချက်ဟာ စွပ်စွဲပြောဆိုမှုတွေ မလွန်ကဲဖို့လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုရနိုင်တဲ့ စကားပြောဆိုခြင်းသာဖြစ်သင့်ပါတယ်။

အကယ်၍ ထိုသို့နှစ်ဦးသား သီးသန့်ဆွေးနွေးပြောဆိုခြင်းမအောင်မြင်သောအခါ စိတ်လိုက်မာန်ပါ မလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ပိုပြီးအရေးကြီးတာက မိမိဘက်ကမှန်ကန်မှုမပျောက်စေဖို့ပါပဲ။ ထို့ကြောင့် အခြားအကြံညဏ်ကောင်းပေးနိုင်တဲ့ မိတ်ဆွေတစ်ဦး၊ နှစ်ဦးနှင့်အတူ ထိုကိစ္စအကြောင်းအရာကို ဆွေးနွေးသင့်ပါတယ်။ ဤနေရာတွင် မိမိ၏ရည်ရွယ်ချက်မှာ မိမိအားထိခိုက်သူကို အနိုင်ယူလိုခြင်းမဟုတ်ဘဲ ထိုသူအား ၎င်း၏အမှားကိုမြင်လာစေပြီး ခင်မင်မှုမေတ္တာတရားကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ဖြစ်ပါတယ်။

သို့သော်လည်း ထိုသူက ၎င်း၏အမှားကိုလက်မခံသေးပါက မိမိ၏မိတ်ဆွေအဖြစ်မှ အခြားသူစိမ်းတစ်ဦးအဖြစ် ခဏတာသတ်မှတ်လိုက်ပါ။ ထိုသို့ အခြားသောသူအဖြစ် သတ်မှတ်ခြင်းဟာ သူ့အားစွန့်လွှတ်လိုက်ခြင်းမဟုတ်ပါဘူး - အဓိကပန်းတိုင်ဟာ ထိုသူနှင့်ပြန်လည်ကျေအေးသင့်မြတ်ဖို့သာ ဖြစ်ပါတယ်။ ထို့ကြောင့် ထိုပြစ်မှားသူအား တခဏတာ အချိန်ပေးသုံးသပ်ဆင်ခြင် စဉ်းစားစေခြင်းသာ ဖြစ်ပါတယ်။ ထိုအချိန်ကာလတွင် မိမိဟာ ထိုသူအတွက်ဆုတောင်းပေးနေသင့်ပါတယ်။ ထိုသူအတွက် ဆုတောင်းပေးကို ပေးရပါမယ်။ မိမိ၏ဆုတောင်းမေတ္တာဖြင့် ထိုသူဟာ ၎င်း၏အမှားကို မြင်ပြီး ပြန်လည်တောင်းပန်လာပါက - ထိုအခွင့်အရေးကို ချက်ချင်းဆွဲယူကာ ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းကို ချက်ချင်းတည်ဆောက်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ခရစ်ယာန်အသိုင်းအ၀ိုင်းအကြားနှင့် လူလောကမိသားစုကြီးအကြား ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြတ်ခြင်းတရားတို့ဖြင့် ငြိမ်းချမ်းအေးလမ်းသို့ ရောက်နိုင်ရန် ဆုတောင်းသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)