Saturday, 22 March 2014

တတိယမြောက် ၀ါတွင်းတနင်္ဂနွေနေ့


ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအဖို့ စီးထွက်လာသော စမ်းရေဖြစ်လိမ့်မည် . . .
သံယောဟန် ၄း၅-၄၂

ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်မှာ ရေငတ်သူ နှစ်ဦးဖြစ်သည့် ယေဇူးသခင်နှင့် ဆမာရိယအမျိုးသမီးတို့ အပြန်အလှန် ရေတောင်းနေကြသည်ကို ဖတ်ရှုရပါတယ်။ သို့သော်လည်း ဆမာရိယအမျိုးသမီး တွေးထင်နေတဲ့ရေဟာ ခဏတာအငတ်ပြေရုံဖြစ်ပြီး ယေဇူးသခင်ပြောဆိုတဲ့ ရေကတော့ ထာဝရတိုင်အောင် အငတ်ပြေစေမယ့် ရေမျိုးဖြစ်ပါတယ်။ ထို့အပြင် ထူးခြားတဲ့အကြောင်းအရာတစ်ခုက ယေဇူးဟာ ဂျူးလူမျိုးဖြစ်လျက် ဆမာရိယအမျိုးသမီးကို စကားစတင်ပြောဆိုခြင်းပါပဲ။ အမှန်ဆိုလျှင် ဆမာရိယလူမျိုးတွေဟာ ဂျူးနှင့်အခြားလူမျိုးခြားတို့ဆက်စပ်ပေါက်ဖွားလာတဲ့အတွက် ဂျုးအသိုင်းအ၀ိုင်းမှ ပယ်ထုတ်ခံထားရပြီး အခြားလူမျိုးခြားတစိမ်းတွေထက်ပင် ပို၍စိမ်းကားစွာ ဆက်ဆံခံရသူများဖြစ်ပါတယ်။ ဂျူးတွေဟာ ဆမာရိယတွေကို ပယ်ထားသည့်အလျောက် ဘယ်တော့မှ စကားပြောဆက်ဆံခြင်းမရှိပါ။ ယခုမူ ယေဇူးက စတင်ပြီး ဆမာရိယအမျိုးသမီးကို စကားပြောတဲ့အတွက် ထိုအမျိုးသမီးပင် အံ့သြတွေဝေသွားခဲ့ရပါတယ်။

ထို့အပြင် ယေဇူးသခင်၏စကားတွင် မှတ်ချက်အဖြင့် ဘုရားသခင်ကို ဘယ်လိုပုံစံဖြင့် ၀တ်ပြုကိုးကွယ်ခြင်းပြုနိုင်ပြီး ဘယ်လိုဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်က အမှန်အကန် လိုချင်သလဲဆိုတာ ဖော်ထုတ်ပြောခဲ့ပါတယ်။ ဆမာရိယလူမျိုးတွေဟာ ဂျူးအနွယ်ထဲမှ အပယ်ခံရတဲ့အတွက် ဂျူးတမျိုးသားလုံး အမြင့်အမြတ်ထားတဲ့ ဂျေရူဇလင်ဗိမာန်တော်- ဘုရားကျောင်းကြီးမှာ ဘုရားသခင်အား ဖူးမျှော်ကိုးကွယ်ခွင့် ဆုံးရှုံးနေသူများ ဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်ဟာ ဘုရားကျောင်းထဲမှာသာ နေတဲ့ဘုရားမဟုတ်ဘဲ ၀ိညာဉ်တော်ဖြစ်သည့်အလျောက် နေရာအနှံ့မှာရှိနိုင်သည့်ဘုရားဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုပြီး မိမိတို့စိတ်နှလုံးစစ်မှန်ပါက မည်သည့်နေမှမဆို ဖူးမျှော်ကိုးကွယ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှတ်သားစရာ အကြောင်းအရာကတော့ ယေဇူးခရစ်တော် သယ်ဆောင်လာတဲ့ ကယ်တင်ခြင်း တရားပါပဲ။ ထိုကယ်တင်ခြင်းတရားဟာ ယခင်ဓမ္မဟောင်းကာလမှာကဲ့သို့ ဂျူးလူမျိုးများအတွက်သာ သီးသန့်မဟုတ်တော့ဘဲ အခြားသောလူမျိုးများအတွက်ပါ ဖြစ်ပြီး တကမ္ဘာလုံးအတွက် ကယ်တင်ခြင်းတရားပင် ဖြစ်ပါတယ်။ ထိုကြောင့် သတင်းကောင်းဟောပြောသူများအနေဖြင့် ယေဇူးမိန့်ဆိုသလိုပဲ မိမိတို့ မလုပ်ဆောင်ခဲ့သည့်နေရာ - မျိုးစေ့မကြဲခဲ့သည့်နေရာပင် ကောင်းကင်နိုင်ငံတော်အတွက် ရိပ်သိမ်းကြရမှာ ဖြစ်ပါတယ်။ ဆိုလိုသည်က အားလုံးထံသို့ ကောင်းကင်နိုင်ငံတော်သတင်းကောင်း ရောက်စေရမှာ ဖြစ်ပါတယ်။

ချစ်သောမိတ်ဆွေ - ကျွန်တော်တို့တတွေဟာလည်း ဒီလောကမှာနေစဉ်အတွင်း ကယ်တင်ခြင်းတရားကို နေ့ခင်းမွန်းတည့်ချိန်တိတိမှာ ရေငတ်နေတဲ့ ဆမာရိယလိုပဲ ငတ်မွတ်နေကြသူများဖြစ်မှာပါ။ ထို့အတူ ခရစ်တော်ဟာလည်း ကျွန်တော်တို့ရဲ့ ရေငတ်သလို ငတ်မွတ်နေတဲ့ ကယ်တင်ခြင်းတရားကို ပေးဖို့ ဆန္ဒဟာ ရေငတ်နေသူလိုပါပဲ။ ထိုကြောင့် ကျွန်တော်တို့တတွေဟာ ဒီလောကမှာ နေစဉ်အတွင်း ဘုရားသခင်နှင့် ထာဝရအသက်ရှင်ခြင်းကို ရှာဖွေနေသူများဖြစ်သလို - တဖက်မှာလည်း ဘုရားသခင်ဟာ ကျွန်တော်တို့အား ပျောက်ဆုံးနေတဲ့ သိုးငယ်လေးလို ရှာဖွေနေပါတယ်။ ကျွန်တော်တို့တတွေလည်း ဧကန်မုချ ထာဝရအငတ်ပြေစေမယ့် ရေကို သောက်ချင်နေကြမှာပါ။ သို့သော်လည်း ထိုရေကို ပေးနိုင်သူဟာ ဘုရားရဲ့ သားတော်ခရစ်တော်သာ ပေးနိုင်ကြောင်း ယုံကြည်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့တတွေကို အငတ်ပြေစေတာ ခရစ်တော်၏တရားဒေသနာများပင် ဖြစ်ပါတယ်။

ထိုနောက် ကျွန်တော်တို့တတွေရဲ့ ယုံကြည်ခြင်းဟာ ဆုတောင်းမေတ္တာပြုနိုင်ဖို့ ဆန္ဒတောင်းဆိုလာပါလိမ့်မယ်။ ဆုတောင်းမေတ္တာဆိုတာ ကျွန်တော်တို့လိုချင်တာကို - လိုအပ်တာကို တောင်းဆိုနေတာမဟုတ်ပါဘူး။ ထိုအရာတွေကို ပေးဖို့ ဘုရားသခင်သိပြီးသားဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်အား အသိမှတ်ပြုပြီး ယုံကြည်ခြင်းဖြင့် စကားပြောတောင်းဆိုဖို့သာ လိုအပ်ပါတယ် - ဆုတောင်းမေတ္တာဆိုတာ အမှန်တော့ ဘုရားသခင်နှင့် စကားပြောဆိုခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းပါပဲ။ ဘုရားသခင်နှင့် စကားပြောဆိုတဲ့အခါ ကျွန်တော်တို့တတွေရဲ့ သြတ္တပစိတ်ကိုလည်း ရှင်းလင်းသွားစေပါတယ်။ ထိုကြောင့် ဘုရားသခင်နှင့် စကားပြောခြင်းဟာ တနည်းအားဖြင့် ကျွန်တော်တို့ရဲ့နှလုံးသား - စိတ်သြတ္တပကို ရှင်းလင်းခြင်းလည်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ သန့်ရှင်းတော်မူ၏။ ဘုရားသခင်ထံမှာ ရင်ဖွင့်ကြတာဟာ ဆုတောင်းခြင်းပါပဲ။ ခရစ်တော်ဘ၀မှာလည်း လူသားပီပီနေထိုင်အသက်ရှင်ခဲ့သူဖြစ်သည့်အလျောက် မကြာခဏဆိုသလို အမှု့တော်ဆောင်ဖို့အတွက် အဖခမည်းတော်ဘုရားနှင့် စကားပြောဆိုပါတယ် - တနည်းအားဖြင့် ဆုတောင်းပါတယ်။ ခွန်အားယူပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို သိလာသလို လုပ်ဆောင်နိုင်စေပါတယ်။ ကျွန်တော်တို့တတွေလည်း ထိုနည်းတူ အတုယူနိုင်ဖို့ ခရစ်တော်လမ်းပြခဲ့ပါတယ်။ ထို့နောက် ထာဝရ အသက်စမ်းရေကို ကတိပေးခဲ့ပါတယ်။ သောက်သုံးဖို့ဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု့ဆန္ဒပါပဲ။

တချိန်တည်းမှာ လူတွေရဲ့ စိတ်သဘောထား လိုအပ်ချက်ကြောင့် ဘုရားကျောင်းဗိမာန်ဟာ ဆုတောင်းဖို့ အသင့်တော်ဆုံးနေရာအဖြစ်သော်လည်းကောင်း၊ ဘုရားသခင်အတွက် လူတွေ လုပ်ပေးနိုင်သည့် လူ့စွမ်းအားဖြင့် ပြုလုပ်ပေးဆပ်ထားသည့် နေရာတစ်နေရာအဖြစ်သော်လည်းကောင်း မြင်တတ်ဖို့ လိုပါလိမ့်မယ်။ ထို့အပြင် ဘုရားသခင်၌ယုံကြည်သက်ဝင်သူများ စည်းလုံးစွာ၊ ချစ်ခင်စွာ၊ မေတ္တာတရားပွားရာ သက်သေခံဖို့အကောင်းဆုံးစုဝေးရာနေရာအဖြစ်လည်း မြင်သင့်ပါတယ်။ ထို့ကြောင့် ဆုတောင်းမေတ္တာကို ယုံကြည်သူအစုအဝေးဖြင့် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ရာနေရာအဖြစ် ပြုလုပ်နိုင်သလို၊ တဖက်ကလည်း မိမိရဲ့ကိုယ်ပိုင် စကားပြောရင်ဖွင့် ဆက်သွယ်သည့်နည်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။ သို့သော်လည်း မည်သည့်ဆုတောင်းမေတ္တာဖြင့် ဆုတောင်းဝတ်ပြုသည်ဖြစ်စေ - စစ်မှန်တဲ့စိတ်နှလုံးသားကို ဘုရားသခင် အလိုရှိတော်မူတာကို သိထားဖို့လိုပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် ဝေမျှလိုတဲ့အချက်ကတော့ ခရစ်တော်သခင် ကြဲခဲ့တဲ့ ကယ်တင်ခြင်းမျိုးစေ့ကို ယခုအခါ ရိတ်သိမ်းဖို့ ကျွန်တော်တို့တတွေလည်း ပူးပေါင်းပါဝင်ရပါလိမ့်မယ်။ ဆေးကြောခြင်းဖြင့် ကျွန်တော်တို့အားလုံးဟာ ခရစ်တော်၏ရဟန်းအဖြစ်တော်၊ ဘုရင်အဖြစ်တော်၊နှင့် ပရော်ဖက်အဖြစ်တော်မှာ ပါဝင်ခွင့်ရသူများဖြစ်ကြပါတယ်။ ထိုကြောင့် ကောင်းကင်နိုင်ငံတော်၏ သတင်းကောင်းကို ဟောပြောသက်သေခံဖို့၊ အမှန်တရားကို သက်သေခံဖို့၊ မေတ္တာတရားကိုပြသဖို့ - ကောင်းကင်နိုင်ငံသား ဇာတိကို သက်သေခံဖို့ ရွေးကောက်ခံရသူများ ဖြစ်လာပါတယ်။

ထို့ကြောင့် ကျွန်တော်တို့တတွေလည်း ထာဝရအသက်စမ်းရေကို သောက်သုံးရင်း ထိုထာဝအရသက်စမ်းရေကို အခြားသူများကိုလည်း ဝေငှပေးကြရင် ကောင်းကင်နိုင်ငံတော်၏ သတင်းကောင်း ဧ၀ံဂေလိတရားတော်ကို သက်သေခံကြပါစို့။


ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment