Saturday, 1 March 2014

အဌမမြောက် သာမန်တနင်္ဂနွေ

သံမာတေဦး ၆း၂၄-၃၄ “မည်သူမျှ သခင်နှစ်ပါးကို အစေမခံနိုင်။”

ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးသခင်က ကျွန်ုပ်တို့ရဲ့ ဒွိဟဘ၀လမ်းစဉ်နှင့် စပ်လျဉ်း၍ ပြတ်သားစွာဟောပြောတော်မူပါတယ်။ ထိုဒွိဟဘ၀လမ်းစဉ်မှာ လမ်းစဉ်နှစ်ခုလုံးဟာ ကျွန်ုပ်တို့အား အဓိပာယ်ရှိသည့်အခြေနေသို့လည်းကောင်း၊ ပျော်ရွှင်ချမ်းသာစေသည့် အခြေအနေသို့လည်းကောင်း လမ်းပြခေါ်ဆောင်သွားနေကြတာပါ။ သို့သော်လည်း ထိုလမ်းစဉ်နှစ်ဟာ ဆင်တူသယောင်ရှိသော်လည်း တစ်ခုဟာ တစ်ခုထက်ပို၍ နက်ရှိုင်းပြီး စစ်မှန်ကြောင်း ကျွန်ုပ်တို့ကို မီးမောင်းထိုးပြပါတယ်။ ထိုကြောင့် ခရစ်တော်က ကျွန်ုပ်တို့ကို ဘယ်သူမှ သခင်နှစ်ပါးကို အစေမခံနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ တနည်းအားဖြင့် ထပ်ပြောရလျှင် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင်ကြပါဘူး။ ဘာကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင်ကြပါသလဲ။ ကျွန်ုပ်တို့ စဉ်းစားကြည့်လျှင် ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု ရှိနေပါတယ်။

ဧ၀ံဂေလိတရားတော်အား ဆက်လက်ဖတ်ရှုရသော် ခရစ်တော်က ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်းပြောဆိုထားပါတယ်။ အမှန်တကယ်လည်း ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ တချို့ဆိုလျှင် စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်လျှံနေကြပါသေးတယ်။ အဲဒီလို စိုးရိမ်ပူပန်မှုတွေထဲမှာ တချို့ဟာ ခပ်ကြောင်ကြောင်နဲ့ ရူးသွပ်စရာတွေပါ။ တချို့ကျတော့လည်း လူတွေက ငါ့တို့ကို ဘယ်လိုထင်ကြမလဲ ဆိုပြီး စိုးရိမ်နေတတ်ပါသေးတယ်။ တချို့ကျတော့ အနာဂတ်အတွက် လိုအပ်တာထက်ပိုပြီး စိုးရိမ်တတ်ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်စရာ တစ်ခုမဟုတ် တစ်ခုနဲ့ ပြည့်နေတာတော့ အမှန်ပါပဲ။ သို့သော်လည်း ထိုစိုးရိမ်ပူပန်စရာတွေနဲ့ပဲ ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကို မေ့လျော့ထားကြသလား။ ဘုရားသခင်ကို ကျော်ပြီး ဒါမှမဟုတ် ကျောခိုင်းပြီး လောကအရာတွေထဲမှာပဲ ဘယ်လိုဝတ်ရမလဲ၊ ဘယ်လိုစားသောက်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လို ဟန်ထုတ်ရမလဲ စသဖြင့် အချိန်ကုန်စေနေကြပါသလား။ ဒါကြောင့်လည်း ခရစ်တော်ပြောသလိုပဲ ကျွန်ုပ်တို့ဟာ ဥစ္စာဓနကို အစေခံပြီး ဘုရားသခင်ကို အစေမခံနိုင်ဖြစ်နေကြတာပါ။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကို အစေခံပြီး သူ၏တရားလမ်းတော်များကို ရှေးဦးစွာ ရှာဖွေကြမယ်ဆိုရင်တော့ ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေ လျော့နည်းသထက်လျော့နည်းလာပြီး ဘ၀ကို မှန်ကန်စွာနှင့်ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်မှာ သေချာပါတယ်။

အမှန်တကယ်တော့ ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင်ကြဟု ဆိုရာတွင် ကျွန်ုပ်တို့တတွေအတွက် မေးခွန်းထုတ်စရာမှာ ၎င်းနှစ်ပါးအနက် ဘယ်အရာကို အထွဉ်အမြတ်နှင့် ရှေးဦးပထမ နေရာမှာ ထားမလဲဆိုတာပါပဲ။ ထိုကြောင့် ဘုရားသခင်ကို ရှေးဦးပထမနေရာမှာထားပြီး ဥစ္စာဓန ရှာဖွေ၍ ရပါတယ်။ သို့သော်လည်း ဥစ္စာဓနကို ရှေးဦးပထမနေရာမှာ ထားပြီး ဘုရားသခင်နှင့် တရားတော်ကိုတော့ ရှာဖွေ၍ မရနိုင်ပါ။ ထိုကြောင့် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်” ဟုဧကန်မုချ ဆိုထားပါတယ်။

ချစ်စွာသော မိတ်ဆွေ၊ “ဘုရားမဲ့သော သူတို့သာလျှင် ဤအရာခပ်သိမ်းတို့ရှာဖွေတတ်ကြ၏” ဟု ခရစ်တော်က လောကအရာခပ်သိမ်း ဥစ္စာဓနများကိုသာ အဓိကထားရှာဖွေနေသူများကို ရည်ညွှန်း မိန့်ဆိုထားပါတယ်။ သို့သော်လည်း သင်နှင့်ကျွန်ုပ်မူကား ဘုရားသခင်ကို ယုံကြည်၍ ခရစ်တော်နောက်လိုက်ကာ ခရစ်ယာန်ဘ၀အသက်တာဖြင့် နေထိုင်ရှင်သန်သူများ ဖြစ်ပါတယ်။ ပြောရမယ်လိုလျှင်တော့ ကျွန်ုပ်တို့တတွေဟာ ကောင်းကင်ဓနများဖြင့် ဤလောကတွင် နေထိုင်သူများ ဖြစ်ပါတယ်။ ၀ှက်ထားသော ကောင်းကင်ရတနာကို ခရစ်တော်၏ဖော်ပြတော်မူခြင်းဖြင့် သိရှိရပြီး ထိုကောင်းကင်ရတနာကိုသာ မက်မောရှင်သန်နေသူများဖြစ်ပါတယ်။ ထိုကြောင့် ပြောရမယ်ဆိုလျှင် ဤလောကတွင် ဤလောက၏လိုအပ်ချက်များအရ ဥစ္စာဓနအချို့ကို ရှာဖွေနေသည့်တိုင်အောင် ဘုရားသခင်၏ တရားတော်များနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရှာဖွေပြီး မိမိတို့ရှာဖွေနေသည့် ဥစ္စာဓနထက် မိမိတို့ ဘယ်လိုဘယ်ပုံနှင့်ရှာနေကြသလဲဆိုသည့် ဖြောင့်မတ်သည့်လမ်းစဉ်ကို သက်သေခံနေကြသူများ ဖြစ်ကြပါတယ်။

မိတ်ဆွေ၊ အကယ်၍ လောကဥစ္စာဓနတစ်ခုတည်းကိုသာ အာရုံထားရှာဖွေနေလျှင် ခရစ်တော်၏ ဧ၀ံဂေလိတရားတော်မှ ကျမ်းပိုဒ်လေးဖြင့် သတိပေးလိုက်ပါရစေ - “လူသည်ကား ဤစကြ၀ာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း၊ သို့မဟုတ် မိမိ၏အသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်မည်နည်း။” (မာတေဦး ၁၆း၂၆)

ထိုကြောင့် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်” (မာတေဦး ၆း၃၃)

ချစ်စွာသော မိတ်ဆွေအပေါင်း၊- ဘုရားသခင်ကို အစေခံ၍ စိုးရိမ်ပူပန်မှုကင်းသည့်ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)



No comments:

Post a Comment