Saturday, 29 March 2014

စတုတ္ထမြောက် ၀ါတွင်းတနင်္ဂနွေနေ့

သံယောဟန် ၉း၁-၄၁

ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် မွေးရာပါ မျက်မမြင်သူတစ်ဦးအား ယေဇူးခရစ်တော် ကုသပေးခြင်းနှင့်အတူ ၎င်းကုသခြင်းကို ဖာရီဇေးဦးတို့က စစ်ဆေးကြသည့်အကြောင်းပင် ဖြစ်ပါတယ်။ ထိုအကြောင်းရာနှစ်ခုဟာ မျက်စိအလင်းပျောက်ကွယ်ခြင်းနှစ်မျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာစေပါတယ်။ ပထမ မျက်စိအလင်းပျောက်ကွယ်ခြင်းဟာ ဇီဝဗေဒဆိုင်ရာ ရုပ်ခန္တာမှ မျက်စိ၏အလင်းကွယ်ခြင်းဖြစ်ပြီး ဒုတိယမျက်မမြင်ခြင်းမှာ ၀ိညာဉ်ရေးရာမျက်စိအလင်းကွယ်ခြင်းပင် ဖြစ်ပါတယ်။ ရုပ်ခန္တာမှ မျက်စိအလင်းပျောက်ကွယ်ခြင်းအတွက် ခရစ်တော်ဟာ လောက၏အလင်းဖြစ်ပြီး အလင်းပျောက်ကွက်နေတဲ့ မျက်စိတိုင်းကို အလင်းပြန်ပေးပါလိမ့်မယ်။ သို့သော်လည်း ၀ိညာဉ်အလင်းပျောက်ကွယ်သူများအတွက်တော့ အပြစ်တည်လျက်ရှိနေဦးမည်ဖြစ်ကြောင်း ခရစ်တော်ထောက်ပြထားပါတယ်။

ထို့အပြင် ဒုတိယတရားထောက်ရှု့စရာမှာ ဘုရားသခင်ရဲ့ ဝေဖန်ဆုံးဖြတ်ပုံနှင့် ကျွန်တော်တို့လူသားတွေရဲ့ ဝေဖန်ဆုံးဖြတ်ပုံကွာခြားနေခြင်းပါပဲ။ ထိုကြောင့် ပထမကျမ်းစာတော်မြတ်တွင် ဒေးဗစ်အား ဘိသိက်ပေးဖို့ရွေးချယ်တဲ့အခါ ပရော်ဖက် ရှမွေလအား ဘုရားသခင်က လူသားတွေ ဝေဖန်ဆုံးဖြတ်တတ်သည့်အတိုင်း အပေါ်ယံအဆင်းသာန်ကို မကြည့်ဘဲ ဘုရားသခင်၏ ဝေဖန်ဆုံးဖြတ်ပုံအတိုင်း နှလုံးသားကိုကြည့်ရှု့ရွေးကောက်ဖို့ မှာကြားတော်မူပါတယ်။ ထို့အတူ ဧ၀ံဂေလိတရားတော်မှာလည်း ဘုရားဖြစ်တော်မူသော ယေဇူးဟာ လူရဲ့နှလုံးသားကိုကြည့်၍ ကုသမှုပေးသော်လည်း ဖာရီဇေးဦးတို့ဟာ လူသားတို့ဝေဖန်ဆုံးဖြတ်တတ်သည့်အတိုင်း ထိုမျက်မမြင်ကို စစ်ဆေးကြပြီး ဥပုသ်နေ့မှာ ကုသခြင်းပြုလုပ်သည့်အတွက်ပင် အပြစ်တင် ဝေဖန်ကြပါတယ်။ ထို့ကြောင့် ယေဇူးခရစ်တော်က ၎င်းဖာရီဇေးဦးတို့ရဲ့ ၀ိညာဉ်ရေးမျက်စိအလင်းပျောက်ကွယ်နေတာကို တွေ့ရှိသောအခါ မျက်စိမမြင်သောသူတို့အား မျက်စိအလင်းရစေ၍ မျက်စိမြင်သောသူတို့ကို မျက်စိကန်းကြစေခြင်းငှာ စီရင်ဆုံးဖြတ်ရန် ငါကြွလာခဲ့သည်ဟု ပြင်းထန်စွာတုန့်ပြန်ခဲ့ပါတယ်။

မွေးရာပါ မျက်မမြင်အား ကုသပေးခြင်းဟာ တပည့်တော်ကြီးများ၏ စူးစမ်းမေးခွန်းကြောင့် ကုသဖြစ်သည်ဟု ဆိုရမယ်ထင်ပါတယ်။ ၎င်းတို့ရဲ့ စူးစမ်းမေးခွန်းဟာ အပြစ်ရင်းနှင့် ကိုယ်တိုင်ကျူးလွန်အပြစ်ကြောင့်ဟူ၍ ဆက်စပ်နေပါတယ်။ ထိုသူဟာ ဘာကြောင့်မွေးရာပါ မျက်စိမမြင်ရပါသလဲပေါ့။ ဂျူးလူမျိုးတွေမှာ ခန္တာကိုယ်ခြို့တဲ့သူတွေ၊ မျက်စိကန်းသူ၊ ရောဂါဝေဒနာစွဲကပ်သူတွေဟာ အပြစ်ကြောင့် ခံစားကြရတယ်လို့ ယုံကြည်ထားကြပါတယ်။ ထိုကြောင့် သူတို့တတွေဟာ လူ့အသိုင်းအ၀ိုင်းကနေ ဖယ်ခံရပါတယ်။ ဘေးထိုးခံရပါတယ်။ ယခုလည်း ဒီယုံကြည်မှုကြောင့် ယခုလိုမေးခွန်းမျိုး ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ သို့သော်လည်း ခရစ်တော်၏အဖြေမှာ ရှင်းပါတယ် - ထိုသူဟာ မိဘအပြစ်ကြောင့်လည်းမဟုတ်၊ သူကိုယ်တိုင် ပြုလုပ်တဲ့အပြစ်ကြောင့်လည်း မဟုတ်ဘဲ - ယခုလို ဝေဒနာခံစားရတာဟာ သူ့မှာ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ထွန်းတောက်စရာဖြစ်ပေါ်စေဖို့ပါပဲ။ မှန်ပါတယ် - ထိုကဲ့သို့ မွေးရာပါမျက်မမြင်တစ်ဦး မျက်စိအလင်းပြန်ရတယ်ကြားရတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် အံ့ဖွယ်ရာပါ။ အထူးသဖြင့် ဆရာဝန်တွေတောင် လက်လွှတ်ထားရတဲ့ ဝေဒနာ ပျောက်ကင်းသွားတယ်ဆိုရင် အံ့ဖွယ်ရာတွေပါပဲ။ (ဒီလို အံ့ဖွယ်ရာတွေ မကြာခဏဆိုသလို အသင်းတော်အတွင်းမှာ တန်ခိုးလက္ခဏာတွေအဖြစ် ဖြစ်ပေါ်လေ့ရှိနေပါတယ်။) ဒီမျက်မမြင်အား ခရစ်တော်၏တန်ခိုးတော်အစွမ်းဖြင့် ကုသပေးခြင်းဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော် ထွန်းတောက်စေရာပါပဲ။

သို့သော်လည်း ဒီလို တန်ခိုးလက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို ၀ိညာဉ်အလင်းပျောက်ကွယ်နေပါက ကျွန်တော်တို့တွေအတွက် မြင်ဖို့ခက်ခဲပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တော်တို့တတွေဟာ မျက်စိအလင်း ပျောက်ကွယ်နေသူတွေ ဖြစ်နေပါလိမ့်မယ်။ ဤသည်ပင် ဖာရီဇေးဦးတွေကို ခရစ်တော် သတိပေးခြင်းဖြစ်ပါတယ်။ ထို့အပြင် ဘုရားသခင်မြင်သလို၊ ကြည့်သလို မမြင်တတ် မကြည့်တတ်တဲ့ ကျွန်တော်တို့လူသားတွေအတွက် တခါတရံ ထိုအရာတွေဟာ ကျေနပ်နှစ်သက်စရာ မဟုတ်ဘူး ဖြစ်နေတတ်ပါတယ်။ ဥပမာ- ကိုယ်နဲ့မတည့်သူ၊ ရန်သူလို လူဆီမှာ ဘုရားသခင်ရဲ့ကုသခြင်းနှင့်အတူ တန်ခိုးလက္ခဏာဖြစ်ပေါ်နေပေမယ့်လည်း ကျွန်တော်တို့ရဲ့ အကြည့်၊အမြင်တွေဟာ အပေါ်ယံသာန်ပဲ ဖြစ်နေတဲ့အတွက် မရှု့စိတ်နဲ့အတူ အပြစ်အနာဆာ ရှာတတ်ပါတယ်။ ဤသည်ပင် ဖာရီဇေးဦးတို့ အပြစ်အနာဆာရှာသလိုပဲ - ဘာကြောင့် ဥပုသ်နေ့မှာ ကုသခြင်းပြုလုပ်ရသလဲပေါ့။

မိတ်ဆွေ၊ တခါတရံ ကျွန်တော်တို့တတွေဟာလည်း ထိုဖာရီဇေးဦးတို့လိုပဲ ကျွန်တော်တို့ဘ၀ထဲမှာ ဘုရားသခင်ပြုလုပ်တဲ့ တန်ခိုးလက္ခဏာတွေကိုပင် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျေနပ်မှုမရှိဘဲ ဘ၀င်မကျဖြစ်တတ်၍ အဟန့်အတားဖြစ်စေကြပါတယ်။ ဘုရားသခင်နှင့် ကောင်းကင်နိုင်ငံတော်အကြောင်းကိုလည်း သက်သေခံဖို့ သတ္တိမရှိဖြစ်နေတတ်ကြပါတယ်။ ကိုယ့်ဘ၀မှာ ဘုရားသခင်ပြုလုပ်တဲ့ ဘုန်းတန်ခိုးလက္ခဏာကိုပင် သက်သေခံဖို့ သူရဲဘောကြောင်နေတတ်ပါတယ်။ ခရစ်တော်ဟာ မျက်မမြင်ကို ကုသပေးတဲ့အခါ စီလွမ်ရေကန်မှ ရေဖြင့် ဆေးကြောခိုင်းခဲ့ပါတယ်။ စီလွမ်ဆိုသည်မှာ စေလွှတ်ခံရခြင်းဟု ဆိုလိုပါတယ်။ ထိုကြောင့် ကျွန်တော်တို့တတွေဟာလည်း ဘုရားသခင်ရဲ့ဘုန်းတန်ခိုးလက္ခဏာ ကျေးဇူးတော်ကို ခံစားရပါလျှင် ထိုဘုန်းဂုဏ်တော်ထင်ရှားစေဖို့ စေလွှတ်ခံရခြင်းပါပဲ။ သတ္တိရှိကြပါ၊ မကြောက်ကြနှင့်။ မျက်မမြင်ဟာ တရားဇရပ်ထဲကနေ နှင်ထုတ်ခံရသည့်တိုင်အောင် ခရစ်တော်ကို သက်သေခံခဲ့ပါတယ်။ ကျွန်တော်တို့တတွေလည်း ထိုမျက်မမြင်လို ခရစ်တော်ကို အစေခံနိုင်ပြီလား. . .

ဤ၀ါတွင်းကာလမှာ ကျွန်တော်တို့တတွေ ခရစ်တော်ကို အကောင်းဆုံးသက်သေခံနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား၊ ဒါမှမဟုတ် အမြင်ကျဉ်းကျဉ်းနဲ့ပဲ ခရစ်တော်ကို သက်သေခံဖို့ သူရဲဘောကြောင်ကြောင်နဲ့ ငြင်းဆန်နေမိပြီလား။ စဉ်းစားထောက်ရှု့သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



မြန်မာနိုင်ငံတော်တွင် လူဦးရေ သန်းခေါင်စာရင်းကောက်ခံမှု အစီအစဉ်နှင့် ပတ်သက်၍ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို ၏ ထုတ်ပြန်ကြေညာချက်။


မြန်မာနိုင်ငံတော်အတွင်း ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင် ရွက်နေပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် လူဦးရေသန်းခေါင် စာရင်း ကောက်ခံမှုအစီအစဉ်ကို စတင်ဆောင်ရွက် နေပါပြီး၊ ဤသန်းခေါင် စာရင်း ကောက်ခံမှုအကြောင်း နားလည်သဘောပေါက်လိုသော ဒေသခံ တိုင်းသူပြည်သားများ၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးနွယ်စုဝင် များနှင့် နိုင်ငံခြားမှ သဘောထား ရိုးရိုးဖြင့် လေ့လာသူများရှိကြသော်လည်း၊ ကျွန်ုပ်တို့အနေ ဖြင့် ရိုးသားပြီး ပွင့်လင်းမြင်သာသော သန်းခေါင် စာရင်းကောက်ခံမှုသည် အချိန်ကြာမြင့်စွာ ဒုက္ခဝေဒနာခံစား နေရသူ တိုင်းသူပြည်သား များအဖို့ ငြိမ်းချမ်းသာယာမှုအတွက် အခွင့်အလမ်း တစ်ခုအဖြစ်မျှော်လင့်ရင်း ဤသန်းခေါင်စာရင်း ကောက်ခံမှုကို ကျွန်ုပ်တို့ ကြိုဆိုကြပါသည်။

ဤသန်းခေါင်စာရင်း ကောက်ခံမှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် မှုနှင့် ငြိမ်းချမ်းသာယာမှု အတွက် စီမံကိန်း ရေးဆွဲမှုများကို ပိုမိုကောင်း မွန်စွာ ဖော်ဆောင်နိုင်မှုအတွက် လမ်းခင်းပေးသည်ဟု နားလည် သဘောပေါက်ပါသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံသားအားလုံးအတွက် အထူးသဖြင့် ဆင်းရဲသား များနှင့် ထိခိုက်လွယ်သူများ၏ အကျိုး အတွက် ဖွံ့ဖြိုးတိုးတက် မှုနှင့် ငြိမ်းချမ်းသော အနာဂတ် ကိုဖော်ဆောင်ပေးနိုင်ရန် ဤကြီးမားသော မျှော်မှန်းချက်ကို ဆောင်ရွက်လျက်ရှိပါသည်ဟု ကျွန်ုပ်တို့ ယုံကြည် စိတ်ချလျက်ရှိ ကြပါသည်။
ကျွန်ုပ်တို့သည် အောက်ပါအချက်များနှင့် ပတ်သက်ပြီး၊ ယုံကြည်စိတ်ချမှုရရှိစေရန် လျှောက်ထားတင်ပြ အပ်ပါသည်။
* သန်းခေါင်စာရင်း ကောက်ခံမှုအစီအစဉ်သည် ပွင့်လင်းမြင်သာမှု အပြည့်အ၀ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်း တို့နှင့် ကိုက်ညီကာ၊ ဤအစီအစဉ်ကို ဆောင်ရွက်မှုကိုလေ့လာနိုင်ရန် ပြည်တွင်းပြည်ပမှ လေ့လာ အကဲခတ်သူ များကိုခွင့်ပြုသင့်သည်။
* သန်းခေါင်စာရင်း ကောက်ခံသူအဖွဲ့တွင် တိုင်းရင်းသား မျိုးနွယ်စုအားလုံးမှ အမျိုးသား အမျိုးသမီးများ ပါဝင်သင့်သည်။
* သန်းခေါင်စာရင်း ကောက်ခံရာတွင် တိုင်းရင်းသားမျိုးနွယ်စုဝင်များ၏ ရိုးရာယဉ်ကျေးမှု၊ သူတို့၏ စွမ်းအင် အရင်းအမြစ်များးကို ထိန်းသိမ်းစောင့်ရှောက်သည့်ပုံစံများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား၊ သင်္ကေတများ၊ အဓိပ္ပာယ်ဖော်ဆောင်မှုများကို လေးစားပြီး လိုက်နာသင့်သည်။
* တိုင်းရင်းသားမျိုးနွယ်စုဝင်များ အများဆုံးနေထိုင်ကြသည်ဟု အစဉ်အလာကလက်ခံခဲ့သော ဒေသများကိုအခြားလူမျိုးစုဝင်များနေထိုင်ရာဒေသအဖြစ်ပြောင်းလဲသတ်မှတ်ရန်ကြိုးပမ်းမှုမျိုးဖြစ်ပေါ်မည်မဟုတ်ဟု ယုံကြည် စိတ်ချသင့်သည်။
* လူတို့၏အသက်ရှင်နေထိုင်မှု၏ မဏ္ဍိုင် (၃) ခုဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၊ သူတို့၏ရိုးရာ ယဉ် ကျေးမှုများ၊ ဒေသခံ အရင်းအမြစ်များ စသည်တို့ကို ပြောင်းလဲပစ်ရန် မကြိုးပမ်းသင့်ပါ။ ဤအရာ (၃) ခုစလုံးသည် သူတို့အတွက် မရှိမဖြစ်သောအရာများဖြစ်ကြပြီး၊ ယင်း (၃) ခုကို ဖုံးကွယ်ဖျောက်ထားရန် ကြိုးပမ်းမှုများကို တာရှည်ခံသော
ငြိမ်းချမ်းမှုများကို မျှော်ကိုးလျက်၊ ကန့်ကွက်သင့်သည်။
* အဖွဲ့အစည်းများတွင် အများပိုင် သယံဇာတများသည် အဖွဲ့အစည်းဖြင့်
နေထိုင်သူ အားလုံးအတွက် အသက် သွေးကြောသဖွယ်ဖြစ်သည်။ သစ်တော ရေ မြေ ပိုင်ဆိုင်မှုနှင့်ဆိုင်သော အကြောင်းအရာတို့သည် ခိုက်ရန်များဖြစ်ပေါ်စေသည့် အကြောင်းရင်း များဖြစ်စေနိုင်ပါသည်။
ဒေသခံလူတို့၏ခံစားချက်များကို ထည့်တွက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေး လျက်ရှိသည်။
* နိုင်ငံတော်အတွင်း၌အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သူများ ရှိကြ ပါသည်။ သူတို့သည် ဤနယ်မြေ၏သားသမီးရတနာများဖြစ် ကြပါသည်။ အချို့လူတို့နှင့် သူတို့ပိုင်ဆိုင်သော ပစ္စည်းများကို ဖယ်ရှားပစ်ရန် ကြိုးပမ်းမှုများ ရှိခဲ့ပေသည်။ ဤလူစုတို့၏အရေအတွက်ကို တိကျစွာ စာရင်း ကောက် ယူပြီး၊ သူတို့ မူလက နေထိုင်ခဲ့ ကြသောနေရာ များသို့ ပြန်လည်သွားရောက် နေထိုင်ကြရေးအတွက် အာမခံချက် ရှိသင့်သည်။
* သန်းခေါင်စာရင်းကောက်ခံမှုအစီအစဉ်သည် မျှမျှတတဖြစ်သင့်သည်။ နိုင်ငံတကာ စံချိန်စ့ညွှန်းနှင့် ကိုက် ညီရမည်။ သန်းခေါင်စာရင်းကောက်ခံမှုအစီအစဉ်အားလုံးသည် နောက်ပိုင်းတွင် ကောက်ခံသူများ အပေါ် ချယ်လှယ်မှုကင်ပြီး၊ အောက်ခြေတွင် ပြီးစီးကြောင်း ယုံကြည်စိတ်ချသင့်သည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ခက်ခဲသော လမ်းကို လျှောက်လှမ်း လျက်ရှိသည်။ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ဤကြီးမားသော ဖြစ်စဉ်ဖြစ်သည့် သန်းခေါင် စာရင်း ကောက်ခံမှု ကဲ့သို့သောဖြစ်စဉ်အားဖြင့် လူတို့ထံမှ ယုံကြည်မှု တည်ဆောက်မှုအတွက်ပြုလုပ်ခြင်းဖြစ်ပြီး၊ တိုင်းပြည်အတွင်း နေထိုင်သူ အားလုံးသည် နိုင်ငံနှင့် သက်ဆိုင်သည်ဟူသော ခံစားမှုကိုဖော်ထုတ်နိုင်ပြီး၊ တရားမျှတမှုနှင့် မျှမျှတတ ဆောင်ရွက်မှုတို့သည် ထိခိုက်လွယ်သူလူတန်းစား ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးကြောင်း ပေါ်လွင်သင့်သည်။ သန်းခေါင် စာရင်းကောက်ခံမှုသည် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အထူးအခွင့် အရေးဖြစ်ပေသည်။
ဤကြုံတောင့်ကြုံခဲ အခွင့်အရေးကို အမြင်ကျဥ်းမှု၊ ဥပဒေကို လက်တစ်လုံးကြား ရှောင်ရှားပြီး လုပ်ကိုင်လို သူတို့ကြောင့် လက်လွတ် ဆုံးရှုံးမှုသည် နှစ်ပေါင်းများစွာကြာညောင်းသည့် မယုံသင်ကာ ဖြစ်မှုနှင့် ပဋိပက္ခများကို ဖြစ်ပေါ် စေနိုင်သည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာအမြော်အမြင်ကြီးမား စွာဆောင်ရွက်မှုသည် မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပေးပါလိမ့်မည်ဟု ကျွန်ုပ်အထူး မျှော်လင့် တမ်းတပါသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို
ရန်ကုန်ဂိုဏ်းချုပ်ကက်သလစ်သာသနာ
https://www.facebook.com/YangonArchdiocese မှတဆင့် ကူးယူဝေမျှသည်။

ဂလိုရီးယားဂျာနယ် ဧပြီ ၂၀၁၄


Wednesday, 26 March 2014

ဆီးရီးယားအော့သိုဒေါ့စ် အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး ခရစ်တော်၌ အိပ်ပျော်


ဆီးရီးယားအော့သိုဒေါ့စ် အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး Moran Mor Ignatius Zakka I Iwas သည် လွန်ခဲ့သည့် မတ်လ ၂၁ရက်နေ့ ၂၀၁၄ခုနှစ်တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပြီး မတ်လ ၂၇ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး ဓျာပနမစ္ဆားတရားတော်မြတ်ပူဇော်ခြင်းကို စတင်မှာ ဖြစ်ပါကြောင်း သိရှိရပါတယ်။

ခေါင်းဆောင်ဆရာတော်ကြီး Moran Mor Ignatius Zakka I Iwasဟာ နှလုံးရောဂါဝေဒနာကို အပြင်းအထန်ခံစားရပြီး ဂျာမနီနိုင်ငံတွင် ဆေးကုသမှု့ခံရယူနေစဉ် ခရစ်တော်၌အိပ်ပျော်သွားခဲ့သည်ဟု ဆိုပါတယ်။ မတ်လ ၂၇ ရက်နေ့တွင် ပထမဓျာပနာမစ္ဆားပူဇော်ပြီး နောက်ဆုံးဓျာပနမစ္ဆားတရားပူဇော်ခြင်းကိုတော့ မတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှာတော့ ကမ္ဘာနှင့်အ၀ှမ်း အောက်မေ့ဖွယ်ရာအခမ်းအနားကို ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

ခေါင်းဆောင်ဆရာတော်ကြီး Moran Mor Ignatius Zakka I Iwasဟာ အန်တီအု့ခ်ဆီးရီးယားအသင်းတော်အား စိန်ပီတာ၏အရိုက်အရာကို ဆက်ခံသူ ၁၂၂ ပါးမြောက်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှစတင်၍ ထိုခေါင်းဆောင်တာဝန်ကို စတင်ယူခဲ့သူဖြစ်ပါတယ်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ယခုလို ခေါင်းဆောင်ဆရာတော်ကြီးMoran Mor Ignatius Zakka I Iwas ၏ ပျံလွန်တော်မူခြင်းဟာ ကမ္ဘာပေါ်ရှိခရစ်ယာန်များအားလုံးအတွက် တကယ့်ကြီးမြတ်သည့် ၀ိညာဉ်ရေးရာ ခေါင်းဆောင်ကောင်းကြီးတစ်ပါးကို ဆုံးရှုံးလိုက်ရတာပါပဲဟု မြည်တမ်းခဲ့ပါတယ်။ ၀မ်းနည်းကျေကွဲခြင်း သတင်းများလည်း ဆီးရီးယားအော့သိုဒေါ့စ်အသင်းတော်ထံသို့ ပေးပို့ခဲ့ပါတယ်။ 

အင်္ဂလီကန်အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး ဆီးရီးယားအော့သိုဒေါ့စ်အသင်းတော်ထံ ၀မ်းနည်းကျေကွဲကြောင်း သတင်းစကားပေးပို့ခဲ့ပြီး ယခုလို သာမန်ထက်ထူးခြားသည့် ဘ၀အသက်တာဖြင့် သက်သေကောင်းပြသပေးနိုင်ခဲ့သော ဆရာတော်ကြီးကို ပေးသနားခဲ့သည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ပါသည်ဟုလည်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် ပျောက်ဆုံးနေတာ ကြာပြီဖြစ်သော ဆရာတော်ကြီးအရှင်သူမြတ် Yohanna Ibrahim of Alleppoကိုလည်း အောက်မေ့သတိရဆုတောင်းပေးနေကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

ကမ္ဘာတ၀ှမ်းရှိ ခရစ်ယာန်များအားလုံးလည်း အန်တီအု့ခ်ဆီးရီးယားအော့သိုဒေါ့စ် အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီးအတွက် အောက်မေ့သတိရ ဆုတောင်းပေးကြဖို့ ဖိတ်ခေါ်ကမ်းလင့်လိုက်ပါတယ်။

မနောအောင် 
http://www.syrianorthodoxchurch.org/ မှ သတင်းရယူသည်။

Saturday, 22 March 2014

တတိယမြောက် ၀ါတွင်းတနင်္ဂနွေနေ့


ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအဖို့ စီးထွက်လာသော စမ်းရေဖြစ်လိမ့်မည် . . .
သံယောဟန် ၄း၅-၄၂

ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်မှာ ရေငတ်သူ နှစ်ဦးဖြစ်သည့် ယေဇူးသခင်နှင့် ဆမာရိယအမျိုးသမီးတို့ အပြန်အလှန် ရေတောင်းနေကြသည်ကို ဖတ်ရှုရပါတယ်။ သို့သော်လည်း ဆမာရိယအမျိုးသမီး တွေးထင်နေတဲ့ရေဟာ ခဏတာအငတ်ပြေရုံဖြစ်ပြီး ယေဇူးသခင်ပြောဆိုတဲ့ ရေကတော့ ထာဝရတိုင်အောင် အငတ်ပြေစေမယ့် ရေမျိုးဖြစ်ပါတယ်။ ထို့အပြင် ထူးခြားတဲ့အကြောင်းအရာတစ်ခုက ယေဇူးဟာ ဂျူးလူမျိုးဖြစ်လျက် ဆမာရိယအမျိုးသမီးကို စကားစတင်ပြောဆိုခြင်းပါပဲ။ အမှန်ဆိုလျှင် ဆမာရိယလူမျိုးတွေဟာ ဂျူးနှင့်အခြားလူမျိုးခြားတို့ဆက်စပ်ပေါက်ဖွားလာတဲ့အတွက် ဂျုးအသိုင်းအ၀ိုင်းမှ ပယ်ထုတ်ခံထားရပြီး အခြားလူမျိုးခြားတစိမ်းတွေထက်ပင် ပို၍စိမ်းကားစွာ ဆက်ဆံခံရသူများဖြစ်ပါတယ်။ ဂျူးတွေဟာ ဆမာရိယတွေကို ပယ်ထားသည့်အလျောက် ဘယ်တော့မှ စကားပြောဆက်ဆံခြင်းမရှိပါ။ ယခုမူ ယေဇူးက စတင်ပြီး ဆမာရိယအမျိုးသမီးကို စကားပြောတဲ့အတွက် ထိုအမျိုးသမီးပင် အံ့သြတွေဝေသွားခဲ့ရပါတယ်။

ထို့အပြင် ယေဇူးသခင်၏စကားတွင် မှတ်ချက်အဖြင့် ဘုရားသခင်ကို ဘယ်လိုပုံစံဖြင့် ၀တ်ပြုကိုးကွယ်ခြင်းပြုနိုင်ပြီး ဘယ်လိုဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်က အမှန်အကန် လိုချင်သလဲဆိုတာ ဖော်ထုတ်ပြောခဲ့ပါတယ်။ ဆမာရိယလူမျိုးတွေဟာ ဂျူးအနွယ်ထဲမှ အပယ်ခံရတဲ့အတွက် ဂျူးတမျိုးသားလုံး အမြင့်အမြတ်ထားတဲ့ ဂျေရူဇလင်ဗိမာန်တော်- ဘုရားကျောင်းကြီးမှာ ဘုရားသခင်အား ဖူးမျှော်ကိုးကွယ်ခွင့် ဆုံးရှုံးနေသူများ ဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်ဟာ ဘုရားကျောင်းထဲမှာသာ နေတဲ့ဘုရားမဟုတ်ဘဲ ၀ိညာဉ်တော်ဖြစ်သည့်အလျောက် နေရာအနှံ့မှာရှိနိုင်သည့်ဘုရားဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုပြီး မိမိတို့စိတ်နှလုံးစစ်မှန်ပါက မည်သည့်နေမှမဆို ဖူးမျှော်ကိုးကွယ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှတ်သားစရာ အကြောင်းအရာကတော့ ယေဇူးခရစ်တော် သယ်ဆောင်လာတဲ့ ကယ်တင်ခြင်း တရားပါပဲ။ ထိုကယ်တင်ခြင်းတရားဟာ ယခင်ဓမ္မဟောင်းကာလမှာကဲ့သို့ ဂျူးလူမျိုးများအတွက်သာ သီးသန့်မဟုတ်တော့ဘဲ အခြားသောလူမျိုးများအတွက်ပါ ဖြစ်ပြီး တကမ္ဘာလုံးအတွက် ကယ်တင်ခြင်းတရားပင် ဖြစ်ပါတယ်။ ထိုကြောင့် သတင်းကောင်းဟောပြောသူများအနေဖြင့် ယေဇူးမိန့်ဆိုသလိုပဲ မိမိတို့ မလုပ်ဆောင်ခဲ့သည့်နေရာ - မျိုးစေ့မကြဲခဲ့သည့်နေရာပင် ကောင်းကင်နိုင်ငံတော်အတွက် ရိပ်သိမ်းကြရမှာ ဖြစ်ပါတယ်။ ဆိုလိုသည်က အားလုံးထံသို့ ကောင်းကင်နိုင်ငံတော်သတင်းကောင်း ရောက်စေရမှာ ဖြစ်ပါတယ်။

ချစ်သောမိတ်ဆွေ - ကျွန်တော်တို့တတွေဟာလည်း ဒီလောကမှာနေစဉ်အတွင်း ကယ်တင်ခြင်းတရားကို နေ့ခင်းမွန်းတည့်ချိန်တိတိမှာ ရေငတ်နေတဲ့ ဆမာရိယလိုပဲ ငတ်မွတ်နေကြသူများဖြစ်မှာပါ။ ထို့အတူ ခရစ်တော်ဟာလည်း ကျွန်တော်တို့ရဲ့ ရေငတ်သလို ငတ်မွတ်နေတဲ့ ကယ်တင်ခြင်းတရားကို ပေးဖို့ ဆန္ဒဟာ ရေငတ်နေသူလိုပါပဲ။ ထိုကြောင့် ကျွန်တော်တို့တတွေဟာ ဒီလောကမှာ နေစဉ်အတွင်း ဘုရားသခင်နှင့် ထာဝရအသက်ရှင်ခြင်းကို ရှာဖွေနေသူများဖြစ်သလို - တဖက်မှာလည်း ဘုရားသခင်ဟာ ကျွန်တော်တို့အား ပျောက်ဆုံးနေတဲ့ သိုးငယ်လေးလို ရှာဖွေနေပါတယ်။ ကျွန်တော်တို့တတွေလည်း ဧကန်မုချ ထာဝရအငတ်ပြေစေမယ့် ရေကို သောက်ချင်နေကြမှာပါ။ သို့သော်လည်း ထိုရေကို ပေးနိုင်သူဟာ ဘုရားရဲ့ သားတော်ခရစ်တော်သာ ပေးနိုင်ကြောင်း ယုံကြည်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့တတွေကို အငတ်ပြေစေတာ ခရစ်တော်၏တရားဒေသနာများပင် ဖြစ်ပါတယ်။

ထိုနောက် ကျွန်တော်တို့တတွေရဲ့ ယုံကြည်ခြင်းဟာ ဆုတောင်းမေတ္တာပြုနိုင်ဖို့ ဆန္ဒတောင်းဆိုလာပါလိမ့်မယ်။ ဆုတောင်းမေတ္တာဆိုတာ ကျွန်တော်တို့လိုချင်တာကို - လိုအပ်တာကို တောင်းဆိုနေတာမဟုတ်ပါဘူး။ ထိုအရာတွေကို ပေးဖို့ ဘုရားသခင်သိပြီးသားဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်အား အသိမှတ်ပြုပြီး ယုံကြည်ခြင်းဖြင့် စကားပြောတောင်းဆိုဖို့သာ လိုအပ်ပါတယ် - ဆုတောင်းမေတ္တာဆိုတာ အမှန်တော့ ဘုရားသခင်နှင့် စကားပြောဆိုခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းပါပဲ။ ဘုရားသခင်နှင့် စကားပြောဆိုတဲ့အခါ ကျွန်တော်တို့တတွေရဲ့ သြတ္တပစိတ်ကိုလည်း ရှင်းလင်းသွားစေပါတယ်။ ထိုကြောင့် ဘုရားသခင်နှင့် စကားပြောခြင်းဟာ တနည်းအားဖြင့် ကျွန်တော်တို့ရဲ့နှလုံးသား - စိတ်သြတ္တပကို ရှင်းလင်းခြင်းလည်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ သန့်ရှင်းတော်မူ၏။ ဘုရားသခင်ထံမှာ ရင်ဖွင့်ကြတာဟာ ဆုတောင်းခြင်းပါပဲ။ ခရစ်တော်ဘ၀မှာလည်း လူသားပီပီနေထိုင်အသက်ရှင်ခဲ့သူဖြစ်သည့်အလျောက် မကြာခဏဆိုသလို အမှု့တော်ဆောင်ဖို့အတွက် အဖခမည်းတော်ဘုရားနှင့် စကားပြောဆိုပါတယ် - တနည်းအားဖြင့် ဆုတောင်းပါတယ်။ ခွန်အားယူပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို သိလာသလို လုပ်ဆောင်နိုင်စေပါတယ်။ ကျွန်တော်တို့တတွေလည်း ထိုနည်းတူ အတုယူနိုင်ဖို့ ခရစ်တော်လမ်းပြခဲ့ပါတယ်။ ထို့နောက် ထာဝရ အသက်စမ်းရေကို ကတိပေးခဲ့ပါတယ်။ သောက်သုံးဖို့ဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု့ဆန္ဒပါပဲ။

တချိန်တည်းမှာ လူတွေရဲ့ စိတ်သဘောထား လိုအပ်ချက်ကြောင့် ဘုရားကျောင်းဗိမာန်ဟာ ဆုတောင်းဖို့ အသင့်တော်ဆုံးနေရာအဖြစ်သော်လည်းကောင်း၊ ဘုရားသခင်အတွက် လူတွေ လုပ်ပေးနိုင်သည့် လူ့စွမ်းအားဖြင့် ပြုလုပ်ပေးဆပ်ထားသည့် နေရာတစ်နေရာအဖြစ်သော်လည်းကောင်း မြင်တတ်ဖို့ လိုပါလိမ့်မယ်။ ထို့အပြင် ဘုရားသခင်၌ယုံကြည်သက်ဝင်သူများ စည်းလုံးစွာ၊ ချစ်ခင်စွာ၊ မေတ္တာတရားပွားရာ သက်သေခံဖို့အကောင်းဆုံးစုဝေးရာနေရာအဖြစ်လည်း မြင်သင့်ပါတယ်။ ထို့ကြောင့် ဆုတောင်းမေတ္တာကို ယုံကြည်သူအစုအဝေးဖြင့် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ရာနေရာအဖြစ် ပြုလုပ်နိုင်သလို၊ တဖက်ကလည်း မိမိရဲ့ကိုယ်ပိုင် စကားပြောရင်ဖွင့် ဆက်သွယ်သည့်နည်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။ သို့သော်လည်း မည်သည့်ဆုတောင်းမေတ္တာဖြင့် ဆုတောင်းဝတ်ပြုသည်ဖြစ်စေ - စစ်မှန်တဲ့စိတ်နှလုံးသားကို ဘုရားသခင် အလိုရှိတော်မူတာကို သိထားဖို့လိုပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် ဝေမျှလိုတဲ့အချက်ကတော့ ခရစ်တော်သခင် ကြဲခဲ့တဲ့ ကယ်တင်ခြင်းမျိုးစေ့ကို ယခုအခါ ရိတ်သိမ်းဖို့ ကျွန်တော်တို့တတွေလည်း ပူးပေါင်းပါဝင်ရပါလိမ့်မယ်။ ဆေးကြောခြင်းဖြင့် ကျွန်တော်တို့အားလုံးဟာ ခရစ်တော်၏ရဟန်းအဖြစ်တော်၊ ဘုရင်အဖြစ်တော်၊နှင့် ပရော်ဖက်အဖြစ်တော်မှာ ပါဝင်ခွင့်ရသူများဖြစ်ကြပါတယ်။ ထိုကြောင့် ကောင်းကင်နိုင်ငံတော်၏ သတင်းကောင်းကို ဟောပြောသက်သေခံဖို့၊ အမှန်တရားကို သက်သေခံဖို့၊ မေတ္တာတရားကိုပြသဖို့ - ကောင်းကင်နိုင်ငံသား ဇာတိကို သက်သေခံဖို့ ရွေးကောက်ခံရသူများ ဖြစ်လာပါတယ်။

ထို့ကြောင့် ကျွန်တော်တို့တတွေလည်း ထာဝရအသက်စမ်းရေကို သောက်သုံးရင်း ထိုထာဝအရသက်စမ်းရေကို အခြားသူများကိုလည်း ဝေငှပေးကြရင် ကောင်းကင်နိုင်ငံတော်၏ သတင်းကောင်း ဧ၀ံဂေလိတရားတော်ကို သက်သေခံကြပါစို့။


ကိုရင် (ဒိုမီနီကန်)

ဗာတီကန်စာကြည့်တိုက်မှ ရှားပါးသည့် လက်ရေးစာမူများ အွန်လိုင်းပေါ်ရောက်တော့မည်


ရှားပါးပြီးရှေးဟောင်းကျသည့် ဗာတီကန်ရှိ ထောင်ပေါင်းများစွာသော လက်ရေးစာမူများကို ဂျပန်နိုင်ငံမှ နည်းပညာအကူအညီဖြင့် နောက်လေးနှစ်အတွင်း အွန်လိုင်းပေါ်ရောက်ရှိပြီး အခြားသူများလည်း လေ့လာနိုင်စေတော့မှာ ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ၎င်းလက်ရေးစာမူများဟာ ဗာတီကန်ရှိ ပညာရှင်/ကျောင်းသားများသာ လေ့လာနိုင်ခြင်းဖြစ်ပါတယ်။

NTT DATA Corporation တာဝန်ရှိသူများနှင့် ဗာတီကန်စာကြည့်တိုက်တို့ဟာ ၎င်းတို့ရဲ့ ပူးတွဲပရော်ချက်ကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့ကြတာပါ။

စာကြည့်တိုက်ကို ၁၅ရာစုနှစ်တွင် ပုပ်ရဟန်းမင်းကြီး နီကော်လပ်စ် (၅)မှ တည်ထောင်ခဲ့တာဖြစ်ပြီး ရှေးဦးခရစ်ယာန်များအချိန်ကာလမှ ရေးသားထားသော လက်ရေးစာမူပေါင်း ၈၂၀၀၀ အချို့ကို ထိန်းသိမ်းထားပါတယ်။ ရှေးဦးခရစ်ယာန်များရေးသားခဲ့သော အချို့သမိုင်းဝင် ကျော်ကြားသည့် ကဗျာများ၊ ဇာတ်သရုပ်ဖော်စာတမ်းများနှင့် အခြားသော စာပေများစွာလည်း ပါရှိကြောင်း သိရှိရပါတယ်။
ဗာတီကန်စာကြည့်တိုက်ဟာ လွန်ခဲ့သော နှစ်များစွာကတည်းက ၎င်းတို့ရဲ့ လက်ရေးစာမူတွေကို ဒီဂျစ်တယ်မော်ကွန်းထဲမှာ ထိန်းသိမ်းနိုင်ဖို့ စကမ်ဖတ်လာတာ ကြာပါပြီ။ လက်ရေးစာမူ ၆၈၀၀ သော စာမူများကိုတော့ စကမ်ဖတ်ပြီးနေပြီဟု စာကြည့်တိုက်တာဝန်ခံ မွန်စီညှော် စီဆာရာ ပါစီနီထံမှ သိရှိရပါတယ်။ အချို့သော ၃၀၀ ခန့် စာတမ်းများကို ၎င်းစာကြည့်တိုက်၏၀က်ဆိုဒ်တွင် ရရှိနိုင်ကြောင်းလည်း ပြောပြပါတယ်။


အခုတော့ NTT DATA Corporation မှ နည်းပညာနှင့်စပ်လျဉ်းသည်များကို အကူအညီပံ့ပိုးပေးမှာ ဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ ဒီဂျစ်တယ်မော်ကွန်းထိန်းဖြင့် နောက် လေးနှစ်အတွင်း အွန်လိုင်းပေါ်သို့ ၎င်း ရှားပါးသည့် လက်ရေးစာမူများရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅၀၀၀ သော လက်ရေးစာမူများကို အဖိုးအခမယူဘဲ ၂၀၁၈ ခုနှစ်အမှီ အွန်လိုင်းပေါ်တွင် ကမ်းလင့်ပေးမှာ ဖြစ်သည်ဟုလည်း သိရပါတယ်။

မနောအောင်

Saturday, 15 March 2014

ဒုတိယ-၀ါတွင်းတနင်္ဂနွေနေ့


သံမာတေဦး ၁၇း၁-၉

ဖတ်ရှုရသည့်ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်ဟာ ပေတရု၊ ယာကုပ်နှင့် သူ၏ညီယောဟန်တို့နှင့် အတူ တောင်ပေါ်သို့သွားပြီး ဆုတောင်းရန်သွားစဉ် တောင်ပေါ်တွင် ထိုတပည့်တော်ကြီး သုံးယောက်ရှေ့မှာ အဆင်းသာန်ပြောင်းလဲတော်မူပါတယ်။ အမှန်တော့ ယေဇူးခရစ်တော်၊ ဘုရား၏သားတော်အတွက် အဆင်းသာန်ပြောင်းလဲသည်ဆိုတာထက် သူ၏ဘုရားဇာတိကိုထုတ်ဖော်ပြသခြင်းဟုဆိုရပါလိမ့်မယ်။ ထို့ကြောင့် “ဤသူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ထာဝရဘုရား၏ မိန့်ဆိုသံကို တပည့်တော်ကြီးတို့ ကြားခဲ့ရပါတယ်။ ထို့အပြင် အဆင်းသာန်ပြောင်းလဲခြင်း ဖြစ်စဉ်မှာ ကောင်းကင်နိုင်ငံ၏အလှတရားကိုလည်း ပြသလိုက်ခြင်းဖြစ်ပါတယ်။ ထိုကြောင့် ပေတရုဟာ တပ်မက်လွန်းအားကြီးပြီး “ဤနေရာ တပည့်တော်တို့အဖို့ အလွန်နေဖို့ကောင်းပါသည်” ဟုလျှောက်ထားပါတော့တယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဤကဲ့သို့သော အလွန်နေဖို့ကောင်းသည့်နေရာကို နေရဖို့ တောင်းတမျှော်လင့်နေသူတွေဖြစ်မှာပါ။ ထိုကဲ့သို့သော နေရာဟာ ကျွန်ုပ်တို့ရဲ့ ဘ၀ရည်းမှန်းချက်ပင် ဖြစ်နေမှာပါ။ သို့သော်လည်း ထိုသို့နေရာမှာ နေရဖို့ သင်နှင့်ကျွန်ုပ် အဆင်းသာန်ပြောင်းလဲကြဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ မူလအစဖြစ်တဲ့ ကောင်းကင်နိုင်ငံသားဇာတိအဖြစ်သို့ ပြန်လည်းပြောင်းလဲ ကြရပါလိမ့်မယ်။ ကောင်းကင်နိုင်ငံသားဇာတိအဖြစ် ပြောင်းလဲခြင်းဟာ တနည်းအားဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ၀င်စားပြီး ဘုရားသခင်ကို ဖူးမျှော်ရခြင်းကျေးဇူးတော်ပင် ဖြစ်ပါတယ်။ သင်နှင့် ကျွန်ုပ်တို့လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ၀င်စားပြီး ဘုရားသခင်ကို ဖူးမျှော်ဖို့ အသင့်ဖြစ်နေပြီလား။

အမှန်တကယ်တော့ ကျွန်တော်တို့တတွေဟာ နေ့စဉ်ဘ၀အသက်တာမှာ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကျေးဇူးကို  တနည်းမဟုတ်တနည်းဖြင့် ထိတွေ့နေမိမှာ သေချာပါတယ်။ ဒါတွေကို ကျွန်တော်တို့တတွေ သတိမထားမိတာလည်း ဖြစ်နိုင်သလို သတိထားမိသော်လည်း တန်ဖိုးထား မနှစ်မြို့လို့ ခဏတာမှာပျောက်ကွယ်သွားကြတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း တချို့သူတွေကတော့ ဒီလို ဘုရားရဲ့ဘုန်းဂုဏ်တော်ကျေးဇူးတွေကို တခဏမှာထိတွေ့ရရုံ၊ အမှတ်တမဲ့ဖြစ်လင့်ကစား တန်ဖိုးထား နှစ်မြို့နှစ်သက်လွန်းလို့ ဘ၀ပုံစံပင် ပြောင်းလဲလာတာတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနှင့်ဒေးရှိနေပါတယ်။

တခါတရံ ကျွန်တော်တို့လူသားတွေဟာ တွက်ချက်မှုတွေ သိပ်များလွန်းတတ်ကြတာမို့ တချို့အရာတွေဟာ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစီးအောက်မှာရောက်ရပြီး ယုံကြည်လက်ခံဖို့ အလွန်ခက်ခဲတတ်ပါတယ်။ သို့ပေမယ့်လည်း ယုံကြည်ခြင်းကြောင့် ကျော်ဖြတ်နိုင်ခဲ့ရတဲ့ အဖြစ်အပျက်အခက်ခဲတွေဟာလည်း ဘ၀မှာ အံ့သြစရာအမှန်တရားတွေလိုရှိနေတယ်ဆိုတာလည်း ငြင်းလို့မရနိုင်ပါဘူး။

 ကျွန်တော်ယနေ့ ဖတ်ရှုရတဲ့ ပထမကျမ်းစာမှာ အေဘရာဟံနှင့် သူ၏ဇနီးသည်တို့ဟာ အသက်အရွယ် အိုမင်းရင့်ရော်နေတဲ့အချိန် လူသားတွက်ချက်မှုအရ (သိပ္ပံပညာ၊ သီအိုတွေအရ) ကလေးရဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ ထိုအချိန် ထိုအသက်အရွယ်ရောက်ကာမှ ဘုရားသခင်ဟာ သူ့အားဖြင့် ကြီးမားမြင့်မြတ်တဲ့ လူမျိုးတစ်မျိုးကို မွေးဖွားစေရမယ် - ပြီးတော့ သူ့အားဖြင့် သူနှင့်သူ့အိမ်သူအိမ်သားများသာမကဘဲ တကမ္ဘာလုံးတိုင်အောင် ကောင်းကြီးခံစားရစေမယ့် လိုင်းတန်းတစ်ခုဖြစ်စေမယ်လို့ ကတိပေးခဲ့ပါတယ်။ အေဘရာဟံအတွက် ထိုအချိန်အခါက မယုံနိုင်စရာ အံ့သြမှုကြီးပါပဲ။ သို့သော်လည်း ဘုရားသခင်မတတ်နိုင်တာ ဘာမှမရှိဘူးဆိုတာ အေဘရာဟံကြီးက သက်သေခံနိုင်ခဲ့ပါတယ်။ ယခင် သားသမီးမထွန်းကားနိုင်သည့် အေဘရာဟံကြီးဟာ ဘုရားသခင်၏ခေါ်တော်မူခြင်းနှင့်အတူ လူများစွာတို့၏ ဖခင်ကြီးအဖြစ်သို့ သဏ္ဍာန်ပြောင်းလဲခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ဘုန်းကြီးမှုဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကြောင့်သာ ဖြစ်ပါတယ်။

ထို့အတူ သံပေါလူးဟာလည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကျေးဇူးတော်ဖြင့် သဏ္ဍာန်ပြောင်းလဲ ခဲ့ရပါတယ်။ ခရစ်ယာန်တွေကို နှိပ်စက်သူကြီးအဖြစ်မှ ခရစ်တော်ကို လုံးဝသက်ဆုံးတိုင် သက်သေခံဟောပြောရင်း ဘ၀ကို ပြောင်းလဲခဲ့ပါတယ်။ ထိုသဏ္ဍာန်ပြောင်းလဲမှုများဟာ ဘုရားသခင်နှင့် ဆက်သွယ်မှုရှိသူတိုင်းအတွက်ပါ။

ကျွန်တော်တို့တတွေဟာလည်း ဘုရားသခင်နှင့်ပေါင်းစပ် ဆက်သွယ်မှုရှိနေဖို့ ခေါ်တော်မူခြင်းခံရသူ ဖြစ်ပါတယ်။ သို့သော်လည်း ဒီခေါ်တော်မူခြင်းဟာ ကျွန်တော်တို့ဘ၀အတွက် စီးပွားရေးတွက်ချက်သလို တွက်ချက်လို့မရပါ။ သိပ္ပံနည်းကျကျလိုလည်း သီအိုရီတွေနဲ့ အဖြေရှာလို့မရပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တတွေဟာ စီးပွားရေးတွက်သလိုတွက်မယ်ဆိုလျှင် တကွင်သာတွေ့ရမှာဖြစ်ပြီး သိပ္ပံလို သီအိုထုတ်တွက်မယ်ဆိုလျှင်လည်း သီးသန့်နယ်ပယ်တစ်ခုမှ အဖြေသီးသန့်သာ ရရှိနေမှာဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်နှင့်ပေါင်းစပ်ပြီး ဆက်သွယ်မှုရှိလာတဲ့အခါ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းက စီးပွားရေးတကွင်ထက်မက၊ သိပ္ပံအဖြေတစ်ခုထက်မကအောင် လိုအပ်တဲ့ဘ၀အဖြေများစွာကို ရရှိမှာ သေချာပါတယ်။ ထိုကြောင့် ကျွန်တော်တို့တတွေဟာ ဘ၀မှာ မှန်ကန်တဲ့အဖြေနဲ့ လျှောက်လှမ်းနိုင်ဖို့ ဘုရားသခင်၏ သဏ္ဍာန်ပြောင်းလဲခြင်းကို လက်ခံဖို့လိုအပ်ပါတယ်။

ဒီလိုဘုရားသခင်၏သဏ္ဍာန်ပြောင်းလဲခြင်းခံရဖို့ ကျွန်တော်တို့လုပ်ဆောင်ရမှာ တစ်ချက်သာရှိပါတယ် - ထိုအရာကတော့ ကောင်းကင်မှအသံပြောသည့်အတိုင်း “သူ့ကို နာခံကြလော့။” ဆိုသလိုပဲ ခရစ်တော်ကို နာခံဖို့၊ နားထောင်ဖို့သာ လိုအပ်ပါတယ်။ ကျွန်တော်တို့တတွေ “ခရစ်တော်နှင့်အတူ အသေခံခဲ့ကြလျှင်မူ ခရစ်တော်နှင့်အတူ အသက်ရှင်ကြရမည်” - ဆိုလိုသည်မှာ ကျွန်တော်တို့ရဲ့ မကောင်းတဲ့အကျင့်ဆိုးများ အပြစ်များကို ခရစ်တော်နှင့်အတူ အသေခံပြီး ခရစ်တော်ဘ၀သစ်ဖြင့် ရှင်သန်ဖို့ဆိုလိုပါတယ်။ ဤသည်ပင် ကျွန်တော်တို့ရဲ့ သာန်ပြောင်းလဲခြင်း အသက်တာဖြစ်နေမှာ ဖြစ်ပါတယ်။

ဤ၀ါတွင်းကာလတွင် ကျွန်တော်တို့ရဲ့ဘ၀ဟောင်း အကျင့်ဆိုးများနှင့် အပြစ်များကို ခရစ်တော်နှင့်အတူ အသေခံကြပြီး ပါစကားပွဲတော်မှာ ခရစ်တော်နှင့်အတူ အသက်ရှင်သန်နိုင်အောင် ကြိုးစားသွားကြပါစို့ဟု ဖိတ်ခေါ်လိုက်ပါတယ်။

ကိုရင် (ဒိုမီနီကန်)

Tuesday, 11 March 2014

တောင်ကိုးရီးယားသို့ ပုပ်ရဟန်းမင်းကြီးသွားရောက်လည်ပတ်မည်


ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တောင်ကိုးရီးယားသို့သွားရောက်လည်ပတ်မည်ဟု တရားဝင်သတင်း ထွက်ပေါ်လာခဲ့ပါပြီ။ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သတင်းဌာနမှလည်း ဤအကြောင်းအရာကို ထပ်မံအတည်ပြု ခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှ နိုင်ငံတော်သမ္မတ္တနှင့် ဆရာတော်ကြီးများ၏ဖိတ်ကြားချက်ကို လက်ခံကြိုဆိုသောအားဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တောင်ကိုးရီးယားနိုင်ငံသို့ လာမည့် သြဂုတ်လ ၁၄ - ၁၆ ရက်များအတွင်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆဌမအကြိမ်မြောက် အာရှ့လူငယ်များနေ့လည်းဖြစ်ပြီး ၎င်းကို ဒေဂျေအွန်း (Daejeon) သာသနာအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည်လည်း ထိုပွဲတော်အခါအတွင်း တောင်ကိုးရီးယားနိုင်ငံသို့ တမန်တော်အလည်အပတ်ပြုလုပ်မည်ဖြစ်ပါသည် ဟု သတင်းစာထဲတွင် ဖော်ပြထားပါတယ်။

ယခုလည်ပတ်ခြင်းဟာ တောင်ကိုးရီးယားသို့ ၂၅နှစ်အတွင်း ပုပ်ရဟန်းမင်းကြီးတစ်ပါး၏ လည်ပတ်ခြင်း  ပထမအကြိမ်ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်လွန်ဘတ်ဒီကတော့ “ပုပ်ရဟန်းမင်းကြီးဟာ ဆိုးလ်မြို့တွင် ခေတ္တ၀င်ရောက်ဖို့ အချိန်ဇယားဆွဲထားပြီး ၁၈ရာစုနှင့် ၁၉ရာစုအတွင်း ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြသည့် ကိုးရီးယားဓမ္မအာဇာနည်များကို ကက်သလစ်အသင်းတော်မှ ရဟန္တာများအဖြစ်သို့ တင်မြှောက်ခြင်းအခမ်းနားသို့ ပါဝင်တက်ရောက်မည် ဖြစ်ပါတယ်။”

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အာရှ-ပစိဖိတ်ခရီးစဉ်နှင့်စပ်လျဉ်း၍ တောင်ကိုးရီးယားမှ မကြာသေးမှီက ရဟန်းအမတ်ကြီး (ကာဒီနယ်)အဖြစ်သို့ တင်မြှောက်ခြင်းခံခဲ့ရသော ကာဒီနယ်ကြီး အမ်ဒရူးယွမ်ဆူးဂျန်ကတော့ ယခုလို မှတ်ချက်ပြုခဲ့ပါတယ် - “ယေဇူးခရစ်တော်ဟာ အာရှရဲ့နှလုံးသားမှာ ဖွားမြင်ခြင်းကို ခံယူခဲ့တာပါ။ ယခုလို ပုပ်ရဟန်းမင်းကြီးတစ်ပါး၏လာရောက်လည်ပတ်ခြင်းဟာ အာရှရှိ အသင်းတော်အား မျှော်လင့်ခြင်းတွေ ထပ်မံတိုးထည့်ပေးသလို နောက်ထပ် ခေတ်သစ်တစ်ခုကိုလည်း ကြိုဆိုဖွင့်လစ်လိုက်ခြင်းပါ။”

ထိုခရီးစဉ်နှင့်စပ်လျဉ်း၍ နောက်ထပ်အသေးစိတ်သတင်းတွေကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။ မကြာခဏဆိုသလို သီရိလင်္ကာအပါအ၀င် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများကို ပုပ်ရဟန်းမင်းကြီးက လာရောက်လည်ပတ်ဖို့ ဆန္ဒရှိသည်ကိုတော့ မကြာခဏ ကြားနေရပါတယ်။ တောင်ကိုးရီးယားနိုင်ငံသို့ ၁၉၈၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ (၂) လာရောက်ခဲ့ဖူးပါတယ်။


မနောအောင်

Saturday, 8 March 2014

ဝါတွင်းကာလ ပထမတနင်္ဂနွေနေ့


သံမာတေဦး ၄း၁-၁၁
ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်တွင် တောကန္တာရမှာ ယေဇူးခရစ်တော်ဟာ စာတန်နတ်ဆိုး၏ နှောက်ယှက်ခြင်းကို ခံရပြီး အောင်နိုင်ခဲ့ကြောင်းပင် ဖြစ်ပါတယ်။ ရက်ပေါင်း ၄၀ပတ်လုံး အစာရှောင်တော်မူပြီး နတ်ဆိုး၏နှောက်ယှက်ခြင်းကို သုံးမျိုးသုံးခါ ခံရခဲ့သော်လည်း အောင်မြင်စွာ ဖြတ်ကျော်ခဲ့ကြောင်း ဖတ်ရှုရပါတယ်။ တချိန်တည်းမှာပင် ပထမကျမ်းစာတော်မြတ်မှာလည်း အာဒံနှင့်ဧ၀တို့၏ နှောက်ယှက်ခံရခြင်းကိုလည်း ဖတ်ရှုစဉ်းစားထောက်ရှုနိုင်ပါတယ်။ အာဒံနှင့်ဧ၀တို့ဟာ နှောက်ယှက်ခြင်းကို အောင်မြင်စွာ မခုခံနိုင်ခဲ့ဘဲ လူသားထုတစ်ရပ်လုံး အပြစ်ထဲကျရောက်ခဲ့ရတာကိုလည်း ဆက်စပ်စဉ်းစားရင်း ခရစ်တော်၏အောင်မြင်ခြင်းဟာ ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းဖြစ်စေတာကိုလည်း ထင်ထင်ပေါ်ပေါ် တွေ့ရှိရပါတယ်။

ကျွန်ုပ်တို့တတွေလည်း ပေးထားပြီးဖြစ်တဲ့ ထိုကယ်တင်ခြင်းတရားကို ရယူပိုင်ဆိုင်နိုင်ဖို့ ဘ၀တလျှောက် အသက်ရှင်နေထိုင်စဉ် တွေ့ကြုံရတဲ့ အနှောက်အယှက်များကို ဘယ်လိုတုန့်ပြန်ကျော်ဖြတ်ရမယ်ဆိုတာ ခရစ်တော်ထံမှ တရားထောက်ရှုလေ့လာမှတ်ယူကြရအောင်ပါ။ အထူးသဖြင့် နောင်တနှင့်အပြစ်ခွင့်လွတ်ခြင်း အတွက်အသင်းတော်မှအထူးနိုးဆော်နေတဲ့ ယခုလိုဝါတွင်းကာလမှာ ပို၍လေးနက်စွာ စဉ်းစားထောက်ရှုဖို့ ကောင်းပါတယ်။ ခရစ်တော်ခံယူအောင်မြင်ခဲ့သည့် နှောက်ယှက်ခြင်းသုံးမျိုး သုံးခုကို ထောက်ရှုကြပါစို့။

ပထမနှောက်ယှက်ခြင်းတွင် အရက်လေးဆယ်တိုင်တိုင် အစာရှောင်ထားတဲ့ ယေဇူးသခင်အား စာတန်မာရ်နတ်ဟာ ကိုယ်တော်ရဲ့အတ္တစိတ်(“ငါ”ဆိုတဲ့ ဇာတိ)ကိုလှုံ့ဆော်ရင်း ဘုရားသခင်၏သားတော် မှန်လျှင် ဤကျောက်ခဲများကို ပေါင်မုန့်ဖြစ်စေရန် လုပ်ပါဟု ဆိုပါတယ်။ ကျွန်တော်တို့တတွေလည်း ဘ၀မှာ ကောင်းတဲ့ပါရမီတွေအများကြီး ကျင့်ကြံနေနိုင်ပြီးကာမှ ယခုနှောက်ယှက်ခြင်းလိုပဲ မိမိတို့အတ္တစိတ်ကို နှိုးဆွခံရပြီး မိမိကိုယ်ကိုမထိန်းနိုင်တော့ဘဲ နှောက်ယှက်ခြင်းမှာကျဆုံးပြီး တရားပျက်ရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ အနှောက်အယှက်တွေ ကြုံလာရတိုင်း အထူးသဖြင့် ယခုလို မိမိအတ္တကို နှိုးဆွနှောက်ယှက်ခံရတဲ့အခါ မိမိတို့အတ္တနှင့် ပြန်လည်မတုန့်ပြန်ဘဲ တရားတော်များဖြစ်တဲ့ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှဖြင့် တုန့်ပြန်ဖို့ ခရစ်တော်က သက်သေပြလိုက်ပါတယ်။ “လူသည် အစားအစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင်၏နှုတ်တော်ထွက် စကားရှိသမျှဖြင့်လည်း အသက်ရှင်ရကြောင်း . . .”

ဒုတိယနှောက်ယှက်ခြင်းတွင် မိမိတရားနှင့် မိမိကိုပြန်စွလိုက်တဲ့ နှောက်ယှက်ခြင်းပါပဲ။ သမ္မာကျမ်းစာကို အသုံးချ၍နှောက်ယှက်ပြီး မိမိမာနကို စိန်ခေါ်လိုက်တာပါပဲ။ သင်ဟာဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို အောက်သို့ပစ်ချပါလား . . .ကျမ်းစာထဲမှာ သင့်ကိုစောင့်ရှောက်ဖို့ ကျောက်ခဲတစ်လုံးနဲ့ပင် မထိအောင် သိကြားတမန်တွေကို မှာထားတယ်ပြောတာပဲ။ ဒီလို ကိုယ့်တရားနဲ့ကိုယ့်ကို ပြန်နှောက်ယှက် ခံရတာကို မိမိကိုယ်တိုင်မကြုံဖူးဘူးဆိုရင်လည်း အခြားသူများကြုံဖူးတာကိုတော့ သတိထားမိကြမှာပါ။ ကျွန်တော်တို့ဘ၀မှာ တချို့သူတွေဟာ သူတို့လိုချင်တာရဖို့ နည်းမျိုးစုံနဲ့မြူစွယ်ကာ နောက်ဆုံး ကိုယ့်တရားနဲ့ကိုယ့်ကိုချည်နှောင်တဲ့ သာဓကတွေ အများကြီးကြုံဖူးမှာပါ။ (မိမိကိုယ်တိုင်လည်း မြူစွယ်သူ ဖြစ်နေနိုင်ပါတယ်)။ သို့သော်လည်း ဒီလိုနှောက်ယှက်ခြင်းကို အောင်နိုင်ဖို့ ကျွန်ုပ်တို့တတွေဟာ ကိုယ့်တရားကို နိုင်သူများ - ကိုယ့်တရားဖြင့် ကိုယ့်ဘ၀ကို ပုံဖော်သူများ ဖြစ်နေမှာသာ ဖြစ်ပါလိမ့်မယ်။ ဟောပြီး ပြောပြီးမကျင့်ကြံတဲ့သူတွေဟာ ဒီလိုနှောက်ယှက်ခြင်းမျိုးကို ကျော်ဖြတ်ဖို့ ပို၍ခက်ခဲပါလိမ့်မယ်။ ထိုကြောင့် ကိုယ့်တရားဟာ ကိုယ်ကိုယ်တိုင်လက်ခံကျင့်ကြံတဲ့တရားအတိုင်း - ခရစ်တော်လို နှိမ့်ချတတ်ပြီး တုန့်ပြန်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ “သင်၏အရှင် ထာဝရဘုရားသခင်ကို စုံစမ်းခြင်းမပြုလင့်”။

တတိယနှောက်ယှက်ခြင်းတွင် စွဲမက်စရာ ဘုန်းစည်းစိမ်တွေ၊ အစိုးရချင်တဲ့စိတ်အတွက် အာဏာပါဝါများနှင့် လောဘစိတ်တို့အားဖြင့် နှောက်ယှက်ပါတယ်။ ထိုအရာတွေကြောင့် တရားပျက်စီးရတတ်ပြီး ကယ်တင်ခြင်းနှင့် ဝေးသွားနိုင်ပါတယ်။ ထိုကြောင့် ဒီလိုနှောက်ယှက်ခြင်းမျိုးဟာလည်း ကျော်ဖြတ်ရပါဦးမယ်။ ကျွန်တော်တို့တတွေ ဘ၀မှာနေထိုင်စဉ်အတွင်း ဒီအရာတွေဟာ အင်မတန်စွဲမက်စရာတွေပါ။ အမှန်တကယ် ငြင်းဆန်ဖို့ဆိုတာ မိမိကိုယ်ကို အမှန်တကယ် တင်းတိန်ရောင်ရဲတတ်ပြီး တရားသီလ ချစ်ခင်မှသာ ငြင်းဆန်နိုင်မယ်လို့ ထင်ပါတယ်။ ဘုရားသခင်နှင့် ဥစ္စာဓန (မာတေဦး ၆း၂၄-၃၄) လိုပဲ ဘယ်အရာကို ရှေ့တန်းတင်မလဲဆိုတဲ့ မေးခွန်းပါပဲ။ ဘုရားသခင်ကို ပထမရှေ့ဦးစွာ ဦးထိပ်ထားပြီး ဘ၀မှာ ဥစ္စာဓန အသင့်တင့်ကိုရှာဖွေနိုင်ပါတယ်။ သို့သော်လည်း ဥစ္စာဓနကို ရှေ့တန်းတင်မိရင်တော့ မိမိဘ၀မှာ ဘုရားနှင့်တရား ရှိလာမှာမဟုတ်တော့ပါ။ ကယ်တင်ခြင်းလည်း ဆုံးရှုံးရပါလိမ့်မယ်။ ထိုကြောင့် ခရစ်တော်ဖြေသလို - “သင်၏အရှင် ထာဝရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။” ဟု မိမိကိုယ်ကိုအပါအ၀င် ဖြေဆိုလိုက်ပါ။

မိတ်ဆွေ. . . သင်နှင့်ကျွန်ုပ် ကယ်တင်ခြင်းကိုပိုင်ဆိုင်နိုင်ဖို့ ဘ၀မှာကြုံတွေ့ရတဲ့ နှောက်ယှက်ခြင်းတွေကို ခရစ်တော်အားအတုယူရင်း၊ ခရစ်တော်ထံမှ ခွန်အားယူရင်း ရင်ဆိုင်ကျော်လွှားသွားကြပါစို့။ မိမိတို့ဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်ရပါတယ် . . .


ကိုရင် (ဒိုမီနီကန်)

သမုဒ္ဒရိုး(သမုတ်တရိုး) ကျေးရွာ မယ်တော့်ပုလ္လင်တင်ခြင်း

ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ လက်သမားသာသနာအုပ်စု၊ သမုဒ္ဒရိုး(သမုတ်တရိုး)ကျေးရွာ တွင် ဖေဖော်ဝါရီလ (၁၇) နံနက် (၁၀)နာရီ တွင် မယ်တော့်ပုလ္လင်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ သမုဒ္ဒရိုး(သမုတ်တရိုး)ကျေးရွာမှာ ဟင်္သာတမြို့မှ တဆင့် မြန်မာသမိုင်းဝင် ဦးဖိုးကျား၏ ဇာတိဖြစ်သည့် နိဗာန်မြို့မှ လမ်းခွဲကာ အာဇာနည်ဝင် မန်းဘခိုင်၏မွေးရပ်ဖြစ်သော ယုံသလင်းကျေးရွာမှ တဆင့် အနောက်ဖက် (၇) ဖာလုံခန့်တွင် တည်ရှိသော ကျေးရွာဖြစ်သည်။ ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ လက်သမာသာသနာအုပ်စုဝင် ကျေးရွာဖြစ်သည်။ ဘာသာတူ ၈ အိမ် ခန့်ရှိသော်လည်း ဘုရားရှိခိုးကျောင်းတခုနှင့် တင့်တင့်တည်တည် တည်ရှိနေသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေတွင် လုဒ်မယ်တော်သခင်မ၏ ပုလ္လင်တင်ခြင်းအခန်းအနားနှင့် အတူ မယ်တော့်ဆင်းတုတော် ကျောင်းကြီးပေးခြင်းကို ကျင်းပခဲ့ပါသည်။ ထိုမစ္ဆားတရားအခန်းအနားသို့ လက်သမားသာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် အော်ဇွယ်၊ လက်သမားသာသနာမှ သီလရှင် (၃) ပါး၊ ဓမ္မဆရာ (၂)ဦးနှင့် အနီးနားကျေးရွာများမှ ကက်သလစ် ဘာသာတူ ညီအစ်ကိုမောင်နှမများ (၅၀) ဦးခန့်ပါဝင် တတ်ရောက်ခဲ့ကြပါသည်။ လက်သမားသာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် အော်ဇွယ်မှ မစ္ဆားတရားပူဇော်ပေးပြီး မစ္ဆားတရားအတွင်း မယ်တော်ဆင်းတုတော် ကောင်းကြီးပေးခြင်းနှင့် ပုလ္လင်တင်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ မစ္ဆားတရားအတွင်း ဘုန်းတော်ကြီးမှ သြ၀ါဒမိန့်ကြားရာတွင် မယ်တော်သခင်မ အပေါ် အားကိုး အားထားပြုကြရန် အားပေး တိုက်တွန်းပြီး အလှူရှင်များအားလည်း ကျေးဇူးတင်ရှိကြောင်း သြ၀ါဒတွင် မိန့်ကြားခဲ့ပါသည်။

မစ္ဆားတရားအပြီးတွင် ကျေးရွာမှ ဘာသာတူများက မုန့်ဟင်းခါးဖြင့် ဧည့်သည်များအား ဧည့်ခံကျွေးမွေးခဲ့ပါသည်။

အလင်းသက်သေ


Wednesday, 5 March 2014

ဆုတောင်းခြင်း၊ ခြိုးခြံခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်း



ဆုတောင်းမေတ္တာပြုနေသူကို မြင်ရခြင်းဟာ အလွန်ပင်စိတ်ချမ်းသာစရာကောင်းလှပါတယ်။ သို့သော်လည်း ဤဆုတောင်းခြင်းအမှု့သည် ဘုရားသခင်၌ဗဟိုရ်ပြု၍ စိတ်နစ်နေသည့် ဆုတောင်းမေတ္တာသာလျှင် ဘုရားသခင်နှစ်သက်စေမှာဖြစ်သလို အများရင်ကိုလည်း အေးချမ်းစေပါတယ်။ အများမြင်စေချင်ငှာ ရည်ရွယ်၍ဆုတောင်းသောအခါ မိမိစိတ်ဟာ ဘုရားသခင်နှင့်အတူရှိမနေဘဲ အဘယ်သူများငါ့ကို သတိထားကြည့်နေလဲဟု၍ သရုပ်ဆောင်ရိုက်နေသည့် မင်းသမီး၊မင်းသားနှင့်သာ တူနေပါလိမ့်မမယ်။ ထိုကြောင့် အမှန်တကယ် ဆုတောင်းခြင်းကိုပြုလိုပါက- တရားဇရပ်၊ ဘုရားတန်ဆောင်တွေမှာသွားနေဖို့ပင် မလိုအပ်ပါဘူး။ မိမိ၏အိပ်ခန်းအတွင်း၌ပင် ဆုတောင်းနိုင်ကြောင်း ခရစ်တော်ကမိန့်ဆိုထားခဲ့ပါတယ်။ (ဤသည်မှာ ခရစ်ယာန်များ ဘုရားကျောင်း၌ ၀တ်ပြုကိုးကွယ်ခြင်းသွားဖို့မလိုအပ်ဟု မဆိုလိုပါ။) ကျွန်ုပ်တို့ခရစ်ယာန်များအတွက် ဘုရားကျောင်းသည် အလှချင်းပြိုင်ရာ အလှမယ်၊မောင်မယ်ရွေးချယ်ပွဲများဖြစ်နေသလား။ အမှန်တော့ ဘုရားသခင်အား ၀တ်ပြုကိုးကွယ်ခြင်း၌ စုပေါင်းပါဝင်မည်ဟူ၍ ဘုရားကျောင်းတက်မည်ဟူသော စိတ်ထားဖြင့် ပြင်ဆင်လျှင် ကျွန်ုပ်တို့ခရစ်ယာန်တို့၏ဘုရားကျောင်းပုံသဏ္ဍန်များ တမျိုးပေါ်နေလိမ့်မည်ဟု ယုံကြည်ပါတယ်။

စမ်းကြည့်ပါလား အဲဒီစိတ်ထားလေးဖြင့်ဗျာ။ ဤသည်ပင် သင့်အတွက် ခြိုးခြံခြင်းဖြစ်နေမည်လော။



ခြိုးခြံခြင်းဟုဆိုသော်အခါ-
ဘုရားကျောင်းသွားဒီဇိုင်းဆိုပြီး အများအမြင်မှာ ကြည်လင်ဖို့၊ ချီးမွမ်းခံရဖို့ ယောကီဝတ်စုံဝတ်သွားဖို့ မလိုပါဘူး။ ထို့အတူ အများအထင်ကြီးဖို့ ဒီနေ့တော့ အစာရှောင်မယ်၊ ဟိုဟာဖြင့် မေးလိုက်လျှင် ငါဝါရှောင်ထားလို့၊ ဒါဖြင့်မေးလိုက်လျှင် ငါဝါရှောင်ထားလို့ အထူးပြောနေဖို့ လိုအပ်မည်မထင်ပါ။ အမှန်တကယ်စစ်မှန်သော ခြိုးခြံခြင်းဟာ သင့်နှလုံးသားစေရာအတိုင်းသာ ဖြစ်စေရပါမယ်။ 


ကျွန်ုပ်တို့၌ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများအတွက် စိတ်ပူပန်သောက ရောက်ဖူးပါသလား။ ထိုသို့သော စိတ်ပူပန်သောကရောက်နေသောအခါ ကျွန်ုပ်တို့၌ စားဝင်နိုင်ပါရဲ့လား၊ အိပ်ပျော်ပါရဲ့လား၊ ရယ်မောနိုင်ပါရဲ့လား။ ထို့အတူ ယခုကျွန်ုပ်တို့ပြုလုပ်ရမည် ခြိုးခြံခြင်းမှာ ခရစ်တော်၏ ဒုက္ကစရိယာကိုအောက်မေ့ကာ ရရှိလိုက်သည့် စိတ်ပူပန်မှု့သာဖြစ်နေရပါမယ်။ ဒီတော့ ပျော်ပွဲမတက်နိုင်သော စိတ်သောကကြောင့် ပညာသားပါပါငြင်းဆိုလိုက်ခြင်း၊ သားကြီးငါးကြီးစားမပြောနဲ့- အစားတောင် မ၀င်သည့်စိတ်သောကဖြင့် သာမာန်ဖြစ်သလိုလေး စားသောက်ခြင်း၊ ထို့အပြင် မိမိအမှားတွေအတွက် စိတ်မကောင်းဖြစ်သည့်အတိုင်း အလှအပမထုတ်နိုင်ဘဲ ပကတိအတိုင်းလေးနေခြင်း၊ စကားအေးအေးလေးများ ပြောဆိုခြင်း. . . စသည့် သဘာဝကျကျခြိုးခြံခြင်းမျိုးအား ဘုရားသခင်၌ဗဟိုရ်ထားကာ ပြုလုပ်ကြလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အဆင်းသဏ္ဍန်ပြောင်းလဲပေးခြင်းအား ခံရပါလိမ့်မယ်။ ကျွန်ုပ်တို့သည်လည်း ပါရမီပြည့်မှီသော ခရစ်ယာန်ဘ၀အသက်တာကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ထိုခရစ်ယာန်ဘ၀မှသည် အခြားသူများကိုလည်း သက်သေခံရာဖြစ်စေပါတယ်။

ကုသိုလ်ကောင်းမှုပြုလုပ်သောအခါ လူအများမြင်စေခြင်းငှာ မပြုလုပ်နှင့် (မာတေဦး ၆း၁)။ လူတွေရှေ့မှာ လူအများရှေ့မှာ မလုပ်ရဟု ဆိုလိုမထားပါဘူး။ သို့သော်လည်း စိတ်နှလုံးအကြံအစည်ကို အသားပေးပြောထားခြင်းဖြစ်ပြီး လူတွေမြင်စေဖို့ တမင်ရည်ရွယ်ကာ ပြုလုပ်ခြင်းသည် ဘုရားသခင်ထံသို့ ဗဟိုရ်မပြုသောကြောင့် ဤသို့မလုပ်ဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုကြောင့် လှူဒါန်းသည့်အခါလည်း နောက်ဆုံး မိမိဘာသာတောင်ပြန်မကြွားနိုင်အောင် မိမိ၏ညာဘက်လက်ကလှူလိုက်တာကို ဘယ်ဘက်လက်တောင် မသိပါစေနှင့်လို့ ခရစ်တော်ကမိန့်ဆိုခဲ့ပါတယ်။ အမှန်တော့ အလှူဒါနပြုလုပ်သည့်အခါ ဒိုးပတ်သံကြပ်တွေနဲ့ပါပြုလုပ်ချင်ပြုလုပ်ပါ- သို့သော်လည်း ဘုရားသခင်၌ဗဟိုရ်ပြုသည့် စိတ်နှလုံးသား အမှန်တကယ်ရှိနေဖို့ လိုပါတယ်။ လူသိရှင်ကြားပြုလုပ်တော့ အခြားသူများကိုလည်း အလှူဒါနပြုစေဖို့ တိုက်တွန်းအားပေးသလိုဖြစ်ပါသေးတယ်။ သို့သော်လည်း ထိုတိုက်တွန်းချက်က မိမိအား အများအမြင်မှာ တင့်တယ်စေဖို့ဆန္ဒအဖြစ် အတ္တ၀င်သွားသောအခါ ဘုရားသခင်ထံလှူရခြင်းမဟုတ်ဘဲ ထိုအလှူဒါနဟာ ဗလာနတ္တိသက်သက်နှင့် တန်ဖိုးမဲ့ဖြစ်သွားပါလိမ့်မယ်။

ဝါတွင်းကာလအတွင်း ဆုတောင်းခြင်း၊ ခြိုးခြံခြင်းနှင့် ကုသိုလ်ကောင်းမှု (ပေးကမ်းစွန့်ကြဲခြင်း)တို့ကို အထူးပြုလုပ်ကြပါရန် နိုးဆော်အပ်ပါတယ်။ ဤအမှုအရာတို့ဟာ ခရစ်ယာန်ဘ၀အသက်တာတွင် နေ့စဉ်ပြုလုပ်ရမည့် အရာများလည်း ဖြစ်ပါတယ်။ 

ကိုရင် (ဒိုမီနီကန်)

Tuesday, 4 March 2014

ဝါ၀င်သည့်ပြာခံပွဲ (၅ မတ် ၂၀၁၄)

ဝါ၀င်သည့်ပြာခံပွဲ (၅ မတ် ၂၀၁၄)
သင်သည် မြေမှုန့်မှလာ၍ မြေမှုန့်သို့ ပြန်သွားရမည်ကို သတိပြုလော့။

 

Saturday, 1 March 2014

အဌမမြောက် သာမန်တနင်္ဂနွေ

သံမာတေဦး ၆း၂၄-၃၄ “မည်သူမျှ သခင်နှစ်ပါးကို အစေမခံနိုင်။”

ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးသခင်က ကျွန်ုပ်တို့ရဲ့ ဒွိဟဘ၀လမ်းစဉ်နှင့် စပ်လျဉ်း၍ ပြတ်သားစွာဟောပြောတော်မူပါတယ်။ ထိုဒွိဟဘ၀လမ်းစဉ်မှာ လမ်းစဉ်နှစ်ခုလုံးဟာ ကျွန်ုပ်တို့အား အဓိပာယ်ရှိသည့်အခြေနေသို့လည်းကောင်း၊ ပျော်ရွှင်ချမ်းသာစေသည့် အခြေအနေသို့လည်းကောင်း လမ်းပြခေါ်ဆောင်သွားနေကြတာပါ။ သို့သော်လည်း ထိုလမ်းစဉ်နှစ်ဟာ ဆင်တူသယောင်ရှိသော်လည်း တစ်ခုဟာ တစ်ခုထက်ပို၍ နက်ရှိုင်းပြီး စစ်မှန်ကြောင်း ကျွန်ုပ်တို့ကို မီးမောင်းထိုးပြပါတယ်။ ထိုကြောင့် ခရစ်တော်က ကျွန်ုပ်တို့ကို ဘယ်သူမှ သခင်နှစ်ပါးကို အစေမခံနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ တနည်းအားဖြင့် ထပ်ပြောရလျှင် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင်ကြပါဘူး။ ဘာကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင်ကြပါသလဲ။ ကျွန်ုပ်တို့ စဉ်းစားကြည့်လျှင် ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု ရှိနေပါတယ်။

ဧ၀ံဂေလိတရားတော်အား ဆက်လက်ဖတ်ရှုရသော် ခရစ်တော်က ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်းပြောဆိုထားပါတယ်။ အမှန်တကယ်လည်း ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ တချို့ဆိုလျှင် စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်လျှံနေကြပါသေးတယ်။ အဲဒီလို စိုးရိမ်ပူပန်မှုတွေထဲမှာ တချို့ဟာ ခပ်ကြောင်ကြောင်နဲ့ ရူးသွပ်စရာတွေပါ။ တချို့ကျတော့လည်း လူတွေက ငါ့တို့ကို ဘယ်လိုထင်ကြမလဲ ဆိုပြီး စိုးရိမ်နေတတ်ပါသေးတယ်။ တချို့ကျတော့ အနာဂတ်အတွက် လိုအပ်တာထက်ပိုပြီး စိုးရိမ်တတ်ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်စရာ တစ်ခုမဟုတ် တစ်ခုနဲ့ ပြည့်နေတာတော့ အမှန်ပါပဲ။ သို့သော်လည်း ထိုစိုးရိမ်ပူပန်စရာတွေနဲ့ပဲ ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကို မေ့လျော့ထားကြသလား။ ဘုရားသခင်ကို ကျော်ပြီး ဒါမှမဟုတ် ကျောခိုင်းပြီး လောကအရာတွေထဲမှာပဲ ဘယ်လိုဝတ်ရမလဲ၊ ဘယ်လိုစားသောက်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လို ဟန်ထုတ်ရမလဲ စသဖြင့် အချိန်ကုန်စေနေကြပါသလား။ ဒါကြောင့်လည်း ခရစ်တော်ပြောသလိုပဲ ကျွန်ုပ်တို့ဟာ ဥစ္စာဓနကို အစေခံပြီး ဘုရားသခင်ကို အစေမခံနိုင်ဖြစ်နေကြတာပါ။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကို အစေခံပြီး သူ၏တရားလမ်းတော်များကို ရှေးဦးစွာ ရှာဖွေကြမယ်ဆိုရင်တော့ ကျွန်ုပ်တို့ဘ၀မှာ စိုးရိမ်ပူပန်မှုတွေ လျော့နည်းသထက်လျော့နည်းလာပြီး ဘ၀ကို မှန်ကန်စွာနှင့်ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်မှာ သေချာပါတယ်။

အမှန်တကယ်တော့ ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင်ကြဟု ဆိုရာတွင် ကျွန်ုပ်တို့တတွေအတွက် မေးခွန်းထုတ်စရာမှာ ၎င်းနှစ်ပါးအနက် ဘယ်အရာကို အထွဉ်အမြတ်နှင့် ရှေးဦးပထမ နေရာမှာ ထားမလဲဆိုတာပါပဲ။ ထိုကြောင့် ဘုရားသခင်ကို ရှေးဦးပထမနေရာမှာထားပြီး ဥစ္စာဓန ရှာဖွေ၍ ရပါတယ်။ သို့သော်လည်း ဥစ္စာဓနကို ရှေးဦးပထမနေရာမှာ ထားပြီး ဘုရားသခင်နှင့် တရားတော်ကိုတော့ ရှာဖွေ၍ မရနိုင်ပါ။ ထိုကြောင့် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်” ဟုဧကန်မုချ ဆိုထားပါတယ်။

ချစ်စွာသော မိတ်ဆွေ၊ “ဘုရားမဲ့သော သူတို့သာလျှင် ဤအရာခပ်သိမ်းတို့ရှာဖွေတတ်ကြ၏” ဟု ခရစ်တော်က လောကအရာခပ်သိမ်း ဥစ္စာဓနများကိုသာ အဓိကထားရှာဖွေနေသူများကို ရည်ညွှန်း မိန့်ဆိုထားပါတယ်။ သို့သော်လည်း သင်နှင့်ကျွန်ုပ်မူကား ဘုရားသခင်ကို ယုံကြည်၍ ခရစ်တော်နောက်လိုက်ကာ ခရစ်ယာန်ဘ၀အသက်တာဖြင့် နေထိုင်ရှင်သန်သူများ ဖြစ်ပါတယ်။ ပြောရမယ်လိုလျှင်တော့ ကျွန်ုပ်တို့တတွေဟာ ကောင်းကင်ဓနများဖြင့် ဤလောကတွင် နေထိုင်သူများ ဖြစ်ပါတယ်။ ၀ှက်ထားသော ကောင်းကင်ရတနာကို ခရစ်တော်၏ဖော်ပြတော်မူခြင်းဖြင့် သိရှိရပြီး ထိုကောင်းကင်ရတနာကိုသာ မက်မောရှင်သန်နေသူများဖြစ်ပါတယ်။ ထိုကြောင့် ပြောရမယ်ဆိုလျှင် ဤလောကတွင် ဤလောက၏လိုအပ်ချက်များအရ ဥစ္စာဓနအချို့ကို ရှာဖွေနေသည့်တိုင်အောင် ဘုရားသခင်၏ တရားတော်များနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရှာဖွေပြီး မိမိတို့ရှာဖွေနေသည့် ဥစ္စာဓနထက် မိမိတို့ ဘယ်လိုဘယ်ပုံနှင့်ရှာနေကြသလဲဆိုသည့် ဖြောင့်မတ်သည့်လမ်းစဉ်ကို သက်သေခံနေကြသူများ ဖြစ်ကြပါတယ်။

မိတ်ဆွေ၊ အကယ်၍ လောကဥစ္စာဓနတစ်ခုတည်းကိုသာ အာရုံထားရှာဖွေနေလျှင် ခရစ်တော်၏ ဧ၀ံဂေလိတရားတော်မှ ကျမ်းပိုဒ်လေးဖြင့် သတိပေးလိုက်ပါရစေ - “လူသည်ကား ဤစကြ၀ာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း၊ သို့မဟုတ် မိမိ၏အသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်မည်နည်း။” (မာတေဦး ၁၆း၂၆)

ထိုကြောင့် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်” (မာတေဦး ၆း၃၃)

ချစ်စွာသော မိတ်ဆွေအပေါင်း၊- ဘုရားသခင်ကို အစေခံ၍ စိုးရိမ်ပူပန်မှုကင်းသည့်ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)