ရိတ်သိမ်းစရာများစွာရှိ၏။ လုပ်ဆောင်သူကား နည်းကြ၏။ လုပ်သားများ ပိုမိုစေလွှတ် မည့်အကြောင်း လယ်ပိုင်ရှင်ထံမှာ တောင်းလျှောက်ကြလော့။
ယနေ့ဧ၀ံဂေလိတရားတော်မှာ
ခရစ်တော်သခင်ဟာ တပည့်တော် အပါးခုနစ်ဆယ်ကို စေလွှတ်သည့်အကြောင်း ကြားနာရပါလိမ့်မယ်။ ဒီတော့
ဤကျမ်းပိုဒ်တစ်ခုလုံးကို တရားမထောက်ရှု့ခင် ကျွန်ုပ်အနေဖြင့် ထိုခေတ်ထိုအချိန်က ဂျူးလူမျိုးတို့အတွက်
ကိန်းဂဏန်းခုနစ်ဆယ်ဟာ ဘယ်လို အဓိပ္ပာယ်
ရှိပြီး ဘယ်လိုကျင့်သုံးကြသလဲဆိုတာ အနဲငယ်လေ့လာကြည့်စေလိုပါတယ်။ ဓမ္မဟောင်းကျမ်းတွင်
မိုးဇယ်က အီစရာအဲလ်လူမျိုးတွေကို တောကန္တာရမှာ ဦးဆောင်စေဖို့ အကြီးအကဲ ခုနစ်ဆယ်ကို
ရွေးကောက်ခဲ့ပါတယ်။ အီစရာအဲလ်လူမျိုး တစ်စုလုံးအတွက် ဂျူးအုပ်ချုပ်ရေးကောင်စီဟာ တရားစီရင်ရေးဟာ
အဖွဲ့ဝင်ဦးရေ ခုနစ်ဆယ်နဲ့ဖွဲ့စည်းထားပါတယ်။ ပြောရမယ်ဆိုလျှင်ဖြင့် ကိန်းဂဏန်းခုနစ်ဆယ်ဟာ
၎င်းတို့အတွက် အားလုံး၊ တကမ္ဘာလုံးကိုဟု ဆိုလိုပါတယ်။ ထိုကြောင့် ခရစ်တော်က တပည့်တော်ကြီး
အပါးခုနစ်ဆယ်ကို စေလွှတ်သည့်အခါ တကမ္ဘာလုံးကို သတင်းကောင်းဖြန့်ဝေစေဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ဒီတော့ ခရစ်တော်ရဲ့သတင်းကောင်းက
ဘာလဲ။
သခင်ခရစ်တော်ရဲ့သတင်းကောင်းဟာ
ကယ်တင်ခြင်းသတင်းကောင်းဖြစ်ပြီး ထိုကယ်တင်ခြင်းဟာ ချစ်ခြင်းမေတ္တာတရားမှာ အကျဉ်းချုပ်ပြီး
ငြိမ်းချမ်းခြင်းမှာ အသီးအပွင့်များဝေဆာမည့်အကြောင်းပင် ဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ
သူ့ဘ၀နဲ့ရင်းပြီး ကျွန်ုပ်တို့အားလုံးအတွက် အသက်ကိုပင်စွန့်ပြီး ပေးဆပ်သွားတာကို ကျွန်ုပ်တို့ခရစ်ယာန်တွေ
ယုံကြည်လက်ခံကြပါတယ်။ သို့ပေမယ့်လည်း တချို့ခရစ်ယာန်တွေက ဒီအကြောင်းအရာကို ၀ိညာဉ်ရေးသက်သက်သာ
(စိတ်ကူးအတွေးသာသာ) သဘောထားတတ်ကြပါတယ်။ ဒီတော့ ထိုသူတွေရဲ့သြတ္တပ္ပစိတ်ထဲမှာ ဝေဒနာဒုက္ခ ကြုံလာရတဲ့အခါ၊
ပေးဆပ်ရဖို့ကြုံလာတဲ့အခါ၊ ခွင့်လွှတ်ရဖို့ကြုံလာရတဲ့အခါ၊ မေတ္တာတရားထားဖို့ ကြုံလာရတဲ့အခါ
- “ငါတို့က ခရစ်တော်မှ မဟုတ်ဘဲ - လက်တွေ့ဘ၀မှာတော့ သူ့လို ဒုက္ခမခံနိုင်ဘူး။ သူလိုမပေးဆပ်နိုင်ဘူး။
သူ့လိုခွင့်လွှတ်နိုင်ဖို့မဖြစ်နိုင်ဘူး။ သူ့လို ချစ်ဖို့မဖြစ်နိုင်ဘူး . . .” စသဖြင့်
ကိုယ်တော်ဟာ လက်တွေ့မလုပ်ခဲ့သလိုလို ၎င်းတို့စိတ်ထဲမှာ မသိစိတ်က မသိမသာ ခံယူငြင်းပယ်နေပါတယ်။
ဒါကြောင့်လည်း ထိုသူတို့အတွက် ကယ်တင်ခြင်းတရားဟာ ချစ်ခြင်းမေတ္တာမှာ အကျဉ်းမချုပ်နိုင်ပဲ
အမုန်းမီးများကြားမှာ ပူလောင်နေရင်း ပူလောင်နေဆဲသာဖြစ်ပါတယ်။
ခရစ်တော်ပေးဆပ်ခဲ့တာတွေဟာ
ကျွန်ုပ်တို့နှင့်အလှမ်းဝေးသည့် ၀ိညာဉ်ရေးသက်သက်သာ မဟုတ်ဘဲ ရုပ်ခန္တာနှင့်ပါပေးဆပ်ခဲ့တာဖြစ်ပါတယ်။
ထိုကြောင့် ခရစ်ယာန်ယုံကြည်ခြင်း၌သာလျှင် လူ့အဖြစ်ယူခြင်းဆိုတာ တည်ရှိပါတယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည်
လူ့အဖြစ်ကို ယူတော်မူသည်ဟု ဆိုပါတယ်။ ကျွန်ုပ်တို့လူသားတွေ နားလည်နိုင်ဖို့အတွက် ဘုရားဇာတိအဖြစ်နှင့်သာ
မဟုတ်ဘဲ လူ့အသွေးအသား အဖြစ်နှင့်ပင် ဒုက္ကစရိယာခံထမ်း၍ (သူ့ဘ၀နှင့်ရင်းပြီး) ပေးဆပ်ခဲ့တယ်၊
ပြသခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်တွေဟာ ကိုယ်တော်ပြသခဲ့သည့်တရားတွေကို လိုက်ကျင့်သည့်အခါ
ဝိညာဉ်သက်သက် (စိတ်ကူးသက်သက်)သာ မဟုတ်ဘဲ ခန္တာရုပ်ပိုင်းဆိုင်ရာနှင့် လူသားတို့အဖို့
လက်တွေ့ကျသည့်တိုင် ကျင့်ကြံဖို့လိုပါတယ်။ ထိုကြောင့်လည်း သံပေါလူးက ခရစ်ယာန်တစ်ဦးအနေဖြင့်
ဝါကြွားလိုလျှင် ယေဇူးခရစ်တော်၏ကားတိုင်မှလွဲ၍ တခြားမရှိစေနှင့်ဟု သတိပေးထားခဲ့ပါတယ်။
ခရစ်တော်ရဲ့ပေးဆပ်ခဲ့မှုတွေ၊ ခွင့်အလွှတ်ခဲ့မှုတွေ၊ ဒုက္ခခံထမ်းခဲ့မှုတွေကို ကျွန်ုပ်တို့ဟာ
သူ၏လူ့အဖြစ်ယူခြင်းနှင့် ယဉ်တွဲခံယူကျင့်ကြံကြတဲ့အခါ ကိုယ်တော်ပြသည့် လမ်းစဉ်တွေကို
မဖြစ်မနေကြိုးစားဖို့ စိတ်အားထက်သန်လာမှာဖြစ်ပါတယ်။ ကိုယ်တော်က ဘုရားမို့လုပ်နိုင်တာထက်
ကျွန်ုပ်တို့တတွေဟာလည်း ကိုယ်တော့်လိုပဲ လုပ်ကိုလုပ်ရမယ်ဟူသော ယုံကြည်ချက်နှင့် ခရစ်တော်၌
ကြိုးစားကြရမှာဖြစ်ပါတယ်။
မိမိတို့ကိုယ်တိုင်ကကော
ထိုသတင်းကောင်းကို ဘယ်လို လက်ခံပြီး ဘယ်လိုတုန့်ပြန်ကြမလဲ။
ကျွန်ုပ်တို့ခရစ်ယာန်တိုင်းဟာ
ခန္တာတစ်ခုတည်းသော အသင်းတော်ရဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ ဦးခေါင်းဖြစ်တဲ့ သခင်ခရစ်တော်နှင့်
ဆက်နွယ်နေပြီး အသင်းတော်ရဲ့သဘာဝအလျောက် သာသနာပြုများ ဖြစ်ကြပါတယ်။ ဆိုလိုချင်တာက -
အသင်းတော်ရဲ့ဦးဆောင်ဦးရွက်ပြုနေသူတွေသာမဟုတ်ဘဲ ယုံကြည်သူများ ဖြစ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း
ခရစ်တော်ရဲ့ သတင်းကောင်းကို သက်သေခံ မျှဝေဖို့ လိုအပ်ပါတယ်။ ခရစ်တော်ဟာ တမန်တော်ကြီး
ဆယ့်နှစ်ပါးကို သီးသန့်ရွေးကောက်ခဲ့သလို တပည့်တော်ကြီး အပါးခုနစ်ဆယ်ကိုလည်း တကမ္ဘာလုံးကို
သတင်းကောင်းဝေမျှဖို့ ရွေးကောက်ပါတယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းကို
တကမ္ဘာလုံးဝေမျှဖို့အတွက် တပည့်တော်ကြီး ဆယ့်နှစ်ပါးမှာ တာဝန်ရှိတာမဟုတ်ဘဲ ကိန်းဂဏန်း
ခုနစ်ဆယ်ထဲမှာပါဝင်တဲ့ ကျွန်ုပ်တို့ခရစ်ယာန် တစ်ဦးစီတိုင်းမှာလည်း တာဝန်ရှိပါတယ်။
တကယ်ဆိုလျှင် ကိုယ်တော်မိန့်ဆိုသလိုပဲ - ရိတ်သိမ်းစရာများစွာ ရှိနေပါတယ်။ လုပ်ဆောင်သူက
နည်းပါးလွန်းတယ်။ ကျွန်ုပ်တို့တတွေ နောက်ထပ် လုပ်ဆောင်သူတွေ စေလွှတ်ဖို့ လယ်ပိုင်ရှင်ကြီးဆီမှာ
တောင်းလျှောက်ရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်ရှင်ရဲ့ ကယ်တင်ခြင်း သတင်းကောင်းဟာ
တကမ္ဘာလုံးမှာ မရောက်ရှိသေးပါဘူး။ ကျွန်ုပ်တို့ကမ္ဘာကြီး မငြိမ်းချမ်းသေးပါဘူး။ ကျွန်ုပ်တို့အသိုင်းအ၀ိုင်းတွေကြားမှာ
မေတ္တာတရား ခေါင်းပါးနေပါသေးတယ်။ ကျွန်ုပ်တို့တတွေ လက်ချင်းဆက်လို့ သံပြိုင်သီချင်းတွေ
သီဆိုနိုင်သည့်နေတိုင်အောင် သတင်းကောင်း ဝေမျှရင်း သက်သေခံသွားကြပါစို့။ ကျွန်ုပ်တို့ပျော်ရွှင်ခြင်းဟာ
အသီးအပွင့်ဆီက မဟုတ်ဘဲ - ဘုရားသခင်ဆီကပင် ဖြစ်သည့်အတွက်ကြောင့် ဒီလို သက်သေခံဝေမျှနေရသည်ကိုပင်
ပျော်ရွှင်နေပါလိမ့်မယ်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment