Tuesday, 16 July 2013

ကျမ်းစာတခုတည်း လုံလောက်နိုင်ပြီလား

ညီငယ်လေးတစ်ယောက်က ကျွန်တော့်ကို မေးလာပါတယ်။ ကျွန်ုပ်တို့တတွေ ကျမ်းစာတစ်ခုတည်းဖြင့် ကယ်တင်ခြင်းကို ရယူနိုင်ပါသလားတဲ့။

ဒီလိုမေးလာတာနဲ့ ချက်ချင်းဆိုသလို ကျွန်ုပ်ပြေးမြင်မိတာကတော့ ယေဇူးခရစ်တော် အချိန်ကာလက ကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေပါပဲ။ ထိုကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေနှင့် ယေဇူးခရစ်တော်ဟာ အမြဲတမ်းလိုလို အချင်းများနေတာကိုတွေ့ရပြီး ခရစ်တော်က ထိုကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေကို ဝေဖန်ထောက်ပြလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။ ဒီလောက် ကျမ်းစာကို တဖက်ကမ်းရောက်အောင် နားလည် တတ်ကျွမ်း နေသူတွေဖြစ်နေပြီး ဘာကြောင့်များ ကယ်တင်ခြင်းရဖို့ ခက်ခဲ လွန်းနေခဲ့ကြပါသလဲ။

 သေချာတာ တစ်ခုကတော့ ကျမ်းစာ တစ်ခုတည်းဖြင့် ကယ်တင်ခြင်းကို ရယူနိုင်ဖို့ ခဲယင်းနေပါလိမ့်မယ်။
တကယ်တော့် ခရစ်တော် ကိုယ်တော်တိုင်လည်း သူ၏ တပည့်တော်ကြီးများကို ကျမ်းရေးဖို့ မိန့်မှာခဲ့တာ မရှိပါဘူး။ ကမ္ဘာအရပ်ရပ်သို့ သွား၍ သတင်းကောင်းကိုဟောပြောဖို့သာ မိန့်မှာခဲ့ပါတယ်။ ဧ၀ံဂေလိကျမ်းကို ရေးသားသူ တမန်တော်ကြီး သုံးဦးသာရှိပြီး တခြား ကျမ်းမရေးသည့် တမန်တော်ကြီးများလည်း ယုံကြည်ခြင်း၌ လျော့နည်းခြင်း မရှိပါဘူး။ ကျမ်းရေး ပုဂ္ဂိုလ် တမန်တော်ကြီး သံယောဟန်ကလည်း ၎င်းရေးသားသည့် ကျမ်းစာဟာ မပြည့်စုံကြောင်းကို (ယောဟန် ၂၀း၃၀) မှာ ယခုလို အသိပေးထားပါတယ်။ “ဤကျမ်းစာ၌ မှတ်တမ်းတင် မထားသည့် များစွာသော အခြား တန်ခိုး လက္ခဏာတို့ကိုလည်း ယေဇူးသည် တပည့်တော်တို့ရှေ့မှောက်တွင် ပြတောမူ၏”။ ထိုကြောင့် တမန်တော်ကြီး သံယောဟန်က ကျမ်းစာအပြင် တခြား သက်သေခံချက်များလည်း ရှိသေးကြောင်း ထောက်ပြ ထားပါတယ်။

ဓမ္မဟောင်းနှင့် ဓမ္မသစ်ကို ယှဉ်ကြည့်လျှင်လည်း ဓမ္မသစ်၌ပြုလုပ်သမျှအရာတိုင်းဟာ ဓမ္မဟောင်းကျမ်းအတိုင်း ပြုလုပ်ကြတာ မဟုတ်ကြောင်း တွေ့မြင်နိုင်ပါတယ်။ ဥပမာ- သံပေတရူးဟာ အရေဖျားလှီးခြင်း မင်္ဂလာခံခြင်း၊ မခံခြင်းပြသနာကို ဖြေရှင်းသည့်အခါ ကျမ်းစာအားဖြင့် မဖြေရှင်းခဲ့သည်ကို တွေ့နိုင်ပါတယ်။ သံပေါလူးသည်လည်း (ပ-ကော်ရိန်သု ၁၁း၂)တွင် ဓလေ့ထုံးတမ်းများကို လိုက်နာ ကျင့်ကြံကြ၍ သူတို့ကို ချီးမွမ်းကြောင်း ဖော်ပြထားပါတယ်။ ကျမ်းစာတစ်ခုတည်းဟူ၍ ဖော်ပြမထားဘဲ၊ ထိုကဲ့သို့အဓိပာယ် သက်ရောက်စေသည့် ကျမ်းကိုပင် ကျွန်ုပ်တို့ကျမ်းစာထဲမှာ ဖော်ပြမထားပါဘူး။ အမှန်တကယ်တော့ ဓမ္မသစ်ကျမ်းကိုပင် ခရစ်တော်ကောင်းကင်ဘုံတက်ကြွတော်မူအပြီး နှစ်ပေါင်း (အနည်းဆုံး ၆၀)ကျော်မှသာ ရေးသားခဲ့သည်ကို ရှာဖွေမိပါလိမ့်မယ်။ ဒီတော့ ဓမ္မသစ်ကျမ်း၏ သတင်းကောင်းအတိုင်း ခရစ်တော်အား သက်သေခံကြသည့်အခါ နှုတ်အားဖြင့်၊ တရားဟောခြင်းအားဖြင့်သာ မိမိတို့ကြုံတွေ့ခဲ့သမျှကို တပည့်တော်ကြီးတို့က ပြန်လည်သက်သေခံခြင်းသာ ဖြစ်ပါတယ်။ ထို့အတူ ဓမ္မဟောင်းကျမ်းစာကို မရေးသားခင်ကလည်း ဘုရားသခင်၏ ဗျာဒိတ်တော်များဟာ ကျွန်ုပ်တို့ လူသားတွေဆီကို နှုတ်အားဖြင့် တဆင့်စကား တဆင့်ပါးကာ ကြားနားစေခဲ့ပြီး သက်သေခံခဲ့ကြပါတယ်။ ထိုနောက်မှ ကျမ်းစာတော်မြတ်ကို အစောဆုံးအနေဖြင့် ဘီစီ ၁၅၀၀ ၀န်းကျင်မှသာ ရေးသားနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိနိုင်ပါလိမ့်မယ်။

ထိုကြောင့် ကျွန်ုပ်တို့တတွေအနေဖြင့် ကယ်တင်ခြင်းရနိုင်ဖို့ ကျမ်းစာတစ်ခုတည်းသာ မဟုတ်ဘဲ၊ ယုံကြည်ခြင်းဖခင်ကြီး၊ မိခင်ကြီးတို့ရဲ့ လက်ဆင့်ကမ်း ဓလေ့ထုံးတမ်းများကိုလည်း မှီခိုရမည် ဖြစ်ပါတယ်။ ထိုကြောင့် အသင်းတော်အတွင်းမှာ တမန်တော်ကြီးများဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို အစဉ်ထိန်းသိမ်း လက်ဆင့်ကမ်းဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ဤဓလေ့ထုံးတမ်းပျောက်ပျက်လို့ မဖြစ်ပါဘူး။ ကျမ်းစာများပင် အတုအယောင်များ၊ ပြုပြင်တည်းဖြတ်မှု့များဖြင့် ပေါ်ပေါက်လာခဲ့သည့်အခါတိုင်း ထိုကျမ်းစာများကို ရွေးချယ်တတ်ဖို့ ထိုဓလေ့ထုံးတမ်းတွေက ကူညီပေးပါလိမ့်မယ်။

အချုပ်အားဖြင့် ဤမျှစဉ်းစားနိုင်မည်ဆိုလျှင်ပင် ကျမ်းစာတစ်ခုတည်းဖြင့် ကယ်တင်ခြင်းကို ရယူနိုင်ဖို့ ခက်ခဲနေမည်ဖြစ်ပြီး အသင်းတော်အတွင်း မှားယွင်းမှု့တွေပေါ်ပေါက်ခဲ့ပြီး စစ်မှန်တဲ့ သတင်းကောင်းကို ရဖို့ပင် ခက်ခဲကြောင်း တွေ့နိုင်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ဘိုးဘေးဘောင်စဉ်ကို ပြန်လိုက်ပြီး နောက်ဆုံး တမန်တော်ကြီးများမှ ခရစ်တော်ထိတိုင်အောင် မျိုးရိုးထိန်းသလို ထိန်းသိမ်းရမည့်  ဓလေ့ထုံးတမ်းများကိုလည်း မမေ့သင့်ပါဟု ထင်ပါတယ်။ 


မနောအောင်


No comments:

Post a Comment