ကယ်တင်ရှင်သည် ဒါဝိတ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင်ဖွားမြင်တော်မူပြီ။ (လုကာ ၂း၁၁)
ပျော်ရွှင်စရာခရစ္စမတ်ပွဲတော်ပါလို့ အားလုံးကိုပထမဦးဆုံးနှုတ်ဆက်ပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွထပ်တူထပ်မျှ ၀မ်းမြောက်ဝမ်းသာကြပါစို့။-ဘာကြောင့်လဲဆိုတော့ ကယ်တင်ရှင်ယေဇူးခရစ်တော်ရဲ့ ကျေးဇူးတော်ကြောင့်၊ အနှိုင်းမဲ့မေတ္တာတော်ကြောင့်ပါ။ တကယ်ပါပဲ - ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (ပ-ယောဟန် ၄း၈)မှာဆိုထားတာ အမှန်တရားစစ်စစ်ပါပဲ။ ထိုချစ်ခြင်းမေတ္တာကြောင့် ဖန်ဆင်းခြင်းဖြစ်ပေါ်တည်ရှိလာခဲ့တယ်။ ထိုချစ်ခြင်းမေတ္တာကြောင့် လူသားကို မိမိနှင့်ဇာတိတူ၊ သဏ္ဍာန်တူဖန်ဆင်းခဲ့တယ်။ ထိုချစ်ခြင်းမေတ္တာကြောင့် အပြစ်ထဲမှာကျဆုံးနေတဲ့လူသားနဲ့ကယ်တင်ခြင်းတစ်ခုလုံးကို ပြန်လည်ကယ်နှုတ်ဖို့ ယနေ့ ဘုရားသခင်ဟာ လူ့အဖြစ်ကိုယူတော်မူပါတယ်။
ယနေ့ည သန်ခေါင်ယံအချိန်ဟာ အခြားသောသူများအတွက် အိပ်မောကျနေချိန်ဖြစ်နေမလား။ ဒါမှမဟုတ် ကလပ်တွေတက်ပြီး ပျော်ပွဲရွှင်ပွဲမှာရောက်နေကြမလား။ ဒါမှမဟုတ် ညအလုပ်တာဝန်မို့ ညဆင်း ဆင်းနေကြမလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ခရစ်ယာန်များအတွက်တော့ ဒီညသန်ခေါင်ယံဟာ အင်မတန်မှ အဓိပ္ပာယ်ရှိပြီး အရေးပါလှပါတယ်။ သန်ခေါင်ယံညကြီးမှာ ဘုရားရှိခိုးသူများလို့ပဲ ပြောဆိုကြမလား။ အဟုတ်ပါ ဒီလိုညကြီးသန်ခေါင်ယံမှာ သူငယ်တော်ဖွားမြင်ခဲ့ပါတယ်တဲ့။ သိုးကျောင်းနေတဲ့ သိုးကျောင်းသားတွေကို သိကြားတမန်တော်က ကိုယ်ထင်ရှားပြပြီး ပြောပြခဲ့ချိန်ဟာ သန်ခေါင်ယံပါပဲ။ ယခု ဒီလိုဒီအချိန် သန်ခေါင်ယံမှာလည်း ကျွန်တော်တို့ကို အသင်းတော်ရဲ့ဝိညာဉ်ကပြောနေပြီ - သူငယ်တော်ဖွားမြင်တော်မူပြီ။
ခရစ္စမတ်ဆိုတာဘာလဲ။
နှစ်ပေါင်း ၂၀၀၀ကျော်လာအောင် ခရစ္စမတ်ဆိုတာကို ကျွန်တော်တို့တတွေကျင်းပလာကြပြီ။ ယခုလည်းကျင်းပနေဆဲဖြစ်ပါတယ်။ သို့သော်လည်း ခရစ္စမတ်ရဲ့အဓိပ္ပာယ်စစ်စစ်ကို တခါတရံပျောက်ကွယ်အောင်ကို ဖျောက်ဖျက်ပြီးကျင်းပကြတဲ့သူတွေလည်းရှိနေပါတယ်။ ဒီတော့ ခရစ္စမတ်ရဲ့အဓိပ္ပာယ်စစ်စစ်ကဘာလဲ။
လူ့အဖြစ်ကိုယူတော်မူခြင်းဟုအဓိပ္ပာယ်ရတဲ့ "Incarnation" ဆိုတဲ့စကားလုံးဝေါဟာရလေးက ခရစ္စမတ်အဓိပ္ပာယ်စစ်စစ်အတွက် အင်မတန်မှအရေးပါလှပါတယ်။ ဒီဝေါဟာရကို လူတော်တော်များများရင်းနှီးကြပါတယ်- ဒါပေမယ့် အဲဒီစကားလုံးရဲ့နောက်ကွယ်က ဖြစ်ရပ်ကိုတော့ ကမ္မဌာန်းရှု့ကြည့်ဖို့ ပျက်ကွက်နေတတ်ကြပါတယ်။ ဒါဟာ သမိုင်းမှာအမှန်တယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ဒါကြောင့် ကျမ်းရေးပုဂ္ဂိုလ်ကြီးလုကားက အချိန်ကာလနှင့် နေရာဒေသကို မှတ်တမ်းအတိအကျနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဘုရားဖြစ်သော ယေဇူးခရစ်တော်ဟာ ကျွန်တော်တို့လူသားတွေထဲက လူသားတစ်ဦးဖြစ်အောင်၊ ကျွန်တော်တို့ရဲ့ ဒုက္ခခံတွေထဲက ဒုက္ခခံတစ်ဦးဖြစ်အောင်၊ သူကိုယ်တော်တိုင် လူ့အဖြစ်၊ လူ့ဇာတိကိုယူပြီး အနှိမ့်ကျဆုံးအခြေနေအားဖြင့် မွေးဖွားခြင်းကိုခံယူခဲ့ခြင်းဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့တတွေဟာ ကယ်တင်ခြင်းရရှိပြီး မူလဖန်ဆင်းခံရသည့်အတိုင်း ဘုရားဇာတိ၊ အသွင်သဏ္ဍာန်တူပြန်လည်ရရှိမှာဖြစ်ပါတယ်။
ဘာကြောင့် ဘုရားက ဒီလိုလုပ်ဆောင်ရသလဲ။ စေတစ်လုံးပိုင်ရှင်ပဲ - ဘာကြောင့် ဒီလိုဒုက္ခတွေခံပြီး သနားစဖွယ်ဘ၀ကို ယူခဲ့သလဲ။
ဒီမေးခွန်းရဲ့အဖြေဟာ ချစ်ခြင်းမေတ္တာကြောင့်ပါပဲလို့ဖြေရမှာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာလည်း စကားလုံးနဲ့ဖော်ပြရတာ၊ ထုတ်ဖော်ပြရတာ မပြည့်စုံပါဘူး။ တခါတရံစကားလုံးတွေဟာ ကန့်သပ်လွန်းပြီး လူတွေနားလည်မှု့လွဲမှားနိုင်ပါတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာတရားကို အမှန်တကယ်နားလည် သဘောက်ပေါက်ဖို့၊ သိဖို့၊ ဖော်ပြတတ်ဖို့ဆိုတာ မိမိတို့ကိုယ်တိုင် နှလုံးသားအရင်းခံနှင့်ချစ်တတ်ဖို့ လိုအပ်ပါတယ်။ မိမိချစ်တဲ့သူကို အကောင်းဆုံး အကောင်းဆုံးတွေဖြစ်စေချင်တာ ချစ်ခြင်းမေတ္တာအစပဲရှိပါသေးတယ်။ ယေဇူးခရစ်တော်ကတော့ နောက်ဆုံး ရန်သူကိုပင်ချစ်ဖို့ သွန်သင်ခဲ့ရုံတင်မကာဘူး - မိမိကိုယ်တိုင်လည်း အပြစ်မဲ့ကားတိုင်ပေါ်မှာစီရင်ခံရသည့်တိုင်အောင် - အိုအဖ၊ သူတို့ပြုလုပ်တာကို သူတို့မသိလို့ပါ၊ ခွင့်လွတ်တော်မူပါ ဟုဆုတောင်းပေးခဲ့ပါသေးတယ်။
ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ၊ ယနေ့ ခရစ်တော်နောက်သို့လိုက်ပြီး ခရစ်ယာန်ဘ၀အဖြစ် လျှောက်လှမ်းနေသော ကျွန်တော်တို့တတွေလည်း ယနေ့ ခရစ္စမတ်ပွဲတော်နှင့်အတူ - ယေဇူးခရစ်တော်ဘုရား၏ လူ့အဖြစ်ယူတော်မူခြင်းနှင့် ချစ်ခြင်းမေတ္တာတရားကို တူယှဉ်တွဲကာ ကမ္မဌာန်းထောက်ရှု့ရင်း ချစ်ခြင်းမေတ္တာကို စကားလုံးအားဖြင့်မဟုတ်ဘဲ ကျွန်တော်တို့နှလုံးသားအရင်းခံဖြင့် လက်တွေ့ကျင့်ကြံဖော်ထုတ် သက်သေခံသွားကြပါစို့။
ဒီနေ့ ချစ်ခြင်းမေတ္တာရှင်၊ ငြိမ်းချမ်းရေးအရှင်သခင်၊ ဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်သော ယေဇူးခရစ်တော်ရှင်သခင်ဟာ ကျွန်တော်တို့အားလုံးကို ကျေးဇူးတော်များသွန်းလောင်း၍ စစ်မှန်သော ခရစ်ယာန်ဘ၀မှာ ရှင်သန်သက်သေခံနိုင်ပါစေသော်။ အာမင်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment