Saturday, 12 December 2015

အာဝင်ဒူးလ်ကာလ တတိယမြောက်တနင်္ဂနွေနေ့


သံလုကာ ၃း၁၀-၁၈

စောင့်မျှော်ခြင်းကာလ၏တတိယမြောက်တနင်္ဂနွေနေ့မှာ အမိအသင်းတော်ကြီးမှ မီးမောင်းထိုးပြလိုက်သည့် ဧ၀ံဂေလိတရားတော်ကျမ်းကတော့ လူပေါင်းများစွာဟာ သံယောဟန်ဗတ္တိဇံထံလာပြီး ၎င်းတို့၏နောင်တ တရားများအတွက် ဘယ်လိုအပြစ်ဆပ်ဖြေရမလဲ၊ ဘယ်လိုဆက်လုပ်ဆောင်ကြရမလဲဆိုပြီး အသည်းသန် လာမေးနေကြပါတယ်။ 
ဘာကြောင့် လူပေါင်းများစွာ သံယောဟန်ဗတ္တိဇံထံလာပြီး ၎င်းတို့အပြစ်အတွက် ဘယ်လိုအပြစ်ဆပ်ပြေရမလဲ၊ ဘာဆက်လုပ်ကြရမလဲ စသဖြင့် အသည်းသန်လာမေးနေကြတာလဲ။  ပရော်ဖက်တို့ဟောပြောခဲ့တဲ့ ကယ်တင်ရှင်ကြွလာမယ့်အချိန်အခါနှင့် နိမိတ်လက္ခဏာများအားဖြင့် လူတွေရဲ့စောင့်မျှော်ခြင်းစိတ် အရမ်းကိုမြင့်တက်နေတဲ့အတွက်ကြောင့် သံယောဟန်ဗတ္တိဇံများ ခရစ်တော်သခင်ဖြစ်နေမလားဆိုပြီး အခုလို လာရောက်ချည်းကပ်မေးမြန်း၊ နာခံနေကြတာပါ။ ဒါကတော့ ဓမ္မဟောင်းကာလမှ ဓမ္မသစ်ကာလအကူးဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ဤဖြစ်ရပ်နှင့်အတူ ခရစ်တော်သခင်ကြွမြန်းလာခဲ့ပါတယ်။
ယနေ့ဒီတရားကို ကျွန်တော်တို့ဓမ္မသစ်ကာလမှလူတွေ ဆက်လက်နာယူနေကြရတယ်။ ဒီတခါတော့ ကျွန်တော်တို့ဓမ္မသစ်ကာလမှလူတွေအတွက် ခရစ်တော်သခင်၏ဘုန်းတန်ခိုးတော်နှင့်ကြွလာချိန် (parousia) ပါ။ ထိုအချိန်ကာလအတွက် အမြဲစောင့်မျှော်နေရန်၊ သတိဝိရိယနှင့်စောင့်နေရန် ခရစ်တော်မိန့်မှာခဲ့သလို၊ အသင်းတော်ကြီးမှလည်း အမြဲသတိပေးသွန်သင်နေပါတယ်။
ဒီနေ့ကျမ်းပိုဒ်လေးကို ဖတ်မိတော့ ယနေ့ခေတ်လူတွေနှင့် အဖြစ်လေးတွေကို မြင်ယောင်လာမိတယ်။ သိသိသာသာပါပဲ - ဒီနေ့ခေတ်ကာလလူတွေဟာ ဘာသာတရားကို အရေးတယူရှိတဲ့လူတွေမဟုတ်တော့ပါဘူးလေ။ ဘာသာရေးပုဂ္ဂိုလ်တွေပင် ဒီခေတ်ထဲက ဒီလူတွေဖြစ်နေပြီ။ ဒီခေတ်လို့ပြောတော့ ဘယ်ကစပြီး ခေတ်ကာလကို တိုင်းတာရမယ်မှန်းတော့မသိပါဘူး။ ဒါပေမယ့် သိသာလာတွေကတော့ ဒီနေ့ခေတ်လူတွေဟာ စိတ်ဝေဒနာတွေအမျိုးမျိုးခံစားလာကြရတယ်။ စွန့်ပစ်ခံရခြင်း၊ အရေးတယူဆက်ဆံမခံရခြင်း၊ နေရာပျောက်ဆုံးခြင်း၊ မနာလိုစိတ်များလာခြင်း၊ မကျေနပ်တာတွေများလာခြင်း၊ လောဘစိတ်များလာခြင်း၊ စသဖြင့် နောက်ဆုံး မေတ္တာတရားပင် အရောင်ပြောင်းလဲခံလာပါတော့တယ်။ 
ဒီနေ့ခေတ် ဒီလိုဖြစ်လာတဲ့အချိန်မှာ ဘယ်နေရာမှအဖြေရှာမရတဲ့အချိန် ဘာသာတရားဘက်သို့ပြန်လှည့်လာရပါတယ်။ နည်းပညာတွေနဲ့ အတွေးခေါ်စုံဟာ ခဏတာအရှိန်တက်ပြီး ခဏတာအတွင်းမှာ ပျောက်ကွယ်သွားကြပါတယ်။ သို့သော်လည်း အဲဒီနည်းပညာတွေနဲ့ အတွေးခေါ်စုံရဲ့သားကောင်တွေဖြစ်တဲ့ လူတွေနဲ့ကမ္ဘာလောကကြီးကတော့ ဆက်လက်ခံစားနေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ - ကျွန်တော်တို့လက်လှမ်းမှီတဲ့ရှေးဦးကာကမှစပြီး ယနေ့အချိန်ထိ ဆက်လက်လမ်းပြကုစားပေးနေတာကတော့ ဘာသာတရားပါပဲ။ 
ဒါကြောင့် ဒီနေ့ဧ၀ံဂေလိတရားတော်အားဖြင့် မိမိတို့ရဲ့ယုံကြည်ခြင်းအား ပြန်လည်ဆန်းစစ်ကြဖို့ အသင်းတော်ကြီးမှ ဖိတ်ခေါ်လိုက်ပါတယ်။ မိမိတို့ယုံကြည်ခြင်းကပ်ဆိုက်ချိန်မှာ တရားကိုသာလက်ကိုင်ဆွဲပြီး ကျော်ဖြတ်ဖို့ အားပေးတိုက်တွန်းနေပါတယ်။ ဆေးကြော်ခြင်းတန်ဖိုးကို ကယ်တင်ခြင်းငတ်မွတ်သူသာလျှင် သိပါတယ်။ ထို့အတူ အာပတ်ဖြေခြင်းစက္ကရမင်တူး၏အကျိုးအာနိသင်ကို ကက်သလစ်စစ်စစ်သာလျှင် သိပါတယ်။ 
အများတကာက ကိုယ့်ကိုအထင်ကြီးပြီး ချည်းကပ်လာချိန်မှာလည်း သံယောဟန်ဗတ္တိဇံလိုပဲ မိမိဟာလူတွေအထင်ကြီးတဲ့ သခင်မဟုတ်ဘဲ ထိုသခင်ကို သက်သေခံသူသာဖြစ်ကြောင်း အမှန်အတိုင်းဝန်ခံရဲပြီး နှုတ်တော်ထွက်တရားတော်ကို ဟောပြောသက်သေခံသွားကြဖို့လည်း လိုအပ်ပါတယ်။ 

ခရစ်ယာန်ဆိုတာ ဆေးကြော်ခံယူပြီး ခရစ်တော်နောက်လိုက်ရုံတင်မဟုတ်ပါဘူး - ခရစ်တော်သခင်နှင့် တရားတော်အား မိမိဘ၀ဖြင့်ကျင့်ကြံဟောပြောသက်သေခံနေသူများဖြစ်ပါတယ်။ နှုတ်တော်ထွက်စကားသံတဲ့ - နှုတ်တော်ထွက်စကားကိုဖယ်လိုက်မယ်ဆိုရင်တော့ အသံသာကျန်ခဲ့ပြီး ဆူညံနေရုံရှိတော့တာမို့ နားညည်းဖွယ်သက်သက်သာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ခရစ်တော်နောက်လိုက်ဆိုပြီး ခရစ်တော်နှင့်တရားတော်ကို ဟောပြောသက်သေခံနေကြတဲ့အခါ ခရစ်တော်သခင်ဟူသော နှုတ်တော်ထွက်စကားကို ဖြောက်မိမယ်ဆိုရင်တော့ လျှောက်ပြောနေတဲ့အသံတွေပဲ ဆူညံစွာကျန်တော့မှာပါ။ ဒါကြောင့် ပြီးပြည့်စုံအောင် နှုတ်တော်ထွက်စကားသံကို အသံနှင့်ဘ၀ထပ်တူကျကျ ဟောပြောသက်သေခံသွားကြပါစို့။

ဒိုမီနီကန်ကိုရင်

No comments:

Post a Comment