ခရစ်တော်၏ ဒုက္ကစရိယာတနင်္ဂနွေ (သို့မဟုတ်) မေတ္တာပန်း တနင်္ဂနွေနေ့ဆိုသည့်အတိုင်း ဤတနင်္ဂနွေဟာ ကျွန်ုပ်တို့၏ ခရစ်တော်အပေါ်ယုံကြည်ခြင်း၊ ဘုရားသခင်၏ကယ်တင်ခြင်းအပေါ် ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့၏ စိတ်ဒွဟဖြစ်နေသည်ကို ပုံဖော်နေပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်လည်း လူ့အဖြစ်ကိုယူ၍ သမိုင်းမှာအသက်ရှင်နေထိုင်စဉ်ကာလမှာပင် ဤစိတ်ဒွဟတွေကို ကြုံခဲ့ရတာ မနဲပါဘူး။ ယနေ့ ဖတ်ရှု့ရသည့် ကျမ်းပိုဒ်အားဖြင့် သိသာပေါ်လွင်လှပါတယ်။ ယနေ့ ဧ၀ံဂေလိတရားကျမ်း နှစ်ပိုဒ်ကို တစ်ရက်တည်းကြားနာကြရပါတယ်။ ပထမဧ၀ံဂေလိတရားမှာ ယေဇူးသခင်ဟာ ဂျေရုဆလင်မြို့တော်ကြီးကို စည်ကားသိပ်မြိုက်စွာ ကြွဝင်ကြောင်း ဖြစ်ပြီး ဒုတိယကျမ်းမှာတော့ ဘက်သနီရွာတွင် အပြစ်သည်အမျိုသမီးတစ်ဦး၏ ဆီမွှေးသွန်းလောင်းခြင်းခံရကြောင်းကို ကြားနာရပါမယ်။
ယေဇူးခရစ်တော်ဟာ ဂျေရုဆလင်မြို့တော်ကြီးထဲသို့ အောင်ပွဲခံသည့် ဘုရင်တစ်ဦးလို ကြိုဆိုခံရပြီး လူတိုင်းလိုလိုပင် တအံ့တသြဖြစ်ကာ မိမိတို့၏အ၀တ်များကို မြေပေါ်ခင်းကာ သစ်ပင်မှ သစ်ကိုင်းသစ်ခက်များကို ချိုးကိုင်ကာ “ ဟိုရှဏ္ဏ” ဟုအော်ဟစ်ကြွေးကြော်ပြီး ထာဝရဘုရားသခင်၏ နာမတော်၌ကြွလာတော်မူသော ကိုယ်တော်အား မင်္ဂလာရှိစေသတည်းဟုလည်း ကြွေးကြော်ကြပါတယ်။ သိပ်မကြာပါဘူး ထိုသခင်ဟာ လူတွေရဲ့မသိကျိုးကျွံပြုခြင်းနှင့် လှောင်ပြောင်စရာ တစ်ခုအဖြစ်သို့ ရောက်ခဲ့ရတယ်။ ထို့ကြောင့် ဒီနေ့ဟာ ခရစ်တော်အတွက် အောင်ပွဲခံရာနေ့ ဖြစ်ခဲ့သလို ဒုက္ကစရိယာ ဖြစ်ခဲ့ရပါတယ်။ တချိန်တည်းမှာ ဘုန်းတခိုးနဲ့ပြည့်လျှံနေသည့် အောင်ပွဲခံဘုရင်လို ဖြစ်သလို တချိန်တည်းမှာ လူ့ဘ၀ရဲ့ အနိမ့်ဆုံးနှင့် ဒုက္ခခံရာအကြောင်းလည်း ဖြစ်ပါတယ်။
ဘုရား၏တစ်ပါးတည်းသော သားတော်ယေဇူးခရစ်တော် ဘာကြောင့် လူ့ဘ၀ရဲ့ အနိမ့်ဆုံးအဖြစ်ကို ယူပြီး အကြမ်းဆုံးသော ဒုက္ခကိုခံယူခဲ့သလဲ။
အဲဒီမေးခွန်း ကျွန်တော့်စိတ်ထဲမှာ ရောက်လာတော့ သံယောဟန်ကျမ်း ၁၅း၁၃မှာ ရေးထားတဲ့ "မိမိ၏မိတ်ဆွေအဖို့ မိမိအသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သော ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ" ဆိုတာကို သတိရမိတယ်။ ထို့အတူပဲ ဒုတိယကျမ်းဖြစ်သည့် ဖိလိပိသြ၀ါဒစာ (၂း၆-၁၁)မှာလည်း ရှင်းလင်းမြင်သာလွန်းပါတယ်။ သခင်ခရစ်တော်ဟာ ဘုရားဇာတိဖြစ်သော်လည်း မိမိကိုယ်ကို ဗလာနတ္တိအဖြစ်ခံယူကာ လူ့အဖြစ်ကို အနိမ့်ဆုံးသောပုံစံဖြင့် ယူတော်မူခဲ့ပါတယ်။ လူစင်စစ်အဖြစ် နေထိုင်အသက်ရှင်ရင်း ကောင်းကင်ဘုံရှိ အဖခမည်းတော်ဘုရားအား နာခံခဲ့ပါတယ်။ လူတွေကို ကယ်ချွတ်ဖို့အတွက် ကားတိုင်ပေါ်မှာ အသက်တော်စွန့်သည့်တိုင် နာခံခဲ့ပြီး လူသားတွေအတွက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော မေတ္တာတရား၏ ပေးဆပ်တတ်ခြင်းကို ကားတိုင်ပေါ်တက်ကာ ပြသသွန်သင်ပေးခဲ့ပါတယ်။ အမှန်စင်စစ် သံပေါလူး၏ကျမ်းပိုဒ်ဟာ ခရစ်တော်သခင်၏ ဘ၀အကျဥ်းချုပ်ပါပဲ။
ကျွန်တော်တို့ခရစ်ယာန်တွေ အခြေခံကျကျဖြင့် အဓိကကျင့်ကြံရမည့်တရားဟာ ချစ်ခြင်းမေတ္တာပါပဲ။ ရန်သူကိုချစ်ပါဟုပင် သွန်သင်ထားသည့်တိုင်အောင်ကို ကျင့်ကြံရမည့် တရားပါ။ မိမိ၏မေတ္တာတရားဟာ ရန်သူဟုသတ်မှတ်ထားသည့်သူဆီထိပင် ရောက်နိုင်ကြောင်း မီးမောင်းထိုးပြထားတာကြောင့် ရန်သူမဟုတ်သူများအတွက်တော့ မေတ္တာဟာ အတားအဆီးမရှိတဲ့ စမ်းချောင်းတစ်ခု ရေစုန်ဆင်းသလို ဆင်းသင့်သည်ဆိုတာ မြင်တွေ့စေပါတယ်။
ဒီနေ့ ကျွန်တော်တို့ခရစ်ယာန်တွေလည်း ၀ါတွင်းကာလ၏ အထွဉ်အထိပ်ဆုံးသောနေ့ကြီးများဖြစ်သည့် သန့်ရှင်းသောရက်သတ္တပတ်သို့ စတင်ဝင်ရောက်သည့် ဤနေ့ခရစ်တော်၏ ဒုက္ကစရိယာတနင်္ဂနွေ (သို့မဟုတ်) မေတ္တာပန်း တနင်္ဂနွေနေ့မှာ မိမိတို့ရဲ့ ခရစ်ယာန်အဖြစ်အခြေအနေတွေကို ပြန်လည်သုံးသပ် ကြည့်သင့်ပါတယ်။ “ ဟိုရှဏ္ဏ” ဟုအော်ဟစ်ကြွေးကြော်နေပြီး တချိန်တည်းမှာ“သူ့ကို ကားတိုင်တင်ပါ”ဟု ပြန်ပြောင်းအော်မိနေလေသလား။ တဘက်မှာ ခရစ်တော်သခင်ကို ချီးမွမ်းနေသော်လည်း တဘက်မှာတော့ ခရစ်တော်နှင့်ပုံဖော်နေတဲ့ ဆင်းရဲသား၊ အပယ်ခံများ၊ အကူအညီလိုအပ်သူများ စသဖြင့်သော ဒုက္ခရောက်နေသူများကို လစ်လျူရှုနေပါသလား။ မတရားသော အမှုတွေမှာ ကျွန်တော်တို့ အသံတွေတိတ်နေသလား။ စဉ်းစားထောက်ရှုရင်း ဟိုရှဏ္ဏ ဟိုရှဏ္ဏ ဟိုရှဏ္ဏ ဟုစစ်မှန်သော ခရစ်ယာန်စိတ်ဓါတ်ဖြင့် ကြွေးကြော်ကြပါစို့။
“ဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော အရှင်သည် မင်္ဂလာရှိစေသတည်း” ဟုကြွေးကြော်သည့်အတိုင်း ထိုမင်္ဂလာ၌ ကျွန်ုပ်တို့လည်း ပါဝင်ကာ ကျွန်ုပ်တို့သည်လည်း မင်္ဂလာရှိစေရာအကြောင်းတည်း. . .
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment