သံယောဟန် ၁၂း၂၀-၃၀
ဂျုံစပါးတစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည်တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။
ယနေ့ပဉ္စမမြှောက် ၀ါတွင်းတနင်္ဂနွေနေ့တွင် အသင်းတော်မှကြားနားစေသည့် တရားကျမ်းများဟာ အချိန်နာရီတစ်ခုကို ညွှန်ပြနေပါတယ်။ ဓမ္မဟောင်းကျမ်းတွင် ပရော်ဖက်ဂျေရမိယသည် ကျွန်ုပ်တို့လူသားများနှင့် ဘုရားသခင်ဟာ ကတိတော်အသစ်ပြုလုပ်မည့်အချိန် ရောက်ရှိလာမည်ဖြစ်ကြောင်း ကြိုတင်မီးမောင်းထိုးပြခဲ့ပါတယ်။ ထိုမီးမောင်းထိုးပြရာ ကတိတော်သစ်ဟာ ယေဇူးခရစ်တော်ပင် ဖြစ်၍ ယနေ့ဧ၀ံဂေလိတရားတော်တွင် ခရစ်တော်ကိုယ်တော်တိုင်က ထိုအချိန်ကျရောက်လာပြီဖြစ်ကြောင်း မိန့်မြွက်ပါတယ်။ ထိုအချိန်ဟာ ဘယ်လိုအချိန်မျိုးလဲ။
သံယောဟန်ကျမ်းရေးသူ၏ကျမ်းသုံးနှုန်းတွေဟာ ရိုးရှင်းသလောက် နက်ရှိုင်းလှပါတယ်။ ထိုအသုံးအနှုန်းတွေထဲမှာ ယနေ့ကြားနာရတဲ့ အချိန်ဆိုတာကိုလည်း မကြာခဏသုံးနှုန်းလေ့ရှိပါတယ်။ ဒိုးဒိုးဒဲ့ဒဲ့ပင်ဆိုရမည်ဆိုလျှင် ယနေ့ခရစ်တော်စကားတော်ထဲတွင် ကိုယ်တော်သည် ထိုအချိန်နာရီသို့ တစ်ခုတည်းသောရည်ရွယ်ချက်အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း မိန့်ဆိုပါတယ်။အမှန်တကယ်တော့ ကိုယ်တော်ဒုက္ကစရိယာခံထမ်းရန် အချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ သို့သော်လည်း ထိုအရာသည် ၀မ်းနည်ကြေကွဲဖွယ်ရာထက် မြင့်မြတ်သောကြောင့် သံယောဟန်က ထိုအချိန်နာရီကို ဘုန်းတော်ထင်ရှားစေမည့်အချိန်ဟု တင်စားရေးသားထားပါတယ်။ အမှန်စင်စစ်လည်း ထိုအချိန်နာရီဟာ ယေဇူးခရစ်တော်၏သာသနာပြုရည်ရွယ်ချက် အားလုံးကို ထုတ်ဖော်ပြသလိုက်သည့် ဘုန်းတော်ထင်ရှားစေမည့် အချိန်နာရီပါပဲ။ ထိုရည်ရွယ်ချက်၏နက်ရှိုင်းမှုကို ဂျုံစပါးတစ်စေ့အားဖြင့် ပုံဥပမာပေးလို့ရသည့်တိုင်အောင် ရိုးရှင်းပြီး တရားသဘော၏အနက်ကတော့ တုနှိုင်းမဲ့ပါပဲ။
ဂျုံစပါးတစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည်တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။
ဤဂျုံစပါးတစ်စေ့ဟာ ခရစ်တော်၏ဘ၀နှင့်သာသနာပြုရည်ရွယ်ချက်ကို လုံးဝပေါ်လွင်စေပါတယ်။ တစ်ဦးတစ်ယောက်အသက်စွန့်ခြင်းအားဖြင့် များစွာသောကယ်တင်ခြင်းအသီးအပွင့်တွေကို ရရှိစေတာပါ။ ထို့အတူ ကျွန်တော်တို့ခရစ်ယာန်တွေလည်း ခရစ်တော်ကိုအတုယူ၍ မိမိဘ၀ပေးဆပ်မှသာ အသီးအပွင့်ကို ရရှိစေမှာဖြစ်ကြောင်းလည်း မီးမောင်းထိုးပြလိုက်ပါတယ်။ ထိုသို့ပြုနိုင်ဖို့အတွက်ပင် ဂျေရမိယပြောတဲ့ နှလုံးသားမှာ ကတိတော်ရေးသားခြင်းပင် ဖြစ်ပါတယ်။
ကျွန်တော်တို့တတွေဟာ လောကီဆန်လွန်းသည်ဟုဆိုရမည်လား ဒါမှမဟုတ် သဘာဝဟုပင် ဆိုရမည်လား။ ကောင်းမြတ်သည့်ဘ၀ဆိုတာ သန်စွမ်းကျန်းမာနေခြင်း၊ ပျော်ရွှင်မှုတို့ရှိခြင်း၊ စိတ်ဆန္ဒတို့ပြည့်ခြင်း စသဖြင့်သော ဘ၀ကို ကောင်းမြတ်သည်ဟု ယူဆလေ့ရှိကြပါတယ်။ သို့သော်လည်း ယနေ့တရားမှာတော့ ယေဇူးခရစ်တော်က ထိုအယူအဆရဲ့ဆန့်ကျင့်ဘက်တရားသဘောတစ်ခုကို ညွှန်ပြပါတယ်။ ထို့ကြောင့် ကောင်းမြတ်သောဘ၀ဆိုသည်မှာ မိမိ၏အတ္တတို့ကို စွန့်လွှတ်နိုင်ခြင်း၊ ဘုရားသခင်အတွက် မိမိအဖြစ်ကိုယ်ပင် ပေးဆပ်နိုင်ခြင်း၊ လောကီအရာများမှ မိမိကိုယ်ကိုလွတ်မြှောက်နိုင်ခြင်း စသောဘ၀များကို ဆိုလိုပါတယ်။ ဒီဘ၀ရဲ့ နိယာမဟာ ကျွန်တော်တို့လောကမှာ ကောင်းမြတ်သော လက်ထပ်ထိမ်းမြှားခြင်း၊ ကောင်းမြတ်သော မိဘအဖြစ် ရယူခြင်း၊ ကောင်းမြတ်သည့် မိတ်ဆွေဖွဲ့နှောင်ခြင်းတို့မှာ သိသိသာသာမြင်နိုင်ပါတယ်။
လက်ထပ်ထိမ်းမြှားကြတဲ့အခါ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုယ်တစ်ဦး အတ္တတွေစွဲကိုင်ကာ အပြန်အလှန်မပေးဆပ်နိုင်ကြလျှင် ကောင်းမြတ်သည့်အိမ်ထောင်သည်ဘ၀ကို ရရှိမည်မဟုတ်ပါ။ ထို့အတူ မိမိကိုယ်ကိုသာ ရှေ့တန်းတင်နေလျှင်လည်း ကောင်းမြတ်သည့် မိဘအဖြစ်ကို ရောက်ရှိမည်မဟုတ်ပါ။ သားသမီးအတွက်ဆိုတာထက် သားသမီးကို မိမိလိုရာပုံသွင်းယူခြင်းဟာလည်း ကောင်းမြတ်သည့် မိဘဘ၀ကို မရရှိနိုင်ပါဘူး။ ထို့အတူ မိတ်ဆွေသူငယ်ချင်းဖွဲ့ကြတဲ့အခါလည်း ကျွန်တော်တို့တတွေ အချင်းချင်း လိုက်လျောတတ်ခြင်း၊ ပေးဆပ်တတ်ခြင်း၊ နားလည်တတ်ခြင်း၊ တစ်ဦးပေါ်တစ်ဦး စိတ်သဘောကောင်းထားခြင်း မရှိကြလျှင် ကောင်းမြတ်သည့် မိတ်ဆွေဖွဲ့ခြင်း၊ ခင်မင်မှုဘ၀ကို ရရှိမည် မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ တစ်ဦးနှင့်တစ်ဦး လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ကြသည်ဟု ဆိုသောလည်း အချိန်အခါရောက်လာလျှင် တစ်ဦးနှင့်တစ်ဦး ဖြေလျော့ညှိနှိုင်းခြင်း၊ လိုက်လျော့ခြင်းမရှိကြလျှင် ကောင်းမြတ်သည် မိတ်ဆွေဘ၀ကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပါ။ လူဆိုတာ ကိုယ်မှန်မယ်ထင်တာတွေကို စွဲကိုင်တတ်ကြတော့ တခါတရံ အခက်တွေ့တတ်ကြသော်လည်း အထက်မှာဆိုထားသည့်အတိုင်း တစ်ဦးအပေါ်တစ်ဦး လိုက်လျောတတ်ခြင်း၊ ပေးဆပ်တတ်ခြင်း၊ နားလည်တတ်ခြင်း၊ တစ်ဦးပေါ်တစ်ဦး စိတ်သဘောကောင်းထားခြင်း တို့ဖြင့် ကောင်းမြတ်သည့် မိတ်ဆွေဘ၀ကို ဖန်တီးနိုင်ပါတယ်။
ယနေ့ ကျွန်တော်တို့အတွက် အချိန်ကျရောက်လာပါပြီ။ ထိုအချိန်ဟာ အတ္တတို့လွှမ်းမိုးနေသည့် တကိုယ်တော်ကောင်းစားရေး၊ အောင်မြင်ရေးလမ်းစဉ်အတွက်လား ဒါမှမဟုတ် ထိုအချိန်ဟာ ခရစ်တော်ပေးသည့် ဂျုံစပါးစေ့လေးအဖြစ်လို ပေးဆပ်ရင်အသီးအပွင့်တွေကို ဆွတ်ခူးမည့်အချိန်လား ဆိုတာသုံးသပ်ကြည့်ကြဖို့လိုပါလိမ့်မယ်။
စစ်မှန်သောခရစ်ယာန်ဆိုသည်မှာ ခရစ်တော်ပြောသည့် ဂျုံစပါးစေ့လေးပါပဲ။ ထိုဂျုံစပါးစေ့လေး၏ လုပ်ရပ်လေးအားဖြင့် ခရစ်တော်၏တရားအချုပ်ဖြစ်သည့် ချစ်ခြင်းမေတ္တာကို ကျင့်ဆောက်တည်တဲ့ ကောင်းမြတ်ပြည့်စုံသည့်ဘ၀ဖြစ်ပြီး အဖခမည်းတော်ဘုရား၏ ဘုန်းတော်ထင်ရှားစေ သကဲ့သို့ ကျွန်တော်တို့ကိုလည်း ဘုန်းတော်ထင်ရှားစေပါလိမ့်မည်။
ခရစ်တော်၌ ဘုန်းတော်ထင်ရှားစေမည့် ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ခွန်အားများထပ်ဆင့်တောင်းလျှောက် ဤ၀ါတွင်းကာလကို ခရစ်တော်နှင့်အတူ လျှောက်လှမ်းသွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment