Saturday, 28 March 2015

ခရစ်တော်၏ ဒုက္ကစရိယာတနင်္ဂနွေ (သို့မဟုတ်) မေတ္တာပန်း တနင်္ဂနွေနေ့


ခရစ်တော်၏ ဒုက္ကစရိယာတနင်္ဂနွေ (သို့မဟုတ်) မေတ္တာပန်း တနင်္ဂနွေနေ့ဆိုသည့်အတိုင်း ဤတနင်္ဂနွေဟာ ကျွန်ုပ်တို့၏ ခရစ်တော်အပေါ်ယုံကြည်ခြင်း၊ ဘုရားသခင်၏ကယ်တင်ခြင်းအပေါ် ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့၏ စိတ်ဒွဟဖြစ်နေသည်ကို ပုံဖော်နေပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်လည်း လူ့အဖြစ်ကိုယူ၍ သမိုင်းမှာအသက်ရှင်နေထိုင်စဉ်ကာလမှာပင် ဤစိတ်ဒွဟတွေကို ကြုံခဲ့ရတာ မနဲပါဘူး။ ယနေ့ ဖတ်ရှု့ရသည့် ကျမ်းပိုဒ်အားဖြင့် သိသာပေါ်လွင်လှပါတယ်။ ယနေ့ ဧ၀ံဂေလိတရားကျမ်း နှစ်ပိုဒ်ကို တစ်ရက်တည်းကြားနာကြရပါတယ်။ ပထမဧ၀ံဂေလိတရားမှာ ယေဇူးသခင်ဟာ ဂျေရုဆလင်မြို့တော်ကြီးကို စည်ကားသိပ်မြိုက်စွာ ကြွဝင်ကြောင်း ဖြစ်ပြီး ဒုတိယကျမ်းမှာတော့ ဘက်သနီရွာတွင် အပြစ်သည်အမျိုသမီးတစ်ဦး၏ ဆီမွှေးသွန်းလောင်းခြင်းခံရကြောင်းကို ကြားနာရပါမယ်။ 

ယေဇူးခရစ်တော်ဟာ ဂျေရုဆလင်မြို့တော်ကြီးထဲသို့ အောင်ပွဲခံသည့် ဘုရင်တစ်ဦးလို ကြိုဆိုခံရပြီး လူတိုင်းလိုလိုပင် တအံ့တသြဖြစ်ကာ မိမိတို့၏အ၀တ်များကို မြေပေါ်ခင်းကာ သစ်ပင်မှ သစ်ကိုင်းသစ်ခက်များကို ချိုးကိုင်ကာ “ ဟိုရှဏ္ဏ” ဟုအော်ဟစ်ကြွေးကြော်ပြီး ထာဝရဘုရားသခင်၏ နာမတော်၌ကြွလာတော်မူသော ကိုယ်တော်အား မင်္ဂလာရှိစေသတည်းဟုလည်း ကြွေးကြော်ကြပါတယ်။ သိပ်မကြာပါဘူး ထိုသခင်ဟာ လူတွေရဲ့မသိကျိုးကျွံပြုခြင်းနှင့်  လှောင်ပြောင်စရာ တစ်ခုအဖြစ်သို့ ရောက်ခဲ့ရတယ်။ ထို့ကြောင့် ဒီနေ့ဟာ ခရစ်တော်အတွက် အောင်ပွဲခံရာနေ့ ဖြစ်ခဲ့သလို ဒုက္ကစရိယာ ဖြစ်ခဲ့ရပါတယ်။ တချိန်တည်းမှာ ဘုန်းတခိုးနဲ့ပြည့်လျှံနေသည့် အောင်ပွဲခံဘုရင်လို ဖြစ်သလို တချိန်တည်းမှာ လူ့ဘ၀ရဲ့ အနိမ့်ဆုံးနှင့် ဒုက္ခခံရာအကြောင်းလည်း ဖြစ်ပါတယ်။

ဘုရား၏တစ်ပါးတည်းသော သားတော်ယေဇူးခရစ်တော် ဘာကြောင့် လူ့ဘ၀ရဲ့ အနိမ့်ဆုံးအဖြစ်ကို ယူပြီး အကြမ်းဆုံးသော ဒုက္ခကိုခံယူခဲ့သလဲ။

အဲဒီမေးခွန်း ကျွန်တော့်စိတ်ထဲမှာ ရောက်လာတော့ သံယောဟန်ကျမ်း ၁၅း၁၃မှာ ရေးထားတဲ့ "မိမိ၏မိတ်ဆွေအဖို့ မိမိအသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သော ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ" ဆိုတာကို သတိရမိတယ်။ ထို့အတူပဲ ဒုတိယကျမ်းဖြစ်သည့် ဖိလိပိသြ၀ါဒစာ (၂း၆-၁၁)မှာလည်း ရှင်းလင်းမြင်သာလွန်းပါတယ်။ သခင်ခရစ်တော်ဟာ ဘုရားဇာတိဖြစ်သော်လည်း မိမိကိုယ်ကို ဗလာနတ္တိအဖြစ်ခံယူကာ လူ့အဖြစ်ကို အနိမ့်ဆုံးသောပုံစံဖြင့် ယူတော်မူခဲ့ပါတယ်။ လူစင်စစ်အဖြစ် နေထိုင်အသက်ရှင်ရင်း ကောင်းကင်ဘုံရှိ အဖခမည်းတော်ဘုရားအား နာခံခဲ့ပါတယ်။ လူတွေကို ကယ်ချွတ်ဖို့အတွက် ကားတိုင်ပေါ်မှာ အသက်တော်စွန့်သည့်တိုင် နာခံခဲ့ပြီး လူသားတွေအတွက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော မေတ္တာတရား၏ ပေးဆပ်တတ်ခြင်းကို ကားတိုင်ပေါ်တက်ကာ ပြသသွန်သင်ပေးခဲ့ပါတယ်။ အမှန်စင်စစ် သံပေါလူး၏ကျမ်းပိုဒ်ဟာ ခရစ်တော်သခင်၏ ဘ၀အကျဥ်းချုပ်ပါပဲ။

ကျွန်တော်တို့ခရစ်ယာန်တွေ အခြေခံကျကျဖြင့် အဓိကကျင့်ကြံရမည့်တရားဟာ ချစ်ခြင်းမေတ္တာပါပဲ။ ရန်သူကိုချစ်ပါဟုပင် သွန်သင်ထားသည့်တိုင်အောင်ကို ကျင့်ကြံရမည့် တရားပါ။ မိမိ၏မေတ္တာတရားဟာ ရန်သူဟုသတ်မှတ်ထားသည့်သူဆီထိပင် ရောက်နိုင်ကြောင်း မီးမောင်းထိုးပြထားတာကြောင့် ရန်သူမဟုတ်သူများအတွက်တော့ မေတ္တာဟာ အတားအဆီးမရှိတဲ့ စမ်းချောင်းတစ်ခု ရေစုန်ဆင်းသလို ဆင်းသင့်သည်ဆိုတာ မြင်တွေ့စေပါတယ်။

ဒီနေ့ ကျွန်တော်တို့ခရစ်ယာန်တွေလည်း ၀ါတွင်းကာလ၏ အထွဉ်အထိပ်ဆုံးသောနေ့ကြီးများဖြစ်သည့် သန့်ရှင်းသောရက်သတ္တပတ်သို့ စတင်ဝင်ရောက်သည့် ဤနေ့ခရစ်တော်၏ ဒုက္ကစရိယာတနင်္ဂနွေ (သို့မဟုတ်) မေတ္တာပန်း တနင်္ဂနွေနေ့မှာ မိမိတို့ရဲ့ ခရစ်ယာန်အဖြစ်အခြေအနေတွေကို ပြန်လည်သုံးသပ် ကြည့်သင့်ပါတယ်။  ဟိုရှဏ္ဏ” ဟုအော်ဟစ်ကြွေးကြော်နေပြီး တချိန်တည်းမှာ“သူ့ကို ကားတိုင်တင်ပါ”ဟု ပြန်ပြောင်းအော်မိနေလေသလား။ တဘက်မှာ ခရစ်တော်သခင်ကို ချီးမွမ်းနေသော်လည်း တဘက်မှာတော့ ခရစ်တော်နှင့်ပုံဖော်နေတဲ့ ဆင်းရဲသား၊ အပယ်ခံများ၊ အကူအညီလိုအပ်သူများ စသဖြင့်သော ဒုက္ခရောက်နေသူများကို လစ်လျူရှုနေပါသလား။ မတရားသော အမှုတွေမှာ ကျွန်တော်တို့ အသံတွေတိတ်နေသလား။ စဉ်းစားထောက်ရှုရင်း ဟိုရှဏ္ဏ ဟိုရှဏ္ဏ ဟိုရှဏ္ဏ ဟုစစ်မှန်သော ခရစ်ယာန်စိတ်ဓါတ်ဖြင့် ကြွေးကြော်ကြပါစို့။ 

“ဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော အရှင်သည် မင်္ဂလာရှိစေသတည်း” ဟုကြွေးကြော်သည့်အတိုင်း ထိုမင်္ဂလာ၌ ကျွန်ုပ်တို့လည်း ပါဝင်ကာ ကျွန်ုပ်တို့သည်လည်း မင်္ဂလာရှိစေရာအကြောင်းတည်း. .  .

ကိုရင် (ဒိုမီနီကန်)

Saturday, 21 March 2015

ပဉ္စမမြှောက် ၀ါတွင်းတနင်္ဂနွေနေ့


သံယောဟန် ၁၂း၂၀-၃၀

ဂျုံစပါးတစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည်တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။ 

ယနေ့ပဉ္စမမြှောက် ၀ါတွင်းတနင်္ဂနွေနေ့တွင် အသင်းတော်မှကြားနားစေသည့် တရားကျမ်းများဟာ အချိန်နာရီတစ်ခုကို ညွှန်ပြနေပါတယ်။ ဓမ္မဟောင်းကျမ်းတွင် ပရော်ဖက်ဂျေရမိယသည် ကျွန်ုပ်တို့လူသားများနှင့် ဘုရားသခင်ဟာ ကတိတော်အသစ်ပြုလုပ်မည့်အချိန် ရောက်ရှိလာမည်ဖြစ်ကြောင်း ကြိုတင်မီးမောင်းထိုးပြခဲ့ပါတယ်။ ထိုမီးမောင်းထိုးပြရာ ကတိတော်သစ်ဟာ ယေဇူးခရစ်တော်ပင် ဖြစ်၍ ယနေ့ဧ၀ံဂေလိတရားတော်တွင် ခရစ်တော်ကိုယ်တော်တိုင်က ထိုအချိန်ကျရောက်လာပြီဖြစ်ကြောင်း မိန့်မြွက်ပါတယ်။ ထိုအချိန်ဟာ ဘယ်လိုအချိန်မျိုးလဲ။ 

သံယောဟန်ကျမ်းရေးသူ၏ကျမ်းသုံးနှုန်းတွေဟာ ရိုးရှင်းသလောက် နက်ရှိုင်းလှပါတယ်။ ထိုအသုံးအနှုန်းတွေထဲမှာ ယနေ့ကြားနာရတဲ့ အချိန်ဆိုတာကိုလည်း မကြာခဏသုံးနှုန်းလေ့ရှိပါတယ်။ ဒိုးဒိုးဒဲ့ဒဲ့ပင်ဆိုရမည်ဆိုလျှင် ယနေ့ခရစ်တော်စကားတော်ထဲတွင် ကိုယ်တော်သည် ထိုအချိန်နာရီသို့ တစ်ခုတည်းသောရည်ရွယ်ချက်အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း မိန့်ဆိုပါတယ်။အမှန်တကယ်တော့ ကိုယ်တော်ဒုက္ကစရိယာခံထမ်းရန် အချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ သို့သော်လည်း ထိုအရာသည် ၀မ်းနည်ကြေကွဲဖွယ်ရာထက် မြင့်မြတ်သောကြောင့် သံယောဟန်က ထိုအချိန်နာရီကို ဘုန်းတော်ထင်ရှားစေမည့်အချိန်ဟု တင်စားရေးသားထားပါတယ်။ အမှန်စင်စစ်လည်း ထိုအချိန်နာရီဟာ ယေဇူးခရစ်တော်၏သာသနာပြုရည်ရွယ်ချက် အားလုံးကို ထုတ်ဖော်ပြသလိုက်သည့် ဘုန်းတော်ထင်ရှားစေမည့် အချိန်နာရီပါပဲ။ ထိုရည်ရွယ်ချက်၏နက်ရှိုင်းမှုကို ဂျုံစပါးတစ်စေ့အားဖြင့် ပုံဥပမာပေးလို့ရသည့်တိုင်အောင် ရိုးရှင်းပြီး တရားသဘော၏အနက်ကတော့ တုနှိုင်းမဲ့ပါပဲ။ 

ဂျုံစပါးတစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည်တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။ 
ဤဂျုံစပါးတစ်စေ့ဟာ ခရစ်တော်၏ဘ၀နှင့်သာသနာပြုရည်ရွယ်ချက်ကို လုံးဝပေါ်လွင်စေပါတယ်။ တစ်ဦးတစ်ယောက်အသက်စွန့်ခြင်းအားဖြင့် များစွာသောကယ်တင်ခြင်းအသီးအပွင့်တွေကို ရရှိစေတာပါ။ ထို့အတူ ကျွန်တော်တို့ခရစ်ယာန်တွေလည်း ခရစ်တော်ကိုအတုယူ၍ မိမိဘ၀ပေးဆပ်မှသာ အသီးအပွင့်ကို ရရှိစေမှာဖြစ်ကြောင်းလည်း မီးမောင်းထိုးပြလိုက်ပါတယ်။ ထိုသို့ပြုနိုင်ဖို့အတွက်ပင် ဂျေရမိယပြောတဲ့ နှလုံးသားမှာ ကတိတော်ရေးသားခြင်းပင် ဖြစ်ပါတယ်။ 

ကျွန်တော်တို့တတွေဟာ လောကီဆန်လွန်းသည်ဟုဆိုရမည်လား ဒါမှမဟုတ် သဘာဝဟုပင် ဆိုရမည်လား။ ကောင်းမြတ်သည့်ဘ၀ဆိုတာ သန်စွမ်းကျန်းမာနေခြင်း၊ ပျော်ရွှင်မှုတို့ရှိခြင်း၊ စိတ်ဆန္ဒတို့ပြည့်ခြင်း စသဖြင့်သော ဘ၀ကို ကောင်းမြတ်သည်ဟု ယူဆလေ့ရှိကြပါတယ်။ သို့သော်လည်း ယနေ့တရားမှာတော့ ယေဇူးခရစ်တော်က ထိုအယူအဆရဲ့ဆန့်ကျင့်ဘက်တရားသဘောတစ်ခုကို ညွှန်ပြပါတယ်။ ထို့ကြောင့် ကောင်းမြတ်သောဘ၀ဆိုသည်မှာ မိမိ၏အတ္တတို့ကို စွန့်လွှတ်နိုင်ခြင်း၊ ဘုရားသခင်အတွက် မိမိအဖြစ်ကိုယ်ပင် ပေးဆပ်နိုင်ခြင်း၊ လောကီအရာများမှ မိမိကိုယ်ကိုလွတ်မြှောက်နိုင်ခြင်း စသောဘ၀များကို ဆိုလိုပါတယ်။ ဒီဘ၀ရဲ့ နိယာမဟာ ကျွန်တော်တို့လောကမှာ ကောင်းမြတ်သော လက်ထပ်ထိမ်းမြှားခြင်း၊ ကောင်းမြတ်သော မိဘအဖြစ် ရယူခြင်း၊ ကောင်းမြတ်သည့် မိတ်ဆွေဖွဲ့နှောင်ခြင်းတို့မှာ သိသိသာသာမြင်နိုင်ပါတယ်။ 

လက်ထပ်ထိမ်းမြှားကြတဲ့အခါ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုယ်တစ်ဦး အတ္တတွေစွဲကိုင်ကာ အပြန်အလှန်မပေးဆပ်နိုင်ကြလျှင် ကောင်းမြတ်သည့်အိမ်ထောင်သည်ဘ၀ကို ရရှိမည်မဟုတ်ပါ။ ထို့အတူ မိမိကိုယ်ကိုသာ ရှေ့တန်းတင်နေလျှင်လည်း ကောင်းမြတ်သည့် မိဘအဖြစ်ကို ရောက်ရှိမည်မဟုတ်ပါ။ သားသမီးအတွက်ဆိုတာထက် သားသမီးကို မိမိလိုရာပုံသွင်းယူခြင်းဟာလည်း ကောင်းမြတ်သည့် မိဘဘ၀ကို မရရှိနိုင်ပါဘူး။ ထို့အတူ မိတ်ဆွေသူငယ်ချင်းဖွဲ့ကြတဲ့အခါလည်း ကျွန်တော်တို့တတွေ အချင်းချင်း လိုက်လျောတတ်ခြင်း၊ ပေးဆပ်တတ်ခြင်း၊ နားလည်တတ်ခြင်း၊ တစ်ဦးပေါ်တစ်ဦး စိတ်သဘောကောင်းထားခြင်း မရှိကြလျှင် ကောင်းမြတ်သည့် မိတ်ဆွေဖွဲ့ခြင်း၊ ခင်မင်မှုဘ၀ကို ရရှိမည် မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ တစ်ဦးနှင့်တစ်ဦး လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ကြသည်ဟု ဆိုသောလည်း အချိန်အခါရောက်လာလျှင် တစ်ဦးနှင့်တစ်ဦး ဖြေလျော့ညှိနှိုင်းခြင်း၊ လိုက်လျော့ခြင်းမရှိကြလျှင် ကောင်းမြတ်သည် မိတ်ဆွေဘ၀ကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပါ။ လူဆိုတာ ကိုယ်မှန်မယ်ထင်တာတွေကို စွဲကိုင်တတ်ကြတော့ တခါတရံ အခက်တွေ့တတ်ကြသော်လည်း အထက်မှာဆိုထားသည့်အတိုင်း တစ်ဦးအပေါ်တစ်ဦး လိုက်လျောတတ်ခြင်း၊ ပေးဆပ်တတ်ခြင်း၊ နားလည်တတ်ခြင်း၊ တစ်ဦးပေါ်တစ်ဦး စိတ်သဘောကောင်းထားခြင်း တို့ဖြင့် ကောင်းမြတ်သည့် မိတ်ဆွေဘ၀ကို ဖန်တီးနိုင်ပါတယ်။ 

ယနေ့ ကျွန်တော်တို့အတွက် အချိန်ကျရောက်လာပါပြီ။ ထိုအချိန်ဟာ အတ္တတို့လွှမ်းမိုးနေသည့် တကိုယ်တော်ကောင်းစားရေး၊ အောင်မြင်ရေးလမ်းစဉ်အတွက်လား ဒါမှမဟုတ် ထိုအချိန်ဟာ ခရစ်တော်ပေးသည့် ဂျုံစပါးစေ့လေးအဖြစ်လို ပေးဆပ်ရင်အသီးအပွင့်တွေကို ဆွတ်ခူးမည့်အချိန်လား ဆိုတာသုံးသပ်ကြည့်ကြဖို့လိုပါလိမ့်မယ်။ 

စစ်မှန်သောခရစ်ယာန်ဆိုသည်မှာ ခရစ်တော်ပြောသည့် ဂျုံစပါးစေ့လေးပါပဲ။ ထိုဂျုံစပါးစေ့လေး၏ လုပ်ရပ်လေးအားဖြင့် ခရစ်တော်၏တရားအချုပ်ဖြစ်သည့် ချစ်ခြင်းမေတ္တာကို ကျင့်ဆောက်တည်တဲ့ ကောင်းမြတ်ပြည့်စုံသည့်ဘ၀ဖြစ်ပြီး အဖခမည်းတော်ဘုရား၏ ဘုန်းတော်ထင်ရှားစေ သကဲ့သို့ ကျွန်တော်တို့ကိုလည်း ဘုန်းတော်ထင်ရှားစေပါလိမ့်မည်။

ခရစ်တော်၌ ဘုန်းတော်ထင်ရှားစေမည့် ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ခွန်အားများထပ်ဆင့်တောင်းလျှောက် ဤ၀ါတွင်းကာလကို ခရစ်တော်နှင့်အတူ လျှောက်လှမ်းသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Saturday, 7 March 2015

တတိယမြောက်ဝါတွင်းတနင်္ဂနွေနေ့

သံယောဟန် ၂း၁၃-၂၅
အရှင်၏အိမ်တော်အတွက် စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းလျက် ရှိပါ၏။ 

ယနေ့ဝါတွင်းကာလ တတိယမြောက်တနင်္ဂနွေနေ့မှာ အသင်းတော်မှကြားနေစေသည့် ကျမ်းဟာ ဗိမာန်တော်အား ယေဇူးခရစ်တော် ရှင်းလင်းသည့်အကြောင်းနှင့်အတူ ဗိမာန်တော်အား သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည်ဟူသော မကြာမှီမှာ ကိုယ်တိုင်ကြုံတွေရမည့် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအား ရည်ညွှန်းသည့် ကိုယ်တော်၏ရှေ့ပြေးနိမိတ်စကားတို့ပင် ဖြစ်ပါတယ်။ ထိုအကြောင်းအရာအား ပို၍ပေါ်လွင်စေသည်မှာ သံပေါလူးရဲ့ စကားပင် ဖြစ်ပါလိမ့်မယ်။ သံပေါလူးက ဂျူးများနှင့် ဂရိလူမျိုးများဟာ တန်ခိုးအမှတ်လက္ခဏာတွေတောင်းဆိုနေချိန်မှာ ထိုတန်ခိုးအမှတ်လက္ခဏာဟာ ကားတိုင်ပေါ်တွင် အသက်တော်စွန့်သည့် ခရစ်တော်သာဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ဟာ ဘုရားသခင်၏ အစွမ်းတန်ခိုးနှင့် ညဏ်ပညာတော်  ဖြစ်သောကြောင့်ပါ။ 

ဧ၀ံဂေလိတရားတော်ထဲမှ ခရစ်တော်၏ဗိမာန်တော်သန့်ရှင်းခြင်းအကြောင်းဟာ ကျွန်တော်တို့လူတွေရဲ့နှလုံးသားတွေကို ရှင်းလင်းခြင်းကိုပင် ရည်ညွှန်းမိန့်ဆိုတယ်ဆိုတာ ဂျူးလူမျိုးတို့ရဲ့ နားလည်မှု့မှနေ၍ ဓမ္မဟောင်းကျမ်းတွင်ဖော်ပြလေ့ရှိသည့် ဗိမာန်တော်ကြီးဆိုတာကို နားလည်နေဖို့ လိုပါလိမ့်မယ်။ ဂျူးလူမျိုးတို့အား ဘုရားသခင်စတင်ရွေးကောက်ခဲ့သည့်အချိန်လို့ပဲပြောပြော၊ ၎င်းဂျူးလူးမျိုးတို့၏သမိုင်းအစလို့ပဲပြောပြော ပညတ်တော်ဆယ်ပါးဟာ အစကနဦး ဘုရားသခင်ပေးခဲ့သည့် ဥပဒေ (သို့) လမ်းညွှန်၊ လမ်းပြလမ်းစဉ်ပင် ဖြစ်ပါတယ်။ ထိုပညတ်တော်ဆယ်ပါးထားရာ သေတ္တာသည်ပင် အလွန်မြင့်မြတ်လွန်းလို့ ရဟန်းအမျိုးအနွယ်များနှင့် ထိန်းသိမ်းကာ ရိုသေ၀တ်ပြုကြပါတယ်။ ထို့နောက် ထိုသေတ္တာတော်ကြီးထားဖို့အတွက် ဗိမာန်တော်ကြီးကို ဒါဝိတ်မှစတင်ဆောက်လုပ်ကာ  ဆော်လမွန်မင်းကြီးက အပြီးသပ်ခဲ့ပါတယ်။ ထိုဗိမာန်တော်ကြီးဟာ ဂျူးလူမျိုးတို့ရဲ့ အသက် ဖြစ်လာခဲ့သလို၊ ဗဟိုရ်နှလုံးသားကြီးလည်းဖြစ်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ ထိုဗိမာန်တော်ကြီးတစ်ခုသာ ဆောက်လုပ်၍ ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးသေတ္တာတော်နှင့်အတူ ဘုရားသခင်ကိုယ်တော်တိုင် တည်ရှိ၍ ကိုးကွယ်ဝတ်ပြုရာနေရာ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ဗိမာန်တော်ပျက်စီးခြင်းဟာ ဂျူးလူမျိုးများပျက်စီးခြင်းပင် ဖြစ်ပါတယ်။ သမိုင်းမှာသုံးကြီးတိုင်တိုင်အဖျက်စီးခံရပြီး ထိုပျက်စီးခြင်းတိုင်းမှာလည်း ဂျူးလူမျိုးတို့၏အပြစ်ကျူးလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကျမ်းစာတော်မြတ်ထဲမှာလည်း ဘုရားသခင်ကိန်းအောင်းရာနေရာဟာ ကျွန်ုပ်တို့၏နှလုံးသားနေရာပင် ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ခန္တာကိုယ်များကို တန်ဖိုးထားရမည့်အကြောင်း သင်ကြားလေ့ရှိပါတယ်။ 

လူတွေရဲ့နှလုံးသားများ၊ အတွင်းစိတ်များသန့်ရှင်းနေဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ၀တ်ပြုရာကျမ်း ၂၀း၂၆မှာ - ငါထာဝရဘုရားသည်သန့်ရှင်းသည်ဖြစ်၍ သင်တို့သည်လည်းသန့်ရှင်းရမည်။ ဟုအသေအချာမိန့်ဆိုထားသည့်အတိုင်းပါပဲ။ ဘုရားသခင်၏သားသမီးများအဖြစ် အခေါ်ခံထိုက်ရန် ကျွန်တော်တို့သန့်ရှင်းကြရပါမယ်။ ထို့အတွက် ဓမ္မဟောင်းကျမ်းတွင် အခြေခံအကျဆုံးသော ပညတ်တော်ဆယ်ပါးကို ပေးထားခဲ့သည့်အကြောင်း ယနေ့ပထမကျမ်းတွင် ကြားနားရစေပါတယ်။ ထို့နောက် ခရစ်တော်၏သန့်ရှင်းခြင်းကို ကျွန်တော်ခံရဖို့လိုပါတယ်။ အထူးသဖြင့် ကျွန်တော့်တို့ရဲ့ သန့်ရှင်း မြင့်မြတ်ဆုံးဖြစ်သည့် နှလုံးသားကို သန့်ရှင်းခံပြီး ခရစ်တော်ကဲ့သို့ ပြုမူကျင့်ကြံနိုင်ရန်၊ ခရစ်တော်အားအတုယူ၍ ကိုယ်တော်သွန်သင်ပေးခဲ့သော ပညတ်ချက်အချုပ် နှစ်ချက်ဖြစ်သည့် “သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။ - သင်နှင့်နီးစပ်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့” အား လိုက်နာကျင့်ကြံနိုင်ရန် ခရစ်ယာန်ဘ၀မှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပါပဲ။ 

ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့လူတွေက စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပပတ်ဝန်းကျင်က သက်ရောက်မှု့တွေနဲ့အတူ ရောထွေးရှုပ်ထွေးစေကြပါတယ်။ ထိုကြောင့်လည်း လူတွေကြားမှာ ချစ်ခြင်းမေတ္တာကို အဆင့်အတန်းအမျိုးမျိုးနှင့် သဘောသဘာဝအမျိုးမျိုးခွဲခြားကွဲပြားနေတာပါ။ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေကို အပြိုင်ဖြစ်နေကြပြီး အတ္တအချစ်နဲ့ အတ္တကင်းတဲ့အချစ် စသဖြင့် ရှုပ်ထွေးနေရပြန်ပါတယ်။ မိဘအချစ်၊ သူငယ်ချင်းအချစ်၊ သမီးရည်းစားအချစ် စသဖြင့် ရှုပ်ထွေးနေကြရပြန်ပါတယ်။ ဒါတွေဟာလည်း ငြင်းလို့မရနိုင်တဲ့ ချစ်ခြင်းအမျိုးအစားတွေပဲ ဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် ဒီထက်မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာကို မေ့ထားလို့မရရုံသာမကဘဲ ပထမဦးစားပေးချစ်ခြင်းမေတ္တာရှိတာကိုလည်း မေ့မထားသင့်ပါဘူး။ ထို့ကြောင့် ခရစ်တော်အားဖြင့် နှလုံးသားများကို သန့်ရှင်းစေပြီး အခြားသူတစ်ပါးအတွက် မိမိတို့နှလုံးသားတွေကို ဖွင့်ထားနိုင်ရန် ဒီဝါတွင်းမှာ အထူးပြင်ဆင်သွားကြဖို့ ဖိတ်ခေါ်ပါတယ်။

ခရစ်တော်ဟာ ကျွန်တော်တို့တစ်ဦးချင်းစီ၏နှလုံးသားအိမ်တော်အတွက် စိတ်အား ထက်သန်ပြီး လောင်ကျွမ်းလျက် ရှိနေပါတယ်။ ကျွန်တော်တို့တတွေလည်း ကိုယ့်နှလုံးသားအိမ်တော်၊ ဗိမာန်တော်အတွက် ခရစ်တော်လိုပဲ စိတ်အား ထက်သန်ပြီး လောင်ကျွမ်းလျက်ရှိဖို့ ၀ါတွင်းကာလဟာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးအချိန်ပါပဲ။

ကိုရင် (ဒိုမီနီကန်)

ဂလိုရီးယားဂျာနယ် မတ်လ ၂၀၁၅

ဂလိုရီးယားဂျာနယ် မတ်လ ၂၀၁၅


Monday, 2 March 2015

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပေးပို့သော ထောက်ခံအကြံပြုချက်

၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော အစည်းအဝေးမှ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အကြံပြုချက်ကို ထုတ်ပြန်ကျေငြာကာ နေပြည်တော်ရုံးသို့ ပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။ ထို့အပြင် ကာဒီနယ်ကြီး ချားစ်မောင်ဘိုမှလည်း ကျောင်းသားများတောင်းဆိုထားသော အချက် ၁၁ ချက်အား ထောက်ခံကြောင်း ဆဲဗင်းဒေးလ်မီဒီယာ၏ အမေးအားဖြေကြားရာတွင် မိန့်ဆိုခဲ့ပါတယ်။ အစိုးရအနေဖြင့် ပညာရေး ကို ချုပ်ကိုင်မထားဘဲ တတ်နိုင် သော သူ၊ လုပ်နိုင်သောသူများအား တာဝန်ခွဲဝေပေးတတ်ရန် လိုအပ်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ 



မနောအောင်