Friday, 23 May 2014

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ သန့်ရှင်းသောဒေသ (Holy Land)သို့ ဘုရားဖူးခရီး


လွန်ခဲ့သည် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ဟာ သန့်ရှင်းသောဒေသ (Holy Land) သို့ ဘုရားဖူးခရီးစဉ်အား မေလ ၂၄ - ၂၆ တွင် သွားရောက်မည်ဖြစ်ကြောင်း ကြေငြာချက်နှင့်အတူ ယခုလိုသွားရခြင်း၏အဓိကရည်ရွယ်ချက်မှာလည်း ပုပ်ရဟန်းမင်းကြီးပေါလ် (၆)နှင့် အော့သိုဒေါ့စ်အသင်းတော်မှ ခေါင်းဆောင်ကြီးတို့၏ သမိုင်းဝင်တွေ့ဆုံခဲ့သည့် အထိမ်းအမှတ်အဖြစ် သွားရောက်မည်ဟု ထုတ်ပြန်ခဲ့ပါတယ်။

ယခုလို ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ဘုရားဖူးခရီးစဉ်နှင့် စပ်လျဉ်း၍ သတင်းစာဆောင်ကြီးများမှာတော့ အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံရေးနှင့် ၀ိညာဉ်ရေးတို့မှာ မျှော်လင့်ချက် ကြီးကြီးမားမားတွေရှိနေတယ်လို့ ဖော်ပြကြတာ တွေ့ရှိရပါတယ်။ တိုင်းမ် သတင်းစာမှာတော့ ယခုလို ရာစုနှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေးနှင့်ဘာသာရေး ရောနှောရှုပ်ထွေးနေတဲ့ဒေသမှာ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်၏ရိုးရှင်းဆုံး လုပ်ဆောင်ချက်လေးတွေက ၀ိညာဉ်ရေးနှင့် လူမှု့ရေးတို့မှာ ထိရောက်မှု့ရှိလာမယ်ဟု ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသရှိ ခရစ်ယာန်များဟာလည်း ပုပ်ရဟန်းမင်းကြီး၏ ဘုရားဖူးခရီးစဉ်ဟာ ဒေသအတွင်း ငြိမ်းချမ်းရေးစကားဝိုင်းများ ပြန်လည်စတင်စေမယ်လို့ မျှော်လင့်နေကြပြီး ဘ၀သစ်ကို စတင်နိုင်မယ်လို့ တောင်းတနေကြပါတယ်။

The Guardian သတင်းစာအရ၊ သန်ရှင်းသောဒေသ (Holy Land)ဟာ ပထမဆုံးအကြိမ်အဖြစ် အကြောက်တရားကင်းမဲ့သည့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကို သက်သေပြုရတော့မည်ဟု ဆိုပါတယ်။ ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီး၏ စကားလုံးများဟာ ဒေသအတွင်းရှိ ခရစ်ယာန်များ၊ ဂျူးများနှင့် မွတ်စလင်တို့အကြား ဆက်ဆံရေးကို တိုးတက်စေမှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ သူ၏ဘုရားဖူးခရီးစဉ်၌ ကျည်ကာမှန်တပ်ဆင်ထားသည့် စီးတော်ယာဉ်ကို အသုံးမပြုဟု၍လည်း ကြေငြာထားပြီး သူ၏ခရီးစဉ်အတွင်း မွတ်စလင်ဘာသာရေးအကြီးအကဲတစ်ဦးနှင့် ဂျူးဘာသာရေးအကြီးအကဲတစ်ဦးကိုလည်း သူနှင့်အတူ လိုက်ပါဖို့ ဖိတ်ခေါ်ထားပါတယ်။ ယခုကဲ့သို့ ခရစ်ယာန်မဟုတ်သည့် ဘာသာရေးအကြီးအကဲများကို ခရီးစဉ်အတွင်း ဖိတ်ခေါ်ခြင်းဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ဆိုရပါမယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ဟာ သူ၏ဘုရားဖူးခရီးစဉ်ကို the Hashemite Kingdom of Jordan မှာစတင်မှာဖြစ်ပြီး ပါလက်စတိုင်းသို့ခရီးဆက်ကာ အီစ္စရေးမှာ အဆုံးသပ်မှာဖြစ်ပါတယ်။ ခရီးစဉ်အစီအစဉ်အရ၊ ခရစ်ယာန်များစည်းလုံးခြင်း အော့သိုဒေါ့စ်အသင်းတော်မှ ခေါင်းဆောင်ကြီး Patriarch Bartholomew နှင့်တွေ့ဆုံမှာ ဖြစ်ပြီး မေလ ၂၅ ရက်နေ့တွင် ပူးတွဲလက်မှတ်ရေးထိုးကာ ကြေငြာချက်တစ်ခု ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အရ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ ဂျော်ဒန်ဘုရင် အာဒူလာတ်နှင့် မိဘုရား ရာနီယာတို့နှင့် မေလ ၂၄ ရက်တွင် တွေ့ဆုံမှာဖြစ်ပြီး၊ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်နှင့်လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ မေ ၂၆ ရက်နေ့မှာတော့ အီစ္စရေးသမ္မတ စီမွန်ပဲရက်စ်နှင့် ဂျေရုဇလင်မြို့တော်တွင် တွေ့ဆုံဖြစ်မှာ ဖြစ်ပြီး အီစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နှင့်လည်း သီးသန့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဂျော်ဒန်မှာတော့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ ဒုက္ခသည်ခုံလှုံသူများနှင့် မသန်မစွမ်းလူငယ်များကို တွေ့ဆုံမည်ဟုလည်း သိရှိရပြီး ပါလက်စတိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

ထိုဘုရားဖူးခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် မစ္ဆားတရားတော်မြတ် ၂ တရားကို အများပြည်သူများနှင့် ကျင်းပမှာဖြစ်ပါတယ်။ ပထမ မစ္ဆားတရားကို Amman ရှိ အပြည်ပြည်ဆိုင်ရာ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယမစ္ဆားတရားကိုတော့ ဘက်သလင်ဟင်မြို့ရှိ မန်ဂျာရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဂါဇာမှ ခရစ်ယာန်များဟာ ထိုမစ္ဆားတရားတော်မြတ်တွင် ပါဝင်နိုင်ဖို့ ခွင့်ပြုမည်ဟု သိရှိရပါတယ်။


မနောအောင်

No comments:

Post a Comment