Monday, 26 May 2014

ဗာတီကန်၌တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ဖိတ်ကြားချက်ကို အီစ္စရေးနှင့် ပါလက်စတိုင်းတို့ လက်ခံ


မေလ ၂၅ရက်နေ့၊ ဘက်သလက်ဟင်မြို့ရှိ ခရစ်တော်မွေးဖွားရာ နွားတင်းကုပ်ရင်ပြင်တော်၌ မစ္ဆားတရားတော်မြတ် ပူဇော်အပြီးတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်က အီစ္စရေးသမ္မတနှင့် ပါလက်စတိုင်းသမ္မတတို့အား ငြိမ်းချမ်းရေးလက်ဆောင်အတွက် ဘုရားသခင်ထံစိတ်နှလုံးအပြည့်ဖြင့် ဆုတောင်းရာ၌ သူနှင့်အတူဆုတောင်းပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် အရှင်သူမြတ်ဖရန်စစ်က သူ၏အိမ် “ဗာတီကန်အား ဤငြိမ်းချမ်းရေးဆုတောင်းမေတ္တာဆုံစည်းရာနေရာအဖြစ် ဆက်ကပ်ပါတယ်” ဟုမိန့်ဆိုခဲ့ပါတယ်။

အရှင်သူမြတ်ဖရန်စစ်၏ ဖိတ်ခေါ်ကမ်းလင့်ချက်ကို လက်ခံကြကြောင်း အီစ္စရေးသမ္မတ စီမွန်ပဲရက်စ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်တို့အား ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အီစ္စရေးသမ္မတ ပဲရက်စ်ရုံးမှထုတ်ပြန်ချက်တွင် “ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်၏ဖိတ်ခေါ်ခြင်းကို ကျွန်တော်တို့လက်ခံပါတယ်။ သမ္မတကြီးပဲရက်စ်ဟာ ငြိမ်းချမ်းရေးကိုသယ်ဆောင်ပေးမည့် မည်သည့်နေရာမဆို ထောက်ခံကြိုဆိုလျက်ရှိပြီး ဆက်လက်ထောက်ခံကြိုဆိုသွားမယ်” လို့ဆိုပါတယ်။ ပါလက်စတိုင်းသမ္မနှင့် အခြားခေါင်းဆောင်များက ဒီနေ့အထိ လက်မခံနိုင်စရာအခြေနေတွေ ဆက်တိုက်ဖြစ်ပေါ်နေတာတွေ ရပ်တန့်ဖို့ အချိန်အခါကျရောက်ပြီဟု မှတ်ချက်ပေးကြပါတယ်။

အရှင်သူမြတ်ဖရန်စစ်က ၎င်း၏မစ္ဆားတရားတော်မြတ်အပြီးတွင် “ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းရေးကို အလိုရှိကြပါတယ်” ဟုအတည်ပြုမိန့်ဆိုခဲ့ပါတယ်။ “လူပေါင်းများစွာဟာ ၎င်းငြိမ်းချမ်းရေးကို တနေ့ပြီးတနေ့ ၎င်းတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်ငယ်လေးများဖြင့် တည်ဆောက်ယူကြတယ်။ ၎င်းတို့ထဲမှာ အများဆုံးက ဝေဒနာခံစားကြရတယ် - ဒါပေမယ့် စိတ်ရှည်သီးခံစွာနဲ့ ၎င်းတို့တတွေဟာ ငြိမ်းချမ်းရေးလုပ်ဆောင်သူများ အဖြစ် ၎င်းတို့၏ကြိုးစားအားထုတ်မှုမှာ ထိန်းသိမ်းကြတယ်” ဟုအရှင်သူမြတ်ဖရန်စစ်က ထပ်မံဆိုပါတယ်။

အီစ္စရေးနှင့်ပါလက်စတင်းတို့၏ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ယခင်နှစ်ကျော်ကျော်ကတည်းက ပျက်ပြားခဲ့ပြီး အရှင်သူမြတ်ကြီးက ၎င်းကို “မတည်ငြိမ်သည့်ဥတုတစ်ခု” ဟုမိန့်ဆိုလိုက်ပါတယ်။


အရှင်သူမြတ်ဖရန်စစ်၏ အရှေ့အလယ်ပိုင်း ဒေသသို့ ဒေသနာတော် လှည့်လည်ခြင်းနှင့် ဘုရားဖူးခရီးစဉ်တွင် တနင်္ဂလာနေ့၌တွေ့ဆုံမည့် အစည်းအဝေးတစ်ခုလည်း အပါအ၀င်ဖြစ်ပါတယ်။ ၎င်းအစည်းအဝေးတွင် အီစ္စရေးသမ္မတပဲရက်စ်၊ ၀န်ကြီးချုပ် ဘမ်ဂျာမင်နှင့်အတူ ခရစ်ယာန်၊ အီစ္စလန်ဘာသာနှင့် ဂျူးဘာသာမှ ဘာသာရေး ခေါင်းဆောင်ကြီးများလည်း အများအပြားပါဝင်ကြမည်ဟု သိရှိရပါတယ်။

မနောအောင်


Sunday, 25 May 2014

ဆဌမမြောက် ပါစကားတနင်္ဂနွေနေ့



သံယောဟန် ၁၄း၁၅-၂၁
ဖတ်ရှုရတဲ့ ဧ၀ံဂေလိတရားတော်တွင် သိသာထင်ရှားတဲ့အကြောင်းအရာဟာ သန့်ရှင်းသော ၀ိညာဉ်တော်ကို စေလွှတ်မည်ဆိုတဲ့အကြောင်းပင် ဖြစ်ပါတယ်။ ယေဇူးခရစ်တော်ဟာ ကောင်းကင်ဘုံသို့ မတက်ကြွမှီ ကျွန်ုပ်တို့တတွေအတွက် ဒီလောကမှာနေထိုင်စဉ်အတွင်း သူဟာကျွန်ုပ်တို့နှင့်အတူ ရှိနေကြောင်းကို မီးမောင်းထိုးပြပေးမယ့် ၀ိညာဉ်တော်ဘုရားကို ကတိပေးလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့အလားတူသလဲဆိုတော့ လျိုဝှက်ကုဒ်တွေနဲ့တူပါတယ်။ ခရစ်ယာန်ကုဒ်ဟု ဆိုနိုင်ပါတယ်။ ထာဝရ ခမည်းတော်ဘုရားနှင့်အတူ သားတော်ယေဇူးခရစ်တော်ကို မြင်နိုင်စေမယ့် အဓိက ခရစ်ယာန်ကုဒ်ပါ။ ဒါကြောင့်လည်း ခရစ်ယာန်ဘ၀အသက်တာမှာ ၀ိညာဉ်တော်ဘုရားမပါဘဲ ရှင်သန်ဖို့ မဖြစ်နိုင်တာပါ။

ဝိညာဉ်တော်ဘုရားကိုစေလွှတ်မည့်ကတိတော်နှင့်အတူ ကျွန်ုပ်တို့အား အားကိုးရာမဲ့ပစ်ထားမည် မဟုတ်ကြောင်းနှင့် ခရစ်တော်ကိုချစ်လျှင် ခရစ်တော်၏ပညတ်တော်များကို စောင့်ထိန်းကြမည့်အကြောင်းလည်း မိန့်ဆိုတော်မူခဲ့ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့တတွေ ဤအကြောင်းအရာ သုံးခုကို ထောက်ရှု့စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။

တမန်တော်ကြီးများအချိန်ကာလကို ပြန်လည်သုံးသပ်ကြည့်လျှင် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွပြီး ဘာမှမသိမတတ်သည့် တပည့်တော်ကြီးတွေဟာ အစစအရာရာ သိရှိလာခဲ့ရပြီး လူ့ဘ၀၌ ခရစ်တော်ပြုလုပ်တော်မူခဲ့သော အရာတွေကိုလည်း နားလည်သဘောပေါက်ကာ ကောင်းကင်နိုင်ငံတော်နှင့် ကယ်တင်ခြင်းတရားအတွက် တရားဟောရတော့မယ်ဆိုတာ သိလာခဲ့ရတာပါ။ သူတို့၏ တရားဟောပြောရာတွင်လည်း ၀ိညာဉ်တော်ဘုရား၏လုပ်ဆောင်ချက်တွေသာ ဖြစ်ကြောင်း တမန်တော်ဝတ္ထုကျမ်းအားဖြင့် သက်သေခံနေပါတယ်။ တမန်တော်ဝတ္ထုကျမ်းတွင် ၀ိညာဉ်တော်ဘုရားအားဖြင့် တပည့်တော်ကြီးတွေ မည်သို့သောအံ့ဖွယ်တွေကိုပြုလုပ်နိုင်ကြောင်း၊ တရားဟောပြောရာတွင် အစစအရာရာ အဆင်ပြေသွားကြောင်း၊ အခက်အခဲတွေနှင့်ကြုံရလျှင်ပင် ၀ိညာဉ်တော်ဘုရား၏ တန်ခိုးအစွမ်းဖြင့် ဘယ်လို ဘယ်ပုံလွတ်မြောက်လာကြောင်းတို့ကို မှတ်တမ်းတင်ရေးသားထားတာကို တွေ့ရပါတယ်။

ယနေ့ခေတ်အချိန်ကာလမှာလည်း ကျွန်တော်တို့မျက်မှောက်ရှေ့မှာပင် ၀ိညာဉ်တော်ဘုရား၏ လုပ်ဆောင်ချက်တွေကို မကြာခဏ တွေ့ကြုံနေရတာပါ။ ကျွန်တော်တို့ဘ၀မှာလည်း ကိုယ်ပိုင်အတွေ့အကြုံများဖြင့် ကြုံတွေ့နေရတာပါ။ သို့သော်လည်း တခါတလေ တချို့လူတွေက သူတို့ဘ၀မှာ ၀ိညာဉ်တော်ဘုရားဘာကြောင့် မရှိဖြစ်နေရသလဲ - ဘယ်လိုအံ့ဖွယ်မှ မဖြစ်ပေါ်ပါလားဟု တွေဝေနေတတ်သူ တွေလည်းရှိနေမှာပါ။ ဒီလောက် ၀ိညာဉ်တော်နှင့်ပြည့်ဝတဲ့ လူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့မြင်နေရပါလျက်နဲ့ မိမိကိုယ်တိုင်ကျမှ ဘာကြောင့် ဒီလိုမဖြစ်ရသလဲ . . .

ဒါဟာ မိမိကိုယ်ကို ပြန်လည်သုံးသပ်စမ်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ခရစ်ယာန်ဘ၀မှာ ယုံကြည်ခြင်းဖြင့် စတင်ကြရတာပါ။ ယုံကြည်ခြင်းဟာ ၀ိညာဉ်တော်ဖြင့်ပြည့်ဝတဲ့သူအဖြစ်သို့ မိမိကိုယ်ကို ပြောင်းလဲလာရန် အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဘာတွေကို ယုံကြည်ကြသလဲ။ ရှင်းပါတယ် - ခရစ်တော်ဟောပြောခဲ့သမျှကို ယုံကြည်လက်ခံပြီးမှသာ ခရစ်တော်ကတိထားရန် ၀ိညာဉ်တော်ဘုရားကို မိမိတို့ဘ၀ထဲမှာ စေလွှတ်ခြင်းခံရပြီး လက်ခံရရှိမှာဖြစ်ပါတယ်။ ခရစ်တော်ဟောပြောခဲ့သမျှဟာ ဧ၀ံဂေလိတရားတော်ပါပဲ။ ချစ်ခြင်းမေတ္တာပေါ်မှာအခြေခံပြီး ကောင်းကင်နိုင်ငံတော်သို့ ၀င်နိုင်ရန် အကြောင်းတရားပါပဲ။ ထို့ကြောင့် ခရစ်တော်က “ငါ့ကိုချစ်လျှင် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလိမ့်မည်။” “ငါ၏ပညတ်တော်များကို ခံယူ၍စောင့်ထိန်းသူသည် ငါ့ကိုချစ်၏။” ဟု မိန့်ဆိုခြင်း ဖြစ်ပါတယ်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟုဆိုပါတယ်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ အစဉ်အမြဲ စိတ်ရှည်၍ ကြင်နာသနားတတ်သည်။ မနာလိုခြင်းမရှိ။ ၀ါကြွားခြင်းလည်းမရှိ။ မာန်မာနလည်းမရှိ။ ကိုယ့်ကျိုးကိုလည်းမရှာ။ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်၊ မကောင်းသောအရာ၌လည်း ရွှင်လန်းခြင်းမရှိ၊ သမ္မတရား၌သာ ၀မ်းမြောက်ခြင်းရှိပြီး အရာအားလုံးကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့ဖြင့် ကြံ့ကြံ့ခံနိုင်သည် ဟု သံပေါလူးက မိန့်ဆိုခဲ့ပါသည်။ 

သံပေါလူး၏ ချစ်ခြင်းမေတ္တာဂုဏ်သတ္တိတွေကို မိမိရဲ့ဂုဏ်သတ္တိတွေဖြစ်အောင် ကြိုးစားကြည့်ပါ။ ထို့ကြောင့် ကျွန်ုပ်သည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်သည်။ မနာလိုခြင်းမရှိ။ ကြွာဝါခြင်းလည်းမရှိ။ မာန်မာနလည်းမရှိ။ ကိုယ့်ကျိုးကိုလည်းမရှာ။ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်၊ မကောင်းသောအရာ၌လည်း ရွှင်လန်းခြင်းမရှိ၊ သမ္မတရား၌သာ ၀မ်းမြောက်ခြင်းရှိပြီး အရာအားလုံးကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့ဖြင့် ကြံ့ကြံ့ခံနိုင်သည် ဟု၍ မိမိကိုယ်ကိုကြုံးဝါးကြည့်လိုက်ပါ . . . ဘ၀ဟာ အသစ်သောအသက်ရှင်ခြင်းဖြင့် ရှင်သန်ထိုက်လာပြီး ကောင်းကင်နိုင်ငံတော်နှင့် ဘုရားသခင်ကို မြင်တွေ့နိုင်ကြဖို့ ၀ိညာဉ်တော်ဘုရားက ကူညီအလင်းပေးပါလိမ့်မယ်။



ကိုရင် (ဒိုမီနီကန်)

Friday, 23 May 2014

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ သန့်ရှင်းသောဒေသ (Holy Land)သို့ ဘုရားဖူးခရီး


လွန်ခဲ့သည် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ဟာ သန့်ရှင်းသောဒေသ (Holy Land) သို့ ဘုရားဖူးခရီးစဉ်အား မေလ ၂၄ - ၂၆ တွင် သွားရောက်မည်ဖြစ်ကြောင်း ကြေငြာချက်နှင့်အတူ ယခုလိုသွားရခြင်း၏အဓိကရည်ရွယ်ချက်မှာလည်း ပုပ်ရဟန်းမင်းကြီးပေါလ် (၆)နှင့် အော့သိုဒေါ့စ်အသင်းတော်မှ ခေါင်းဆောင်ကြီးတို့၏ သမိုင်းဝင်တွေ့ဆုံခဲ့သည့် အထိမ်းအမှတ်အဖြစ် သွားရောက်မည်ဟု ထုတ်ပြန်ခဲ့ပါတယ်။

ယခုလို ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ဘုရားဖူးခရီးစဉ်နှင့် စပ်လျဉ်း၍ သတင်းစာဆောင်ကြီးများမှာတော့ အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံရေးနှင့် ၀ိညာဉ်ရေးတို့မှာ မျှော်လင့်ချက် ကြီးကြီးမားမားတွေရှိနေတယ်လို့ ဖော်ပြကြတာ တွေ့ရှိရပါတယ်။ တိုင်းမ် သတင်းစာမှာတော့ ယခုလို ရာစုနှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေးနှင့်ဘာသာရေး ရောနှောရှုပ်ထွေးနေတဲ့ဒေသမှာ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်၏ရိုးရှင်းဆုံး လုပ်ဆောင်ချက်လေးတွေက ၀ိညာဉ်ရေးနှင့် လူမှု့ရေးတို့မှာ ထိရောက်မှု့ရှိလာမယ်ဟု ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသရှိ ခရစ်ယာန်များဟာလည်း ပုပ်ရဟန်းမင်းကြီး၏ ဘုရားဖူးခရီးစဉ်ဟာ ဒေသအတွင်း ငြိမ်းချမ်းရေးစကားဝိုင်းများ ပြန်လည်စတင်စေမယ်လို့ မျှော်လင့်နေကြပြီး ဘ၀သစ်ကို စတင်နိုင်မယ်လို့ တောင်းတနေကြပါတယ်။

The Guardian သတင်းစာအရ၊ သန်ရှင်းသောဒေသ (Holy Land)ဟာ ပထမဆုံးအကြိမ်အဖြစ် အကြောက်တရားကင်းမဲ့သည့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကို သက်သေပြုရတော့မည်ဟု ဆိုပါတယ်။ ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီး၏ စကားလုံးများဟာ ဒေသအတွင်းရှိ ခရစ်ယာန်များ၊ ဂျူးများနှင့် မွတ်စလင်တို့အကြား ဆက်ဆံရေးကို တိုးတက်စေမှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ သူ၏ဘုရားဖူးခရီးစဉ်၌ ကျည်ကာမှန်တပ်ဆင်ထားသည့် စီးတော်ယာဉ်ကို အသုံးမပြုဟု၍လည်း ကြေငြာထားပြီး သူ၏ခရီးစဉ်အတွင်း မွတ်စလင်ဘာသာရေးအကြီးအကဲတစ်ဦးနှင့် ဂျူးဘာသာရေးအကြီးအကဲတစ်ဦးကိုလည်း သူနှင့်အတူ လိုက်ပါဖို့ ဖိတ်ခေါ်ထားပါတယ်။ ယခုကဲ့သို့ ခရစ်ယာန်မဟုတ်သည့် ဘာသာရေးအကြီးအကဲများကို ခရီးစဉ်အတွင်း ဖိတ်ခေါ်ခြင်းဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ဆိုရပါမယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ဟာ သူ၏ဘုရားဖူးခရီးစဉ်ကို the Hashemite Kingdom of Jordan မှာစတင်မှာဖြစ်ပြီး ပါလက်စတိုင်းသို့ခရီးဆက်ကာ အီစ္စရေးမှာ အဆုံးသပ်မှာဖြစ်ပါတယ်။ ခရီးစဉ်အစီအစဉ်အရ၊ ခရစ်ယာန်များစည်းလုံးခြင်း အော့သိုဒေါ့စ်အသင်းတော်မှ ခေါင်းဆောင်ကြီး Patriarch Bartholomew နှင့်တွေ့ဆုံမှာ ဖြစ်ပြီး မေလ ၂၅ ရက်နေ့တွင် ပူးတွဲလက်မှတ်ရေးထိုးကာ ကြေငြာချက်တစ်ခု ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အရ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ ဂျော်ဒန်ဘုရင် အာဒူလာတ်နှင့် မိဘုရား ရာနီယာတို့နှင့် မေလ ၂၄ ရက်တွင် တွေ့ဆုံမှာဖြစ်ပြီး၊ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်နှင့်လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ မေ ၂၆ ရက်နေ့မှာတော့ အီစ္စရေးသမ္မတ စီမွန်ပဲရက်စ်နှင့် ဂျေရုဇလင်မြို့တော်တွင် တွေ့ဆုံဖြစ်မှာ ဖြစ်ပြီး အီစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နှင့်လည်း သီးသန့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဂျော်ဒန်မှာတော့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ ဒုက္ခသည်ခုံလှုံသူများနှင့် မသန်မစွမ်းလူငယ်များကို တွေ့ဆုံမည်ဟုလည်း သိရှိရပြီး ပါလက်စတိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

ထိုဘုရားဖူးခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် မစ္ဆားတရားတော်မြတ် ၂ တရားကို အများပြည်သူများနှင့် ကျင်းပမှာဖြစ်ပါတယ်။ ပထမ မစ္ဆားတရားကို Amman ရှိ အပြည်ပြည်ဆိုင်ရာ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယမစ္ဆားတရားကိုတော့ ဘက်သလင်ဟင်မြို့ရှိ မန်ဂျာရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဂါဇာမှ ခရစ်ယာန်များဟာ ထိုမစ္ဆားတရားတော်မြတ်တွင် ပါဝင်နိုင်ဖို့ ခွင့်ပြုမည်ဟု သိရှိရပါတယ်။


မနောအောင်

Saturday, 17 May 2014

ပဉ္စမပါစကားတနင်္ဂနွေနေ့


သံယောဟန် ၁၄း၁-၁၂
ဖတ်ရှုရတဲ့ ဧ၀ံဂေလိတရားတော်ဟာ အင်မတန်မှ အနှစ်သာရပြည့်စုံနေပါတယ်။ ကျွန်ုပ်တို့အားလုံး ဆာလောင်ငတ်မွတ်နေတဲ့ ထာဝရဘုရားသခင်အားတွေ့မြင်၍ ဖူးမျှော်နိုင်ရန် ယေဇူးခရစ်တော်က သူကိုယ်တော်တိုင်ဟာ လမ်းဖြစ်ကြောင်း၊ အမှန်တရားနှင့် အသက်ပင်ဖြစ်ကြောင်း ပြောပြသလို၊ ခရစ်တော်ကို မြင်သူတိုင်းဟာ ထာဝရဘုရားသခင်ကို မြင်တွေ့ရတာဖြစ်ကြောင်း အတိအလင်းသက်သေခံနေပါတယ်။ တပည့်တော်ကြီး ဖီလစ်က ထာဝရအဖဘုရားသခင်ကို မြင်တွေ့ရလျှင် ကျွန်ုပ်တို့ကျေနပ်ကြမည်ဖြစ်၍ ထာဝရအဖဘုရားသခင်ကို ပြသပါဟု တောင်းဆိုသည့်အခါ ခရစ်တော်က “ငါ့ကိုမြင်တွေ့ပြီးသူတိုင်း ထာဝရအဖ ဘုရားသခင်ကိုမြင်တွေ့ပြီးဖြစ်သည်” ဟုဖြေဆိုခဲ့တာ ရှင်းပါတယ်။

ခရစ်တော်သခင်ကို ယုံကြည်ပြီး ခရစ်တော်လမ်း၊ အမှန်တရားနှင့် အသက်ကို ရယူလက်ခံပြီး အသက်ရှင်ခြင်းဟာ ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းအတွက် သီးသန့်ခေါ်တော်မူခြင်းတွေပင် ဖြစ်ပါတယ်။ ဤခေါ်တော်မူခြင်းကိုလည်း ကျွန်တော်တို့တစ်ဦးချင်းစီဟာ ကိုယ်ပိုင်းယုံကြည်ချက်နှင့် ခံယူချက်ဖြင့် လိုက်လျှောက်ကြရမှာဖြစ်ပါတယ်။ တကယ်တော့် ယခုကဲ့သို့ ခရစ်တော်လမ်းစဉ်ဖြင့် အမှန်တရားကို ကိုင်ဆောင်ရင်း အသက်ရှင်ရတာဟာ ကျွန်တော်တို့ဘ၀မှာ ပုံစံအမျိုးမျိုးပါပဲ - သို့သော်လည်း ခရစ်တော်ကို ဗဟိုထားပြီး ကျွန်တော်တို့အသက်ရှင်နေထိုင်သွားကြတာပါပဲ။

ပထမကျမ်းစာ (တမန်တော်ဝတ္ထုကျမ်း)တွင် ခရစ်ယာန်များတိုးပွားလာသည့်အလျောက် ပြသနာလေးတွေ ကတောက်ကစ ဖြစ်တာကို ဖော်ပြထားပါတယ်။ ဘုံအဖြစ်ထားပြီး အားလုံးဝေမျှစားသောက်ကာ အသက်ရှင်ကြတဲ့ ခရစ်ယာန်မိသားစုမှာ ဟိုသူက အစားအစာပိုရတယ် - ဒီသူတွေက မရဘူး စသဖြင့် ညည်းတွားသံလေးတွေကြားနေရပါတယ်။ သို့သော်လည်း ယခုကဲ့သို့ အစားအစာဝေမျှခြင်း၊ ပစ္စည်းဥစ္စာဝေမျှခြင်းဟာ တခုတည်းသောလမ်းစဉ်မဟုတ်ကြောင်း၊ တစ်ခုတည်းသော ခေါ်တော်မူခြင်းမဟုတ်ကြောင်း တမန်တော်ကြီးများကိုယ်တိုင် နားလည်သဘောပေါက်ခဲ့ရပါတယ်။ ကျွန်တော်တို့တတွေလည်း ကောင်းတာတွေကို လုပ်ဆောင်ကြတယ်။ သို့သော်လည်း ကောင်းတာလုပ်ဆောင်ခြင်းဟာ တစ်ခုတည်းသော ခရစ်ယာန်ခေါ်တော်မူခြင်းမဟုတ်သလို လမ်းစဉ်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းမှာ မတူညီတဲ့ ခေါ်တော်မူခြင်းတွေ ရှိပါသေးတယ်။ သို့သော်လည်း ဗဟိုထားပြီး အတုယူအသက်ရှင် လုပ်ဆောင်သွားကြရတာကိုက ခရစ်ယာန်ခေါ်တော်မူခြင်းပါပဲ။

မာသာရ်ထရေးဇားဟာ သူမ၏ကောင်းမြတ်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ဘာကြောင့်လုပ်တာလဲလိုက အမေးခံရတဲ့ဟာ - ရိုးရိုးရှင်းရှင်းလေးပဲ ဖြေခဲ့ပါတယ် “ခရစ်တော်အတွက် လုပ်တာပါ” တဲ့။ လူတိုင်းအတွက် အံ့အားသင့်စရာပါပဲ - ခရစ်တော်အတွက်ဆိုပေမယ့် ခရစ်ယာန်အတွက်သာ သူမလုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ အခြားသောဘာသာခြားတွေကိုလည်း ခွဲခြားမှု့မရှိ၊ လူမျိုးရေးတွေ ခွဲခြားမှု့မရှိ၊ အတန်းအစားတွေ ခွဲခြားမှု့မရှိ . . . သူမဟာ အားလုံးအတွက်ကို ခရစ်တော်အတွက်ပါဟူ၍ ဗဟိုပြုကာ လုပ်ဆောင်သက်သေခံခဲ့ပါတယ်။

တပည့်တော်ကြီးများတုန်းကတော့ ခရစ်တော်ကို လူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး အဖခမည်းတော်ဘုရားကို ပြသဖို့ တောင်းဆိုခဲ့ကြဖူးတယ်။ ခရစ်တော်ကို မြင်သူတိုင်းဟာ အဖခမည်းတော်ဘုရားကို မြင်ရတာပါပဲတဲ့။ ဒီနေ့ ခရစ်တော်ကိုပင် တပည့်တော်ကြီးများလို လူကိုယ်တိုင်မမြင်နိုင်တဲ့ ကျွန်တော်တို့အဖို့ ခရစ်တော်ကိုကော၊ ခမည်းတော်ဘုရားကိုပါ မြင်တွေ့ချင်ကြမှာပါ။ မာသာထရေးဇားဟာ ရထားဘူးတာတစ်ခုမှာ ရထားမတက်ခင် ဆင်းရဲသားတစ်ဦးက “ငါ ရေငတ်သည်” ဟုဆိုရာမှတဆင့် ထိုဆင်းရဲသားမျက်နှာမှာ ခရစ်တော်ရဲ့ ပုံရိပ်ကို တွေ့ရှိခဲ့တယ်ဟု ဆိုပါတယ်။ ခရစ်တော်ကိုတွေ့ရှိခဲ့တဲ့ သူမအတွက် အဖခမည်းတော်ကို တွေ့ရှိခဲ့တာပါပဲ။

ချစ်စွာသော မိတ်ဆွေ၊ ဒီနေ့ ကျွန်တော်တို့တတွေလည်း ခရစ်တော်နှင့် အဖခမည်းတော်ဘုရားကို မည်သို့တွေ့ရှိနိုင်မလဲ။ တကယ်တော့် ကိုယ်တိုင်စဉ်းစားထောက်ရှု့ရမယ့် မေးခွန်းပါပဲ။ ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်ပြီး သူ့ရဲ့လမ်းစဉ်အတိုင်း အမှန်တရားကို ကိုင်ဆောင်ကာ အသက်ရှင်နေကြပြီလား။ ခရစ်တော်နှင့် ထိတွေ့ပေါင်းစပ်ရတာလည်း တကယ်တော့ ကိုယ်တိုင်အတွေ့အကြုံတစ်ခုပါပဲ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “ခရစ်တော်နှင့်ထိတွေ့သူတိုင်း မပြောင်းလဲဘဲ မနေကြဘူး” ဟုမိန့်ဆိုဖူးပါတယ်။

တမန်တော်ကြီး ပေါလူး ခရစ်တော်နှင့် ထိတွေ့ပြီးပြောင်းလဲလာခဲ့ရာ ခရစ်တော်ကို လမ်းစဉ်အဖြစ် ယုံကြည်လက်ခံပြီး အမှန်တရားအတိုင်း အသက်ရှင်ကာ ဟောပြောသက်သေခံခဲ့တဲ့ တမန်တော်ကြီးတစ်ပါး ဖြစ်လာခဲ့ရတယ်။ သံပေါလူး၏ အတွေ့အကြုံမှာ ထူးခြားတာက သံပေါလူးက ကောင်းကင်မှ အလင်းကိုမြင်တွေ့ပြီး အလင်းပျောက်ကွယ်ခဲ့ရတယ်။ မျက်စိကွယ်ခဲ့ရတယ်။ အမှန်စင်စစ် သူမျက်စိကွယ်ရခြင်းမှာ လောကအမြင်များ ပျောက်ဆုံးသွားခြင်းဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော သူ၏မျက်စိကုသခြင်းရသောအခါ ကမ္ဘာလောကကြီးအပေါ်သူ၏အမြင်များပြောင်းလဲသွားလေ၏။ ခရစ်ယာန်များကို ညှင်းပမ်းနှိပ်စက်သူကြီးအဖြစ်မှ ခရစ်တော်တရားတော်ကိုဟောပြောသက်သေခံသူ၊ ဂျူးတို့သာမက အခြားသောကမ္ဘာလူသားအားလုံး၏ကယ်တင်ခြင်းအခွင့်အရေးကို ကာကွယ်ပေးခဲ့သူဖြစ်လာခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်နှင့် ထိုသို့တွေ့ကြုံလိုက်ခြင်းသည် ကျွန်ုပ်တို့အမြင်များကိုပြောင်းလဲစေပြီး ဘ၀ကိုပါပြောင်းလဲစေပါသည်။ နေ့စဉ်တွေ့ကြုံနေရသော ဘုရားသခင်၏အထိအတွေ့များကို အလကားဟသမဖြစ်ပါစေနှင့်။ ထိုအရာများကို တန်ဖိုးရှိစွာသဘောထားပါ။ ဘုရား၏ပုံရိပ်ကို နေ့စဉ်ဘ၀အသက်တာမှာ ပုံပေါ်စေပါ။ အခြားသူများကိုလည်း သက်သေခံပါ။ သို့မဟုတ်လျှင် ကျွန်ုပ်တို့၏ခတ္တေအသက်ရှင်းခြင်းသည် အချီးနှီးသာဖြစ်ပါလိမ့်မည်။ 

ကျွန်တော်နှင့် မိတ်ဆွေလည်း ခရစ်တော်နှင့်ထိတွေ့ရတဲ့ အတွေ့အကြုံရှိပြီလား . . . ခရစ်တော်ဟာ လမ်း၊ အမှန်တရားနှင် အသက် ဖြစ်၏။

ကိုရင် (ဒိုမီနီကန်)



Saturday, 10 May 2014

စတုတ္ထပါစကားတနင်္ဂနွေနေ့ ၊ ကောင်းသောသိုးထိန်းမြတ်တနင်္ဂနွေနေ့


သံယောဟန် ၁၀း၁-၁၀
ဖတ်ရှုရတဲ့ ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်ဟာ သိုးခြံတံခါးဝလည်း ဖြစ်သလို၊ သိုးထိန်း သိုးကျောင်းသားလည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထို့နောက် ခရစ်တော်၏နောက်လိုက်များဟာ သိုးများဖြင့် ခိုင်းနှိုင်းထားပြီး ထိုတံခါးဝနှင့် သိုးထိန်းကို ကျော်ဖြတ်ပြီးမှသာ သိုးခြံသို့ ၀င်ရောက်နိုင်မည် ဖြစ်ကြောင်းအတိအလင်းမိန့်ဆိုထားပါတယ်။ ဧ၀ံဂေလိတရားတော်ထဲတွင် ယခုကဲ့သို့ သိုးများ၊ သိုးထိန်း၊ သိုးခြံတံခါးဝ စသည်တို့ဖြင့် ပုံဥပမာပေးပြောဆိုတာ သိပ်ကိုရှင်းလင်းပြီး သိပ်ကိုလေးနက်လွန်းပါတယ်။ သို့သော်လည်း ထိုတရားဥပမာကို နားလည်နိုင်ဖို့ သိုးတို့သဘာဝအကြောင်းကိုတော့ သိထားသင့်ပါတယ်။

မြန်မာလူမျိုးများအတွက် သိုးမွေးသိုးကျောင်းလုပ်ခြင်းမှာ ရှားပါးသောကြောင့် နားလည်မှု့ နဲနေနိုင်ပါတယ်။ ယေဇူးခရစ်တော်အသက်တော်ရှင်နေထိုင်ခဲ့သည့် အရပ်ဒေသ (အရှေ့အလယ်ပိုင်းဒေသ)မှာတော့ သိုးကျောင်းတာဟာ နေ့စဉ်ဓူဝ အလုပ်တစ်ခုမို့ သိုးထိန်းဟုပြောလိုက်ရုံဖြင့် နားလည်ကြသည်။ သိုးတွေဟာ အလွန်အပြစ်ကင်းတဲ့ သတ္တ၀ါတွေလို အမွန်းတင်ရလောက်အောင် ရိုးရှင်းတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စားဖို့ ချောင်းမြောင်းနေတဲ့သတ္တ၀ါများစွာ ၀န်းရံနေပါတယ်။ ဒီတော့ သိုးကျောင်းသားဟာ သိုးကျောင်းသည့်အခါ  အလွန်အရေးကြီးပါတယ်။ သိုးတွေကို ကာကွယ်ပေးဖို့ ရဲရင့်ရတယ်၊ သတ္တိရှိရတယ်၊ အသက်ပေးဝံ့ရတယ်၊ ဘ၀ကိုမြုပ်နှံပြီးတော့ကို အချိန်ပေးစောင့်ရှောက်ရတယ်။ သိုးတွေဟာလည်း ၎င်းတို့သိုးထိန်းကို သိလာသည့်နှင့်အမျှ အခြားဘယ်မှ မလိုက်ကြတော့ဘူး။ ထိုကြောင့် သမ္မာကျမ်းစာတော်တလျှောက် ဓမ္မဟောင်းဓမ္မသစ်မှာ ခေါင်းဆောင်ကောင်းတွေကို သိုးထိန်းနှင့် ခိုင်းနှိုင်းလေ့ရှိပါတယ်။ ဥပမာ-အာဗြရာဟံ၊ ဣဇာတ်၊ယာဂုတ်၊ မိုးဇယ်၊ ဒါဝိတ် အစရှိသည့် သူရဲကောင်းကြီးများသည် သိုးထိန်းကောင်းများပင် ဖြစ်ပါတယ်။ ဓမ္မသစ်မှာလည်း ခရစ်တော်သည် မိမိကိုယ်တိုင် သိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ်။ ကောင်းကင်ဘုံသို့ မတက်ကြွမှီ သံပေတရူးကိုလည်း သိုးများကို စောင့်ရှောက်ဖို့ မိန့်မှာခဲ့ပါတယ်။

သိုးတွေဆိုသည်မှာ သိုးထိန်းကိုသိပြီး ထိုသိုးထိန်း၏နောက်ကိုသာ တစိုက်မတ်မတ်လိုက်တတ်သည့် သတ္တ၀ါများပင် ဖြစ်ပါတယ်။ ထိုကြောင့် ယေဇူးသခင်က သိုးထိန်းမဟုတ်ဘဲ သိုးခြံသို့ဝင်လာသူများဟာ သူခိုးများပင်ဖြစ်ပြီး သိုးများလည်း ထိုသူတို့ကိုနားမထောင်ကြဟု ဆိုပါတယ်။ ထို့အပြင် သိုးထိန်းဆိုတာ သိုးများ၏အသိအမှတ်ပြုခြင်းရဖို့အတွက် မိမိဘ၀ကို ပေးဆပ်သည့်တိုင်အောင်၊ လမ်းကောင်းပြနိုင်အောင်၊ စားကျက်ဆီသို့ခေါ်ဆောင်သွားနိုင်အောင် အမြဲကြိုးစားနေရသူပါ။ ဤသည်ပင် ခရစ်တော်သခင်ပါပဲ။
ယခုကျမ်းစာတော်သည် တနည်းအားဖြင့် ကျွန်ုပ်တို့အား စိန်ခေါ်ထားပါတယ်။ ကျွန်ုပ်တို့တတွေအနေဖြင့် ခရစ်တော်၏နောက်လိုက်ပါဟု ကြွေးကြော်နေသူတွေ အမှန်တကယ်ကော သူ့အသံကို သိကြရဲ့လား။ ကက်သလစ်အသင်းတော်၏ယုံကြည်ရာချက်ကို မကြာခဏ၀န်ခံရွတ်ဆိုနေသော ဘာသာဝင်တွေအနေဖြင့် ကျွန်ုပ်တို့ဘာကိုယုံကြည်ပြီး ဘယ်လိုရွတ်ဆိုနေရသလဲဆိုတာကိုကော တွေးတောစဉ်းစားမိပါသလား။ ဒီတော့ဗျာ- ကျွန်ုပ်တို့အနေဖြင့် မိမိတို့ဝန်ခံရွတ်ဆိုလိုက်သည့် ယုံကြည်ရာအနှစ်ချုပ်တွေကို နားလည်သဘောပေါက်ပြီး ကျေကျေနပ်နပ်ကြီး ယုံကြည်လက်ခံပါသလား။ ထိုအချက်ကို သေသေချာချာ စဉ်းစားပြီးသောအခါ သိုးထိန်းနောက်လိုက်သည့် သိုးများပမာ ကျွန်ုပ်တို့ဟာ သိုးထိန်းအသံကို နားထောင်နိုင်မှာဖြစ်ပြီး သိုးထိန်းကိုလည်း ကောင်းစွာသိလာမယ်။ ဒီတော့ ၀ိညာဉ်ရောခန္တာပါ ကြည်ဖြူစွာနှင့် ကိုယ်တော့်နောက်ကို လိုက်နိုင်မှာဖြစ်ပါတယ်။ ထိုကြောင့် မိမိ၏ယုံကြည်ခြင်းကို ပြန်စဉ်းစားတွေးခေါ်ပါ။ စိန်အန်ဆန် (Anselm) ပြောသလိုပဲ “ယုံကြည်ခြင်းဟာ နားလည်မှု့အသိတရားကို ရှာဖွေခြင်းဖြစ်ပါတယ်”။

ဒီတော့ သိုးထိန်းအသံဆိုတာ ကျွန်ုပ်တို့အတွက် ခရစ်တော်၏အသံပင်ဖြစ်ပါတယ်။ ခရစ်တော်၏အသံဆိုသည်မှာလည်း ဘုရားသခင်ကိုယ်တော်တိုင်၏အသံပင် ဖြစ်ပါတယ် (ခမည်းတော်နှင့် ငါသည် တလုံးတ၀တည်းဖြစ်၍ တစ်ဆူတည်းဖြစ်ပေသည်)။ သိုးထိန်းအသံမှာ (၁) သူ့အားယုံကြည်ရန်၊ (၂) သူအား ကိုယ်ရောစိတ်ပါ ချစ်ရန်နှင့် (၃) မိမိနှင့်နီးစပ်သူများအား မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရန်ပင် ဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အသံ (ဘုရား၏အသံ)ကို ကြားနိုင်ဖို့ စွမ်းရည်ပေးပါတယ်။ ထိုစွမ်းရည်အားဖြင့် ယုံကြည်ပြီး ယုံကြည်ရခြင်းသည်ပင် ချစ်မြတ်နိုးရာအကြောင်းဖြစ်စေပါတယ်။ ဘုရားကို ချစ်မြတ်နိုးခြင်းသည်လည်း မိမိနှင့်နီးစပ်သူများအား မိမိကိုယ်တိုင်ကဲ့သို့ ချစ်မြတ်နိုးစေရာ အကြောင်းဖြစ်စေပါတယ်။ ဒါဟာ ပြည့်စုံတဲ့ ခရစ်ယာန်ဘ၀အသက်တာပါပဲ။

ကျွန်ုပ်တို့အတွေ သူ့အသံ (သိုးထိန်းသံ)ကို ကြားကြပြီလား။ မာသာရ်ထရေဇားဟာ ရထားဘူတာတစ်ခုမှာ အလွန်ရေငတ်နေတဲ့ ဆင်းရဲသားအဖိုးအိုကြီးမှ “ကျွန်တော်ရေငတ်တယ်”ဟု အော်ရာမှ ခရစ်တော်၏အသံကို ကြားခဲ့ရတယ်။ သူမဘ၀ကို ဆင်းရဲနုံချာသူများ၊ စွန့်ပစ်ခံများ၊ အားနည်းသူများအကြားမှ သိုးထိန်အသံအတိုင်း လိုက်လျှောက်ရင်း ဘ၀ကို ကျေနပ်စွာဖြတ်သန်းခဲ့တယ်။ ယနေ့ ကျွန်ုပ်တို့ကမ္ဘာမှာ ပတ်ဝန်းကျင်မှာ ဒီလိုဆင်းရဲသားတွေ၊ အားနည်းသူတွေ၊ အပယ်ခံတွေ အများကြီးရှိနေပါသေးတယ်။ သိုးထိန်းအသံကို ကြားရလျှင် သင်နားထောင်ကြည့်ပါ။

ကျွန်ုပ်တို့တတွေလည်း ခရစ်တော်၏သိုးများအစစ်အမှန်ဖြစ်ကြောင်း သက်သေပြဖို့ ခရစ်တော်၏အသံကို သေချာစွာ နားထောင်သွားကြပါစို့။ ခရစ်တော်ကို သိမှတ်လက်ခံ ယုံကြည်သွားရင်း တစ်ဦးနှင့်တစ်ဦး လက်တွဲဦးဆောင်ကာ ထာဝအသက်ရှိသော စားကျက်သို့ခေါ်ဆောင်ချီတက်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Saturday, 3 May 2014

တတိယမြောက် ပါစကားတနင်္ဂနွေနေ့


သံလုကာ ၂၄း ၁၃-၃၅  ဧမာဦးခရီးစဉ်မှ သက်သေခံချက်

ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်ဟာ ယေဇူးခရစ်တော်ရှင်ပြန်ထမြောက်ပြီး တပည့်တော်ကြီးများနှင့် မတွေ့ကြုံရသေးခင် ဖြစ်ရပ်များစွာထဲက ဖြစ်ရပ်တစ်ခုကို အခြေခံပြုစုထားသည့် ဖြစ်ရပ်မှန်သက်သေခံချက် တစ်ခုပင် ဖြစ်ပါတယ်။ အကြောင်းအရာမှာ ယေဇူးခရစ်တော်အသေခံပြီးနောက် သတင်းတွေက မရေမရာ၊ သုံးရက်မြောက်ရှိနေပြီ တချို့ကလည်း အလောင်းတော်ပျောက်နေလို့ အာဏာပိုင်တွေဘက်ကများ ဖျောက်လိုက်ကြသလား၊ ဒါမှမဟုတ် ကိုယ်တော်မိန့်ဆိုခဲ့ဖူးသည့်အတိုင်း ရှင်ပြန်ထမြောက်သွားပြီလား။ ဒီအချိန်မှာ တပည့်တော်ကြီးများကတော့ အကြောက်တရားများဖုံးလွှမ်းခံရပြီး စိတ်ဓါတ်တွေ ဘုန်းဘုန်းကျနေပြီ။ အဲဒီလို စိတ်ဓါတ်တွေကျနေတဲ့ တပည့်တော်ကြီးများထဲမှာ တပည့်တော်ကြီးနှစ်ဦးဟာ ဂျေရုဇလင်ကနေ ထွက်သွားပြီး ဧမာဦးသို့ ခရီးနှင်လာခဲ့ကြပါတယ်။ ထို့သို့ ဧမာဦးသို့ခရီးသွားနေချိန် ယေဇူးသခင်ဟာ သူတို့နှင့်အတူလာရောပြီး ခရီးတလျှောက် စကားများပြောဆိုလာပါတယ်။ သို့ပေမယ့်လည်း ထိုတပည့်တော်ကြီးနှစ်ဦးဟာ သူတို့ဆရာသခင်မှန်း မမှတ်မိကြပါဘူး။

ထိုနောက် ယေဇူးသခင်က လွန်ခဲ့တဲ့သုံးရက်အတွင်းက အဖြစ်အပျက်တွေကို မသိချင်ဟန်ဆောင်ကာ သူတို့ကို ဘာတွေဖြစ်ပျက်လို့ ဒီလောက်သတင်းကြီးနေရသလဲလို့ မေးလိုက်ပါတယ်။ ဒီလောက်သတင်းကြီးတာကို မသိတဲ့သူမို့ တပည့်တော်ကြီးနှစ်ပါးအံ့အားသင့်သွားရပါတယ်။ သို့ပေမယ့်လည်း ယေဇူးသခင်၏ မေးခွန်းဟာ သူတို့ရဲ့ အသိမျက်စိပိတ်နေခြင်းကို ထောက်ပြဖို့ရန်ဆိုတာ သူတို့မသိခဲ့ကြပါဘူး။ ထို့ကြောင့် ကယ်တင်ရှင်ဟာ လူသားများကိုအပြစ်မှကယ်တင်ရန် မိမိကိုယ်ကိုဒုက္ခခံထမ်းပြီး အသက်တော်စွန့်ရမည့် အကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုန်းတန်ခိုးတော်ထင်ရှားမည့်အကြောင်းကို ဓမ္မဟောင်းကာလမှ ကြိုတင်ဟောပြောထားသော်လည်း လူသားများအတွက် လက်ခံရခက်နေတုန်းပါပဲ။ ဒါကြောင့် တပည့်တော်ကြီးနှစ်ဦး၏အတုန့်အပြန်နှင့် ယေဇူးသခင်၏တုန့်ပြန်မှု့ ဤနေရာမှာ ကွာခြားပါတယ်။ ဒါဟာ လူသားအမြင်နဲ့ ဘုရားအမြင်ကွာခြားခြင်းပါပဲ။ ထို့ကြောင့် ယေဇူးသခင်ဟာ ဓမ္မဟောင်းကျမ်းတွေ ကိုးကားပြီး ကယ်တင်ရှင်အကြောင်းဟောထားချက်များကို ကိုးကားပြီး ရှင်းပြပါတော့တယ်။ ဒါကိုပင် ဆရာသခင်မှန်း မသိကြသေးဘူး။

ထို့နောက် ရွာအနီးရောက်တဲ့အချိန် ညနေမှောင်ရီစပျိုးနေပြီဖြစ်၍ တပည့်တော်ကြီးနှစ်ဦးဟာ ကိုယ်တော့်အား သူတို့နှင့်အတူ တည်းခိုရန် ဖိတ်ခေါ်ပါတယ်။ ညနေချိန် စားသောက်ခါနီးမှ ကိုယ်တော်ဟာ မုန့်ကိုယူ၍ ဖဲ့တော်မူပြီး သူတို့အားပေးသည့်အချိန်မှ သူတို့မျက်စိတို့ လုံးလုံးပွင့်ခဲ့ရပါတော့တယ်။ တကယ်တော့ တပည့်တော်ကြီးနှစ်ပါး၏ နှလုံးသားများဟာ ၎င်းတို့အတွင်း၌သာ တောက်လောင်နေ၍ အခြားအရာတွေကို ဂရုပြုနိုင်ခြင်းမရှိခဲ့တာပါ။ ထို့ကြောင့်လည်း မိမိတို့ဆရာသခင်ကိုပင် မမှတ်မိလောက်အောင် ရှန်နေခဲ့ကြတယ်။

မိတ်ဆွေ၊ ဒီဧမာဦးခရီးစဉ်ဖြစ်ရပ် (သို့) ဧမာဦးခရီးစဉ်မှ သက်သေခံချက်အားဖြင့် ကျွန်တော်တို့တတွေလည်း ဘယ်လိုတရားမှတ်ယူနိုင်ကြမလဲ။ တပည့်တော်ကြီှးနှစ်ပါး၏ အဖြစ်တွေဟာ ဒီနေ့ ကျွန်တော်တို့တစ်ဦးချင်းစီမှာ ဖြစ်ပျက်တတ်ပါတယ်။ ယေဇူးခရစ်တော်မီးမောင်းထိုးပြရာလမ်းမှာ ယုံကြည်ခြင်းမျက်စိကိုဖွင့်ပြီး လျှောက်လှမ်းနေသော်လည်း မကြာခဏဆိုသလို စိတ်ပျက်အားငယ်တတ်ကြတယ်၊ အမြင်တွေရှန်ပြီး လမ်းလွဲကုန်တတ်ကြတယ်၊ အမြင်တွေကျဉ်းလာတတ်ကြတယ်၊ နောက်ဆုံး ယုံကြည်ခြင်းပင် ပျက်စီးလာတတ်ကြတယ်။ ထို့ကြောင့် ဒီနေ့ဖြစ်ရပ်တွေ ဒီသက်သေခံချက်တွေကို ထောက်ရှု့စဉ်းစားပြီး ခွန်အားထပ်ကာ ထပ်ကာ ယူဖို့လိုအပ်ပါတယ်။

တခါတရံ ကျွန်တော်တို့ဘ၀မှာ ဒုက္ခဝေဒနာတွေနဲ့ ဘ၀အခက်ခဲတွေ ဆက်တိုက်ဆက်တိုက် ဖြစ်နေလွန်းလို့ မိမိဘ၀မှာ ဘုရားသခင်အတူတူရှိနေပါလားဆိုတဲ့ အသိတွေ၊ ယုံကြည်ခြင်းတွေ ပျောက်လာနေတတ်ပါတယ်။ တခါတလေ ကြမ်းတမ်းလှတဲ့ ဘ၀မုန်တိုင်းတွေဟာ ကိုယ့်တယောက်တည်းကိုပဲ ရွေးပြီးတိုက်နေသလား ထင်မှားရအောင် ဘ၀မှာ ရုန်းကန်ရလွန်းလို့၊ ၀န်ထုတ်ဝန်ပိုးတွေ ပိလွန်းလို့ မိမိရဲ့ဆုတောင်းသံတွေကို နားထောင်ပေးနေတဲ့ ခရစ်တော်ကို အသိမှတ်ပြုဖို့ ခက်ခဲလာတတ်ကြပါတယ်။
တခါတလေ ဘုရားသခင်အပေါ် အနန္တတန်ခိုးတော်ရှင်၊ အရာရာကို ပေးစွမ်းနိုင်ရှင်၊ လုပ်နိုင်ရှင်၊ စေ တစ်လုံးပိုင်ရှင် စသဖြင့် ကျွန်တော်တို့နားလည်မှုအမြင့်ကြီးမှာ ထားချိန် ဘုရားသခင်ရဲ့ ချည်းကပ်မှု့နှင့် အစီအမံတွေဟာ အောက်ခြေက စလာတဲ့အခါ နားမလည်နိုင်အောင်ဖြစ်ရတတ်ပြီး ယုံကြည်ဖို့ ခက်ခဲလာတတ်ပါတယ်။

မိတ်ဆွေ၊ ဘ၀မှာ ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လောက်ပြင်းထန်တဲ့ ဘ၀မုန်တိုင်းတွေ တိုက်နေပါစေ၊ ဘ၀မှာ ဘယ်လိုပင် ရုန်းကန်နေရသည်ဖြစ်ပါစေ၊ ၀န်ထုတ်တွေဘယ်လောက် ပိပိဖြစ်နေပါစေ၊ ကျွန်တော်တို့အတွက် အမှန်နှင့်အဖြေ (ဘ၀အဖြေ)ကို သတိထားမိချိန်၊ တွေ့မြင်လိုက်ရတဲ့အချိန်၊ အဖြေရှာတွေ့မိတဲ့အချိန်ဆိုတာလေးတွေ အသေအချာကို ရှိနေပါတယ်။ အယူအဆလေးတွေ မှားတတ်ကြသည် ဖြစ်ပါစေ . . . မှားသွားပြီဆိုတဲ့အမြင်နဲ့ အမှန်ကိုရွေးချယ်ရမယ့်အချိန်လေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တတွေဟာ မိမိရဲ့ဘ၀အခက်ခဲတွေ၊ တယူသန်မှု့တွေ၊ ၀န်ထုတ်ဝန်ပိုးတွေအတွင်းမှာသာ တောက်လောင်နေ၍ ဒီအချိန်လေးတွေကို သတိမထားမိဘဲ ဖြစ်နေကြရတာပါ။ ဒါကြောင့်လည်း ဘ၀နား ခေတ္တအနားယူပြီး စဉ်းစားဖို့အချိန်လေးတွေ ရှိနေသင့်တယ်။ ဥပုသ်ယူပြီး ဘ၀ကို မကြာမကြာသုံးသပ်နေဖို့ လိုအပ်တယ်။ တကယ့်ကို ဧမာဦးမြို့သွားတဲ့ တပည့်တော်ကြီးနှစ်ပါးလိုပဲ - ခရစ်တော်သခင် မုန့်ကိုဖဲ့၍ ပေးမှ ဆရာသခင်ဆိုတာ သိလာကြရတယ်။ ဒါဆို ကျွန်တော်တို့ဘ၀မှာလည်း ဘယ်လိုအရာလေးတွေကို မြင်မိစဉ်းစားမိမှ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သိလာကြမလဲ။

ဘ၀ဆိုတာ အခက်အခဲတွေကို ကျော်ဖြတ်ရတဲ့ ဂိမ်းကစားနည်းတမျိုးလို့ သဘောထားပြီး ထိုအခက်အခဲတွေထဲမှာ မိမိဘ၀ကို နစ်မနေစေဘဲ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်ထံမှ ခွန်အားယူကာ မိမိတို့ယုံကြည်ခြင်းအားဖြင့် ဘ၀ရဲ့ ဂိမ်းကစားခြင်းကို အောင်မြင်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)