Thursday, 3 October 2013

ခေါ်တော်မူခြင်းအစ တရားထောက်ခြင်းက


ဘုရားသခင်၏ သာသနာ့အမှုတော်ကိုထမ်းဆောင်နိုင်ရန် ခေါ်တော်မူခြင်းရရှိစေဖို့ အဓိကလမ်းညွှန် ပံ့ပိုးပေးသည့်အရာမှာ ကလေးသူငယ်များ၏ တရားထောက်ခြင်း( Assistant of Mass) ကဏ္ဍတစ်ခုသည်အပါအဝင်ဖြစ်ပေသည်။ ကလေးသူငယ်တယောက်၏ ခေါ်တော်မူခြင်းအစသည် တရားထောက်ခြင်းမှဖြစ်ပေါ်လာသည်ဟု ဘုန်းတော်ကြီးတပါးမှဩဝါဒတခုတွင်မိန့် ကြားခဲ့ပါသည်။ မှန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကလေးသူငယ်များသည် အတုမြင်၊အတက်သင်သည့် အကျင့် ဆန္ဒလေးတွေရှိတက်သည်။ ကလေးသူငယ်အရွယ်သည် တုလွယ်တက်လွယ်သည့်အရွယ်လည်း ဖြစ်ပေသည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသည့်စကားပုံအတိုင်း ကလေးသူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များသည် သူတို့ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်ပေါ်တွင်များစွာ မူတည်နေပါသည်။ ထို့အတူပင် နေ့စဉ်မစ္ဆား တရား၌သော်လည်းကောင်း၊ တနင်္ဂနွေနေ့မစ္ဆား တရားများ၌သော်လည်းကောင်း ပုံမှန်တရားထောက်နေသော ကလေးတစ်ယောက်သည် ရဟန်းဘုန်းတော်ကြီး၏ မစ္ဆားတရားကျင်းပပုံ၊ ဩဝါဒပေးပုံ၊ အသွေးတော်အသားတော်ဖန်ဆင်းပုံ၊ ပရိတ်သတ်များအား ကိုယ်တော်မြတ်ဝေပေးပုံလေးများကို အနီးကပ်တွေ့မြင်ရကာ အတုယူချင်စိတ်များ ဖြစ်ပေါ်လာလေသည်။ မိမိသည်လည်း တချိန်ကျလျှင် ထိုကဲ့သို့ပြုလုပ်ရလျှင် ကောင်းပေမည်ဟု စိတ်ကူးလေးများ ထွက်ပေါ်လာတက်သည်။

စာရေးသူငယ်စဉ်ကလေးဘ၀ကဆိုလျှင် တနင်္ဂနွေနေ့ ဘုရားကျောင်းဆင်းပြီး အိမ်ပြန်ရောက်လျှင် မောင်နှမများနှင့်အတူ မစ္ဆားတရားဟောတမ်းကစားခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ သာသနာပြုတစ်ယောက် ဖြစ်ချင်သည့်စိတ်(ခေါ်တော်မူခြင်း)သည် တရားထောက်ခြင်းမှ များသောအားဖြင့်ဖြစ်ပေါ်လာလေသည်။ အခြားသောနည်းလမ်းများဖြင့်လည်း ခေါ်တော်မူခြင်းခံရသည် များရှိပါသော်လည်း တရားထောက်ခြင်းအားဖြင့်ဖြစ်ပေါ်လာသော ခေါ်တော်မူခြင်းသည် ပို၍နီးစပ်လေသည်။ အချို့သော ကလေးသူငယ်များသည် တရားထောက်ခြင်းကို အလွန်ပင်နှစ်သက် ကြလေသည်။ စာရေးသူဆိုလျှင် အသက် ၂၂ နှစ်ထိပင် တရားထောက်ခဲ့ဖူးပါသည်။ အဘယ်ကြောင့်ဆိုသော် တရားထောက်ခြင်းသည် ပရိတ်သတ်ထက် ဘုန်းတော်ကြီးနှင့်နီးကပ်စွာနေရ ခြင်းနှင့် မိမိကိုယ်ကို သိကြားတမန်လေးများကဲ့သို့ပင် မြင့်မြတ်သည်ဟု ထင်မှတ်ကြသည်။ တရားထောက်ကလေးများသည် ပလ္လင်ပေါ်မှ သိကြားတမန်လေးများပင်ဖြစ်သည်။ မိဘများသည် မိမိတို့ ကလေးများပလ္လင်ပေါ်တွင် တရားထောက်နေသည်ကိုတွေ့မြင်ရလျှင် ဝမ်းသာပီတိဖြစ်ကာ ဂုဏ်ယူကြပါသည်။

သို့သော်ခေတ်ကာလတွေတိုးတက်လာသည်နှင့်အမျှ နည်းပညာတွေ ဖွံ့ဖြိုးလာသည်နှင့်အမျှ ကလေးသူငယ်များစိတ်ဝင်စားမှု အားနည်းလာသည်မှာ တရားထောက်ခြင်းပင်ဖြစ်သည်။ အချို့သောပုဂ္ဂိုလ်တို့မှာ တရားထောက်ခြင်းကို အရေးမကြီးသည့်အပိုင်းဟု ထင်မှတ်ကြလေသည်။ ကလေးသူငယ်များ တရားထောက်ခြင်းတွင် စိတ်ဝင်စားမှုအားနည်းလာသည့် အဓိက အကြောင်းရင်းများစွာရှိပါသည်။ ထိုသို့သောအကြောင်းရင်းများစွာထဲမှ ဖြစ်နိုင် ချေရှိသည့် အကြောင်းရင်းမှာ မိဘများ၏တိုက်တွန်းနှိုးဆော်မှု အားနည်းလာခြင်းသည် ပထမအချက်ပင်ဖြစ်လေသည်။ မိဘများသည် မိမိတို့သားသမီးလေးများကို ဘုရားကျောင်းပုံမှန်တက် တက်ရန်၊ တရားထောက်တက်ရန် သက်ပြနှိုးဆော်သင့်ပါသည်။ တနင်္ဂနွေနေ့များတွင် အချို့သောဘုရားကျောင်းမျာတွင် ကြည့်လိုက်ပါက မစ္ဆားတရားပူဇော်နေချိန်တွင် ကလေးသူငယ်အများ စုမှာ ဘုရားကျောင်းပြင်ပတွင် ဆော့ကစားနေကြသည်ကိုသာ တွေ့ရလေသည်။ အချို့သောဘုရားကျောင်းများမှာဆိုလျှင် မစ္ဆားတရားတွင်တရားထောက်မည့်သူ တစ်ယောက်မျှမရှိသည်ကို ဝမ်းနည်းစွာတွေ့ရှိရလေသည်။ အချို့သော ကလေးသူငယ်များမှာတနင်္ဂနွေနေ့မစ္ဆားပူဇော်ခြင်း၌ပါဝင်နေရမည့်အစား ခေတ်ကာလ၏ရေစီးကြောင်းဖြစ်သော ဂိမ်းဆိုင်များ၊ အင်တာနက်ဂိမ်း ( Net Game ) ဆိုင်များတွင်သာ အချိန်ဖြုန်းနေသည်ကိုတွေ့ရလေသည်။

ဤသို့ကလေးသူငယ်များ လမ်းမှားမရောက်ရလေအောင်၊ ကလေးသူငယ်များ၏ ဝိညာဉ်ရေးရာ၌ အားနည်း မှုမရှိရလေအောင် မိဘများသည် တက်နိုင်သမျှ ပဲ့ပြင်ထိန်းကျောင်းပေးရန်လိုအပ်ပါသည်။ ပုံမှန်ဘုရားကျောင်းတက်နိုင်ရန်၊ မစ္ဆားတရား၌ပါဝင် တရားထောက်တက်ရန် သင်ပြပေးရန်လို အပ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ကလေးသူငယ်များသည် ကျွန်ုပ်တို့ ကမ္ဘာကြီး၏ အနာဂတ်ကြယ်ပွင့်များဖြစ်ပါသည်။ စိတ်ဝင်စားမှုအားနည်းသည့် ဒုတိယအချက်မှာ ကျောင်းထိုင် ဘုန်းတော်ကြီးများနှင့်သက်ဆိုင်နေသည်ကို တွေ့ရလေသည်။

ကလေးများတရားထောက်ချင်သည့်စိတ်ဖြစ်ပေါ်လာရန် ဘုန်းတော်ကြီးများ၏ ဆွဲဆောင်မှုများလည်း လိုအပ်ပေသည်။ အချို့သော ကလေးများသည် တရားထောက်ချင်ပါသော်လည်း ဘုန်းတော်ကြီးအချို့သည် တရားထောက်ကလေးသူငယ်များ ပလ္လင်ပေါ်တွင်တရားထောက်မှားသည့်အခါ အော်ဆူခြင်း၊ လူထုပရိတ်သတ် အရှေ့တွင် ခေါင်းခေါက်ခြင်း၊နားရွက်ဆွဲခြင်း စသည့် ခေတ်နောက်ပြန်ဆွဲသည့်အမူအကျင့်များကြောင့် ကလေးများသည်ကြောက်လန့်၍ တရား မထောက်တော့ခြင်း၊ လူထုပရိတ်သတ်ရှေ့တွင် ထိုသို့ပြုမူခြင်းများကြောင့် ရှက်၍ တရား မထောက်တော့ခြင်းများ ဖြစ်နေကြသည်။

ထို့ကြောင့် ဘုန်းတော်ကြီးများသည် ကလေးသူငယ်များအား တရားမထောက်မှီ သင်္ဃန်းလဲခန်း(Sacrity) အတွင်း၌ တရားထောက်လျှင်ပြုလုပ်ရမည့်အရာများကို ကြိုတင်မှာကြားခြင်း၊ ပလ္လင်ပေါ်တွင် တရားထောက်မှားသည့်အခါ ပလ္လင်ပေါ်တွင် ဆူခြင်း၊ အရှက်ရအောင်ပြုခြင်းများ မပြုလုပ်ပဲ မစ္ဆားတရားပြီးသည့်အခါ၌သာ သင်္ဃန်းလဲခန်းအတွင်း၌ ဆိုဆုံးမခြင်း၊ တရားထောက်ပြီးသည့်အခါ ကလေးသူငယ်များအား ဆုငွေချီးမြှင့်ခြင်း၊ မုန့်ကျွေးခြင်းများ၊ တစ်နှစ်တာပတ်လုံး ပုံမှန် တရားထောက်ခဲ့သည့် ကလေးသူငယ်များအား ပရိတ်သတ်ရှေ့၌ အမှတ်တရ လက်ဆောင်လေးများပေးအပ်ခြင်းစသည့် (Facility) ဝန်ဆောင်မှုလေးများပြုလုပ်ကာ ကလေးသူငယ်များအား တရားထောက်လာစေရန် ဆွဲဆောင်မှုများလိုအပ်ပေသည်။ စိတ်ဝင်စားမှုအားနည်းသည့် တတိယအချက်မှာ ကလေးသူငယ်များသည် ရှက်ကြောက် ရမည့်အရာမဟုတ်ပဲ ရှက်ကြောက်နေခြင်း နှင့် အခြားသောကလေးသူငယ်များအား နေရာမပေးပဲ တရားထောက်နေကျ လူများသာနေရာယူထားခြင်းကြောင့်ဖြစ်သည်။ ကလေးသူငယ်ဘ၀သည် ဖြူစင်သည်၊ လွတ်လပ်သည်။ သို့သော် အချို့သောကလေးသူငယ်များသည် တရားထောက်ခြင်းကို ရှက်စရာအဖြစ်မြင်နေကြသည်။ လူထုပရိတ်သတ်များရှေ့တွင် တရားထောက်ရမည်ကို ရှက်ရမည့်အရွယ်မဟုတ်ပဲ ရှက်နေကြသည်။ ဤအချက်ကို မိဘများအနေဖြင့် ပြုပြင်ပေးသင့်သည်။

အချို့သောဘုရားကျောင်းများတွင် တခါမှတရားမထောက်ဖူးသောကလေးများသည် တရားထောက်ချင်ပါသော လည်း စီနီယာကျသော တရားထောက်များသည် ကလေးအသစ်များကိုနေရာမပေးခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းများကို တွေ့နေရလေသည်။ ဤသို့မဖြစ်ရလေအောင် ဘုရားကျောင်းများတွင် တာဝန်ကျသော သီလရှင်၊ ဘရာသာရ် (သို့) ဓမ္မဆရာများသည် တရားထောက်မည့်သူများကို နေ့စဉ် သို့မဟုတ် အပတ်စဉ် အလှည့်ကျရွေးချယ်ပေးခြင်း၊ တရားထောက်တက်သည့် ကလေးနှင့် မထောက်တက်သည့်ကလေးများကိုတွဲ၍ တရားထောက်သင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ အားနည်းနေသည့်အချက်များကို ပြုပြင်ကြမည်ဆိုပါက မစ္ဆားတရားတွင် တရားထောက်မရှိတော့သည့် အဖြစ်အခြေအနေများမှ လွတ်မြောက်ပါလိမ့်မည်။ တရားထောက်ကလေးများသည် ပလ္လင်ပေါ်မှ သိကြားတမန်လေးများဖြစ်ပါသည်။ သူတို့သည် သခင်ယေဇူး ၏ကိုယ်စားလှယ်ဖြစ်သော ရဟန်းဘုန်းတော်ကြီးများကို အနီးကပ်ကူညီရခြင်း၊ သခင်ယေဇူး၏ အသွေးတော်အသားတော်ကို အနီးကပ်ဖူးမြော်ရခြင်းနှင့် လူထုပရိတ်သတ်ထက် ကိုယ်တော် မြတ်ကို ပထမဦးစွာပင့်ယူရခြင်း စသည့် မွန်မြတ်လှသောအခွင့်ထူးများရရှိလေသည်။

သခင်ယေဇူးသည် မိမိထံသို့ကလေးသူငယ်များလာရောက်သည်ကို တပည့်တော်ကြီးများမှ ဟန့်တား သော်လည်း သခင်ယေဇူးသည် ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုသကဲ့သို့ မိမိကို အောက်မေ့သတိရကျင်းပသည့် မစ္ဆားတရားတော်တွင် ကလေးသူငယ်များကို ပါဝင်ကူညီရန် သခင်ယေဇူး အလိုရှိတော်မူသည်ကို ကျွန်ုပ်တို့ ငြင်းဆန်၍မရချေ။ ထို့ကြောင့်ခေါ်တော်မူခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်စေမည့် တရားထောက်ခြင်း၌ ကလေးသူငယ်များစိတ်ဝင်စားစွာ ပါဝင်လာနိုင်ရန် မိဘများ၊ ဘုန်းတော်ကြီးများ၊ တာဝန်ရှိဓမ္မဆရာများတို့ အနေဖြင့် လမ်းညွှန်ကူညီသင်ပြပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


သြဂက်စတင်း စည်သူ (စိန်ဂျိုးဇက်-ဖယ်ခုံ)

No comments:

Post a Comment