Sunday, 13 October 2013

၂၈ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းအစွမ်းကို လူမျိုးတကာတို့အား ဖော်ထုတ်ပြသလေပြီ။
ပထမကျမ်းစာ၌ ဂျူးလူမျိုးမဟုတ်သော စစ်သူကြီးနာမာန်သည် ဘုရားသခင်၏ပရော်ဖက်ဧလိရှအားဖြင့် ၎င်း၏အနူရောဂါမှ ပျောက်ကင်းစင်ကြယ်ခြင်းကျေးဇူးတော်ခံရကြောင်း တွေ့ရှိရပါတယ်။ ထိုနောက် နာမာန်သည် အိစ္စရာအဲလ်လူမျိုးတို့၏ဘုရားမှတစ်ပါး အခြားမည်သည့်ဘုရားမှ မရှိကြောင်းလက်ခံကာ ကျေးဇူးတော်ကိုချီးမွမ်းကြောင်း တွေ့ရှိရပါတယ်။ သို့သော် နာမာန်အား ကုသခြင်းအကြောင်း ဆက်လက်ဖတ်ရှု့သော်- နာမာန်ပေးသော လက်ဆောင်များကို ဧလိရှသည်ငြင်းပယ်ခဲ့သဖြင့် ဧလိရှ၏တပည့်ဖြစ်သူ ဂေဟာစီသည် လောဘစိတ်ဖြင့် လိမ်ညာလှည့်ဖျားကာ ထိုလက်ဆောင်များကို ရယူခဲ့ပါတယ်။ ထိုကြောင့် နာမာန်၏အနူရောဂါသည် ဂေဟာစီထံသို့ရောက်သွားပြီး ဂေဟာစီဟာ အနူစွဲသူတစ်ဦး ဖြစ်လာခဲ့ရကြောင်း ဖတ်ရှု့ရမည်ဖြစ်ပါတယ်။

ထိုနည်းတူ ဧ၀ံတရားတော်မှာလည်း အနာကြီးရောဂါသည်ဆယ်ဦးကို သခင်ခရစ်တော်က ကုသကြောင်း ဖတ်ရှု့ရပါတယ်။ ထိုနောက် ထိုဆယ်ယောက်သော အနာကြီးရောဂါသည်များအားလုံး ပျောက်ကင်းချမ်းသာ ရကြသော်လည်း ဂျူးလူမျိုးမဟုတ်သည့် ဆာမာရိတန်တစ်ဦးတည်းသာ ခရစ်တော်ဆီပြန်လှည့်လာ၍ ခရစ်တော်အား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ထိုနောက် စိတ်ဝင်စားဖွယ်တစ်ခုမှာ သခင်ခရစ်တော်က ထိုရောဂါပျောက်ကင်းပြီးသား ဆာမာရိတန်အား သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီဟု ထပ်မံမိန့်ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကုသခြင်းနှစ်ခုကို မှတ်သားရပါတယ်။ ပထမကုသခြင်းမှာ အားလုံးသော ဆယ်ယောက်ကို ခန္တာစင်ကြယ်ဖို့ ကုသလိုက်တာဖြစ်ပြီး ဒုတိယကုသခြင်းမှာ ကယ်တင်ခြင်းဟူသော ၀ိညာဉ်ကုသခြင်းကို ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ မှတ်သားဖွယ်တရားက (Transfer) ပြောင်းခြင်းနှင့် (Transform) အတွင်းသာန် ပြောင်းလဲခြင်းပါ။ ကျွန်ုပ်တို့တတွေအများစုဟာ ဤပြောင်းခြင်းနှင့် အတွင်းသာန်ပြောင်းလဲခြင်းကို သတိမထားမိတတ်ကြပါဘူး။ တခါတရံ မိမိသာကုသခြင်းခံယူလိုပြီး အခြားသူများ အထူးသဖြင့် မိမိမနှစ်မြို့သူလည်း ကုသခြင်းခံရတဲ့အခါ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ စိတ်ဆင်းရဲရရှာပါတယ်။ ဒီထက်ပိုဆိုးတာက မိမိရဲ့ရောဂါကို ပျောက်ကင်းစေတာထက် အခြားသူဆီကိုရောက်စေချင်ကြပါတယ်။ Transfer ပြောင်းစေတာကြပါ။ သို့သော်လည်း မိမိဟာ Tranform အတွင်းသာန်ပါ ပြောင်းလဲခံရမည်ဆိုလျှင် မိမိ၏ဘုရားသခင်ကိုချစ်တတ်လာသလို၊ မိမိနှင့်နီးစပ်သူများကိုလည်း ချစ်တတ်လာမှာဖြစ်ပါတယ်။ စစ်သူကြီးနာမာန် ဂျော်ဒန်မြစ်ထဲမှာ ခုနှစ်ခါရေငုတ်ပြီးပေါ်လာသလိုပဲ ကလေးငယ်လေးလို ဖြစ်နေလို့ပါပဲ။ သံမာတေဦး (၁၈း၃)မှာ ခရစ်တော်က ကျွန်ုပ်တို့တတွေဟာ ကလေးသူငယ်လိုမပြောင်းလဲလျှင် ကောင်းကင်နိုင်ငံကို ၀င်နိုင်ကြမည်မဟုတ်ဘူးလို့မိန့်ဆိုထားပါတယ်။ ကလေးငယ်ဆိုတာ ရိုးသားဖြူစင်ပါတယ်။ ကျွန်ုပ်တို့တတွေ အသက်အရွယ်ရလာတာနှင့်အမျှ ဒီဖြူစင်ရိုးသားမှု့တွေပျောက်ကင်းလာကြပါတယ်။ ဒါကြောင့် အတွင်းသာန်ပြောင်းလဲခြင်းခံရဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့တတွေ ဒီလိုအတွင်းသာန်ပြောင်းလဲခံရဖို့ အဆင်သင့်ဖြစ်နေကြပြီလား၊ မိတ်ဆွေ။

ယနေ့ဖတ်ရှု့ရသည်ကျမ်းများမှာ ဘုရားသခင်၏ကယ်တင်ခြင်းအစွမ်း၊ သတင်းကောင်းဟာ လူမျိုးတစ်စုတည်း အတွက်သာ ကန့်သပ်ထားသည်မဟုတ်ဘဲ အားလုံးအတွက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့တတွေ ကျမ်းစာနှင့်အသင့်သင့်ရင်းနှီးမည်ဆိုလျှင် သခင်ခရစ်တော်က ဂျူးလူမျိုးတွေကိုသာ ကုသပေးခြင်း၊ ကယ်တင်ခြင်းချမ်းသာပေးခြင်းမဟုတ်ဘဲ၊ ဆာမာရိတန်၊ လူတစ်ရာတပ်မှုး၏ယုံကြည်ခြင်းဖြင့် ၎င်း၏အစေခံကို ကုသပေးခြင်း၊ ကာနန်အမျိုးသမီး၏သမီးငယ်အား ကုသပေးခြင်း၊ စသဖြင့်သော လူမျိုးခြားတွေကိုပါ ကယ်တင်ခြင်းကျေးဇူးတော်ကိုသွန်းလောင်းပေးကြောင်း မှတ်သားရပါလိမ့်မယ်။ ထို့အပြင် တပည့်တော်ကြီးများကိုလည်း သူ၏နာမတော်၌ တကမ္ဘာလုံးကို သတင်းကောင်းဟောဖို့ မိန့်ဆိုခဲ့တာကိုလည်း မှတ်သားရပါလိမ့်မယ်။ ထိုကြောင့် ဒီနေ့ ခရစ်တော်နောက်ကိုလိုက်နေကြသော ကျွန်ုပ်တို့ခရစ်ယာန်တွေဟာ ဤသတင်းကောင်းကို မိမိအသိုင်းအ၀ိုင်း၌သာဝေငှရမှာမဟုတ်ဘဲ အားလုံးသောသူများနှင့် ဝေငှဟောပြော ကြရမှာဖြစ်ပါတယ်။  ဒီတော့ ခရစ်ယာန်ဆိုလျှင် တကမ္ဘာလုံးဆိုင်ရာဖြစ်နေရပါမယ်။ သင့်အသိုင်းအ၀ိုင်းအတွင်းမှာပင် အမြင်ကျဉ်းကျဉ်းမထားရပါဘူး။ ထိုကြောင့် တကမ္ဘာလုံးဆိုင်ရာဟူ၍ ခရစ်ယာန်တွေကို ကက်သလစ်အဖြစ် အန်တီအု့ခ်မြို့မှာ စတင်ခေါ်ဆိုခဲ့တာကိုလည်း မှတ်သားထားသင့်ပါတယ်။ ကက်သလစ်ဆိုသည်မှာ တကမ္ဘာလုံးဆိုင်ရာ ဖြစ်ပါတယ်။ 

ကျွန်ုပ်တို့တတွေလည်း ခရစ်တော်ထံမှ ခန္တာဝေဒနာပျောက်ကင်းရုံမဟုတ်ဘဲ ၀ိညာဉ်ကုသခြင်းပါ ခံယူရင်း မိမိကိုယ်ကိုခရစ်ယာန်ပါဟူ၍ တကမ္ဘာလုံးဆိုင်ရာကက်သလစ်အဖြစ် ကောင်းကင်နိုင်ငံတော်၏ သတင်းကောင်းကို အားလုံးသောသူများအား ဟောပြောသက်သေခံနိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)


No comments:

Post a Comment