Wednesday, 30 October 2013

၁၀ကြိမ်မြောက် ကမ္ဘာ့အသင်းတော်ကြီးများအစည်းအဝေးကြီးကို တောင်ကိုးရီးယားမှာ ပြုလုပ်

၁၀ကြိမ်မြောက် ကမ္ဘာ့အသင်းတော်ကြီးများအစည်းအဝေးကြီး (WCC) ကို တောင်ကိုးရီးယားရှိ ဘူဆန်ပြည်နယ်တွင် အင်္ဂါနေ့က ဖွင့်လစ်စတင်လိုက်ပါတယ်။ အသင်းတော်ဝင် ၃၅၀မှ ကိုယ်စားလှယ် ၄၀၀၀ ခန့်တက်ရောက်ပြီး “ဘုရားသခင်၏ဘ၀အသက်တာ၊ တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးဆီသို့ ဦးဆောင်ပါ။” ဟူသော ခေါင်းစီးဖြင့် ဆွေးနွေးပွဲတွင် ပါဝင်လျက်ရှိကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဆိုင်ရာ ခရစ်ယာန်များစည်းလုံးညီညွတ်ရေးကောင်စီ၏ အတွင်းရေးမှုးဖြစ်သည့် ဆရာတော်ကြီး ဘရိုင်ယာဖာရဲလ်က ဦးဆောင်မှု့ပြုပြီး ကက်သလစ်အသင်းတော်မှ ကိုယ်စားလှယ် ၂၀ တက်ရောက်နေကြောင်းသိရှိရပါတယ်။ အစည်းဝေးပွဲကြီး၏ ဥက္ကဌဖြစ်သူ ကာဒီနယ်ကြီး ကာကော့ခ်မှ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ သတင်းကောင်းသ၀န်လွှာကို သယ်ဆောင်လာခဲ့ပါတယ်။
ကက်သလစ်အသင်းတော်သည် ယခုကျင်းပနေသည့် ကမ္ဘာ့အသင်းတော်ကြီးများအဖွဲ့အစည်း (WCC) ၏ အပြည့်အ၀ အဖွဲ့ဝင်မဟုတ်ပါ။ သို့သော်လည်း ယခုလို ၇နှစ် တကြိမ်ကျင်းပနေသည့် အစည်းဝေးပွဲတွင် ပါဝင်တက်ရောက် နေပါတယ်။

ဗာတီကန်ရေဒီယိုဌာန၏ အင်တာဗျူးမှာတော့ ဆရာတော်ကြီးဘရိုင်ယာက “ ယခုတွေ့ဆုံပွဲ၏ ခေါင်းစီးမှာ ကမ္ဘာ့အသင်းတော်ကြီးများအဖွဲ့အစည်း (WCC)၏ လှုပ်ရှားမှု့နှင့်လုပ်ဆောင်မှု့များ၏ ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။ ဒါတွေဟာ ဆက်ကပ်မှု့ဘ၀တွေပါပဲ” ဟုဖြေဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့ထိ ကြာမြှင့်မည့်အခုအစည်းအဝေးပွဲသည် ခရစ်ယာန်အားလုံးဆိုင်ရာ ဆွေးနွေးပြောဆိုမှု့များလည်း ပါဝင်မည်ဖြစ်သည်ဟု သိရပါတယ်။

ဆရာတော်ကြီး ဘရိုင်ယာ၏ ကောက်ချက်မှာ - ကျွန်ုပ်တို့၏ပထမ ရည်မှန်းချက်မှာ ခရစ်ယာန်များစည်းလုံးညီညွတ်ရေးစိတ်ဓါတ်ကို လူတစ်ဦးချင်းရှေ့မှာ ထိန်းသိမ်းထားဖို့ဖြစ်ပြီး လူတစ်ဦးချင်းစီအား ၎င်းဟာလုံးဝအရေးကြီးကြောင်း သတိပေးဖို့ဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ကိုယ်တိုင် ကြိုက်နှစ်သက်လို့ လုပ်နေရတဲ့အလုပ်မျိုးဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ အသင်းတော်ကြီး၏ ဘ၀အစိတ်အပိုင်းဖြစ်ပြီး အသင်းတော်ကောင်းမြတ်ဖို့ပဲ ဖြစ်ပါတယ်။

မနောအောင်


Monday, 28 October 2013

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံ


AGI သတင်းဌာန၏အဆိုအရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာ့ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံကာ အာရှနှင့်ပေါင်းကူးတံတားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထိုတွေ့ဆုံခြင်းဟာ တနင်္လာနေ့မှာ ဖြစ်ပါတယ်။

တိုင်းမ်သတင်းစာအရ ဤတွေ့ဆုံခြင်းဟာ မှတ်သားဖွယ်ရာ နောက်ဆက်တွဲများ ဖြစ်ပေါ်လာမည့် သမိုင်းဝင်တွေ့ဆုံမှု့ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါတွေဟာ ချက်ချင်းပြောင်းလဲမည်ဟု မဆိုနိုင်သော်လည်း နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု့အဆင့်တွေမှာ တကယ့်ကို မှတ်သားဖွယ်ရာတွေ ဖြစ်လာမည်ဟု ဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် မြန်မာ့ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်အား တနင်္လာနေ့တွင် လက်ခံတွေ့ဆုံကြောင်း သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ ဥရောပတခွင်ကို အလည်အပတ်ရောက်ရှိနေပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် an honorary citizen of Rome အဖြစ် ချီးမြှင့်ခံခဲ့ရပြီး ဖြစ်ပါတယ်။  ယခု ပုပ်ရဟန်းမင်းကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏တွေ့ဆုံခြင်းဟာ အင်မတန်မှ လှိုက်လှိုက်လှဲလှဲရှိပါတယ်။ ၎င်းတို့၏တွေ့ဆုံခြင်းတွင် ယဉ်ကျေးမှု့တွေ့ဆုံခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဖြစ်ခဲ့ကြသည်ဟု သိရပါတယ်။ ဤအကြောင်းအရာအား ပုပ်ရဟန်းမင်းကြီးသည် အင်မတန် တန်ဖိုးထားလှသည်ဟု သိရှိရပါတယ်။

ဖာသာရ်လွန်ဘာဒီ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာအပြည့်ရှိပြီး အင်မတန်အရေးပါတဲ့သူ အဖြစ် ဖော်ကြူးထားပါတယ်။ ထို့အပြင် တမန်တော်ကြီးများနန်းတော်မှာ ပြုလုပ်သည့်တွေ့ဆုံမှု့မှာလည်း အင်မတန်မှ ပြတ်သားမှု့ပေါ်လွင်လှသည်ဟု သိရှိရပါတယ်။


မနောအောင်
(ဓါတ်ပုံအား ခွန်ဒီးယမ်မှ ကူးယူသည်။)

Sunday, 27 October 2013

၃၀ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ဆုတောင်းခြင်းပြုသည့်အခါ -

ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်တွင် မိမိကိုယ်ကိုဖြောင့်မတ်သည်သောသူဟု ခံယူလျက် တစ်ပါးသူတို့ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ရည်ရွယ်၍ ခရစ်တော်က ဖာရီဇေဦးနှင့် အခွန်ခံသူ၏ပုံဥပမာကို မိန့်ဆိုထားပါတယ်။ ဖာရီဇေဦးဆိုသည်မှာ အများတကာက ဖြောင့်မတ်သူဟူ၍ ကြည်ညိုလေးစားခြင်းခံရသူ တစ်ဦးဖြစ်ပြီး အခွန်ခံသူမှာ အများတကာက အပြစ်သားဟု သတ်မှတ်ထားသူ၊ ဖြောင့်မတ်ခြင်းမရှိသူဟူ၍ ထင်မြင်ခံရသူဖြစ်ပါတယ်။ အများတကာအမြင်မှာ ထိုနှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦးလုံးဝဆန့်ကျင့်ဘက်ဖြစ် ပါတယ်။ သို့သော်လည်း ခရစ်တော်က ထိုခြားနားသူနှစ်ဦးတို့အကြားရှိ အတွင်းစိတ်နှလုံးခြားနားမှု့ကို သာဓကထား၍ တစ်ပါးသူအား မပုပ်ခပ်ဘဲ မိမိ၏စိတ်နှလုံးကို ဖြောင့်မတ်ခြင်း၌ တည်ထားရန်၊ ထို့အပြင် မိမိဟာ အပြစ်သားဖြစ်နေလျှင်လည်း မိမိကိုယ်ကိုသိ၍ ဘုရားသခင်ဆီမှာ နှိမ့်ချစွာတောင်းလျှောက်လျှင် မိမိတို့၏အပြစ်ဟာ ခွင့်လွတ်ခြင်းချမ်းသာရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

မိတ်ဆွေ၊ ဘယ်လိုဆုတောင်းမေတ္တာမျိုးဟာ ဘုရားသခင်ကို ကျေနပ်နှစ်သက်စေပါသလဲ။ ကျွန်ုပ်တို့တတွေ ဆုတောင်းသည့်အခါလည်း ဘုရားသခင်ကိုကျေနပ်နှစ်သက်စေပါသလား။ လိုချင်တာကို တောင်းသလား၊ လိုအပ်တာကိုတောင်းသလား။ ဖြစ်သင့်တာကိုတောင်းဆိုသလား၊ ဖြစ်ချင်တာ- ဖြစ်စေချင်တာတွေကို တောင်းသလား။ ဆုတောင်းခြင်းဆိုတာ ကျွန်ုပ်တို့အားလုံးရဲ့ကောင်းကင်ရှိ ခမည်းတော်နှင့် အဆက်အသွယ်၊ ဆက်နွယ်မှု့ပြုလုပ်ခြင်းဖြစ်တယ်- စကားပြောဆိုခြင်းဖြစ်တယ်ဟု ဆိုပါတယ်။ ဒီလို ကောင်းကင်ရှိ ခမည်းတော်နှင့်အဆက်အသွယ်၊ ဆယ်နွယ် စကားပြောဆိုတဲ့အခါ မိမိရဲ့အခြေအနေနဲ့ မိမိအကြောင်း နှိမ့်ချစွာ ပြောဆိုတောင်းလျှောက်သလား၊ ဒါမှမဟုတ် သူတစ်ပါးကိုပဲ အပြစ်တင်ကဲ့ရဲ့ပြီး ခမည်းတော်ဆီမှာ ဒဏ်ခပ်စေဖို့၊ အတင်းပြောနေသလား။ ဒါတွေကို စဉ်းစားထောက်ရှု့ဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့လူသားတွေဟာ မိမိကိုယ်ကို မှန်တဲ့ဘက်မှာရပ်တည်နေသည်ဟု မှတ်ယူနေတတ်ကြတာ သဘာဝပင်ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို မှန်တဲ့ဘက်မှာရပ်တည်နေတယ်ဆိုတာကို အခြားသူတစ်ဦးဦးနှင့် နှိုင်းယှဉ်ပြီး ထုတ်ဖော်တတ်ကြပါတယ်။ ဒီနေ့ ခရစ်တော်ပေးသည့် ပုံဥမာထဲမှာလည်း ဖာရီဇေဦးဟာ မိမိကိုယ်ကို မှန်ကန်သည့်ဘက်၊ ဖြောင့်မတ်သည့်ဘက်မှာရှိနေသည်ဟု အခြားသူများ၊ အခွန်ခံသူနှင့် နှိုင်းယှဉ်၍ ဖော်ထုတ်နေတာဖြစ်ပါတယ်။ သို့သော်လည်း အခွန်ခံသူမူကား သူသည် မှန်ကန်သည့်ဘက်၊ ဖြောင့်မတ်သည့်ဘက်မှာရှိနေ၊ မရှိနေဆိုတာကို ဘုရားသခင်နှင့် နှိုင်းယှဉ်၍ ဖော်ထုတ်ပါတယ်။ ထိုသူနှစ်ဦး၏ ဖော်ထုတ်မှုမှာ ဖာရီဇေဦးဟာ မိမိထက်နိမ့်ကျသူ၊ အများတကာက အပြစ်သားများဟု လက်ခံထားသူများနှင့်နှိုင်းယှဉ်၍ သူဟာ အလွန်ဖြောင့်မတ်သည်ဟု မြင်မိကာ မိမိကိုယ်ကို မြှောက်ပင့်ပါတော့တယ်။ ၎င်း၏ဆုတောင်းမေတ္တာဟာလည်း ဘုရားသခင်ရှေ့မှာ ကြွားဝါခြင်းသက်သက်သာ ဖြစ်နေပါတယ်။ အခွန်ခံသူ၏ ဖော်ထုတ်မှုမှာတော့ သူဟာ အရာအားလုံးထက် မှန်ကန်သူ၊ ဖြောင့်မတ်သူဖြစ်တဲ့ ဘုရားသခင်နှင့် နှိုင်းယှဉ်သောကြောင့် မိမိကိုယ်ကို မိမိဘယ်လောက်အပြစ်သားဘ၀၊ မဖြောင့်မတ်တဲ့ဘ၀မှာ ရှိနေသလဲဆိုတာ အတိုင်းသာပေါ်လွင်ကြောင်း သူ့ကိုယ်သူသိရှိလိုက်ရပါတယ်။ ဒီတော့ သူဟာ မိမိအပြစ်ကို ၀န်ချတောင်းပန်ပြီး ဖြောင့်မတ်သန့်ရှင်းခွင့်ကို တောင်းလျှောက်နိုင်ခဲ့ပါတယ်။

ဆုတောင်းမေတ္တာဆိုတာ ကိုယ့်ဖခင်ကို ယုံကြည်မှု့အပြည့်နဲ့ အရာရာကို အပ်နှံရဲသည့် ကလေးငယ်လို ပြုမူခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဖခင်ပေါ်မှာယုံကြည်မှု့အပြည့်ရှိ၍ ဘာပဲဖြစ်ဖြစ် ရဲရဲအပ်နှံခြင်းဟာ ကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းပါပဲ။ ဒါကြောင့် ဆုတောင်းခြင်းရလာဒ်ဟာလည်း ကျွန်ုပ်တို့အပေါ်မှာ မူတည်နေတာမဟုတ်ဘဲ ဖခင်ဖြစ်တဲ့ ကောင်းကင်ရှိ ထာဝရဘုရားသခင်အပေါ်မှာသာ မူတည်ပါတယ်။ သံမာတေဦး (၇း၁၁)မှာ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ဖခင်သည် မိမိထံတောင်းလျှောက်သူတို့အား ကောင်းသောအရာများကို ဆထက်တပိုးပေးမည်ဟု ခရစ်တော်မိန့်ခဲ့ပါတယ်။ ဆုတောင်းမေတ္တာစစ်စစ်ဟာ ဘုရားသခင်၌  အာရုံထား၍ မိမိ၏အဖြစ်၊ အပြစ်များအားလုံးကို နှိမ့်ချသော စိတ်ဖြင့် ၀န်ချတောင်းပန်ရင်း ယခင်လိုသန့်ရှင်းဖြောင့်မတ်တဲ့ ဘ၀နှင့် ဆက်လက်နေနိုင်ရန် ခွန်အားတောင်းယူနိုင်ရမှာဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲများကိုလည်း ကိုယ့်ဖခင်ပေါ်မှာ ယုံကြည်မှု့အပြည့်နဲ့ အပ်နှံအားကိုးရင်း ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။ ဆုတောင်းမေတ္တာစစ်စစ်မှာ တန်ခိုးအစွမ်းတွေရှိပါတယ်။ မိမိထင်ထားတာထက် ပိုပြီးစွမ်းပါတယ်။ သို့သော်လည်း မိမိကိုယ်ကို စစ်မှန်တဲ့ဘက်မှာ၊ မှန်ကန်သည့်ဘက်မှာ၊ ဖြောင့်မတ်သည့်ဘက်မှာ ရပ်တည်နေခြင်း၊ မနေခြင်းကို သင်ဘယ်လိုနှိုင်းယှဉ်သလဲဆိုတာပေါ်မှာလည်း အများကြီးမူတည်နေပါလိမ့်မယ်။ ဘုရားကျောင်းထဲသွားတိုင်း သင်နှင့်ကျွန်ုပ် ဆုတောင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားကျောင်းသွားရုံမကဘဲ ဘုရားကျောင်းထက် နက်ရှိုင်းသည့်နေရာ ခမည်းတော်ဘုရား၏ ရင်ခွင်ထိအောင်သွားရမှာ ဖြစ်ပါတယ်။ သို့မှသာ သင်နှင့် ကျွန်ုပ်ဟာ ကောင်းကင်ရှိဖခင်နှင့် အဆက်အသွယ်၊ ဆက်နွယ်စကားပြောဆိုနေမိမှာဖြစ်ပါတယ်။ ထိုသို့ပြုနိုင်မှသာ ကျွန်ုပ်တို့ဟာ ဆုတောင်းသည်ဟု ဆိုနိုင်ပါလိမ့်မယ်။

ကျွန်ုပ်တို့တတွေ မှန်ကန်သည့်ဘက်၊ ဖြောင့်မတ်သည့်ဘက်မှာ ရပ်တည်နေလား၊ မနေလားဆိုတာကို အတွင်းကျကျ ကိုယ်တော်နှင့်သာနှိုင်းယှဉ်၍ မိမိတို့၏နိမ့်ကျသည့်အဖြစ်ကို မြင်ကာ နောင်တသံဝေဂနှင့် အပြစ်ခွင့်လွတ်ခြင်းတောင်းခံရင်း ကောင်းကင်ရှိ ကျွန်ုပ်တို့၏ဖခင်ထံ အစဉ်မပြတ်ဆုတောင်းသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Tuesday, 22 October 2013

ဟားခါးသာသနာ ဆရာတော်ခန့်အပ်ခြင်း

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ နေ့စွဲဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဟားခါးသာသနာ၏ အထွေထွေကိုယ်စားလှယ် နှင့် ဟားခါးကက်သီဒြယ်၏ ကျောင်းထိုင်ဘုန်းတော်ကြီး၊ လေးစားအပ်ပါသော ဘုန်းတော်ကြီး Lucius Hre Kung (ဟားခါးသာသနာ) အား ဟားခါးသာသနာ၏ ဆရာတော်အဖြစ် ခန့်အပ်လိုက်ပါသည်။ 

ဤဆရာတော်အသစ်အား ၁၉၅၉ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဟားခါးသာသနာရှိ နှရိန်သာသနာအုပ်စု၌ မွေးဖွားခဲ့ပါသည်။ အခြေခံမူလတန်းကျောင်းအဆင့်ကို အောင်မြင်စွာပြီးဆုံးပြီးနောက် မန္တလေး အခြေခံရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ ထိုနောက် ဒဿနဗေဒနှင့် ဓမ္မသင်္ဂြိုလ်ဗေဒကို မန္တလေးနှင့် ရန်ကုန်ရှိ ကက်သလစ်မေဂျာ ရဟန်းဖြစ်သင်ကျောင်းကြီးများတွင် လေ့လာခဲ့ပါသည်။ ၁၉၈၉ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ရဟန်းသိက္ခာခံယူရရှိခဲ့ပြီး ဟားခါးသာသနာ၏ရဟန်းတစ်ပါး ဖြစ်လာခဲ့သည်။ ထိုနောက် ၁၉၈၉-၁၉၉၇ ခုနှစ်အထိ တီးတိန်သာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်ကောင်း၊ ၁၉၉၇-၂၀၀၆အထိ နှရိန်သာသနာအုပ်စု၏ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်ကောင်း၊ ၂၀၀၆-၂၀၁၀အထိ ဟားခါးသာသနာအတွင်းရှိ Forania ၏ကိုယ်စားလှယ်အဖြစ်လည်ကောင်း၊ တချိန်တည်းမှာပင် ၂၀၀၆ ခုနှစ်မှစ၍ ကက်သီဒြယ်ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ကာ ၂၀၁၀ခုနှစ်တွင် ဟားခါးသာသနာ၏အထွေထွေကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည်။

ဟားခါးသာသနာသစ်
ဟားခါးသာသနာသစ်သည် ခန့်မှန်းခြေအရ ၁၀၆၂၃.၈၄ စတုရန်းမိုင်ကျယ်ဝန်းပြီး မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွင်တည်ရှိသည်။ အိမ်နီးချင်းနိုင်ငံ အိန္ဒယနှင့် နယ်နိမိတ်ချင်းနီးစပ်ကာ လတ္တီကျူ့ ၉၃.၆နှင့် ၉၄.၂၆ မိနစ်၊ လောင်တီကျူ့ ၂၀.၃၈နှင့် ၂၃.၇ မိနစ်တို့အကြားတွင် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀မှ ၆၁၂၀အထက်တွင် တည်ရှိပါသည်။
ဟားခါးသာသနာသည် ၁၉၉၂ခုနှစ်တိုင်အောင် မန္တလေးသာသနာ၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ် (၂)မှ လက်ထောက်ဆရာတော်နှင့်အတူ သာသနာအသစ်ကို မှတ်တည်ခဲ့ပါသည်။ ထိုနောက် ၁၉၉၃ ခုနှစ် မတ်လ ၂၁ရက်နေ့တွင် ဟားခါးသာသနာအသစ်ကို တည်ထောင်ခဲ့သည်။

ဟားခါးသာသနာအတွင်း လူဦးရေ ၇၁၈၉၄၈ နေထိုင်ပြီး ဒေသ၏ သုံးပုံနှစ်ပုံမှာ တောင်ပေါ်နှင့် တောင်တန်းများတွင်နေထိုင်ကြပြီး လူအများစုမှာ ချင်းတောင်တန်းလူမျိုးများဖြစ်ကြသည်။

အစိုးရစီမံခန့်ခွဲမှု့ပေါ်မူတည်ပြီး ဟားခါးသာသနာကို နယ်ကြီး ၅ ခုခွဲထားပါသည်။ ၎င်းတို့မှာ ဟားခါး၊ မင်းတပ်၊ ဖလန်း၊ ချောင်းခွနှင့် နှရိန်တို့ဖြစ်ကြသည်။ ဟားခါးသာသနာနယ်ကြီးလက်အောက်တွင် သာသနာအုပ်စု ၈ ခုရှိပြီး မင်းတပ်သာသနာနယ်ကြီးလက်အောက်တွင် သာသနာအုပ်စု ၁၆ခုရှိသည်။ ထိုနောက် ဖလန်းသာသနာနယ်ကြီးလက်အောက်တွင် သာသနာအုပ်စု ၆ခုရှိပြီး နှရိန်သာသနာနယ်ကြီးလက်အောက်တွင် သာသနာအုပ်စု ၆ ခုနှင့်  ချောင်းခွသာသနာနယ်ကြီး လက်အောက်တွင် သာသနာအုပ်စု ၄ ခုရှိသည်။ စုစုပေါင်း သာသနာအုပ်စု ၄၀ နှင့် သာသနာအုပ်စုခွဲ ၂ ခုရှိသည်။ 

မနောအောင် 

Saturday, 19 October 2013

၂၉ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

စိတ်အားမလျော့ဘဲ အစဉ်ဆုတောင်းကြလော့။

ဖတ်ရှု့ရသည့် ရှင်လုကာ ဧ၀ံဂေလိတရားတော်တွင် မုဆိုးမနှင့်မတရားသော တရားသူကြီးပုံဥပမာကို ပေး၍ ခရစ်တော်က ကျွန်ုပ်တို့အား ဇွဲရှိရှိနှင့် အစဉ်မပြတ်ဆုတောင်းနေရမည်ဖြစ်ကြောင်း သွန်သင်ထားပါတယ်။ ထိုပုံဥပမာထဲမှာ တရားသူကြီးဟာ ဘုရားကိုလည်းမကြောက်၊ လူ့မျက်နှာကိုလည်း မထောက်ထားသည့် မောက်မာပြီး မတရားသောတရားသူကြီးအဖြစ် ဖော်ပြထားပြီး တဖက်မှာလည်း လူ့ပတ်ဝန်းကျင်၏ အနိမ့်ကျဆုံးသော၊ အားကိုးရာမဲ့လွန်းသောအခြေနေမှ မုဆိုးမတစ်ဦးကို ဖော်ပြထားပါတယ်။ မုဆိုးမဟာ အဆင့်အတန်းလည်းမရှိ၊ အောက်ခြေတန်းစားဖြစ်နေသည့်အတွက် သူမ၏အမှု့ကိုတရားမျှတအောင် စီရင်ပေးရန် ထိုတရားသူကြီးအား တောင်းဆိုသော်လည်း ဂရုစိုက်ခြင်းပင် မပြု။ သို့သော်လည်း ထိုမတရားသော တရားသူကြီးပင် နောက်ဆုံးတော့ မုဆိုးမ၏ ခဏခဏနားပူနားဆာလုပ်တာကို မခံနိုင်လွန်းလို့ သူမအမှု့ကို စီရင်ပေးခဲ့သည်ဟု ပုံဥပမာမှာ ဆိုထားပါတယ်။ ထိုနောက် ခရစ်တော်၏မေးခွန်းက- ထိုမတရားသော တရားသူကြီးပင် နားပူနားဆာဒဏ်ကို မခံနိုင်၍ တောင်းဆိုမှု့ကိုလိုက်လျောခဲ့လျှင် ကျွန်တော်တို့ကို အလွန်ချစ်သူတစ်ဦး၊ ခမည်းတော်ဘုရားဆိုလျှင် ကျွန်တော်တို့တောင်းဆိုမှု့ကို ချက်ချင်းပင် လိုက်လျောမည်ဖြစ်ကြောင်း သွန်သင်ထားပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် မကြာခဏ ဆုတောင်းဖူးပါတယ်။ ဆုတောင်းမေတ္တာများ ပြည့်ဖူးတာရှိသလို မပြည့်ခဲ့တာတွေနဲ့လည်း ကြုံဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တတွေ စိတ်အားလျော့ပြီး ဆုတောင်းခြင်းကို ရပ်ပစ်ခဲ့သလား။ ဆက်လက်ဆုတောင်းသလားဆိုတာတော့ ကိုယ်တိုင်သာ အသိဆုံးတွေပါ။

လူအများစုက ဆုတောင်းတယ်ဆိုတာကို အခြေခံကျကျလောက်ပဲ သိကြပါတယ်။ ခံယူထားကြတယ်။ လိုချင်တဲ့အရာတစ်ခုခုကို လိုချင်တဲ့အချိန်ရောက်မှ၊ လိုအပ်လာသည့်အချိန်မှ သာမန်အားဖြင့် ဘုရားဆီမှာ ဆုတောင်းလေ့ရှိကြပါတယ်။ ဒါမှမဟုတ် မိမိအစွမ်းနှင့်မတတ်နိုင်သည့်အရာကို ရယူလိုသည့်အခါ၊ အောင်မြင်ပြီးမြောက်လိုသည့်အခါ မိမိတို့ထက် အစွမ်းသာတဲ့သူဆီမှာ ချည်းကပ်မယ်- တောင်းလျှောက်မယ်။ ဒါဟာ ဆုတောင်းခြင်းလို့ လူအများစုပြုလုပ်နေပါတယ်။ သို့သော်လည်း ခရစ်တော်သခင် သင်ကြားပေးသည့် ဆုတောင်းခြင်းအမှု့ဟာ ဒီထက်ပို၍ အနက်အဓိပာယ်နက်ရှိုင်းပါတယ်။ ဒီတော့ ကျွန်ုပ်တို့တတွေ ခရစ်တော်ကို အတုယူရင်း ကိုယ်တော်ဆိုလိုသည့် ဆုတောင်းခြင်းအမှု့ဆိုတာ ဘယ်လိုမျိုးလဲလို့ ကမ္မဌာန်းထောက်ရှု့ စဉ်းစားကြည့်ကြပါစို့။

ဓမ္မသစ်ကျမ်းစာတော်မြတ်မှာ သခင်ခရစ်တော်ဟာဆုတောင်းခြင်း ပြုလုပ်ကြောင်းကို မကြာခဏ မှတ်တမ်းတင်ဖော်ပြထားတာကိုတွေ့ရပါတယ်။ တခါတလေ လူအများရှေ့မှာ ဆုတောင်းသလို၊ တခါတလေ လူအများကွယ်ရာမှာ တစ်ဦးတည်းဆုတောင်းလေ့ရှိပါတယ်။ သူ၏ဆုတောင်းမေတ္တာတွေကို ထောက်ရှု့ကြည့်မယ်ဆိုလျှင် တနည်းအားဖြင့် ခရစ်တော်ဟာ သူ၏ကယ်တင်ခြင်းလုပ်ငန်းနှင့် ရည်ရွယ်ချက်အတွက် ကောင်းကင်ရှိ အဖခမည်းတော်ဘုရားနှင့် စကားပြောဆက်သွယ်မှု့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်းစာတွင် ခရစ်တော်ဟာ ၂၅ကြိမ်ထက်မနည်း ဆုတောင်းခြင်း ပြုလုပ်ခဲ့သော်လည်း ဘယ်လိုဆုတောင်းလဲဆိုတာကိုတော့ ဖော်ပြခြင်းမရှိဘဲ ဂျေစမာနီဥယာဉ်ထဲမှာ အဖမ်းမခံမှီဆုတောင်းခြင်းပြုသည့်အချိန်မှ ခမည်းတော်ဘုရားနှင့် ခရစ်တော်စကားပြောခြင်းကို ဖော်ပြထားပါတယ်။ ထိုကြောင့် ဆုတောင်းခြင်းဆိုတာ ဘုရားသခင်နှင့်အမြဲဆက်သွယ်မှု့၊ ဆက်နွယ်မှု့ရှိနေဖို့ ပြုလုပ်ခြင်းဟု ကောက်ချက်ချနိုင်ပါတယ်။ ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံ အမြဲဆက်စပ်နေပါတယ်။ သို့သော်လည်း အပြစ်ကြောင့် ထိုဆက်စပ်ခြင်းဟာ ကွာဝေးစေရန်ဖြစ်လာပါတယ်။ အပြစ်ကိုရှောင်ပြီး ဖန်ဆင်းရှင်နှင့် ပြန်လည်နီးစပ်ဖို့အတွက် ဆုတောင်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ ခရစ်တော်ကိုယ်တိုင်လည်း ကျွန်ုပ်တို့အား ဆုတောင်းနည်းကို သွန်သင်ပေးခဲ့ပါတယ်။ ထိုခရစ်တော်သွန်သင်ပေးခဲ့သည့် ဆုတောင်းနည်းမှာ အနက်ရှိုင်းဆုံးက ဖန်ဆင်းရှင်ကို အဖဟု ခေါ်ဆိုခွင့်ရခဲ့တာပါပဲ။ အဖဟုခေါ်လိုက်ရသည်နှင့် ကျွန်ုပ်တို့နှင့် ဖန်ဆင်းရှင် ဘယ်လောက်နီးစပ်နေပြီလဲဆိုတာ ပေါ်လွင်စေပါတယ်။

ဆုတောင်းမေတ္တာဟာ ကျွန်ုပ်တို့ရဲ့ စိတ်နှင့်နှလုံးသားအား ဘုရားသခင်၊ ကောင်းကင်ဘုံမှ ကျွန်ုပ်တို့၏အဖထံမှာ လုံးဝဥဿုံမြှင့်တက်စေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ကောင်းကင်ဘုံက ကျွန်ုပ်တို့အဖထံမှာ ကောင်းမြတ်သည့်အရာတွေကို တောင်းလျှောက်ပြီး ခရစ်ယာန်ဘ၀အသက်တာကို အတတ်နိုင်ဆုံး ကြိုးစားကျင့်ကြံ နေထိုင်သွားဖို့ ဖြစ်ပါတယ်။ လူသည် အစားအစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှဖြင့်လည်း အသက်ရှင်ရသည် (မာတေဦး ၄း၎)။ ဆုတောင်းခြင်းပြုသည့်အခါ ကျွန်ုပ်တို့တတွေမှာ ယုံကြည်ခြင်းအပြည့်ပါဝင်နေရပါမည်။
ထိုကြောင့် ခရစ်တော်မိန့်ဆိုသည့် ‘စိတ်အားမလျော့ဘဲ အစဉ်ဆုတောင်းကြလော့’ ဆိုသည်မှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ကောင်းကင်ဘုံမှ အဖခမည်းတော်နှင့် အစဉ်ဆက်နွယ်နေဖို့၊ အစဉ်ဆက်သွယ်နေဖို့ မိန့်ဆိုခြင်းဖြစ်ပါတယ်။ လိုချင်တာထက် လိုအပ်တာကို တောင်းလျှောက်ဖို့ဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့အား အလုံးစုံသိတော်မူသော ကောင်းကင်ဘုံမှ အဖခမည်းတော်ဟာ တောင်းဆုဖြည့်ဆည်းပေးမှန် ဧကန်မုချပင်ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန်ဘ၀အသက်တာမှာ အပြည့်အ၀ရှင်သန်ရင်း ကောင်းကင်ဘုံမှ ကျွန်ုပ်တို့အားလုံး၏ဖခင်နှင့် ဆုတောင်းခြင်းပြုခြင်းအားဖြင့် အစဉ်ဆက်နွယ်၊ ဆက်သွယ်နေကြဖို့ ကြိုးစားသွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



Thursday, 17 October 2013

ပုပ်ရဟန်းမင်းကြီးသည် ဘာသာရေးခေါင်းဆောင်တိုင်း၏စံနမူနာဟု မူစလင်ခေါင်းဆောင်ကြီးပြောဆို

မိုဟာမက်ဘာရှား  အာရဖတ်သည် ဆီးရီးယားလူမျိုးဖြစ်ပြီး အမေရိကတွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀ကျော်ပါပြီ။ သူဟာ မေရီလန်းမူစလင်များရေးရာကောင်စီ၏လက်ရှိ ဥက္ကဌဖြစ်ပါတယ်။ ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းတွင် U.S. State Department's international speakers program ၏အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်သံတမန်ရုံး၏ကိုယ်စားပြု ဧည့်သည်တော်အဖြစ် ဗာတီကန်သို့ ရောက်ရှိလာခဲ့ပါတယ်။

ထိုမူစလင်ခေါင်းဆောင်ကြီးက ‘ပုပ်ရဟန်းမင်းကြီးသည် ချစ်ခြင်းမေတ္တာတရားနှင့် ကိုယ်ချင်းစာတရား၏ လှုံ့ဆော်မှု့ဖြင့် ကောင်းမြတ်သောအရှင်၏မျက်နှာကိုထောက်၍ ကောင်းသည့်အရာတွေကို ကြိုးစားလုပ်နေသူ’ ပါဟု ဆိုပါတယ်။


Catholic News Service နှင့်အင်တာဗျူးတွင် အာရဖတ်က ‘ကျွန်တော့်အမြင်ပြောရရင်တော့ ပုပ်ရဟန်းမင်းကြီး၏ လုပ်ရပ်တွေဟာ တကယ့်ကို ဘာသာရေးခေါင်းဆောင်များအတုယူသင့်သည့် လုပ်ရပ်တွေပါပဲ။ လူသားချင်းလေးစားစာနာမှုနှင့် တွေ့ဆုံဆွေးနွေးဖို့အတွက် အမြဲလမ်းဖွင့်ထားတာတွေဟာ တကယ့်ကို ထိရောက်မှု့ရှိပါတယ်’ ဟုဆိုပါတယ်။

ဆက်လက်ပြီး အာရဖတ်က ပုပ်ရဟန်းမင်းကြီး၏မေတ္တာတရားနှင့် openness ဟာ စိန်ဖရန်စစ်အာစီစီဆိုတဲ့ နာမည်ကိုရွေးချယ်မှု့မှာတင်ပေါ်လွင်နေတာမဟုတ်ဘဲ သူရဲ့လုပ်ရပ်တွေမှာလည်း ပေါ်လွင်နေပါတယ်။ ပြီးခဲ့တဲ့ဇူလှိုင်လအတွင်း အီတလီကျွန်းတစ်ခုဖြစ်တဲ့ လန်ပယ်ဒူဆာတွင် ပင်လယ်ပျောက်ဆုံးနေကြသော ရွေ့ပြောင်းနေထိုင်သူများအတွက်ဆုတောင်းပေးရင်း ကမ္ဘာ့ရွေ့ပြောင်းနေထိုင်သူများအတွက် reform လုပ်ဖို့ကမ္ဘာကြီးမြင်သာအောင် ပြသနိုင်ခဲ့သလို၊ ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တကမ္ဘာလုံးရှိ လူပေါင်းများစွာအား အစာရှောင်ခြိုးခြံခြင်းများပြုလုပ်ခြင်းနှင့် ဆုတောင်းကြရန် လှုံ့ဆော်ခဲ့ပါတယ်။
ကျွန်တော့်အမြင်ထပ်ပြောရရင် - ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှု့များ၊ စစ်ပွဲများရပ်ရေးနှင့် ပိပက္ခများရပ်ဆဲရေးအတွက် လုပ်ဆောင်မှု့များ၊ နားလည်မှု့တရားများ ပိုမိုရှိလာရန် ဆုတောင်းမှု့များမှာ အခုပုပ်ရဟန်းမင်းကြီး၏လုပ်တွေဟာ တကယ့်ကိုအံ့သြဖို့ကောင်းအောင်ပါပဲ။ ဤသည်ပင် စိန်ဖရန်စစ်အာစီစီနှင့် မူစလင်သူတော်စင်ကြီးများ၊ ကမ္ဘာအနှံ့ရှိစူဖီကြီးများ၏ ဆန္ဒနှင့် ပေးလိုတဲ့သတင်းကောင်းတွေပါပဲ။

စိန်ဖရန်စစ်ဟာ မူစလင်ကမ္ဘာနှင့်သဘောတူညီမှု့ရယူသူပါ။ ဘာလို့လဲဆိုတော့ သူဟာ မူစလင်ခေါင်းဆောင်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှု့ပြုနိုင်ခဲ့သူ ပထမဆုံးကက်သလစ် ခေါင်းဆောင်ဖြစ်လို့ပါပဲ။ ၁၂၁၉ ခုနှစ်တွင် ငြိမ်းချမ်းရေးယူနိုင်ဖို့အတွက် စိန်ဖရန်စစ်ဟာ အီဂျစ်စူတန် မာလိခ် အာ-ကာမီလ်နှင့် တွေ့ဆုံခဲ့ပါတယ်။
ထိုခေတ်လယ်ပိုင်းလိုပဲ ဒီနေ့ကမ္ဘာမှာရှိတဲ့လူတွေကြားမှာ တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်နိုင်ဖို့ လိုပါတယ်။ ဒါဟာ ယခုပုပ်ရဟန်းမင်းကြီးလုပ်နေတဲ့လုပ်ရပ်တွေပါပဲ။ ပုပ်ရဟန်းမင်းကြီးဟာ မှန်ကန်သည့်အသံနှင့် မှန်ကန်သည့်လုပ်ရပ်တွေကိုပြုလုပ်နေပြီး အချိန်မှန်နေရာမှန်ရှိနေသူဟု မြင်မိတယ်။
အာရဖတ်ထောက်ပြတာ တစ်ခုရှိပါတယ်- ဘုန်းတော်ကြီးများနှင့် မူစလင်ခေါင်းဆောင်များအတွက် သင်တန်းပေးနေသော ရဟန်းဖြစ်သင်ကျောင်းများနှင့် သင်တန်းတွေဟာ ဒီလိုတွေ့ဆုံဆွေးနွေးမှု့များနှင့် လေးစားမှု့များကိုမြှင့်တင်ပေးနိုင်သောသူများပေါ်ထွန်းလာဖို့ ပို၍သတိထားကာ စနစ်တကျ သင်တန်းပေးသင့်ပါတယ်။ သို့ပေမယ့်လည်း ဤအချက်ကို မူစလင်ဘက်မှာ လစ်ဟာနေသေးတာကို တွေ့ရပါတယ်။

ဆီးရီးယားအရေးနှင့်ပတ်သက်၍ အာရဖတ်က နိုင်ငံရေးဖြေရှင်းခြင်းနှင့် ပြန်လည်ကျေအေး သင့်မြတ်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ပြောဆိုခဲ့ပါတယ်။ တကယ်တော့ အစ္စလာန်ဟာပြသနာမဟုတ်ပါဘူး။ နိုင်ငံတစ်ခုနှင့် နိုင်ငံတကာတို့ရဲ့စိတ်ဝင်စားမှု့တွေက ပြသနာ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အစ္စလာန်ဟာာဏ်ပညာအကြောင်းဖြစ်ပြီး ဆုံးရှုံးမှု့တွေကို ဘယ်လိုလျော့ချရမလဲဆိုတာပါပဲ။ ပြီးတော့ အခြားဘာသာတရားများနှင့် အတူတကွနေနိုင်ဖို့ ဖြစ်ပါတယ်။ မူစလင်သာမှန်ပြီး အခြားသူတွေဟာမှားပါတယ်လို့လည်း ကိုရမ်ကျမ်းက သင်မထားသလို၊ နိုင်ငံတိုင်းကိုလည်း အစ္စလာန်ဥပဒေဖြင့် အုပ်ချုပ်ရမည်ဟု သင်မထားပါဘူး။

(National Catholic Reporter မှ ကောက်နုတ်သည်။)

မနောအောင်

Sunday, 13 October 2013

၂၈ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းအစွမ်းကို လူမျိုးတကာတို့အား ဖော်ထုတ်ပြသလေပြီ။
ပထမကျမ်းစာ၌ ဂျူးလူမျိုးမဟုတ်သော စစ်သူကြီးနာမာန်သည် ဘုရားသခင်၏ပရော်ဖက်ဧလိရှအားဖြင့် ၎င်း၏အနူရောဂါမှ ပျောက်ကင်းစင်ကြယ်ခြင်းကျေးဇူးတော်ခံရကြောင်း တွေ့ရှိရပါတယ်။ ထိုနောက် နာမာန်သည် အိစ္စရာအဲလ်လူမျိုးတို့၏ဘုရားမှတစ်ပါး အခြားမည်သည့်ဘုရားမှ မရှိကြောင်းလက်ခံကာ ကျေးဇူးတော်ကိုချီးမွမ်းကြောင်း တွေ့ရှိရပါတယ်။ သို့သော် နာမာန်အား ကုသခြင်းအကြောင်း ဆက်လက်ဖတ်ရှု့သော်- နာမာန်ပေးသော လက်ဆောင်များကို ဧလိရှသည်ငြင်းပယ်ခဲ့သဖြင့် ဧလိရှ၏တပည့်ဖြစ်သူ ဂေဟာစီသည် လောဘစိတ်ဖြင့် လိမ်ညာလှည့်ဖျားကာ ထိုလက်ဆောင်များကို ရယူခဲ့ပါတယ်။ ထိုကြောင့် နာမာန်၏အနူရောဂါသည် ဂေဟာစီထံသို့ရောက်သွားပြီး ဂေဟာစီဟာ အနူစွဲသူတစ်ဦး ဖြစ်လာခဲ့ရကြောင်း ဖတ်ရှု့ရမည်ဖြစ်ပါတယ်။

ထိုနည်းတူ ဧ၀ံတရားတော်မှာလည်း အနာကြီးရောဂါသည်ဆယ်ဦးကို သခင်ခရစ်တော်က ကုသကြောင်း ဖတ်ရှု့ရပါတယ်။ ထိုနောက် ထိုဆယ်ယောက်သော အနာကြီးရောဂါသည်များအားလုံး ပျောက်ကင်းချမ်းသာ ရကြသော်လည်း ဂျူးလူမျိုးမဟုတ်သည့် ဆာမာရိတန်တစ်ဦးတည်းသာ ခရစ်တော်ဆီပြန်လှည့်လာ၍ ခရစ်တော်အား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ထိုနောက် စိတ်ဝင်စားဖွယ်တစ်ခုမှာ သခင်ခရစ်တော်က ထိုရောဂါပျောက်ကင်းပြီးသား ဆာမာရိတန်အား သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီဟု ထပ်မံမိန့်ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကုသခြင်းနှစ်ခုကို မှတ်သားရပါတယ်။ ပထမကုသခြင်းမှာ အားလုံးသော ဆယ်ယောက်ကို ခန္တာစင်ကြယ်ဖို့ ကုသလိုက်တာဖြစ်ပြီး ဒုတိယကုသခြင်းမှာ ကယ်တင်ခြင်းဟူသော ၀ိညာဉ်ကုသခြင်းကို ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ မှတ်သားဖွယ်တရားက (Transfer) ပြောင်းခြင်းနှင့် (Transform) အတွင်းသာန် ပြောင်းလဲခြင်းပါ။ ကျွန်ုပ်တို့တတွေအများစုဟာ ဤပြောင်းခြင်းနှင့် အတွင်းသာန်ပြောင်းလဲခြင်းကို သတိမထားမိတတ်ကြပါဘူး။ တခါတရံ မိမိသာကုသခြင်းခံယူလိုပြီး အခြားသူများ အထူးသဖြင့် မိမိမနှစ်မြို့သူလည်း ကုသခြင်းခံရတဲ့အခါ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ စိတ်ဆင်းရဲရရှာပါတယ်။ ဒီထက်ပိုဆိုးတာက မိမိရဲ့ရောဂါကို ပျောက်ကင်းစေတာထက် အခြားသူဆီကိုရောက်စေချင်ကြပါတယ်။ Transfer ပြောင်းစေတာကြပါ။ သို့သော်လည်း မိမိဟာ Tranform အတွင်းသာန်ပါ ပြောင်းလဲခံရမည်ဆိုလျှင် မိမိ၏ဘုရားသခင်ကိုချစ်တတ်လာသလို၊ မိမိနှင့်နီးစပ်သူများကိုလည်း ချစ်တတ်လာမှာဖြစ်ပါတယ်။ စစ်သူကြီးနာမာန် ဂျော်ဒန်မြစ်ထဲမှာ ခုနှစ်ခါရေငုတ်ပြီးပေါ်လာသလိုပဲ ကလေးငယ်လေးလို ဖြစ်နေလို့ပါပဲ။ သံမာတေဦး (၁၈း၃)မှာ ခရစ်တော်က ကျွန်ုပ်တို့တတွေဟာ ကလေးသူငယ်လိုမပြောင်းလဲလျှင် ကောင်းကင်နိုင်ငံကို ၀င်နိုင်ကြမည်မဟုတ်ဘူးလို့မိန့်ဆိုထားပါတယ်။ ကလေးငယ်ဆိုတာ ရိုးသားဖြူစင်ပါတယ်။ ကျွန်ုပ်တို့တတွေ အသက်အရွယ်ရလာတာနှင့်အမျှ ဒီဖြူစင်ရိုးသားမှု့တွေပျောက်ကင်းလာကြပါတယ်။ ဒါကြောင့် အတွင်းသာန်ပြောင်းလဲခြင်းခံရဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့တတွေ ဒီလိုအတွင်းသာန်ပြောင်းလဲခံရဖို့ အဆင်သင့်ဖြစ်နေကြပြီလား၊ မိတ်ဆွေ။

ယနေ့ဖတ်ရှု့ရသည်ကျမ်းများမှာ ဘုရားသခင်၏ကယ်တင်ခြင်းအစွမ်း၊ သတင်းကောင်းဟာ လူမျိုးတစ်စုတည်း အတွက်သာ ကန့်သပ်ထားသည်မဟုတ်ဘဲ အားလုံးအတွက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့တတွေ ကျမ်းစာနှင့်အသင့်သင့်ရင်းနှီးမည်ဆိုလျှင် သခင်ခရစ်တော်က ဂျူးလူမျိုးတွေကိုသာ ကုသပေးခြင်း၊ ကယ်တင်ခြင်းချမ်းသာပေးခြင်းမဟုတ်ဘဲ၊ ဆာမာရိတန်၊ လူတစ်ရာတပ်မှုး၏ယုံကြည်ခြင်းဖြင့် ၎င်း၏အစေခံကို ကုသပေးခြင်း၊ ကာနန်အမျိုးသမီး၏သမီးငယ်အား ကုသပေးခြင်း၊ စသဖြင့်သော လူမျိုးခြားတွေကိုပါ ကယ်တင်ခြင်းကျေးဇူးတော်ကိုသွန်းလောင်းပေးကြောင်း မှတ်သားရပါလိမ့်မယ်။ ထို့အပြင် တပည့်တော်ကြီးများကိုလည်း သူ၏နာမတော်၌ တကမ္ဘာလုံးကို သတင်းကောင်းဟောဖို့ မိန့်ဆိုခဲ့တာကိုလည်း မှတ်သားရပါလိမ့်မယ်။ ထိုကြောင့် ဒီနေ့ ခရစ်တော်နောက်ကိုလိုက်နေကြသော ကျွန်ုပ်တို့ခရစ်ယာန်တွေဟာ ဤသတင်းကောင်းကို မိမိအသိုင်းအ၀ိုင်း၌သာဝေငှရမှာမဟုတ်ဘဲ အားလုံးသောသူများနှင့် ဝေငှဟောပြော ကြရမှာဖြစ်ပါတယ်။  ဒီတော့ ခရစ်ယာန်ဆိုလျှင် တကမ္ဘာလုံးဆိုင်ရာဖြစ်နေရပါမယ်။ သင့်အသိုင်းအ၀ိုင်းအတွင်းမှာပင် အမြင်ကျဉ်းကျဉ်းမထားရပါဘူး။ ထိုကြောင့် တကမ္ဘာလုံးဆိုင်ရာဟူ၍ ခရစ်ယာန်တွေကို ကက်သလစ်အဖြစ် အန်တီအု့ခ်မြို့မှာ စတင်ခေါ်ဆိုခဲ့တာကိုလည်း မှတ်သားထားသင့်ပါတယ်။ ကက်သလစ်ဆိုသည်မှာ တကမ္ဘာလုံးဆိုင်ရာ ဖြစ်ပါတယ်။ 

ကျွန်ုပ်တို့တတွေလည်း ခရစ်တော်ထံမှ ခန္တာဝေဒနာပျောက်ကင်းရုံမဟုတ်ဘဲ ၀ိညာဉ်ကုသခြင်းပါ ခံယူရင်း မိမိကိုယ်ကိုခရစ်ယာန်ပါဟူ၍ တကမ္ဘာလုံးဆိုင်ရာကက်သလစ်အဖြစ် ကောင်းကင်နိုင်ငံတော်၏ သတင်းကောင်းကို အားလုံးသောသူများအား ဟောပြောသက်သေခံနိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)


Thursday, 10 October 2013

ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးမှု့တွေနှင့် တုန့်ပြန်မှု့တွေဟာ ဘာသာရေးပဋိပက္ခတွေ အဆုံးသပ်သင့်

ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးရုံဖြင့် ဘာသာရေးပိပက္ခတွေကို ဖြေရှင်းဖို့လုံလောက်မှု့မရှိဘဲ အားလုံးသော ဘာသာပေါင်းစုံတို့သည် အတူတကွစုရုံးပြီး တလုံးတ၀တည်းရှိ၍ ဘာသာ တရားများအကြားရှိ တင်းမာမှု့တွေကို ဖြေရှင်းသွားဖို့လိုအပ်ကြောင်း မကြာမှီအင်တာဗျူးမှ ဖာသာရ်လိုဘိုမှ အားပေးခဲ့ပါတယ်။

ဖာသာရ်က ဆက်လက်ပြောဆိုပါတယ်- ယနေ့ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးမှု့တွေမှာ စကားလုံးတွေဟာ ထပ်နေပါပြီ။ ဒါကြောင့် ဘာသာပေါင်းစုံတုန့်ပြန်မှု့လို့သာခေါ်ဆိုချင်ပါတယ်။ တကယ်တော့ ဒီဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းဟာ မိမိတို့၏ဘာသာတရားနှင့် ၎င်းတို့ရဲ့အယူဝါဒတွေကို မေးနေတာမဟုတ်ပါဘူး။ အတူတကွလက်တွဲလုပ်ဆောင်သွားကြဖို့၊ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီး တည်ဆောက်ရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေမှု့ရှိရရှိဖို့ အတူတကွ ကူညီရိုင်းပင်းသွားကြရမှာ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းဟာ အကြမ်းဖက်မှု့များနှင့် ဆူပူသောင်းကြမ်းမှု့များ ပပျောက်ဖို့ရန်အတွက်ကြောင့်သာ အရေးကြီးလာခဲ့ရပါတယ်။ ဒီကိစ္စဟာရှုပ်ထွေးပါတယ်- ဘာသာပေါင်းစုံဆွေးနွေးရုံဖြင့် အကြမ်းဖက်မှု့တွေနှင့် ဆူပူသောင်းကြမ်းမှု့များ မပပျောက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့မှာ နိုင်ငံရေးကိစ္စတွေပါ ပါဝင်ပတ်သက်နေသည့်အတွက်ကြောင့်ပါ။
ဘာသာတရားများဟာ နိုင်ငံရေးပိပက္ခတွေမှာ အသုံးပြုခံရပါတယ်- အသုံးခံရဖို့လည်း ဒီဘာသာရေးနှင့်ပတ်သက်လျှင် လူတွေဟာ စိတ်လှုပ်ရှားထကြွဖို့ သိပ်မြန်လို့ပါပဲ။ ဘာသာတရားတိုင်းမှာ လူတွေရဲ့စိတ်လှုပ်ရှားစေနိုင်သည့် နှလုံးသားရင်းခံတန်ဖိုးတွေပါဝင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးလှုပ်ကြွစေဖို့ အသုံးခံလက်နက်တစ်ခုဖြစ်နေရခြင်းလည်း ဖြစ်ပါတယ်။

အချို့အာဏာလိုချင်သော ခေါင်းဆောင်များဟာ ဘာသာတရားကိုအသုံးချကာ မိမိတို့အဖွဲ့အစည်းကို တခြားအဖွဲ့အစည်း (ရန်သူ)များကို ဆန့်ကျင့်ကာ စည်းရုံးစည်းလုံးဖို့ပြုလုပ်တတ်ကြပါတယ်။ ဒီတော့ ဘယ်သူတွေက ရန်သူများပါလဲ- အခြားဘာသာတရားများလား။ ဒီနေရာမှာတော့ အခြားသော ဘာသာတရားများအပေါ် နားလည်မှု့လွဲမှားခြင်းနှင့် ဘက်လိုက်မှု့တွေဟာ အကြမ်းဖက်မှု့တွေကို ဖြစ်စေနိုင်ပါတယ်။ ထိုကြောင့် ဘာသာပေါင်းစုံဆွေးနွေးခြင်းဟာ အခြားသောဘာသာတရားများမှာလည်း ကောင်းမြတ်သည့်အရာများစွာရှိကြောင်းနှင့် မိမိတို့ရဲ့ကြိုတင်ကောက်ချက်ချမှု့တွေကြောင့် ဤကောင်းမြတ်သည့်အရာတွေကို မတွေ့ရှိတာဖြစ်ကြောင်း နားလည်စေဖို့ အချင်းချင်းကူညီကြဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့မှာ ခြားနားသောအမြင်တွေရှိနေဖို့ လိုအပ်ပါတယ်။ ၎င်းကို ဘာသာတရားများနှင့် ယဉ်ကျေးမှု့များကို လေ့လာခြင်းက ကူညီပေးနိုင်ပါလိမ့်မယ်။

ဖာသာရ်လိုဘို (ဂျေဇူးရစ်)ဟာ အိန္ဒိယမှဖြစ်ပြီး ယခုလက်ရှိမှာတော့ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ ဂရေဂေါ်ရီယမ်းတက္ကသိုလ်မှာ ဌာနမှူးအဖြစ် ထမ်းဆောင်ရင်း ဘာသာတရားများဓမ္မသင်္ဂြိုလ်အား စတင်နေပါတယ်။

(Catholic News Agency မှ ဖာသာရ်လိုဘိုအား အင်တာဗျူးရာမှ ကောက်နုတ်ထားသည်။)
မနောအောင်




Sunday, 6 October 2013

၂၇ကြိမ်မြောက်တနင်္ဂနွေနေ့

သံလုကာ ၁၇း၅-၁၀
သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား အမြစ်မှနုတ်၍ ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည်သင်တို့၏စကားကို နားထောင်လိမ့်မည်။

ကျွန်ုပ်တို့ကမ္ဘာမှာ အကြီးဆုံးသော၊ အပြင်းထန်ဆုံးသော အင်အားအစွမ်းကို ကျွန်ုပ်တို့တတွေ ဘယ်မှာရှာတွေ့ရှိနိုင်မလဲ။ လူ့သမိုင်းတလျှောက်လုံးမှာ လူသားတွေဟာ ဒီလိုအကြီးဆုံးသော၊ အပြင်းထန်ဆုံးသော အင်အားအစွမ်းကို ရှာဖွေလာခဲ့ကြသည့် ကျွန်ုပ်တို့မျက်မှောက်ခေတ်ထိပါပဲ။ အချို့သားရဲတိရစ္ဆာန်တွေဟာ ကျွန်ုပ်တို့လူသားတွေထက် အစွမ်းကြီးမားတယ်ထင်ပြီး ပူဇော်ကျွေးမွေး ချည်းကပ်ခဲ့ရဘူးတယ်။ အချို့သစ်ပင်ကြီးတွေက ကျွန်ုပ်တို့ထက် အစွမ်းကြီးမားတယ်ထင်ပြီး ရှိခိုးခဲ့ရဖူးတယ်။ လေမုန်တိုင်းတွေဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး ၎င်းတို့၏ဒဏ်ခတ်ခြင်းမခံရအောင် နည်းမျိုးစုံနဲ့ ပူဇော်ပသခဲ့ရဖူးတယ်။ မီးဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး မီးကို ဘုရားအဖြစ် ရှိခိုးခဲ့ရဖူးတယ်။ ရေဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး ရေကြီးခြင်းဒဏ်ခတ်နည်းတွေမှ လွှတ်မြောက်ဖို့ နည်းလမ်းစုံနဲ့ ပူဇော်ပသခဲ့ရဖူးတယ်။ နေဟာ အင်အားအစွမ်းအကြီးဆုံးထင်ပြီး ဘုရားအမှတ်နဲ့ ရှိခိုးခဲ့ရဖူးတယ်။ ကျွန်ုပ်တို့လူသားတွေ တွေးတောထင်မြင်ယူဆခဲ့တာတွေဟာ မိုက်ရူးရဲဆန်နေသလားဗျာ။ တဖက်ကကြည့်ပြန်ရင်လည်း ဤအင်အားအကြီးဆုံးတွေကို လူသားတွေရဲ့ ခြေဖ၀ါးအောက် ရောက်သည်အထိကြိုးစားနိုင်ခဲ့ကြတာကိုလည်း ကျွန်ုပ်တို့သမိုင်းက မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

ဒါကြောင့် တကယ်တော့ လူသားတွေဟာ မိုက်ရူးရဲမဆန်ပါဘူး။ ၎င်းတို့မှာ တမူထူးခြားတဲ့ စဉ်းစားတွေးခေါ်ာဏ်ရှိနေလို့ ဒီလိုသမိုင်းတွေဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေမှာ ယုံကြည်ချက်ရှိပါတယ်။ ဒီယုံကြည်ချက်ဟာ ကျွန်ုပ်တို့တတွေကို ကမ္ဘာလောကမှာရှိနေတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေနဲ့ ထိတွေ့ပေးရုံသာမကဘဲ Abstract world ဆိုသည့် စိတ္ထဇကမ္ဘာဟူသော တခြားထိတွေ့ကိုင်တွယ်လို့မရသည့် အရာတွေရဲ့ကမ္ဘာထဲအထိ ထိုးဖောက်နိုင်ပါတယ်။ ထိုကမ္ဘာဟာလည်း အမှန်တရားတွေ ဖြစ်တာကို ကျွန်ုပ်တို့မငြင်းနိုင်ပါဘူး။ ဒဿနဗေဒအရ ၎င်းကို Transcendental, metaphysics, ontology အဖြစ်လေ့လာရပါတယ်။ ဆိုလိုသည်က ရှိမှုဗေဒ (ရုပ်ပိုင်းဆိုင်ရာ၊ စိတ္တဇပိုင်းဆိုင်ရာတို့၏ ဖြစ်တည်ရှိနေမှု့အားလုံး) ကိုဆိုလိုပါတယ်။ ထိုဖြစ်တည်ရှိမှုတွေဟာ သူ့နည်းသူ့သဘာဝအတိုင်း မှန်ကန်နေကြပါတယ်။ ထိုကြောင့် ခရစ်ယာန်ဒဿနမှာ လူသားဟာ ဘုရား၏ပုံသာန်နှင့်အဆင်းတူအောင် ဖန်ဆင်းခံရသည့် တစ်ခုတည်းသော ဖန်ဆင်းခံဖြစ်၍ လူဟာ ရုပ်ခန္တာနှင့် ၀ိညာဉ်ပေါင်းစပ်တည်ရှိသည့်သတ္တ၀ါဖြစ်ပါတယ်။ ထိုကြောင့် လူဟာ ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း အထိအတွေ့ဖြင့် အမှန်တရားကိုသိရှိနိုင်ပြီး စိတ်ပိုင်း၊ ၀ိညာဉ်ပိုင်းဆိုင်ရာဖြင့်လည်း အခြားသောတည်ရှိနေသည့် အမှန်တရားကမ္ဘာကိုလည်း သိရှိနိုင်သောကြောင့် ၎င်းတို့၏ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်တည်ရှိကြောင်း သိရှိနိုင်ပါတယ်။ ဤသည်ပင် ဘုရားသခင်ပေးသနားသည့် အဖိုးမဖြတ်နိုင်သော လက်ဆောင်ပင်ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဘ၀ကို ပြန်လည်သုံးသပ်ကြည့်လျှင် ဘ၀မှာအခက်အခဲတွေကြုံလာတိုင်း အခြေခံကျကျပြောရလျှင် ခန္တာအစွမ်းဖြင့် အရင်ဆုံးဖြေရှင်းတတ်ပါတယ်။ ထိုနောက်ာဏ်ပညာဖြင့် ဖြေရှင်းတတ်ပါတယ်။ ထိုနောက် တရာားဏ်ဟူသော ၀ိညာဉ်ာဏ်ဖြင့် ဖြေရှင်းတတ်ကြပါတယ်။ ဒီသုံးဆင့်ထဲမှာ ကျွန်ုပ်နှင့် မိတ်ဆွေဟာ ဘယ်အဆင့်ဖြင့် ဖြေရှင်းတတ်လေ့ရှိပါတယ်။ သေချာတာ တစ်ခုကတော့ာဏ်ပညာဖြင့်ပဲ ဖြစ်ဖြစ်၊ ၀ိညာဉ်ာဏ်ဖြင့်ပဲဖြစ်ဖြစ် ဖြေရှင်းတတ်သည်ဆိုနေဦး ကျွန်ုပ်တို့သတိလွတ်သည့်အခါ ခန္တာတုန့်ပြန်မှု့ဖြင့် ဖြေရှင်းမိမှာပါပဲ။ ဒီနေ့ ခရစ်တော်၏ ဧ၀ံဂေလိတရားမှာ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို အမြင့်ဆုံးသော ၀ိညာဉ်ာဏ်၏ လက်နက်တစ်ခုဖြစ်သည့် ယုံကြည်ခြင်းကို ထောက်ပြထားပါတယ်။ ကျွန်ုပ်တို့မှာ မုန့်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းသာရှိပါက မဖြစ်နိုင်တာကိုပင် ဖြစ်စေကြောင်း ထောက်ပြထားပါတယ်။ သံမာတေဦး (၁၇း၂၀)မှာလည်း မုန်ညင်းစေ့မျှသော ယုံကြည်ခြင်းရှိပါက တောင်ကိုပင်ရွေ့နိုင်ကြောင်း ပြောဆိုထားသလို၊ သံမာကု (၁၁း၂၃)မှာလည်း စိတ်ထဲမှာ ယုံမှားသံသယ မရှိဘဲ မိမိပြောဆိုသည့်အတိုင်းဖြစ်လာရမည်ဟု ယုံကြည်သောသူသည် ဤတောင်ကို ပင်လယ်ထဲရွေ့ဆိုလျှင်ပင် ရွေ့လိမ့်မည်ဟု ထောက်ပြထားပြန်ပါတယ်။ 

ကျမ်းစာတော်ထဲတွင် ဂျူးတို့၏ထုံးစံအရ ဘ၀အခက်ခဲဆုံးတွေကို တောင်ကြီးတွေနဲ့ ခိုင်းနှိုင်းပြတတ်ပါတယ်။ ထိုကြောင့် ခရစ်တော်၏ဆိုလိုရင်းတွေထဲမှာ ကျွန်ုပ်တို့ဘ၀တွင် အခက်ခဲဆုံးသောအရာတွေကို ခန္တာအစွမ်း၊ာဏ်အစွမ်းဖြင့် ဖြေရှင်းတာထက် ဘုရားသခင်၌ယုံကြည်ခြင်း မုန်ညင်းစေ့သာရှိရုံဖြင့် ဖြေရှင်းနိုင်ကြောင်း ပညာရှိသဘောတရားဖြင့် ပြောဆိုထားခြင်းဖြစ်ပါတယ်။ ပညာအလိမ္မာကျမ်း၏ အစအဖွင့်စာပိုဒ်မှာပင် ထာဝရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အစမူလပင် ဖြစ်၏။ ဟုမိန့်ဆိုထားပါတယ်။

ခရစ်ယာန်ဘ၀ဖြင့် အသက်ရှင်နေထိုင်နေသည့်အခါ တွေ့ကြုံရတဲ့အခက်ခဲတွေကို သင်နှင့်ကျွန်ုပ်တို့ ဘယ်လိုတုန့်ပြန်နေသလဲ။ ခရစ်ယာန်ဘ၀ဆိုတာ ခရစ်ယာန်ဘ၀ဆိုတာ အစေခံတတ်ခြင်း အပေါ်အခြေတည်ပြီး နှိမ့်ချတတ်ခြင်းအားဖြင့် မထိုက်တန်သည့်အမွေ ကောင်းကင်နိုင်ငံသားအဖြစ်၊ ဘုရား၏မွေးစားသားသမီးများအဖြစ် ကြိုးစားကျင့်ကြံနေသည်ကို မကြာခဏ သင်မေ့နေပြီလား။ သင်လုပ်ရတဲ့ လုပ်ငန်းတာဝန်တွေမှာ အခွင့်အရေးရှာနေမိပြီလား။ သင်ယုံကြည်စွာ လုပ်ဆောင်နေသည့် အစေခံ (ပေးဆပ်ခြင်း) လုပ်ငန်းတွေမှာ မုန်းညင်းစေ့မျှပင် ယုံကြည်ခြင်းမရှိဘဲ ခဏတာဘ၀ ကောင်းစားဖို့သာ လှုပ်ရှားနေသည့် အခွင့်အရေးသမား ဖြစ်နေပြီလား။

 စဉ်းစားစရာတွေက များလွန်းနေပါပြီ။ သို့ပေမယ့်လည်း သင့်ဘ၀၊ သင့်ခရစ်ယာန်ဘ၀အတွက် အဓိကသော့ခ်က ဘုရားသခင်ကို ဗဟိုရ်ပြုပြီး မုန်ညင်းစေ့မျှသော ယုံကြည်ခြင်းသာ သင်ရှိပါ။ ယေဇူး၏ထရေးဇားလိုပဲ လုပ်ဆောင်သမျှမှာ သေးငယ်သော်လည်း အကြီးမြတ်ဆုံးသော စိတ်ဖြင့် လုပ်ဆောင်မိနေတော့မှာဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ရင်း သင့်၌ယုံကြည်ခြင်းများ တိုးပွားနေမည်ကိုလည်း သင်-သတိထားမိလိုက်မှာမဟုတ်ပါဘူး။ . . . ကမ္ဘာ့မှာ အင်အားအကြီးဆုံးသော၊ အပြင်ထန်ဆုံးသော အင်အားအစွမ်းကို ကျွန်ုပ်တို့ကိုယ်စီအတွင်း၌သာ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ ထိုစွမ်းအင်ဖြင့်သာ ကျွန်ုပ်တို့တတွေဟာ ဘ၀ခဏတာရှိ အခက်ခဲတွေကို ကျော်လွန်နိုင်ရုံမကဘဲ နောင်ဘ၀သုခချမ်းသာထိအောင် အခက်ခဲအားလုံးကို ကျော်လွန်သွားနိုင်မှာဖြစ်ပါတယ်။

ဘုရားသခင်၌မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းထားနိုင်ရန် ပထမကြိုးစားရင်း ဘုရားသခင်ပြုစေလိုသော အရာများကိုပြုမူဆောင်ရွက်ရင်း ဘ၀ကို ထိုက်တန်စွာရှင်သန်သွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Friday, 4 October 2013

အမြင့်ပေအရှည်ဆုံးသော ဂရုဏာရှင်ယေဇူဆင်းဆုတော် အားကောင်းကြီးပေးဖွင့်လစ်

၂၀၁၃၊ အောက်တိုဘာလ ၂ ရက်နေ့။ အန္ဒိယနိုင်ငံ၊ ဆာဂါသာသနာ၌ ကာဒီနယ်ကြီး ဂျော့ခ်အလန်ချယ်ရီမှ အမြင့်ပေအရှည်ဆုံးသော ဂရုဏာရှင်ယောဇူးဆင်းတုတော်အား ကောင်းကြီးပေးပြီး ဘုရားဖူးနေရာကို ဖွင့်လစ်ပေးခဲ့ပါတယ်။ 


ထိုဂရုဏာရှင်ယေဇူးဆင်းတုတော်မှာ အမြင့်ပေ ၄၃ပေရှိပြီး သခင်ဘုရားအား ရှာဖွေသူတို့အပေါ်မှာ သခင်ဘုရားသည် အဆင်အမြဲဂရုဏာသနားခြင်းရှိသည်ဟု ကြွေးကြော်ထားလေသည်။

ထိုဆင်းတုတော်တည်သော သာသနာသည် အရှေ့ပိုင်းကက်သလစ်အသင်းတော်၏ စိုင်ရို-မာလဘာ ကက်သလစ်ဘုရားကျောင်းဖြစ်ပါတယ်။ ထိုအသင်းတော်ဟာ ရောမမြို့ရှိပုပ်ရဟန်းမင်းကြီးနှင့် တလုံးတ၀တည်း ရှိသည့်အသင်းတော်လည်းဖြစ်ပါတယ်။ အန္ဒိယနိုင်ငံမှာ စိုင်ရို-မာလဘာ ကက်သလစ်ဘာသာဝင်ဦးရေ ၃.၈သန်းခန့်ရှိပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ဆရာတော်အပါး ၂၀နှင့်အတူ ဘုန်းတော်ကြီးနှင့် ဘာသာရေးအသင်းဂိုဏ်းဝင်များ ၁၀၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရပါတယ်။ ထိုနောက် ဂရုဏာရှင်ယေဇူးကို အထူးကိုးစားသူများ ၃၀၀ ကျော်ကိုလည်း တွေ့ရပြီး နောက်ထပ် အမေရိက၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီမှ ဘုရားဖူးခရီးသည်များ လာဦးမည်ဟုလည်း သိရှိရပါတယ်။

ဤဘုရားဖူးနေရာနှင့် ဂရုဏာရှင်ဆင်းတုတော်တည်ခြင်းမှာ ၎င်း၏ကိုယ်ပိုင်လှုံ့ဆော်မှု့မှဖြစ်ပြီး အော်တိုဘာလ ၅၊ ၂၀၀၇ တွင် ဆန်ဖရန်စစ်ကိုရှိ ဂရုဏာရှင်ယေဇူး၏ ဘုရားဖူးနေရာသို့သွားရောက်ရင် နှလုံးသားထဲမှ အတွင်းရူပရုံခံခဲ့ရပြီး ဆာဂါမြို့တွင်လည်း အလားတူဂရုဏာရှင်ယေဇူးဆင်းတုတော်နှင့် ဘုရားဖူးနေရာ ပြုလုပ်မည်ဟု သံဒိဌာန်ချမှတ်ခဲ့သည်ဟု ဆရာတော်ကြီး ချီဟာရတ်က ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

ဆင်းတုတော်၏အလေးချိန်မှာ ၁.၅ တန်နှင့် အမြင့် ၄၃ပေရှိပါတယ်။ မူလအစမှာ ဆင်းတုတော်အား ၈ ပေသာ ပြုလုပ်ဖို့ စဉ်းစားခဲ့သော်လည်း အထွေထွေရဟန်းအကြီးအကဲနှင့် ဌာန၏ အကြံပြုချက်က ဆင်းတုတော်အား ပေ၄၀ ပြုလုပ်ဖို့ဖြစ်ပြီး နောက်ထပ် သုံးပေထပ်တိုးကာ ၄၃ ပေဖြစ်သွားခြင်းဖြစ်ပါတယ်။
ထိုသာသနာရှိ ခါဂျူရီယာသည် ၂၀၀၇ခုနှစ်တွင် ဘုရားဖူးနေရာအဖြစ် အသိမှတ်ပြုခံရပြီး ဂရုဏာရှင်ယေဇူးအား ဆက်ကပ်အပ်နှံခဲ့ကြသည်။ ထိုအချိန်မှစ၍ မြောက်များစွာသော တန်ခိုးလက္ခဏာများမှာ ကက်သလစ်ဘာသာဝင်များနှင့် ကက်သလစ်မဟုတ်သောသူများအကြား ဖြစ်ပေါ်လေ့ရှိကြောင်း အမြဲတမ်းမှတ်တမ်းတင်နေကြရပါတယ်။ ထိုဘုရားဖူးနေရာသည် ကြော်ကြာလာပြီး ဆရာတော်ကြီး ချီယာရတ်ကိုယ်တိုင် Malign Tumor (အသားကင်ဆာ)မှ ကုသခြင်းခံရကြောင်း သက်သေခံပါတယ်။ ထို့အပြင် ထိုဘုရားဖူးနေရာသည် ဘာသာပေါင်းစုံဆွေနွေးဖလှယ်ခြင်းများ ပြုလုပ်ဖို့နေရာအဖြစ်လည်း ပံ့ပိုးကြောင်း ပြောဆိုပါတယ်။

မကြာမှီ ထိုဘုရားဖူးနေရာသို့ ရဟန္တာဖော်စတီနာ၏ ဓါတ်မွေတော်ကိုလည်း အမြဲသဒါကြည်ညိုခြင်းပေးနိုင်ရန် ဘုရားခန်းငယ်နှင့် ထားရှိမည်ဟုလည်း သိရှိရပါတယ်။



မနောအောင်

Thursday, 3 October 2013

ခေါ်တော်မူခြင်းအစ တရားထောက်ခြင်းက


ဘုရားသခင်၏ သာသနာ့အမှုတော်ကိုထမ်းဆောင်နိုင်ရန် ခေါ်တော်မူခြင်းရရှိစေဖို့ အဓိကလမ်းညွှန် ပံ့ပိုးပေးသည့်အရာမှာ ကလေးသူငယ်များ၏ တရားထောက်ခြင်း( Assistant of Mass) ကဏ္ဍတစ်ခုသည်အပါအဝင်ဖြစ်ပေသည်။ ကလေးသူငယ်တယောက်၏ ခေါ်တော်မူခြင်းအစသည် တရားထောက်ခြင်းမှဖြစ်ပေါ်လာသည်ဟု ဘုန်းတော်ကြီးတပါးမှဩဝါဒတခုတွင်မိန့် ကြားခဲ့ပါသည်။ မှန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကလေးသူငယ်များသည် အတုမြင်၊အတက်သင်သည့် အကျင့် ဆန္ဒလေးတွေရှိတက်သည်။ ကလေးသူငယ်အရွယ်သည် တုလွယ်တက်လွယ်သည့်အရွယ်လည်း ဖြစ်ပေသည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသည့်စကားပုံအတိုင်း ကလေးသူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များသည် သူတို့ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်ပေါ်တွင်များစွာ မူတည်နေပါသည်။ ထို့အတူပင် နေ့စဉ်မစ္ဆား တရား၌သော်လည်းကောင်း၊ တနင်္ဂနွေနေ့မစ္ဆား တရားများ၌သော်လည်းကောင်း ပုံမှန်တရားထောက်နေသော ကလေးတစ်ယောက်သည် ရဟန်းဘုန်းတော်ကြီး၏ မစ္ဆားတရားကျင်းပပုံ၊ ဩဝါဒပေးပုံ၊ အသွေးတော်အသားတော်ဖန်ဆင်းပုံ၊ ပရိတ်သတ်များအား ကိုယ်တော်မြတ်ဝေပေးပုံလေးများကို အနီးကပ်တွေ့မြင်ရကာ အတုယူချင်စိတ်များ ဖြစ်ပေါ်လာလေသည်။ မိမိသည်လည်း တချိန်ကျလျှင် ထိုကဲ့သို့ပြုလုပ်ရလျှင် ကောင်းပေမည်ဟု စိတ်ကူးလေးများ ထွက်ပေါ်လာတက်သည်။

စာရေးသူငယ်စဉ်ကလေးဘ၀ကဆိုလျှင် တနင်္ဂနွေနေ့ ဘုရားကျောင်းဆင်းပြီး အိမ်ပြန်ရောက်လျှင် မောင်နှမများနှင့်အတူ မစ္ဆားတရားဟောတမ်းကစားခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ သာသနာပြုတစ်ယောက် ဖြစ်ချင်သည့်စိတ်(ခေါ်တော်မူခြင်း)သည် တရားထောက်ခြင်းမှ များသောအားဖြင့်ဖြစ်ပေါ်လာလေသည်။ အခြားသောနည်းလမ်းများဖြင့်လည်း ခေါ်တော်မူခြင်းခံရသည် များရှိပါသော်လည်း တရားထောက်ခြင်းအားဖြင့်ဖြစ်ပေါ်လာသော ခေါ်တော်မူခြင်းသည် ပို၍နီးစပ်လေသည်။ အချို့သော ကလေးသူငယ်များသည် တရားထောက်ခြင်းကို အလွန်ပင်နှစ်သက် ကြလေသည်။ စာရေးသူဆိုလျှင် အသက် ၂၂ နှစ်ထိပင် တရားထောက်ခဲ့ဖူးပါသည်။ အဘယ်ကြောင့်ဆိုသော် တရားထောက်ခြင်းသည် ပရိတ်သတ်ထက် ဘုန်းတော်ကြီးနှင့်နီးကပ်စွာနေရ ခြင်းနှင့် မိမိကိုယ်ကို သိကြားတမန်လေးများကဲ့သို့ပင် မြင့်မြတ်သည်ဟု ထင်မှတ်ကြသည်။ တရားထောက်ကလေးများသည် ပလ္လင်ပေါ်မှ သိကြားတမန်လေးများပင်ဖြစ်သည်။ မိဘများသည် မိမိတို့ ကလေးများပလ္လင်ပေါ်တွင် တရားထောက်နေသည်ကိုတွေ့မြင်ရလျှင် ဝမ်းသာပီတိဖြစ်ကာ ဂုဏ်ယူကြပါသည်။

သို့သော်ခေတ်ကာလတွေတိုးတက်လာသည်နှင့်အမျှ နည်းပညာတွေ ဖွံ့ဖြိုးလာသည်နှင့်အမျှ ကလေးသူငယ်များစိတ်ဝင်စားမှု အားနည်းလာသည်မှာ တရားထောက်ခြင်းပင်ဖြစ်သည်။ အချို့သောပုဂ္ဂိုလ်တို့မှာ တရားထောက်ခြင်းကို အရေးမကြီးသည့်အပိုင်းဟု ထင်မှတ်ကြလေသည်။ ကလေးသူငယ်များ တရားထောက်ခြင်းတွင် စိတ်ဝင်စားမှုအားနည်းလာသည့် အဓိက အကြောင်းရင်းများစွာရှိပါသည်။ ထိုသို့သောအကြောင်းရင်းများစွာထဲမှ ဖြစ်နိုင် ချေရှိသည့် အကြောင်းရင်းမှာ မိဘများ၏တိုက်တွန်းနှိုးဆော်မှု အားနည်းလာခြင်းသည် ပထမအချက်ပင်ဖြစ်လေသည်။ မိဘများသည် မိမိတို့သားသမီးလေးများကို ဘုရားကျောင်းပုံမှန်တက် တက်ရန်၊ တရားထောက်တက်ရန် သက်ပြနှိုးဆော်သင့်ပါသည်။ တနင်္ဂနွေနေ့များတွင် အချို့သောဘုရားကျောင်းမျာတွင် ကြည့်လိုက်ပါက မစ္ဆားတရားပူဇော်နေချိန်တွင် ကလေးသူငယ်အများ စုမှာ ဘုရားကျောင်းပြင်ပတွင် ဆော့ကစားနေကြသည်ကိုသာ တွေ့ရလေသည်။ အချို့သောဘုရားကျောင်းများမှာဆိုလျှင် မစ္ဆားတရားတွင်တရားထောက်မည့်သူ တစ်ယောက်မျှမရှိသည်ကို ဝမ်းနည်းစွာတွေ့ရှိရလေသည်။ အချို့သော ကလေးသူငယ်များမှာတနင်္ဂနွေနေ့မစ္ဆားပူဇော်ခြင်း၌ပါဝင်နေရမည့်အစား ခေတ်ကာလ၏ရေစီးကြောင်းဖြစ်သော ဂိမ်းဆိုင်များ၊ အင်တာနက်ဂိမ်း ( Net Game ) ဆိုင်များတွင်သာ အချိန်ဖြုန်းနေသည်ကိုတွေ့ရလေသည်။

ဤသို့ကလေးသူငယ်များ လမ်းမှားမရောက်ရလေအောင်၊ ကလေးသူငယ်များ၏ ဝိညာဉ်ရေးရာ၌ အားနည်း မှုမရှိရလေအောင် မိဘများသည် တက်နိုင်သမျှ ပဲ့ပြင်ထိန်းကျောင်းပေးရန်လိုအပ်ပါသည်။ ပုံမှန်ဘုရားကျောင်းတက်နိုင်ရန်၊ မစ္ဆားတရား၌ပါဝင် တရားထောက်တက်ရန် သင်ပြပေးရန်လို အပ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ကလေးသူငယ်များသည် ကျွန်ုပ်တို့ ကမ္ဘာကြီး၏ အနာဂတ်ကြယ်ပွင့်များဖြစ်ပါသည်။ စိတ်ဝင်စားမှုအားနည်းသည့် ဒုတိယအချက်မှာ ကျောင်းထိုင် ဘုန်းတော်ကြီးများနှင့်သက်ဆိုင်နေသည်ကို တွေ့ရလေသည်။

ကလေးများတရားထောက်ချင်သည့်စိတ်ဖြစ်ပေါ်လာရန် ဘုန်းတော်ကြီးများ၏ ဆွဲဆောင်မှုများလည်း လိုအပ်ပေသည်။ အချို့သော ကလေးများသည် တရားထောက်ချင်ပါသော်လည်း ဘုန်းတော်ကြီးအချို့သည် တရားထောက်ကလေးသူငယ်များ ပလ္လင်ပေါ်တွင်တရားထောက်မှားသည့်အခါ အော်ဆူခြင်း၊ လူထုပရိတ်သတ် အရှေ့တွင် ခေါင်းခေါက်ခြင်း၊နားရွက်ဆွဲခြင်း စသည့် ခေတ်နောက်ပြန်ဆွဲသည့်အမူအကျင့်များကြောင့် ကလေးများသည်ကြောက်လန့်၍ တရား မထောက်တော့ခြင်း၊ လူထုပရိတ်သတ်ရှေ့တွင် ထိုသို့ပြုမူခြင်းများကြောင့် ရှက်၍ တရား မထောက်တော့ခြင်းများ ဖြစ်နေကြသည်။

ထို့ကြောင့် ဘုန်းတော်ကြီးများသည် ကလေးသူငယ်များအား တရားမထောက်မှီ သင်္ဃန်းလဲခန်း(Sacrity) အတွင်း၌ တရားထောက်လျှင်ပြုလုပ်ရမည့်အရာများကို ကြိုတင်မှာကြားခြင်း၊ ပလ္လင်ပေါ်တွင် တရားထောက်မှားသည့်အခါ ပလ္လင်ပေါ်တွင် ဆူခြင်း၊ အရှက်ရအောင်ပြုခြင်းများ မပြုလုပ်ပဲ မစ္ဆားတရားပြီးသည့်အခါ၌သာ သင်္ဃန်းလဲခန်းအတွင်း၌ ဆိုဆုံးမခြင်း၊ တရားထောက်ပြီးသည့်အခါ ကလေးသူငယ်များအား ဆုငွေချီးမြှင့်ခြင်း၊ မုန့်ကျွေးခြင်းများ၊ တစ်နှစ်တာပတ်လုံး ပုံမှန် တရားထောက်ခဲ့သည့် ကလေးသူငယ်များအား ပရိတ်သတ်ရှေ့၌ အမှတ်တရ လက်ဆောင်လေးများပေးအပ်ခြင်းစသည့် (Facility) ဝန်ဆောင်မှုလေးများပြုလုပ်ကာ ကလေးသူငယ်များအား တရားထောက်လာစေရန် ဆွဲဆောင်မှုများလိုအပ်ပေသည်။ စိတ်ဝင်စားမှုအားနည်းသည့် တတိယအချက်မှာ ကလေးသူငယ်များသည် ရှက်ကြောက် ရမည့်အရာမဟုတ်ပဲ ရှက်ကြောက်နေခြင်း နှင့် အခြားသောကလေးသူငယ်များအား နေရာမပေးပဲ တရားထောက်နေကျ လူများသာနေရာယူထားခြင်းကြောင့်ဖြစ်သည်။ ကလေးသူငယ်ဘ၀သည် ဖြူစင်သည်၊ လွတ်လပ်သည်။ သို့သော် အချို့သောကလေးသူငယ်များသည် တရားထောက်ခြင်းကို ရှက်စရာအဖြစ်မြင်နေကြသည်။ လူထုပရိတ်သတ်များရှေ့တွင် တရားထောက်ရမည်ကို ရှက်ရမည့်အရွယ်မဟုတ်ပဲ ရှက်နေကြသည်။ ဤအချက်ကို မိဘများအနေဖြင့် ပြုပြင်ပေးသင့်သည်။

အချို့သောဘုရားကျောင်းများတွင် တခါမှတရားမထောက်ဖူးသောကလေးများသည် တရားထောက်ချင်ပါသော လည်း စီနီယာကျသော တရားထောက်များသည် ကလေးအသစ်များကိုနေရာမပေးခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းများကို တွေ့နေရလေသည်။ ဤသို့မဖြစ်ရလေအောင် ဘုရားကျောင်းများတွင် တာဝန်ကျသော သီလရှင်၊ ဘရာသာရ် (သို့) ဓမ္မဆရာများသည် တရားထောက်မည့်သူများကို နေ့စဉ် သို့မဟုတ် အပတ်စဉ် အလှည့်ကျရွေးချယ်ပေးခြင်း၊ တရားထောက်တက်သည့် ကလေးနှင့် မထောက်တက်သည့်ကလေးများကိုတွဲ၍ တရားထောက်သင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ အားနည်းနေသည့်အချက်များကို ပြုပြင်ကြမည်ဆိုပါက မစ္ဆားတရားတွင် တရားထောက်မရှိတော့သည့် အဖြစ်အခြေအနေများမှ လွတ်မြောက်ပါလိမ့်မည်။ တရားထောက်ကလေးများသည် ပလ္လင်ပေါ်မှ သိကြားတမန်လေးများဖြစ်ပါသည်။ သူတို့သည် သခင်ယေဇူး ၏ကိုယ်စားလှယ်ဖြစ်သော ရဟန်းဘုန်းတော်ကြီးများကို အနီးကပ်ကူညီရခြင်း၊ သခင်ယေဇူး၏ အသွေးတော်အသားတော်ကို အနီးကပ်ဖူးမြော်ရခြင်းနှင့် လူထုပရိတ်သတ်ထက် ကိုယ်တော် မြတ်ကို ပထမဦးစွာပင့်ယူရခြင်း စသည့် မွန်မြတ်လှသောအခွင့်ထူးများရရှိလေသည်။

သခင်ယေဇူးသည် မိမိထံသို့ကလေးသူငယ်များလာရောက်သည်ကို တပည့်တော်ကြီးများမှ ဟန့်တား သော်လည်း သခင်ယေဇူးသည် ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုသကဲ့သို့ မိမိကို အောက်မေ့သတိရကျင်းပသည့် မစ္ဆားတရားတော်တွင် ကလေးသူငယ်များကို ပါဝင်ကူညီရန် သခင်ယေဇူး အလိုရှိတော်မူသည်ကို ကျွန်ုပ်တို့ ငြင်းဆန်၍မရချေ။ ထို့ကြောင့်ခေါ်တော်မူခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်စေမည့် တရားထောက်ခြင်း၌ ကလေးသူငယ်များစိတ်ဝင်စားစွာ ပါဝင်လာနိုင်ရန် မိဘများ၊ ဘုန်းတော်ကြီးများ၊ တာဝန်ရှိဓမ္မဆရာများတို့ အနေဖြင့် လမ်းညွှန်ကူညီသင်ပြပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


သြဂက်စတင်း စည်သူ (စိန်ဂျိုးဇက်-ဖယ်ခုံ)

Wednesday, 2 October 2013

စိန်ဂျိုးဇက် ဘရာသာရ်အသင်းဂိုဏ်းအကြောင်း သင်သိချင်ပါသလား။


ဖယ်ခုံဂိုဏ်းအုပ်သာသနာမှ စိန်ဂျိုးဇက် ဘရာသာရ် အသင်းဂိုဏ်း၏သမိုင်းအကျဉ်း။ 

သာသနာပိုင်နယ်အတွင်းရဟန်းဘုန်းတော်ကြီးများအား သာသနာလုပ်ငန်း၌ကူညီရန် ရည်ရွယ်ချက်ဖြင့် တောင်ငူဆရာတော်ကြီး A. Lanfranconi သည် ၁၉၅၄ ခုနှစ်တွင် ကယားပြည်နယ်၊မိုဆိုကျေးရွာ၌ဓမ္မဆရာဖြစ်သင်ကျောင်းနှင့်တွဲ၍စိန်ဂျိုးဇက်ဘရာသာရ်ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ရာ Fr. Luizi Dametto ကို လက်ဦး ကျောင်းအုပ်တာဝန်ခံအဖြစ် ခန့်အပ်ခဲ့ပါသည်။အလုပ်သမားစိန်ဂျိုးဇက်သည်၎င်းအသင်းဂိုဏ်းကိုမှိုင်းမသော ရဟန္တာဖြစ်၍နှစ်စဉ် မေလ (၁) ရက်နေ့တွင်၎င်းရဟန္တာနှင့်၎င်းဂိုဏ်း၏ ပွဲတော်မြတ်ဖြစ်သည့်အလျောက် အသင်းသားသစ်များ ဝတ်ရုံသင်္ကန်းခံယူ၍ အသင်းသားများ ဂတိသစ္စာခံယူသော နေ့ဟုသတ်မှတ်ခဲ့ပါသည်။

သာသနာခွဲပြီးနောက် အသင်းဂိုဏ်းအခြေအနေ နှင့်လုပ်ဆောင်ချက်။

          ၁၉၅၄ ခုနှစ် မှ ၁၉၈၅ ခုနှစ်အထိအလုပ်သမား စိန်ဂျိုးဇက်ဂိုဏ်း ဝင်ဘရာသာရ် စုစုပေါင်း (၃၀) ပါးရှိခဲ့ သော်လည်း အခြေအနေအမျိုးမျိုး ကြောင့် တောင်ငူ၊ ကျိုင်းတုံ၊ တောင်ကြီး၊ လွိုင်ကော်၊ ဖယ်ခုံသာသနာ (၅) ခု သို့ခွဲနေကြရာ၊ ကျရာနေရာ၌ဘော်ဒါကလေးထိန်းခြင်း၊ ဘုရားစကားနှင့် သီချင်းများသင်ပေးခြင်း၊ ရဟန်းနှင့်အတူရွာလှည့်ခြင်း၊ ဘုရားဝတ်ပြုခြင်းနှင့် ကာယလုပ်အား၌ကူညီခဲ့ကြသည်။ အခြားသော ဘရာသာရ်တို့သည် ခေါ်တော်မူခြင်းလမ်းပြောင်း ခဲ့ကြရာ ၁၉၈၆ ခုနှစ်တွင် တောင်ကြီးသာသနာ၌ ဘရာသာရ် (၅) ပါးသာကျန်ခဲ့ ရာမှ ၁၉၈၉ ခုနှစ် လွိုင်ကော်သာသနာသစ်ခွဲ ထွက်လာသဖြင့် လွိုင်ကော်သာသနာဘက်၌ ဘရာသာရ်(၂) ပါး၊ တောင်ကြီးဘက်၌(၂)ပါးကျန်ရစ်ခဲ့ပါသည်။ ၁၉၉၆-၉၇ ခုနှစ် တောင်ကြီးဆရာတော်ကြီးနှင့် အသင်းဂိုဏ်း၏အားထုတ် မှုကြောင့် (၁၉၉၀-၂၀၀၅) ခုနှစ်တွင် ဘရာသာရ် အရေအတွက် (၈) ပါးအထိတိုးတက်လာခဲ့ပါသည်။ သို့သော် အခြေအနေအမျိုးမျိုးကြောင့် ဘရာသာရ်အများအားဖြင့် ခေါ်တော်မူခြင်းလမ်းပြောင်းသော ပုဂ္ဂိုလ်များထပ်ဆင့်ရင်ဆိုင်ရသည့် အတွက်ကြောင့် တောင်ကြီးသာသနာမှ ဖယ်ခုံသာသနာ သစ်စဖွင့်သည့် အချိန်မှာ ဘရာသာရ်(၃) ပါးသာ ကျန်ရစ် ခဲ့ပါသည်။ ထိုနောက်ဖယ်ခုံဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလတ်သည် သာသနာတော်သစ်၏လယ်ကွင်းမှာ စိန်ဂျိုးဇက် ဘရာသာရ်သည်လည်းအုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ရန်အရေးပါကြောင်းခံယူ၍အဖက်ဖက်မှ အားပေးကူညီမှုကြောင့် လက်ရှိစိန်ဂျိုးဇက်ဘရာသာရ် (၅) ပါး အထိတိုး လာသည်သာမက အနာဂါတ်ကို မျှော်မှန်းပြီး၂၀၀၉ ခုနှစ်မှစ၍စိန်ဂျိုးဇက် ဘရာသာရ်ကျောင်းမှာ ကျောင်းသားများလက်ခံရာ (၂၀၀၉-၁၀)ပညာ သင်နှစ်မှာ ကျောင်းသား (၂၅) ယောက်၊ (၂၀၁၀ - ၁၁) ပညာသင်နှစ်မှာ ကျောင်းသား(၄၀) ယောက်နှင့် (၂၀၁၁-၁၂)ပညာသင်နှစ်မှာ ကျောင်းသား (၄၂)ယောက်ပညာဆည်းဖူး နေပါသည်။

အသင်းဂိုဏ်း၏သဘောတရားနှင့်ရည်ရွယ်ချက်။

          စိန်ဂျိုးဇက် ဘရာသာရ်များသည် သာသနာအတွင်းရှိဖွဲ့ စည်းထား သော သာမန်ဘာသာသူယောက်ျားများအတွက် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။၎င်းအသင်းဂိုဏ်းတည် ထောင်ရခြင်း၏အဓိက ရည်ရွယ်ချက်မှာ -
(၁) သာသနာများတွင် များပြားလှသော တာဝန်ကို ထမ်းဆောင်နေရသည့် ရဟန်းများအားစိတ်အားထက်သန်စွာ စေတနာအပြည့်အဝရှိသော သာမန် ဘာသာသူအမျိုးအစား အားကူညီဆောင်ရွက်ရန်။
(၂) ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်လိုသော်လည်း ရဟန်းမဖြစ်နိုင်သော ဘုရား၏နောက်လိုက်သားများအား၊ ခရစ်ယာန်၏ စုံလင်ခြင်းကို သီလသည်ဘ၀ဖြင့်ရှာကြံရန် အခွင့်အရေးပေးခြင်းနှင့် ဝိညာဉ်များကို ရဟန်းတော်များနှင့် အတူကယ်တင်ရန် အခွင့်အရေးပေးခြင်း ပင်ဖြစ်သည်။ 

စိန်ဂျိုးဇက်ဘရာသာရ်ဂိုဏ်းဝင်ရန်လိုအပ်ချက်။

          စိန်ဂျိုးဇက် ဂိုဏ်းဝင်ဘရာသာရ်တို့သည် ဆင်းရဲခြင်း၊ နားထောင်ခြင်း နှင့် ဖြူစင်ခြင်း စသော သစ္စာ(၃)ပါးဖြင့် မိမိကိုယ်ကိုဘုရားရှင်အားပူဇော် ဆက်ကပ်သော သူများဖြစ် ကြသည်။
          ဆုတောင်းပါ၊ အလုပ်လုပ်ပါ(Ora Et Labora) ဟူသော ဆောင်ပုဒ်ကိုလက်တွေ့ ကျင့်သုံးနိုင်ရန် ဘရာသာရ်တိုင်း၌ -
(၁) ဘုရားတရားကြည်ညိုခြင်း၊ (၂) ကျန်းမာခြင်း၊ (၃) ပညာရေး အသင့်အတင့်၊ (၄) လူအများနှင့်ပေါင်းသင်းနိုင်ခြင်းနှင့်(၅) အလုပ်၌လုံ့လ ဝိရိယရှိခြင်း စသည့်အရည်အချင်းများ လိုအပ်ပါသည်။
          ထို့ကြောင့်စိန်ဂျိုးဇက်ဘရာသာရ် ဂိုဏ်းဝင်လိုသော လူငယ် အမျိုးသားတို့သည် မိမိကျောင်းထိုင်ဘုန်းတော်ကြီးမှ တဆင့်(သို့) တခြားသာသနာမှ ဖြစ်လျှင်မိမိဆရာတော်ကြီးမှ တဆင့် ဘရာသာရ်ကြီးထံသို့ ကိုယ်တိုင်လျှောက်လွှာနှင့်အတူ -
(က) ဆေးကြောခြင်းနှင့် ခရစ္စမားအားပေးခြင်းလက်မှတ်၊
(ခ) အခြေခံအထက်တန်းကျောင်းတွင်(၁၀)တန်းအထိ နေခဲ့ကြောင်း ထောက်ခံစာ၊
(ဂ) ကျန်းမာရေးကောင်းကြောင်း၊ အင်္ဂါချို့တဲ့မှုမရှိကြောင်း၊ နာခံမှုရှိကြောင်းနှင့် လူမှုဆက်ဆံရေးတွင်သာမန်ရှိကြောင်း၊ လုံ့လဝိရိယရှိကြောင်း၊ ကျောင်းထိုင်ဘုန်းတော်ကြီး၏ ထောက်ခံစာ စသည်များလိုအပ်ပါသည်။
စိန်ဂျိုးဇက်ဘရာသာရ်ဂိုဏ်း၏တံဆိပ် နှင့် ၎င်း၏သဘောတရား


ဤပုံသည် စိန်ဂျိုးဇက်ဘရာသာရ် ဂိုဏ်း၏အမှတ်တံဆိပ်ပုံ ဖြစ်သည်။ ဤတံဆိပ်၏သဘောတရားမှာ -
(၁) ဖယောင်းတိုင်သည် ခရစ်တော်ကိုရည်ညွန်းထားပြီး ကျွန်ုပ်တို့နှင့်အတူရှိ နေကြောင်းသရုပ်ဖော်ထားသည်။
(၂) ဖယောင်းတိုင်အောက်ခြေထိုင်ခုံသည် ကမ္ဘာ(ဝါ) သာသနာကိုရည်ညွန်း၍သရုပ်ဖော်ထားပါသည်။
(၃) တူနှင့်လွှသည်စိန်ဂျိုးဇက်အသုံးပြုခဲ့သော သက်သေခံအမှတ်လက္ခဏာ ဖြစ်သည်။ ကမ္ဘာ(သို့) သာသနာ အတွက်မရှိမဖြစ်အသုံးပြု ရမည့်အရာကို ရည်ညွန်းထားသည်။ တနည်းအားဖြင့် ဘရာသာရ်တို့၏ လက်ကိုင်တုတ်ကိုသရုပ် ဆောင်ထားသည်။
(၄) ပန်း(၂)ပွင့်သည် စိန်ဂျိုးဇက်တောင်ဝှေးအပွင့်(ဝါ) စိန်ဂျိုးဇက် ၏လီလီပန်းကို သရုပ်ဖော်လျှက် ရိုးသားသန့်ရှင်း ခြင်း၏ အမှတ်လက္ခဏာ ကိုဆောင်ထားသည်။
(၅) (Ora Et Labora) ဆုတောင်ပါ၊ အလုပ်လုပ်ပါ ဟူသော ဆောင်ပုဒ်သည် ဖိုးသူတော်သီလသည်ဘ၀ကို ဆောက်တည်ရာ၌ အောင်မြင်မှုရရှိရန် မကျင့်မဖြစ်ကျင့် ဆောင်ရမည့်အဓိကကျသော သော့ချက်ကိုဖော်ညွန်း ထားပါသည်။
          သို့ဖြစ်ပါ၍ သာသနာတော်၌ ပါဝင်၍ သီလသည် ဘ၀ကို ဆောက်တည်လိုသော စိန်ဂျိုးဇက်ဘရာသာရ်များသည် သစ္စာ(၃)ပါးကို၎င်း (Ora Et Labora) ဆုတောင်းခြင်းအမှုနှင့်အလုပ်လုပ်ခြင်းအမှုကို၎င်း၊ အမြတ်တနိုးဦးထိပ်ထားပြီး ဒုက္ခဆင်းရဲများစွာဖြင့် ကျင့်သုံးကာ မိမိဘ၀ကယ်တင်ခြင်း အတွက်သော်၎င်း၊ လူတကာတို့၏ကယ်တင်ခြင်း အတွက် သော်၎င်း ရဟန်းတော်များနှင့်အတူလက်တွဲလှုပ်ရှား ရမည်ဖြစ်သည်။

အသင်းသားများ၏ကျင့်ဝတ်။
          အလုပ်သမားစိန်ဂျိုးဇက်ဂိုဏ်းဝင်ဘရာသာရ် အကြောင်းကို သင်သိလိုလျှင်၎င်းဂိုဏ်းကို မှိုင်းမသော အလုပ်သမား စိန်ဂျိုးဇက်၏စိတ်နေ သဘောထားကို သင်လေ့ လာအပ် ပေသည်။ အကြောင်းမူကား ဤဘရာသာရ်များသည်၎င်းစိတ်ဓါတ်ဖြင့်သာ ရှင်သန်လှုပ်ရှားလျက်ရှိ နေကြသော ကြောင့်ပင်တည်း။
          ကျမ်းစာထဲ၌ စိန်ဂျိုဇက်၏အဆိုအမိန့်ဟူ၍ မှတ်တမ်း တင်ခြင်းမတွေ့ ရပါ။ ယေဇူးနှင့်သိကြားမင်းတို့မိန့်ဆိုသမျှကိုယုံကြည်ခြင်းဖြင့် လက်ခံ၍တာဝန်သိသိ၊ သစ္စာရှိရှိ ဆိတ်ငြိမ်စွာ ဆောင်ရွက် ခဲ့သော ပုဂ္ဂိုလ်မြတ်ပင်ဖြစ်သည်။
ထိုနည်းတူ ဘရာသာရ် ဖေလိဇယ်တန်တာရ်ဒီးနီ(ခ) ဦးမောင်သံချောင်းသည် စိန်ဂျိုးဇက်ဘရာသာရ် ဂိုဏ်းဝင် တစ်ပါးမဟုတ်သော်လည်း၊ သာသနာအကျိုးတော်ဆောင်ရာ၌ ဆုံးခမ်းတိုင် အောင်စိတ်အားထက်သန် သဖြင့်ဘရာသာရ် တို့အတုယူဖွယ်၊ စံနမူနာ ဆောင်သော သူတော်ကောင်းတစ်ပါး ဖြစ်ကြောင်း ကျွန်ုပ်ဝေငှလိုပါသည်။ သူသည် တောင်ငူ၊ တောင်ကြီး၊ လွိုင်ကော်၊ ဖယ်ခုံ သာသနာတွင် နှစ်လကြာရှည်စွာ သာသနာအကျိုးတော်ဆောင်စံပြပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ သူသည် လူများကိုယုံကြည်ခြင်းတရားမဟော၊ မဖိတ်ခေါ်၊ မစည်းရုံးသော်လည်း သူ၏နိမ့်ချသောစိတ်၊ ရိုးသားသော သဘောထားရှိ၍ စကားနည်းပြီး အလုပ်များများလုပ်၊ များများဆုတောင်းခြင်းဖြင့် (Ora Et Labora) သာသနာတော်အား၎င်း၊ ဘုရားသခင်းအား၎င်း၊ အသက်ထက် ဆုံးမိမိဘ၀ကို ဆက်ကပ်အပ်နှံခဲ့သည်။
          ထို့ကြောင့် ဘရာသာရ် ဖေလိဇယ်သည် ကျွန်ုပ်တို့ ဘရာသာရ်များ အတွက် အတုယူဖွယ်လုပ်သားကောင်းတစ်ပါး ဖြစ်ပါသည်။

တာဝန်ထမ်းဆောင်လျှက်ရှိသော ဘရာသာရ်များ

လက်ရှိ စိန်ဂျိုးဇက်ဘရာသာရ်များ အနေဖြင့် ဖယ်ခုံသာသနာတွင် ဘရာသာရ် ငါးပါးဖြင့်တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
၁။ ဘရာသာရ်ဂျိုးဇက်ကောင်း
၂။ ဘရာသာရ် တိုးတိုးဝင်း
၃။ ဘရာသာရ် ဘီတိုး
၎။ ဘရာသာရ် ပီးယို
၅။ ဘရာသာရ် မနွဲလယ် တို့ဖြစ်ကြပါသည်။

ပညာသင်ကြားလျှက်ရှိသော ဘရာသာရ်လောင်းတို့မှာ-
၁။ ဩဂတ်စတင်းစည်သူဝင်း-ပထမနှစ် (မန္တလေးသာသနာ- စိန်ဇေးဗီးယား)
၂။ သောမတ်နေဆန်းအောင် -ပထမနှစ် (ဖယ်ခုံသာသနာ- လွယ်ရင်းတောင်ခြေ) တို့ဖြစ်ကြသည်။

ဝင်လိုသူလူငယ်များကို နွေးထွေးစွာဖိတ်ခေါ်နေပါသည်။ ကျွန်တော်တို့စိန်ဂျိုးဇက်ဘရာသာရ် အသင်းဂိုဏ်းအကြောင်းကို စိတ်ဝင်စားစွာဖြင့် သိလို စုံစမ်းလိုလျှင် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 


                                      အကြောင်းစုံသိလိုလျှင်-
St.JOSEPH BROTHER MOTHER'S HOUSE, HIMDAMA QUARTER, PEKHON 06061.

TEL: 081.56451, 56452