ကမ္ဘာ့လူငယ်များနေ့ပွဲတော် ပုပ်ရဟန်းမင်းကြီးနှင့် လူငယ်များ သန်းခေါင်ယံ ကိုယ်တော်မြတ်ကိုးကွယ်ဝတ်ပြုခြင်း အစီအစဉ်။
Sunday, 28 July 2013
ကမ္ဘာ့လူငယ်များနေ့ပွဲတော် ပုပ်ရဟန်းမင်းကြီးနှင့် လူငယ်များ ဒုက္ခစရိယာကားတိုင်လမ်း အတူတကွ လျှောက်လမ်းခြင်း အခမ်းအနား။
ကမ္ဘာ့လူငယ်များနေ့ပွဲတော် ပုပ်ရဟန်းမင်းကြီးနှင့် လူငယ်များ ဒုက္ခစရိယာကားတိုင်လမ်း အတူတကွ လျှောက်လမ်းခြင်း အခမ်းအနား။
Wednesday, 24 July 2013
ကမ္ဘာ့လူငယ်များနေ့ပွဲတော် ဖွင့်ပွဲ အခမ်အနား
၂၀၁၃ ခုနှစ် ဘရာဇီးလ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့လူငယ်များနေ့ပွဲတော် ဖွင့်ပွဲ အခမ်းအနား
Friday, 19 July 2013
ကမ္ဘာ့လူငယ်များနေ့ သမိုင်းကျဉ်း
ကမ္ဘာ့လူငယ်များနေ့ကို
ကက်သလစ် အသင်းတော်မှ ဦးစီး ဦးဆောင် ကျင်းပလေ့ရှိကြောင်း ကမ္ဘာတ၀ှမ်းမှာ သိထားကြပါတယ်။
လူတွေကတော့ ဒါဟာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ရဲ့ အကောင်းဆုံး စတင်ဖန်တီးခဲ့မှု့ဟု
ချီးမွမ်းလေ့ ရှိပါတယ်။ သို့သော်လည်း ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကတော့ ဒါဟာ လူငယ်တွေ ကိုယ်တိုင်ရဲ့
ဖန်တီးမှု့ ဖြစ်ပါတယ်ဆိုပြီး ပြန်လည် ချီးမွမ်းလေ့ရှိပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ - ယနေ့အချိန်မှာတော့
ဒီ ကမ္ဘာ့လူငယ်များနေ့ပွဲတော်ကြီးဟာ ထွန်းထွန်းတောက်တောက်၊ ကမ္ဘာတ၀ှမ်း သတင်းကောင်းတွေ ပါးနေပါပြီ။
၁၉၈၃-၈၄ ခုနှစ်၏
မေတ္တာပန်း တနင်္ဂနွေနေ့၌ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်ဟာ ထူးထူးခြားခြား လူငယ် များစွာနှင့်တွေ့ဆုံဖို့ အတွက်
အခမ်းအနားလေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ထိုအခမ်းအနားကို စီစဉ်သူတွေကတော့ လူငယ်ပေါင်း ၆ထောင်ခန့်
တက်ရောက် လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခမ်းနားတွင် လူငယ်ပေါင်း နှစ်သိန်းငါးသောင်း
တက်ရောက် ပါဝင်လာပါတယ်။
၁၉၈၅ ခုနှစ်တွင်
ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးမှ အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ် အဖြစ် ကြေငြာခဲ့အပြီး ပုပ်ရဟန်းမင်းကြီးသည်လည်း
အသင်းတော် အနေဖြင့် လူငယ် မျိုးဆက်အတွက် မည်မျှ တန်ဖိုးထားကြောင်း၊ ဂရုစိုက်ကြောင်း အသိပေးသလိုဖြစ်အောင်
၎င်းနှစ် မေတ္တာပန်း တနင်္ဂနွေတွင် လူငယ်များနှင့် ထပ်မံတွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဉ် ခဲ့ပါတယ်။
ထိုနှစ်အခမ်းနားတွင် လူငယ်ပေါင်း သုံးသိန်းဟာ ရောမမြို့သို့ လာရောက်ကြပြီး ဘုရားဖူးရင်း
ဆုတောင်းရင်း စိန်ပီတာ ရင်ပြင်တော်တွင် အခမ်းနားကို ပါဝင် တက်ရောက်လာကြောင်း တွေ့ရပါတယ်။
ထို အခမ်းအနားနှစ်ခု ပြုလုပ်အပြီးမှာတော့ လူငယ်ပေါင်းများစွာဟာ
၎င်းတို့၏ စိတ်ထဲမှာ တခုခု ဆာလောင် ငတ်မွတ်နေမှန်း ရိပ်မိလာကြတယ်။ သူတို့ဘာကြောင့်များ အဲဒီ အခမ်းအနားကို
အဲဒီလောက် လူအုပ်ကြီးအဖြစ် သွားမိနေကြတာလဲ ဆိုတာ မေးခွန်း တစ်ခုဖြစ်နေတယ်။ ပုပ်ရဟန်းမင်းကြီး ကတော့
လူငယ်တွေကို မေးလိုက်ပါတယ်- ယခုလို ရောမမြို့မှာ ဘုရားဖူးလာရင်း လူငယ်အခမ်းနားမှာ ပါဝင်လာတာဟာ
သင်တို့ စိတ်နှလုံးသားထဲမှာ ခရစ်တော်ကိုများ သူရဲ့ အံ့ဖွယ်ရာတွေထဲမှာ ရှာဖွေနေကြ သလား။
မှန်ပါတယ် - သင်တို့ဟာ အမှန်တရားရဲ့ ပြည့်စုံမှု့မှာ ရှာဖွေနေကြတာပါ။ အဲဒီ အမှန်တရားဟာလည်း
လူသား သမိုင်း တခွင်မှာ ခရစ်တော် ကိုယ်တော်တိုင် ဖြစ်ပါတယ်။
ထိုနောက်
၁၉၈၆ ခုနှစ်မှာတော့ လူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ကမ္ဘာ့ လူငယ်များနေ့ကို
သာသနာ အသီးသီးမှာ ကျင်းပစေခဲ့ပါတယ်။ ထိုနောက် ၁၉၈၇ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ လူငယ်များနေ့ကို
အာဂျင်တီးနားနိုင်ငံ၊ ဘူအဲနော့စ် အိုင်ရက်စ်မှာ ကျင်းပခဲ့ပါတယ်။ ထို ကမ္ဘာ့လူငယ်များနေ့ အတွက်
သတင်းကောင်းမှာ “ ခရစ်တော်၏ ချစ်ခြင်းမေတ္တာ၌ သက်သေ ခံကြလော့။ မျှော်လင့်ချက်ကို ကြဲသောသူနှင့်
ငြိမ်းချမ်းခြင်းကို တည်ဆောက်သူများ ဖြစ်ကြလော့။” ဟူ၍ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်တွင် စပိန်နိုင်ငံ၊ ဆန်တီယာဂိုဒေ ကွန်ပိုစတေလာမြို့မှာ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ ရဟန္တာများ ဖြစ်ဖို့ မကြောက်ကြနှင့်” ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့
ပိုလန်နိုင်ငံ၊ ချက်စတိုခိုဝါမြို့တော်တွင် ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ သင်တို့ ပတ်ဝန်းကျင်မှာရှိတဲ့
ကမ္ဘာကြီးကို တောင်းဆိုတတ်သူ ဖြစ်ပါစေ။ ပထမဆုံး မိမိကိုယ်ကို တောင်းဆိုတတ်သူ ဖြစ်ပါစေ။
ဘုရားသခင် ကလေးငယ်များ ဖြစ်ကြလော့။ ထိုနောက် ဂုဏ်ယူကြလော့။” ဟူ၍ ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ အမေရိကရှိ ကိုလိုယာဒိုပြည်နယ်မှ ဒမ်ဗားမြို့တော်တွင် ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ခရစ်ယာန် ချစ်ခြင်းမေတ္တာ၏ လူနေမှု့ကို တည်ဆောက်ဖို့ သင်တို့ရဲ့ ငယ်ရွယ်သည့် အားအင်သစ်တွေကို လှူဒါန်းပါ။ ဖြူစင် ရိုးသားသူများ၊ အားနည်းသူများ၊ ဆင်းရဲသားများနှင့် ဖိနှိပ်ခံများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သက်သေခံကြလော့။” ဟူ၍ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်မှာတော့
အရှေ့တောင် အာရှရှိ ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့ပြီး လူငယ်ပေါင်း ငါသန်းခန့်
တက်ရောက်ခဲ့ပါတယ်။ ထိုအခမ်းနားဟာ ကမ္ဘာ့ ပရိတ်သပ် အများဆုံး တက်ရောက်သည့် ဖြစ်ရပ် အဖြစ်
ဂီးနက်စ် ကမ္ဘာ့မှတ်တမ်းများအဖွဲ့မှ အသိမှတ်ပြု ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ ကျင်းပ ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ အီတလီနိုင်ငံ၊
ရောမမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၂ မှာတော့ ကနေဒါနိုင်ငံ၊ တိုရမ်တိုမြို့တော်မှာ
ကျင်းပခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံ၊ ကိုလွန်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။
ထိုပွဲတော်မှာပဲ သောမတ်စ် ဂေဗြရယ်မှ ကမ္ဘာ့ မစ္ဆားဟူ၍ Kyrie ကိုရေးစပ်ပေးခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့
သြစတေးလျမှာ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “သင်တို့သည် သန့်ရှင်းသော ၀ိညာဉ်တော် ဘုရား ဆင်းကြွလာသည့် အခါ
တန်ခိုးကျေးဇူးတော်ကို ခံယူ ကြရလိမ့်မည်။ ထိုနောက် သင်တို့သည် ငါ၏ သက်သေခံများ ဖြစ်ကြလိမ့်မည်။”
ဟူ၍ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ လူငယ်များနေ့ကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “သင်တို့၏ ဘ၀ အသက်တာကို ယေဇူးခရစ်တော်၌ အခြေခံ၍ တည်ထောင်ကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲကြလော့။” ဟူ၍ ဖြစ်ပါတယ်။ လူငယ်ပေါင်း နှစ်သန်းကျော် တက်ရောက်ခဲ့ကြပါတယ်။
ယခုနှစ် ၂၀၁၃ ခုနှစ်မှာတော့
ကမ္ဘာ့လူငယ်များနေ့ကို ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ဆောင်ပုဒ်မှာ “ သွား၍ လူမျိုးတကာတို့အား
ငါ၏ တပည့်များ ဖြစ်စေကြလော့” ဟူ၍ ဖြစ်ပါတယ်။
မနောအောင်
Tuesday, 16 July 2013
ကျမ်းစာတခုတည်း လုံလောက်နိုင်ပြီလား
ညီငယ်လေးတစ်ယောက်က
ကျွန်တော့်ကို မေးလာပါတယ်။ ကျွန်ုပ်တို့တတွေ ကျမ်းစာတစ်ခုတည်းဖြင့် ကယ်တင်ခြင်းကို
ရယူနိုင်ပါသလားတဲ့။
ဒီလိုမေးလာတာနဲ့
ချက်ချင်းဆိုသလို ကျွန်ုပ်ပြေးမြင်မိတာကတော့ ယေဇူးခရစ်တော် အချိန်ကာလက ကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေပါပဲ။
ထိုကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေနှင့် ယေဇူးခရစ်တော်ဟာ အမြဲတမ်းလိုလို အချင်းများနေတာကိုတွေ့ရပြီး
ခရစ်တော်က ထိုကျမ်းတတ် ပုဂ္ဂိုလ်ကြီးတွေကို ဝေဖန်ထောက်ပြလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။
ဒီလောက် ကျမ်းစာကို တဖက်ကမ်းရောက်အောင် နားလည် တတ်ကျွမ်း နေသူတွေဖြစ်နေပြီး ဘာကြောင့်များ
ကယ်တင်ခြင်းရဖို့ ခက်ခဲ လွန်းနေခဲ့ကြပါသလဲ။
သေချာတာ တစ်ခုကတော့ ကျမ်းစာ တစ်ခုတည်းဖြင့်
ကယ်တင်ခြင်းကို ရယူနိုင်ဖို့ ခဲယင်းနေပါလိမ့်မယ်။
တကယ်တော့်
ခရစ်တော် ကိုယ်တော်တိုင်လည်း သူ၏ တပည့်တော်ကြီးများကို ကျမ်းရေးဖို့ မိန့်မှာခဲ့တာ မရှိပါဘူး။
ကမ္ဘာအရပ်ရပ်သို့ သွား၍ သတင်းကောင်းကိုဟောပြောဖို့သာ မိန့်မှာခဲ့ပါတယ်။ ဧ၀ံဂေလိကျမ်းကို
ရေးသားသူ တမန်တော်ကြီး သုံးဦးသာရှိပြီး တခြား ကျမ်းမရေးသည့် တမန်တော်ကြီးများလည်း ယုံကြည်ခြင်း၌
လျော့နည်းခြင်း မရှိပါဘူး။ ကျမ်းရေး ပုဂ္ဂိုလ် တမန်တော်ကြီး သံယောဟန်ကလည်း ၎င်းရေးသားသည့်
ကျမ်းစာဟာ မပြည့်စုံကြောင်းကို (ယောဟန် ၂၀း၃၀) မှာ ယခုလို အသိပေးထားပါတယ်။ “ဤကျမ်းစာ၌
မှတ်တမ်းတင် မထားသည့် များစွာသော အခြား တန်ခိုး လက္ခဏာတို့ကိုလည်း ယေဇူးသည် တပည့်တော်တို့ရှေ့မှောက်တွင်
ပြတောမူ၏”။ ထိုကြောင့် တမန်တော်ကြီး သံယောဟန်က ကျမ်းစာအပြင် တခြား သက်သေခံချက်များလည်း
ရှိသေးကြောင်း ထောက်ပြ ထားပါတယ်။
ဓမ္မဟောင်းနှင့်
ဓမ္မသစ်ကို ယှဉ်ကြည့်လျှင်လည်း ဓမ္မသစ်၌ပြုလုပ်သမျှအရာတိုင်းဟာ ဓမ္မဟောင်းကျမ်းအတိုင်း
ပြုလုပ်ကြတာ မဟုတ်ကြောင်း တွေ့မြင်နိုင်ပါတယ်။ ဥပမာ- သံပေတရူးဟာ အရေဖျားလှီးခြင်း မင်္ဂလာခံခြင်း၊
မခံခြင်းပြသနာကို ဖြေရှင်းသည့်အခါ ကျမ်းစာအားဖြင့် မဖြေရှင်းခဲ့သည်ကို တွေ့နိုင်ပါတယ်။
သံပေါလူးသည်လည်း (ပ-ကော်ရိန်သု ၁၁း၂)တွင် ဓလေ့ထုံးတမ်းများကို လိုက်နာ ကျင့်ကြံကြ၍ သူတို့ကို
ချီးမွမ်းကြောင်း ဖော်ပြထားပါတယ်။ ကျမ်းစာတစ်ခုတည်းဟူ၍ ဖော်ပြမထားဘဲ၊ ထိုကဲ့သို့အဓိပ္ပာယ် သက်ရောက်စေသည့် ကျမ်းကိုပင် ကျွန်ုပ်တို့ကျမ်းစာထဲမှာ
ဖော်ပြမထားပါဘူး။ အမှန်တကယ်တော့ ဓမ္မသစ်ကျမ်းကိုပင် ခရစ်တော်ကောင်းကင်ဘုံတက်ကြွတော်မူအပြီး
နှစ်ပေါင်း (အနည်းဆုံး ၆၀)ကျော်မှသာ ရေးသားခဲ့သည်ကို ရှာဖွေမိပါလိမ့်မယ်။ ဒီတော့ ဓမ္မသစ်ကျမ်း၏
သတင်းကောင်းအတိုင်း ခရစ်တော်အား သက်သေခံကြသည့်အခါ နှုတ်အားဖြင့်၊ တရားဟောခြင်းအားဖြင့်သာ
မိမိတို့ကြုံတွေ့ခဲ့သမျှကို တပည့်တော်ကြီးတို့က ပြန်လည်သက်သေခံခြင်းသာ ဖြစ်ပါတယ်။ ထို့အတူ
ဓမ္မဟောင်းကျမ်းစာကို မရေးသားခင်ကလည်း ဘုရားသခင်၏ ဗျာဒိတ်တော်များဟာ ကျွန်ုပ်တို့ လူသားတွေဆီကို
နှုတ်အားဖြင့် တဆင့်စကား တဆင့်ပါးကာ ကြားနားစေခဲ့ပြီး သက်သေခံခဲ့ကြပါတယ်။ ထိုနောက်မှ
ကျမ်းစာတော်မြတ်ကို အစောဆုံးအနေဖြင့် ဘီစီ ၁၅၀၀ ၀န်းကျင်မှသာ ရေးသားနိုင်ခဲ့သည်ကို
လေ့လာတွေ့ရှိနိုင်ပါလိမ့်မယ်။
ထိုကြောင့်
ကျွန်ုပ်တို့တတွေအနေဖြင့် ကယ်တင်ခြင်းရနိုင်ဖို့ ကျမ်းစာတစ်ခုတည်းသာ မဟုတ်ဘဲ၊ ယုံကြည်ခြင်းဖခင်ကြီး၊
မိခင်ကြီးတို့ရဲ့ လက်ဆင့်ကမ်း ဓလေ့ထုံးတမ်းများကိုလည်း မှီခိုရမည် ဖြစ်ပါတယ်။ ထိုကြောင့်
အသင်းတော်အတွင်းမှာ တမန်တော်ကြီးများဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို အစဉ်ထိန်းသိမ်း လက်ဆင့်ကမ်းဖို့ဟာ
အင်မတန်အရေးကြီးပါတယ်။ ဤဓလေ့ထုံးတမ်းပျောက်ပျက်လို့ မဖြစ်ပါဘူး။ ကျမ်းစာများပင် အတုအယောင်များ၊
ပြုပြင်တည်းဖြတ်မှု့များဖြင့် ပေါ်ပေါက်လာခဲ့သည့်အခါတိုင်း ထိုကျမ်းစာများကို ရွေးချယ်တတ်ဖို့
ထိုဓလေ့ထုံးတမ်းတွေက ကူညီပေးပါလိမ့်မယ်။
အချုပ်အားဖြင့်
ဤမျှစဉ်းစားနိုင်မည်ဆိုလျှင်ပင် ကျမ်းစာတစ်ခုတည်းဖြင့် ကယ်တင်ခြင်းကို ရယူနိုင်ဖို့
ခက်ခဲနေမည်ဖြစ်ပြီး အသင်းတော်အတွင်း မှားယွင်းမှု့တွေပေါ်ပေါက်ခဲ့ပြီး စစ်မှန်တဲ့ သတင်းကောင်းကို
ရဖို့ပင် ခက်ခဲကြောင်း တွေ့နိုင်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ဘိုးဘေးဘောင်စဉ်ကို
ပြန်လိုက်ပြီး နောက်ဆုံး တမန်တော်ကြီးများမှ ခရစ်တော်ထိတိုင်အောင် မျိုးရိုးထိန်းသလို
ထိန်းသိမ်းရမည့် ဓလေ့ထုံးတမ်းများကိုလည်း မမေ့သင့်ပါဟု
ထင်ပါတယ်။
မနောအောင်
Tuesday, 9 July 2013
Saturday, 6 July 2013
၁၄ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့
ရိတ်သိမ်းစရာများစွာရှိ၏။ လုပ်ဆောင်သူကား နည်းကြ၏။ လုပ်သားများ ပိုမိုစေလွှတ် မည့်အကြောင်း လယ်ပိုင်ရှင်ထံမှာ တောင်းလျှောက်ကြလော့။
ယနေ့ဧ၀ံဂေလိတရားတော်မှာ
ခရစ်တော်သခင်ဟာ တပည့်တော် အပါးခုနစ်ဆယ်ကို စေလွှတ်သည့်အကြောင်း ကြားနာရပါလိမ့်မယ်။ ဒီတော့
ဤကျမ်းပိုဒ်တစ်ခုလုံးကို တရားမထောက်ရှု့ခင် ကျွန်ုပ်အနေဖြင့် ထိုခေတ်ထိုအချိန်က ဂျူးလူမျိုးတို့အတွက်
ကိန်းဂဏန်းခုနစ်ဆယ်ဟာ ဘယ်လို အဓိပ္ပာယ်
ရှိပြီး ဘယ်လိုကျင့်သုံးကြသလဲဆိုတာ အနဲငယ်လေ့လာကြည့်စေလိုပါတယ်။ ဓမ္မဟောင်းကျမ်းတွင်
မိုးဇယ်က အီစရာအဲလ်လူမျိုးတွေကို တောကန္တာရမှာ ဦးဆောင်စေဖို့ အကြီးအကဲ ခုနစ်ဆယ်ကို
ရွေးကောက်ခဲ့ပါတယ်။ အီစရာအဲလ်လူမျိုး တစ်စုလုံးအတွက် ဂျူးအုပ်ချုပ်ရေးကောင်စီဟာ တရားစီရင်ရေးဟာ
အဖွဲ့ဝင်ဦးရေ ခုနစ်ဆယ်နဲ့ဖွဲ့စည်းထားပါတယ်။ ပြောရမယ်ဆိုလျှင်ဖြင့် ကိန်းဂဏန်းခုနစ်ဆယ်ဟာ
၎င်းတို့အတွက် အားလုံး၊ တကမ္ဘာလုံးကိုဟု ဆိုလိုပါတယ်။ ထိုကြောင့် ခရစ်တော်က တပည့်တော်ကြီး
အပါးခုနစ်ဆယ်ကို စေလွှတ်သည့်အခါ တကမ္ဘာလုံးကို သတင်းကောင်းဖြန့်ဝေစေဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ဒီတော့ ခရစ်တော်ရဲ့သတင်းကောင်းက
ဘာလဲ။
သခင်ခရစ်တော်ရဲ့သတင်းကောင်းဟာ
ကယ်တင်ခြင်းသတင်းကောင်းဖြစ်ပြီး ထိုကယ်တင်ခြင်းဟာ ချစ်ခြင်းမေတ္တာတရားမှာ အကျဉ်းချုပ်ပြီး
ငြိမ်းချမ်းခြင်းမှာ အသီးအပွင့်များဝေဆာမည့်အကြောင်းပင် ဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ
သူ့ဘ၀နဲ့ရင်းပြီး ကျွန်ုပ်တို့အားလုံးအတွက် အသက်ကိုပင်စွန့်ပြီး ပေးဆပ်သွားတာကို ကျွန်ုပ်တို့ခရစ်ယာန်တွေ
ယုံကြည်လက်ခံကြပါတယ်။ သို့ပေမယ့်လည်း တချို့ခရစ်ယာန်တွေက ဒီအကြောင်းအရာကို ၀ိညာဉ်ရေးသက်သက်သာ
(စိတ်ကူးအတွေးသာသာ) သဘောထားတတ်ကြပါတယ်။ ဒီတော့ ထိုသူတွေရဲ့သြတ္တပ္ပစိတ်ထဲမှာ ဝေဒနာဒုက္ခ ကြုံလာရတဲ့အခါ၊
ပေးဆပ်ရဖို့ကြုံလာတဲ့အခါ၊ ခွင့်လွှတ်ရဖို့ကြုံလာရတဲ့အခါ၊ မေတ္တာတရားထားဖို့ ကြုံလာရတဲ့အခါ
- “ငါတို့က ခရစ်တော်မှ မဟုတ်ဘဲ - လက်တွေ့ဘ၀မှာတော့ သူ့လို ဒုက္ခမခံနိုင်ဘူး။ သူလိုမပေးဆပ်နိုင်ဘူး။
သူ့လိုခွင့်လွှတ်နိုင်ဖို့မဖြစ်နိုင်ဘူး။ သူ့လို ချစ်ဖို့မဖြစ်နိုင်ဘူး . . .” စသဖြင့်
ကိုယ်တော်ဟာ လက်တွေ့မလုပ်ခဲ့သလိုလို ၎င်းတို့စိတ်ထဲမှာ မသိစိတ်က မသိမသာ ခံယူငြင်းပယ်နေပါတယ်။
ဒါကြောင့်လည်း ထိုသူတို့အတွက် ကယ်တင်ခြင်းတရားဟာ ချစ်ခြင်းမေတ္တာမှာ အကျဉ်းမချုပ်နိုင်ပဲ
အမုန်းမီးများကြားမှာ ပူလောင်နေရင်း ပူလောင်နေဆဲသာဖြစ်ပါတယ်။
ခရစ်တော်ပေးဆပ်ခဲ့တာတွေဟာ
ကျွန်ုပ်တို့နှင့်အလှမ်းဝေးသည့် ၀ိညာဉ်ရေးသက်သက်သာ မဟုတ်ဘဲ ရုပ်ခန္တာနှင့်ပါပေးဆပ်ခဲ့တာဖြစ်ပါတယ်။
ထိုကြောင့် ခရစ်ယာန်ယုံကြည်ခြင်း၌သာလျှင် လူ့အဖြစ်ယူခြင်းဆိုတာ တည်ရှိပါတယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည်
လူ့အဖြစ်ကို ယူတော်မူသည်ဟု ဆိုပါတယ်။ ကျွန်ုပ်တို့လူသားတွေ နားလည်နိုင်ဖို့အတွက် ဘုရားဇာတိအဖြစ်နှင့်သာ
မဟုတ်ဘဲ လူ့အသွေးအသား အဖြစ်နှင့်ပင် ဒုက္ကစရိယာခံထမ်း၍ (သူ့ဘ၀နှင့်ရင်းပြီး) ပေးဆပ်ခဲ့တယ်၊
ပြသခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်တွေဟာ ကိုယ်တော်ပြသခဲ့သည့်တရားတွေကို လိုက်ကျင့်သည့်အခါ
ဝိညာဉ်သက်သက် (စိတ်ကူးသက်သက်)သာ မဟုတ်ဘဲ ခန္တာရုပ်ပိုင်းဆိုင်ရာနှင့် လူသားတို့အဖို့
လက်တွေ့ကျသည့်တိုင် ကျင့်ကြံဖို့လိုပါတယ်။ ထိုကြောင့်လည်း သံပေါလူးက ခရစ်ယာန်တစ်ဦးအနေဖြင့်
ဝါကြွားလိုလျှင် ယေဇူးခရစ်တော်၏ကားတိုင်မှလွဲ၍ တခြားမရှိစေနှင့်ဟု သတိပေးထားခဲ့ပါတယ်။
ခရစ်တော်ရဲ့ပေးဆပ်ခဲ့မှုတွေ၊ ခွင့်အလွှတ်ခဲ့မှုတွေ၊ ဒုက္ခခံထမ်းခဲ့မှုတွေကို ကျွန်ုပ်တို့ဟာ
သူ၏လူ့အဖြစ်ယူခြင်းနှင့် ယဉ်တွဲခံယူကျင့်ကြံကြတဲ့အခါ ကိုယ်တော်ပြသည့် လမ်းစဉ်တွေကို
မဖြစ်မနေကြိုးစားဖို့ စိတ်အားထက်သန်လာမှာဖြစ်ပါတယ်။ ကိုယ်တော်က ဘုရားမို့လုပ်နိုင်တာထက်
ကျွန်ုပ်တို့တတွေဟာလည်း ကိုယ်တော့်လိုပဲ လုပ်ကိုလုပ်ရမယ်ဟူသော ယုံကြည်ချက်နှင့် ခရစ်တော်၌
ကြိုးစားကြရမှာဖြစ်ပါတယ်။
မိမိတို့ကိုယ်တိုင်ကကော
ထိုသတင်းကောင်းကို ဘယ်လို လက်ခံပြီး ဘယ်လိုတုန့်ပြန်ကြမလဲ။
ကျွန်ုပ်တို့ခရစ်ယာန်တိုင်းဟာ
ခန္တာတစ်ခုတည်းသော အသင်းတော်ရဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ ဦးခေါင်းဖြစ်တဲ့ သခင်ခရစ်တော်နှင့်
ဆက်နွယ်နေပြီး အသင်းတော်ရဲ့သဘာဝအလျောက် သာသနာပြုများ ဖြစ်ကြပါတယ်။ ဆိုလိုချင်တာက -
အသင်းတော်ရဲ့ဦးဆောင်ဦးရွက်ပြုနေသူတွေသာမဟုတ်ဘဲ ယုံကြည်သူများ ဖြစ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း
ခရစ်တော်ရဲ့ သတင်းကောင်းကို သက်သေခံ မျှဝေဖို့ လိုအပ်ပါတယ်။ ခရစ်တော်ဟာ တမန်တော်ကြီး
ဆယ့်နှစ်ပါးကို သီးသန့်ရွေးကောက်ခဲ့သလို တပည့်တော်ကြီး အပါးခုနစ်ဆယ်ကိုလည်း တကမ္ဘာလုံးကို
သတင်းကောင်းဝေမျှဖို့ ရွေးကောက်ပါတယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းကို
တကမ္ဘာလုံးဝေမျှဖို့အတွက် တပည့်တော်ကြီး ဆယ့်နှစ်ပါးမှာ တာဝန်ရှိတာမဟုတ်ဘဲ ကိန်းဂဏန်း
ခုနစ်ဆယ်ထဲမှာပါဝင်တဲ့ ကျွန်ုပ်တို့ခရစ်ယာန် တစ်ဦးစီတိုင်းမှာလည်း တာဝန်ရှိပါတယ်။
တကယ်ဆိုလျှင် ကိုယ်တော်မိန့်ဆိုသလိုပဲ - ရိတ်သိမ်းစရာများစွာ ရှိနေပါတယ်။ လုပ်ဆောင်သူက
နည်းပါးလွန်းတယ်။ ကျွန်ုပ်တို့တတွေ နောက်ထပ် လုပ်ဆောင်သူတွေ စေလွှတ်ဖို့ လယ်ပိုင်ရှင်ကြီးဆီမှာ
တောင်းလျှောက်ရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်ရှင်ရဲ့ ကယ်တင်ခြင်း သတင်းကောင်းဟာ
တကမ္ဘာလုံးမှာ မရောက်ရှိသေးပါဘူး။ ကျွန်ုပ်တို့ကမ္ဘာကြီး မငြိမ်းချမ်းသေးပါဘူး။ ကျွန်ုပ်တို့အသိုင်းအ၀ိုင်းတွေကြားမှာ
မေတ္တာတရား ခေါင်းပါးနေပါသေးတယ်။ ကျွန်ုပ်တို့တတွေ လက်ချင်းဆက်လို့ သံပြိုင်သီချင်းတွေ
သီဆိုနိုင်သည့်နေတိုင်အောင် သတင်းကောင်း ဝေမျှရင်း သက်သေခံသွားကြပါစို့။ ကျွန်ုပ်တို့ပျော်ရွှင်ခြင်းဟာ
အသီးအပွင့်ဆီက မဟုတ်ဘဲ - ဘုရားသခင်ဆီကပင် ဖြစ်သည့်အတွက်ကြောင့် ဒီလို သက်သေခံဝေမျှနေရသည်ကိုပင်
ပျော်ရွှင်နေပါလိမ့်မယ်။
ကိုရင် (ဒိုမီနီကန်)
Subscribe to:
Posts (Atom)