Sunday, 14 April 2013

တတိယမြောက်ပါစကားတနင်္ဂနွေနေ့


မိမိ၏ယုံကြည်ခြင်းမှာ အဟန့်အတားတွေနဲ့ သံသယတွေ ရှိဖူးပါသလား။ ရှိနေပါသလား။ မိမိကိုယ်တိုင်ကော ဘာကြောင့် ဒီလိုအဟန့်အတားတွေနဲ့ သံသယတွေ ဖြစ်ပေါ်ရသလဲဆိုတာ စဉ်းစားမိပါသလား။ ဒီတော့ ကျွန်ုပ်နှင့်အတူ ယခု တတိယမြောက်ပါစကားတနင်္ဂနွေနေ့ရဲ့ ဧ၀ံဂေလိကျမ်းစာတော်မြတ်ကို ထောက်ရှု့စဉ်းစားရင် အဖြေတခုခုယူကြည့်ကြပါစို့။

ဒီနေ့ကျမ်းစာ (သံယောဟန် ၂၁း ၁-၁၉)ထဲမှာ သံပေတရူးနှင့် အခြားတပည့်တော်ကြီးအချို့ဟာ ငါးဖမ်းထွက်သွားပါတယ်။ အဲဒီအဒီမှာပဲ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော ယေဇူးခရစ်တော်ဟာ တပည့်တော်ကြီးတို့ဆီ ကြွရောက်လာခဲ့တယ်။ ဒါကို တပည့်တော်ကြီးတွေက ယေဇူးခရစ်တော်မှန်း မသိကြဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်းကတော့ မကြာသေးခင်ကမှ ကြီးကြီးကျယ်ကျယ် ဖြစ်ပျက်ထားတဲ့ ခရစ်တော်ရဲ့ ဒုက္ကစရိယာ သေခြင်းကြောင့် သူတို့မှာ မျှော်လင့်ခြင်းမဲ့သွားတဲ့အချိန်မို့ပါ။ မိမိတို့ဘ၀မှာ သေတဲ့သူ ပြန်ရှင်တယ်ဆိုတာ တခါမှ မကြုံတွေ့ဖူးတဲ့ တပည့်တော်ကြီးများအတွက် ယေဇူးရှင်ပြန်ပြီး လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဤအချက်သည် သူတို့ရဲ့ ယုံကြည်ခြင်းကို အဟန့်အတားကြီး ဖြစ်စေခဲ့တာပါပဲ။ ထို့အတူ ယနေ့ခရစ်ယာန်များနှင့် လူပေါင်းများစွာအတွက်လည်း ယေဇူးခရစ်တော် အမှန်တကယ်ရှင်ပြန်ခဲ့ရဲ့လားဆိုတာ သံသယ၀င်နေကြဆဲပါ။ တချို့က ခရစ်တော်ဟာ တပည့်တော်ကြီးတွေကို ရူပါရုံပဲ ပြခဲ့တာဟုလည်း ဆိုကြပါသေးတယ်။ ဒါပေမယ့်လည်း ရှင်ပြန်ထမြောက်ပြီးနောက် တွေ့ခဲ့ရသည့် ယေဇူးခရစ်တော်မှာ ရူပါရုံမဟုတ်ကြောင်းနဲ့ အမှန်တကယ်ခန္တာနမ်နဲ့ကို ထိတွေ့ခဲ့ရကြောင်း တပည်တော်ကြီးတိုင်းက သက်သေခံထားပါတယ်။

ယနေ့ကျွန်ုပ်တို့တတွေအတွက် ယုံကြည်ခြင်းမှာ အဟန့်အတားနဲ့သံသယဖြစ်စေတဲ့အကြောင်းတွေ အများကြီးရှိနေတာတော့ အမှန်ပါ။ သို့ပေမယ့်လည်း သံသယဖြစ်တိုင်း စိတ်ဓါတ်ကျပြီး မျှော်လင့်ချက်ပျောက်သွားဖို့ မလိုအပ်ပါဘူး။ တခါတရံ ဒီအတားအဆီးတွေကလည်း မိမိတို့ယုံကြည်ခြင်းကို ပြန်လည်အသက်ဝင်လာဖို့ စိန်ခေါ်ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ကိုယ်ယုံကြည်ရာကို မျက်မမြင်တဇွတ်ထိုးယုံတာမဟုတ်တော့ဘဲ မိမိသြတ္တပစိတ် အသိာဏ်နဲ့ စဉ်းစားတွေးခေါ်ခံယူနိုင်စေပါတယ်။ ပုစ္ဆာတစ်ပုဒ်ရှိခဲ့လို့ အဖြေမှန်ရအောင် တွက်လိုက်တဲ့သဘောပါပဲ။ ထိုကြောင့် မိမိရဲ့ယုံကြည်ခြင်းကို အမြဲတမ်းစဉ်းစားတွေးခေါ်ပြီး အသက်သွင်းပါ။ ယုံကြည်ခြင်းဆိုတာ မိမိရဲ့အသိာဏ်ပိုင်းဆိုင်ရာ၊ စိတ်ဆန္ဒပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှု့ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ပညာသုတဆိုင်ရာ၊ခန္တာပိုင်းဆိုင်ရာ၊ ရူပါရုံအထိအတွေ့တို့ဆိုင်ရာ စသည့်အဆင့်ဆင့်တွေမှာ ဆုံးဖြတ်မြုပ်နှံမှု့တစ်ခုပါ။ ထိုသို့ ဆုံးဖြတ်မြုပ်နှံပြီး လုပ်ဆောင်အသက်ရှင်သန်ခြင်းဟာ မိမိယုံကြည်ခြင်း၏ လုပ်ရပ်သက်သေတွေပင်ဖြစ်ပြီး ပေါ်လွင်စေပါတယ်။

ယုံကြည်ခြင်းမှာ အားနည်းတိုင်းလည်း ပြန်လည်အင်အားယူဖို့ ဖိတ်ခေါ်မှု့အမြဲတမ်းရှိပါတယ်။ ဘ၀ဟာ ဖိတ်ခေါ်မှု့ပေါင်းများစွာနဲ့ မျှော်လင့်ချက်ပေးရှင်သန်စေပါတယ်။ ယနေ့ကျမ်းစာဒုတိယပိုင်းမှာလည်း ခရစ်တော်ဟာ ယုံကြည်ခြင်းအားနည်းပြီး မျှော်လင့်ချက်မဲ့နေသည့် တပည့်တော်ကြီးတွေကို ပြန်လည်ဖိတ်ခေါ်ခဲ့သည် ဒုတိယမြောက်ခေါ်တော်မူခြင်းကို တွေ့မြင်နိုင်ပါတယ်။ ပထမခေါ်တော်မူခြင်းကို သတိရဦးမည်ဆိုလျှင်ဖြင့် (သံမာတေဦး ၄း၁၈-၂၂)မှာ ပထမဦးဆုံးတပည့်တော်ကြီးများကို ခေါ်ယူခဲ့သည့် ပုံစံနှင့် ယခုတဖန်ခေါ်ဆိုခဲ့သည့် ပုံစံတူနေပါတယ်။ ထိုပထမခေါ်တော်မူခြင်းမှာ တပည့်တော်ကြီးများအား လူကိုဖမ်းသော တံငါသည်များဖြစ်စေမည်ဟု မိန့်ဆိုခဲ့ပြီး ယခုတဖန်မှာတော့ ကိုယ်တော့်ကိုချစ်လျှင် ကိုယ်တော်၏သိုးများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မိန့်မှာနေပါတယ်။ သိုးတွေဆိုသည်မှာ သိုးထိန်းကိုသိပြီး ထိုသိုးထိန်း၏နောက်ကိုသာ တစိုက်မတ်မတ်လိုက်တတ်သည့် သတ္တ၀ါများပင် ဖြစ်ပါတယ်။ ထိုကြောင့် ဒီနေ့ အဘယ်သူဟာ သိုးတွေကို စောင့်ရှောက်သူဖြစ်ပြီး အဘယ်သူတွေဟာ သိုးများဖြစ်နေပါသလဲ။

အသင်းတော်ဟာ သိုးထိန်းဖြစ်ပြီး ခရစ်တော်ကိုယ်စား သိုးများဖြစ်သည့် ဘာသာဝင် ညီအစ်ကိုများကိုသာမက အခြားသော ဘုရားသခင်နှင့်ဆိုင်ရာ သိုးများစွာကို စောင့်ရှောက်ထိန်းသိမ်းပေးဖို့ အပ်နှံခံပါတယ်။ ဒါကြောင့် အသင်းတော်ဟာ ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါတယ်။ အသင်းတော်မှာ ဘုရားဇာတိ လူ့ဇာတိနှစ်ခုလုံးကို ပေါင်းစပ်ဖွဲ့စည်းထားသည်ဖြစ်၍ ကျွန်ုပ်တို့တတွေဟာ နားလည်တတ်ရပါမယ်။ ထို့အပြင် ကျွန်ုပ်တို့ကိုယ်တိုင်ဟာလည်း ဆေးကြောခြင်း၌ ခရစ်တော်၏တပည့်နောက်လိုက်များဖြစ်သည့်အလျောက် တနည်းတဖုံ သိုးထိန်းလေးများဖြစ်လာခဲ့ကြသောကြောင့် တနိုင်တအား သိုးများထိန်း သိမ်းစောင့်ရှောက် ရပါလိမ့်မယ်။
မိတ်ဆွေ။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို အဘယ်မှာ မြုပ်နှံထားပါသလဲ။ ကော်လောဆေသြ၀ါဒမှာတော့ သံပေါလူးက ကျွန်ုပ်တို့အား “အထက်အရပ်၌ရှိသော အရာများတွင် "ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို မြုပ်နှံဖို့ အားပေးတိုက်တွန်းထားပါတယ်။ စဉ်းစားနိုင်ပါစေ။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment