မည်သူသည်
ခရစ်တော်၏စစ်မှန်သော တပည့်ဖြစ်မည်နည်း။
ကျွန်ုပ်တို့လောကမှာ
ယေဇူးခရစ်တော်ဟာ ကျွန်ုပ်တို့ကဲ့သို့ လူသားစင်စစ် အဖြစ် နေထိုင်စဉ် အတွင်း ဟောပြော သွန်သင် ပေးခဲ့သည့်
တရားတိုင်းဟာ အကြီးမြတ်ဆုံးသော ပညတ်တော် နှစ်ချက်အပေါ်မှာ အခြေခံခဲ့သလို သူ၏တရားတိုင်းကိုလည်း
ထိုအကြီးမြတ်ဆုံးသော ပညတ်နှစ်ချက်ဖြင့် အကျဉ်းချုပ်ထားခဲ့ပါတယ်။
(၁) သင်၏အရှင်ထာဝရဘုရားသခင်ကို
သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့။
(၂) သင်နှင့်နီးစပ်သောသူကို
သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့။
မိတ်ဆွေ။
ခရစ်တော်၏နောက်လိုက်တပည့်များအဖြစ် ကျွန်ုပ်တို့တတွေဟာ အခြားသူများကို သက်သေခံတဲ့အခါ
ဤချစ်ခြင်းမေတ္တာ၏ပညတ်နှစ်ချက်ဖြင့်သာ သက်သေခံရပါလိမ့်မည်။ ဒီလိုဆိုတော့ ကျွန်ုပ်တို့အရှင်ဘုရားသခင်ကို
ချစ်ဖို့၊ ကျွန်ုပ်တို့နှင့်နီးစပ်တဲ့သူတွေကို ချစ်ဖို့ဆိုတာ ကျွန်ုပ်တို့အတွက် ဘာကိုဆိုလိုပါသလဲ။
ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင်
ကျွန်ုပ်တို့လူတွေက စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပပတ်ဝန်းကျင်က သက်ရောက်မှု့တွေနဲ့အတူ
ရောထွေးရှုပ်ထွေးစေကြပါတယ်။ ထိုကြောင့်လည်း လူတွေကြားမှာ ချစ်ခြင်းမေတ္တာကို အဆင့်အတန်းအမျိုးမျိုးနှင့်
သဘောသဘာဝအမျိုးမျိုးခွဲခြား ကွဲပြားနေတာပါ။ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေကို အပြိုင်ဖြစ်နေကြပြီး
အတ္တအချစ်နဲ့ အတ္တကင်းတဲ့အချစ် စသဖြင့် ရှုပ်ထွေးနေရပြန်ပါတယ်။ မိဘအချစ်၊ သူငယ်ချင်းအချစ်၊
သမီးရည်းစားအချစ် စသဖြင့် ရှုပ်ထွေးနေကြရပြန်ပါတယ်။ ဒါတွေဟာလည်း ငြင်းလို့မရနိုင်တဲ့
ချစ်ခြင်းအမျိုးအစားတွေပဲ ဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် ဒီထက်မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာကို
မေ့ထားလို့မရရုံသာမကဘဲ ပထမဦးစားပေးချစ်ခြင်းမေတ္တာရှိတာကိုလည်း မေ့မထားသင့်ပါဘူး။
ခရစ်ယာန်တို့ရဲ့
ချစ်ခြင်းမေတ္တာဟာ ပေးဆပ်ခြင်းမှာ အရင်းတည်ပြီး စိတ်နှလုံးပျော်ရွှင်စေသည့် အရာပင် ဖြစ်ပါတယ်။
အပြင်ပန်းမှာ ဒုက္ခခံရသည်ဟု ယူဆရသော်လည်း အမှန်စင်စင် စိတ်နှလုံးပျော်ရွှင်စေပါတယ်။ သခင်ယေဇူးခရစ်တော်ဟာ
ပုံစံနမူနာကောင်းအဖြစ် သူ့ဘ၀ သူ့အသက်နှင့်ရင်းပြီး “မိမိမိတ်ဆွေများအဖို့ မိမိအသက်ကို
စွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ကြီးမြတ်သော ချစ်ခြင်းမေတ္တာမရှိ” ကြောင်းကို သက်သေပြ၊
လမ်းပြကာ သွန်သင်ပေးထားလေသည်။ ကျွန်ုပ်တို့အချင်းချင်းကြားမှာလည်း ချစ်ခြင်းမေတ္တာ၌အရင်းတည်ပြီး
ကူညီရိုင်းပင်းဆက်ဆံကြရန် ထပ်ခါထပ်ခါမှာကြားနေလေသည်။
ခရစ်ယာန်တို့ချစ်ခြင်းမေတ္တာဟာ
ဖြူစင်သန့်ရှင်းပါတယ်။ ကော်ရိန်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးမိန့်ဆိုသည့်အတိုင်း
“ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊
ဝါကြွားခြင်းလည်းမရှိ၊- ၎င်းမာန်မာနမရှိသကဲ့သို့ ရိုင်းပြမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည်
ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်။ ချစ်ခြင်းမေတ္တာသည်
မကောင်းသောအမှု၌၀မ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ၀မ်းမြောက်တတ်၏။- ချစ်ခြင်းမေတ္တာသည်
အရာရာကိုခံထားနိုင်၏။ အရာအားလုံးကို ယုံကြည်၏၊ အရာအားလုံးကို မျှော်လင့်၏။ အရားအားလုံးကိုလည်း
ကြံကြံခံနိုင်၏။ ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ (ကော်ရိန်သု ၁၃း၎-၈)
မိတ်ဆွေ။
ဤကဲ့သို့သော ခရစ်ယာန်တို့၏ချစ်ခြင်းမေတ္တာဖြင့် အသက်ရှင်နေထိုင်ခြင်းသည်သာလျှင် ခရစ်တော်၏တပည့်အစစ်အမှန်ဖြစ်စေပါတယ်။
ထို့အပြင် ထိုသို့အသက်ရှင်နေထိုင်ခြင်းသည် ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့် ပြည့်စုံစေပြီး
ကောင်းကင်နိုင်ငံတော်ကို သက်သေခံကြောင်း ယေဇူးခရစ်တော်မိန့်ဆိုခဲ့ပါတယ်။ မိမိနှင့်နီးစပ်သူကို
ချစ်ခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ကြောင်း ဖြစ်စေသလို ဘုရားသခင်ကိုချစ်ခြင်းသည်လည်း
ကျွန်ုပ်တို့နှင့်နီးစပ်သူများကို ကိုယ်နှင့်အမျှချစ်ကြောင်း ဖြစ်စေပါတယ်။
မိတ်ဆွေ။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်က “ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်၏တရားစီရင်ခြင်း ခံရသည့်အခါ
ကျွန်ုပ်တို့၏ဂရုဏာတရားပေါ်၌မူတည်၍သာ စီရင်ခံရမည်ဖြစ်ပါတယ်။ ကျွန်ုပ်တို့အချင်းချင်းပေါ်မှာ
မည်သို့ချစ်ခြင်းမေတ္တာထားသလဲ၊ အထူးသဖြင့် အလိုအပ်ဆုံးသူများနှင့် အဆင်းရဲဆုံးသူများအပေါ်
မည်သို့ချစ်ခြင်းမေတ္တာထားသလဲဆိုတာပေါ်မှာ မူတည်ပြီး စီရင်ခံရပါမည်။” ဟုမိန့်ဆိုပါတယ်။
ကျွန်ုပ်တို့အားလုံး
ခရစ်ယာန်တို့၏ချစ်ခြင်းမေတ္တာ၌အခြေတည်ကာ တဦးနှင့်တဦး ချစ်နိုင်ကြပါစေ။ ထိုသို့အသက်ရှင်ခြင်းအားဖြင့်
ဘုရားသခင်၏ဘုန်းဂုဏ်တော်သည်လည်း ကျွန်ုပ်တိုတဦးစီတိုင်းမှာ ထွန်းတောက်ပါလိမ့်မည်။
ကိုရင် (ဒိုမီနီကန်)