Friday, 25 August 2017

ကက်သလစ်တွေ ကယ်တင်ခြင်းရရှိပြီးပြီလား

အမေး။       ။    ။ကက်သလစ်တွေဟာ သူတို့ရဲ့အကျင့်အားဖြင့် ကောင်းကင်နိုင်ငံရောက်အောင် ပို့ဆောင်ပေးတယ်လို့ယူဆနေကြပါတယ်။ ဒါကြောင့် ဘုရားသခင်ကိုယုံကြည်ပြီး ကယ်တင်ခြင်းရရှိဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဧဖက်သြဝါဒစာစောင်မှာ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာ အခွင့်မရှိ။ ဟူ၍ ဖော်ပြထားပါတယ်။

 အဖြေ။      ။      ။ပထမဦးဆုံးကျွနိုပ်တို့ နားလည်ထားသင့်တာကတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျမ်းစာတော်မြတ်ကို
ကိုယ်ကြိုက်သလိုဘာသာပြန်မရဘူး၊အဓိပ္ပယ်ဖွင့်ဆိုလို့မရဘူးဆိုတာ
နားလည်ထားသင့်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျမ်းစာတစ်ခုနဲ့တစ်ခုကဆက်စပ်နေပြီး သခင်ယေဇူးကိုယ်တိုင်ဓမ္မဟောင်းကျမ်းကို ကိုးကားအသုံးပြုခဲ့တာတွေရှိသလို သခင်ယေဇူးဟောပြောခဲ့တာတွေကလည်း ဓမ္မဟောင်းကျမ်းကို ထောက်ပြခဲ့တာတွေရှိပါတယ်။ အဲဒါကြောင့် ဓမ္မသစ်ကျမ်းကို နားလည်ဖို့ကြိုးစားတဲ့အခါမှာလည်း ကျမ်းစာတစ်ခုနဲ့တစ်ခုရဲ့ဆက်စပ်မှုကို နောက်ကျမ်းစာတစ်စောင်ကနေ သိဖို့လိုအပ်ပါတယ်။
ဧဖက် :ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော  ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်း သို့  ရောက်ရ၏။
စိန်ပေါလ် ပြောထားတဲ့အတိုင်းဆို ကုသိုလ်ကောင်းမှုကြောင့်ကယ်တင်ခြင်းရတာမဟုတ်ဘူး၊ကျေးဇူးတော်ကြောင့်
လို့ ထောက်ပြထားပါတယ်။ ဒါပေမယ့် နောက်ထပ် ဧဖက် အခန်းကြီး ၂ အခန်းငယ် ၁၀ ကိုပြန်ကြည့်ရအောင်
ဧဖက် ၂:၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍  ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌  ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ ဟု အကျင့်(အလုပ်) နဲ့ပက်သက်ပြီး ပြန်ထောက်ပြထားပါတယ်။ ဒါဟာ ဘာကိုဆိုလိုချင်တာလည်းဆိုတော့ ကမ္ဘာဦးကျမ်း၊ ဓမ္မဟောင်းကျမ်းကတည်းက ဘုရားသခင်က လူကိုဖန်ဆင်းတဲ့အခါ သူရဲ့ပုံစံနဲ့အညီ ဖန်ဆင်းထားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ လူကိုဘုရားသခင် သူရဲ့ပုံစံနဲ့အညီဖန်ဆင်းထားတယ်ဆိုတဲ့အရာကတော့ လူဟာသဘာဝအလျှောက် လောကသဘာဝအပြစ်ကိုရှောင်ပြီးတော့ ကောင်းသောအမှုကိုပြုစေချင်တဲ့ သဘောထားကို ပြောပြနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရဲ့ကယ်တင်ခြင်းကျေးဇူးကို ရရှိတဲ့လူဟာ ကောင်းသောအမှုကိုပြုတဲ့အခါ အကျင့်ကအဲဒီကယ်တင်ခြင်းကျေးဇူးတော်နဲ့ ဆန်ကျင်ခြင်းဖြစ်စေတာမဟုတ်ဘဲနဲ့ ကယ်တင်ခြင်းကျေးဇူးတော်ရရှိခြင်းကြောင့်သာ ကောင်းသောအမှု(အကျင့်) ကိုပြုတာဖြစ်ပါတယ်။ ဒါကိုနားလည်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အမှုကိုပြုတာနဲ့ ယုံကြည်ခြင်းနဲ့ ဘယ်လိုမှဆန့်ကျင်ဘက်ဖြစ်နေတဲ့ သဘောတရားမရှိပါဘူး။ ဒါနဲ့ပက်သက်ပြီး နောက်ကျမ်းပိုဒ်ပြန်ကြည့်ရအောင်
ရှင်ယာကုပ် ၂:၁၄-၁၈
၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်း ရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူကိုကယ်တင်နိုင်သလော့။
၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ ၊ နေ့တိုင်းစာရသော အစာမရှိသော အခါ၊
၁၆ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော  အသုံးအဆောင်ကိုမပေး ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။
၁၇ ထိုနည်းတူ၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်း သည် တပါးတည်းရှိသော  ကြောင့်အသေဖြစ်၏။
၁၈ တနည်းကား၊ သင်သည်ယုံကြည်ခြင်း ရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲသင်၏ ယုံကြည်ခြင်း ကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်း ကိုပြမည်ဟု ပြောစရာရှိ၏။

ဒီကျမ်းပိုဒ်ကိုထောက်ရှုရရင် ရှင်ယာကုပ်ပြောတာရှင်းရှင်းလေးဖြစ်ကြောင်းတွေ့ရမှာပါ။ ဘုရားသခင်က ကယ်တင်ခြင်းကျေးဇူးတော်၊ယုံကြည်ခြင်းကျေးဇူးတော်ပေးထားပါတယ်။ အဲဒီယုံကြည်ခြင်းကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်ဆိုပေမယ့် ကယ်တင်ခြင်းကျေးဇူးတော်ကို ကျွန်ုပ်တို့သေတဲ့အချိန်မှာကောင်းကင်ဘုံမှာ အပြည့်အဝခံစားရပါမယ်။ ကယ်တင်ခြင်းကလည်းရရပြီးသား။ ဒါပေမယ့်ကောင်းကင်နိုင်ငံမဝင်ခင် အဲဒီကြားထဲမှာ မိမိရဲယုံကြည်ခြင်းကို ကောင်းသောအမှုအကျင့် အထူးသဖြင့် တစ်ဦးနှင့်တစ်ဦးအစေခံခြင်း၊ တစ်ဦးကိုတစ်ဦး သနားကြင်နာခြင်းစသော အရာတွေနဲ့ သက်သေမပြနိုင်ဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ သေနေသောယုံကြည်ခြင်းဖြစ်တယ်၊ သေနေသောယုံကြည်ခြင်းကဘယ်လိုကယ်တင်ခြင်းကို ပေးနိုင်မလဲဆိုတာ ရှင်ယာကုပ်က ပြန်ပြောထားပါတယ်။
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် ၂း၈
အကြောင်းမူကား ဆိုးယုတ်သောသူတို့အလယ်တွင် နေထိုင်ခဲ့သောထိုဖြောင့်မတ်သူသည် မိမိတွေ့မြင်ကြားသိခဲ့ရသော မကောင်းမူများကြောင့် နေ့စဉ်ရက်ဆက် မိမိ၏ ဖြောင့်မတ်သော စိတ်ဝိညာဉ်၌ အနှောင့်အယှက်ဖြစ်ရလေ၏။


နောက်ကျမ်းပိုဒ်တစ်ခုကြည့်ရအောင်
ကောရိန့်သုသြဝါဒစာ ပထမစောင် ၂း ၁၅
ဝိညာဉ်နှင့်ဆိုင်ရာကိုလိုက်နာ ကျင့်ကြံသူတို့သည် အရာခပ်သိမ်းကိုစီရင်ဆုံးဖြတ်ပြီး သူကိုယ်တိုင်မှာမူ မည်သူ၏စီရင်ဆုံးဖြတ်ခြင်းကိုမခံရပေ။
ဆိုပြီးစိန်ပေါလ်က ဆိုထားပါတယ်။
အခုလိုအချိန်ခါတွေ အထူးသဖြင့် ကက်သလစ်တွေကိုစွပ်စွဲပြောဆိုတဲ့ သင်တို့ရဲ့ကောင်းမှုကုသိုလ်ပြုခြင်းတွေ နိုဗီနာပြုလုပ်ခြင်းတွေဒါမှမဟုတ် စက္ကရမင်းတူးခံယူခြင်းတွေဟာ မလိုဘူး ယုံကြည်ရင် ကယ်တင်ခြင်းရပြီဆိုတဲ့သူတွေလွဲနေတာကတော့ သံပေါလူးဖြစ်စေ၊သံပေတရူးဖြစ်စေ အဲဒီအချိန်အခါက သူတို့ပြောနေတာတွေက ဂျူးလူမျိုးတွေကို ပြောနေတာဖြစ်ပါတယ်။ ဂျူးလူမျိုးတွေဟာ မိုးဇယ်ရဲ့တရားဥပဒေကိုဘဲ ခံယူပြီးတော့ သခင်ခရစ်တော်ကိုလက်မခံတဲ့သူ၊ လက်မခံချင်တဲ့အခြေအနေတွေမှာရှိနေတဲ့သူတွေကို ပြောတာဖြစ်ပါတယ်။ အဓိကသူတို့ပြောချင်တာက မင်းတို့ဂျူးလူမျိုးတွေ ဘယ်လောက်ဘဲ ဒီဥပဒေတွေရဲ့အောက်မှာကောင်းတဲ့အရာတွေကိုဘယ်လောက်ဘဲလုပ်ပါစေ သခင်ခရစ်တော်ကိုမယုံကြည်ဘူးဆိုရင် ကယ်တင်ခြင်းမရနိုင်တဲ့အကြောင်း ပြောချင်တာဖြစ်ပါတယ်။
နောက်တစ်မျိုးပြောရရင် ယုံကြည်ခြင်းကိုဘေးဖယ်ထားပြီးတော့ ကောင်းမှုတစ်ခုတည်းနဲ့ကောင်းကင် ဘုံရောက်ဖို့ကြိုးစားနေတဲ့ ဂျူးလူမျိုးတွေကို အဲဒီခေတ်၊အဲဒီအချိန်မှာ ပြောနေတာဖြစ်ပါတယ်။ သူတို့ဟာ ခရစ်တော်ကိုယုံကြည်ခြင်းမရှိဘူး၊ ဒါ့အပြင် ကယ်တင်ခြင်းကို လက်ခံခြင်းမရှိဘဲနဲ့ ပညတ်တော် ၁၀ ပါးနဲ့ မိုးဇယ်ပေးထားတဲ့ဥပဒေတွေကိုဘဲလုပ်ရင် ငါတို့လည်းကောင်းကင်ဘုံရောက်မယ် ဆိုပြီးခံယူနေကြတဲ့ အဲဒီအချိန်က ဂျူးတွေကိုရေးနေတာဖြစ်ပါတယ်။ ဒီတော့ ကျွန်ုပ်တို့ယုံကြည်ခြင်းရရှိပြီးသားသူတွေအတွက်ကျတော့ ဘယ်လိုဖြစ်သွားမလဲ သံပေါလူးနဲ့သံပေတရူးပြောချင်က ကောင်းမှုဘယ်လောက်လုပ်လုပ် ယုံကြည်ခြင်းကိုလက်မခံရင် ကောင်းကင်ဘုံမရောက်ဘူး၊ ဒါပေမယ့် ယုံကြည်ခြင်းကိုလက်ခံထားပြီးတော့ကောင်းမှု(အကျင့်)မလုပ်ရဘူးလို့ပြောနေတာမဟုတ်ဘူး၊ ယုံကြည်ခြင်းကိုလက်ခံထားပြီးတော့ ကောင်းမှုလုပ်တာဟာ ယုံကြည်ခြင်းနဲ့ဆန်ကျင်နေတယ်၊အပိုတွေဖြစ်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ကောင်းမှုကုသိုလ်ဘဲလုပ်ပြီးတော့ ယုံကြည်ခြင်းကိုလက်မခံလို့ သူတို့က ပြောနေတာဖြစ်ပါတယ်။
ဒီတော့ ခရစ်တော်ကိုအသက်သခင်အဖြစ်ယုံကြည်ခြင်း၊ ဘုရားပေးတဲ့ကျေးဇူးတော်ကိုလက်ခံခြင်းပြီးတော့ကောင်းမှုကုသိုလ်ပြုခြင်းဆိုတာဟာ သံဟဇာတဖြစ်ပြီးတော့ ပြုလုပ်ရမယ့် အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကိုယ်တော်တိုင်ပြောထားပါတယ်။ မသဲ ၂၅း ၃၁-၄၆ ကိုရှုရန်။
ကိုယ့်ကိုယ်ကိုယ် တရားဥပဒေအောက်မှာနေတယ်ဆိုတဲ့သူတွေက သူတို့ကိုတရားစီရင်တဲ့အချိန်မှာ ကောင်းကင်နိုင်ငံမှာလက်မခံတဲ့အတွက် သူတို့ဘာများအမှားလုပ်ခဲ့မိလို့လဲလို့ မေးတယ်၊ အဲဒီအချိန်မှာ သခင်ခရစ်တော်က ငါရေငတ်တဲ့အချိန်မှာ သင်တို့ငါ့ကိုရေမပေးဘူး၊ ငါထောင်ကျတဲ့အချိန်မှာ လာမကြည့်ဘူးဆိုပြီး Good Work of Mercy၊ကောင်းသောအမှုကိုလျစ်လျူရှုခဲ့ကြတဲ့ တရားဥပဒေအောက်မှာ နေခဲ့ကြတဲ့သူတွေကို ကောင်းကင်ဘုံက လက်မခံဘူးဆိုတာကို သခင်ယေဇူးရဲ့တရားဟောချက်မှာ ရှင်းရှင်းလင်းလင်းကိုတွေ့ရပါတယ်။ ဒါလေးက အင်မတန်မှကို ရှင်းနေပါတယ်။
နောက်ဥပမာတစ်ခုကိုကြည့်ရအောင်။။ ကောင်းသောဆာမာရိတန်အကြောင်းပါ။ နောက်ဆုံးမှာ သခင်ယေဇူးက သင်တို့လည်းထိုနညးတူပြုကြလော့လို့ဆိုထားပါတယ်၊ အဲဒီတော့ ကောင်းမူကုသိုလ်ပြုခြင်းက ယုကြည်ခြင်းကိုဆန့်ကျင်တာမဟုတ်ဘဲနဲ့ ဘုရားသခင်ပေးသနားတဲ့ ယုံကြည်ခြင်းကျေးဇူးတော်ရဲ့အောက်က အသီးအပွင့်သက်သေသာဖြစ်ပါတယ်။ ယုံကြည်ခြင်းကို မလက်ခံဘဲနဲ့ ကောင်းသောအမှုကိုပြုခြင်းက မလုံလောက်ပါဘူး။ ကောင်းသောအမှုကိုပြုပြီး ယုံကြည်ခြင်းကိုလက်ခံခြင်းက ကောင်းကင်နိုင်ငံရောက်စေဖို့ဖြစ်ပါတယ်။
ဒီတော့ ကယ်တင်ခြင်းကျေးဇူး၊ယုကြည်ခြင်းနဲ့ကောင်းသောအမှုဆိုတာ အဲဒါဖြစ်ပါတယ်။
ကယ်တင်ခြင်းလည်းလိုအပ်နေတယ်၊ယုံကြည်ခြင်းကိုလက်မခံဘဲနဲ့ ကောင်းမှုတွေဘယ်လောက်လဲလုပ်လုပ်အလားဘဲ။ ကယ်တင်ခြင်းကလည်းရပြီ၊ကျေးဇူးတော်ကိုလည်းရပြီ၊ ယုံကြည်ခြင်းကိုလည်းလက်ခံထားပြီး ကောင်မှုကုသလိုလ်လုပ်တာ ဘာမှဖြစ်မသွားဘူး ပိုတောင်ကောင်းလာတာဖြစ်တယ်။
 နောက်ဆုံးအနေနဲ့ ကက်သလစ်တွေဟာ သခင်ခရစ်တော်ကိုယုံကြည်မှသာလျှင် ကယ်တင်ခြင်းကျေးဇူးတော်ကိုရရှိမယ်ဆိုတာကိုယုံကြည်ပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့် ယုံကြည်တဲ့အတွက် ကောင်းမှုတွေကိုလုပ်တာဖြစ်ပါတယ်။
(CCC.၂၀၁၁) ခရစ်တော်သခင်၏ မေတ္တာတော်သည် ဘုရားသခင်၏ရှေ့တော်၌ ကျွန်ုပ်တို့ကုသိုလ်ရရှိမှု၏အရင်းအမြစ်ဖြစ်သည်။ ကျေးဇူးတော်သည် ခရစ်တော်သခင်၌ လက်တွေ့ကျသော ချစ်ခြင်းမေတ္တာနှင့်ပေါင်းစပ်စေခြင်းဖြင့် ကျွန်ုပ်တို့၏အပြုအမှုများကို သဘာဝထက်လွန်ကဲခြင်းအဆင့်သို့ မြှင့်တင်ပေး၍ ဘုရားသခင်ရှေ့တော်နှင့် လူတို့ရှေ့တွင် ကုသိုလ်ဖြစ်စေသည်။ ရဟန္တာအရှင်သူမြတ်တို့သည် မိမိတို့၏ကုသိုလ်များကို ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ဖြစ်သည်ဟု အောက်မေ့ကြသည်။ 
င်ယ်ာကျမ်းပိုဒ်ပြန်ကြည့်ရအောင် န်ကြည့်ရအောင် နဲ့ ဘယ်လိုမှဆန်ကျင်ဘက်ဖြသ်နကိုနားလည်ဖို့လိုအပ်ပါတယ်။်

Joseph Khai

Monday, 21 August 2017

ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်း (အပိုင်း ၅)



မိမိတို့အား ယုံကြည်ခြင်းခွန်အားတိုးပွားစေမည့် အချက် (၈)ချက်။
၁။နေ့စဉ်မစ္ဆားတရားတော်မြတ်တွင် ပါဝင်ခွင့်ရလျှင် ပါဝင်ပါ။ ကိုယ်တော်မြတ်ကိုလည်း အတတ်နိုင်ဆုံး ထိုက်တန်စွာပင့်ယူနိုင်ရန် ကြိုးစားပါ။
၂။ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းမှာ မကြာခဏပါဝင်ပါ။
၃။ အာပတ်ဖြေခြင်းကို ပုံမှန်လုပ်နိုင်အောင်ကြိုးစားပြီး သြတ္တပစိတ်ကို ရှင်းရှင်းလင်းလင်းထားပါ။
၎။ ကျမ်းစာကိုနေ့စဉ်ဖတ်ပါ။
၅။ စိတ်ပုတီးစိတ်၍ဆုတောင်းပါ။
၆။ အသင်းတော်အတွင်းလှုပ်ရှားမှုများတွင် ပါဝင်ပါ။ စေတနာ့ဝန်ထမ်းအဖြစ် တစ်ခါတစ်ရံ ပါဝင်လှုပ်ရှားပါ။
၇။ ဖြူစင်ခြင်းကို ကြိုးစားကျင့်ကြံပါ။
၈။ လူငယ်အဖွဲ့တွေမှာ ပါဝင်လှုပ်ရှားပါ။
ဂိုဏ်းချုပ်ဆရာတော်ကြီး ဒန်နီရဲ ပြောတာကို ပြန်ပြောပြချင်ပါတယ်။ - ကက်သလစ်ယုံကြည်ခြင်းဟာ သိပ်ကိုကြွယ်ဝသလို သိပ်ကိုရှုပ်ထွေးပါတယ်။ မိမိတို့ကိုယ်ကို ကက်သလစ်ပါလို့ဆိုသူတွေလည်း သူတို့ဘ၀မှာ ပို၍နက်ရှိုင်းတဲ့ ကက်သလစ်ယုံကြည်ခြင်းကို ရှာဖွေတွေ့ရှိနေတုန်းပါပဲ။ လူငယ်ဘ၀ရောက်မှ ကက်သလစ်ဖြစ်လာတဲ့သူတွေဆို ပိုပြီးတော့သိသာပါတယ်။- သူတို့ကိုယ်သူတို့ တခြားကမ္ဘာကို ပြောင်းရွေ့လာသလိုပဲ ထင်မှတ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကက်သလစ်ယုံကြည်ခြင်းမှာ အလင်းသစ်နဲ့ဘ၀သစ်ကို အဓိပ္ပာယ်သစ်တွေနဲ့ ပြန်ရှင်လာခဲ့လို့ပါပဲ။ အဲ -ကက်သလစ်ယုံကြည်ခြင်းကို ၀န်ခံရွတ်ဆိုတဲ့သူတွေဟာ သီးခြားစိတ်ထားလေးတွေရှိလာပါတယ်။ အဲဒီလူတွေကို (Thinking Catholics) စဉ်းစားချင့်ချိန်သော ကက်သလစ်များလို့ ခေါ်ချင်ပါတယ်။ ကမ္ဘာကြီးအကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ လူတွေအကြောင်း၊ ပိုင်ဆိုင်မှုတွေအကြောင်း၊ ဆုတောင်းခြင်းအကြောင်း၊ ၀ိညာဉ်ရေးရာ ရင့်ကျက်လာခြင်းအကြောင်း၊ စသဖြင့် အမျိုးမျိုး စဉ်းစားချင့်ချိန်လာကြပါတယ်။ (Archbishop Daniel E. Pilarczyk, Being Catholic: How We Believe, Practice, and Think, pg. 7, 2016)
ယုံကြည်ခြင်းနဲ့ ဧ၀ံဂေလိတရားတော်ကို ကျင့်ကြံတဲ့သူတွေဟာ ခရစ်တော်သခင်၌ ဘ၀ရှင်သန်ခြင်းကို ထိတွေ့ခံစားရစေပါတယ်။ (CCC 2038) ကျနော်တို့တတွေလည်း မိမိတို့ယုံကြည်လက်ခံထားတဲ့ ကက်သလစ်ခရစ်ယာန်ယုံကြည်ခြင်းကို အသင်းတော်ကြီးရဲ့လမ်းပြမှုတွေနဲ့အတူ ကျင့်ကြံနေထိုင်ရင်း ခရစ်တော်သခင်၌ ဘ၀ရှင်သန်ခြင်းကို ထိတွေ့ခံစားရသည်များကို တဖန်သက်သေခံသွားကြပါစို့။
ဥရောပရောက်မြန်မာကက်သလစ်များတွေ့ဆုံပွဲနှင့် လူငယ်သင်တန်းမှ-
ဒိုမီနီကန်ကိုရင်

Thursday, 17 August 2017

ယုံကြည်ခြင်းနှင့်ကျင့်ကြံနေထိုင်ခြင်း (အပိုင်း ၄)



မေးခွန်း ၄။ အကျွန်ုပ်တို့ ယုံကြည်ခြင်းကို ဘယ်လိုကျင့်ကြံနေထိုင်သွားကြမလဲ။
Faith without practice is dead! ကျင့်ကြံမှုမရှိတဲ့ယုံကြည်ခြင်းဟာ အသေဖြစ်၏။ (ရှင်ယာကုပ် ၂း၁၄-၂၆) မှာ ရှင်ပြထားပါသေးတယ်။ ကျနော်တို့တတွေ အထက်ပိုင်းမှာ ယုံကြည်ခြင်းအကြောင်းလည်း ကြားနာထားပြီ၊ ဘယ်သူ့ကိုယုံကြည်ကြလို့ ဘာကိုယုံကြည်ကြသလဲဆိုတာလည်း ကြားနားပြီးနေပြီ။ ဒီတော့ ကျနော်တို့ သိနားလည်စွာနဲ့ ယုံကြည်လက်ခံပြီဆိုတာနဲ့ ဘယ်လိုကျင့်ကြံနေထိုင်ကြမယ်ဆိုတာ သိသင့်သလောက်သိပြီး ဖြစ်မှာပါ။
ခရစ်ယာန်တွေအဓိက ကျင့်ကြံတာကတော့ Christ-liked ခရစ်တော်နှင့်တူသောသူများဖြစ်ဖို့ပင် ဖြစ်ပါတယ်။ ခရစ်တော်ကိုစံနမူနာထားပြီး ကောင်းကင်ဘုံရှိ သင်တို့၏ဖခင်သည် ပြီးပြည့်စုံသကဲ့သို့ သင်တို့သည်လည်း ပြီးပြည့်စုံကြလော့ (မာတေဦး ၅း၄၈)မှာ ဆိုထားသလိုပဲ ကျနော်တို့တတွေလည်း ပြီးပြည့်စုံအောင်ခရစ်တော်နောက်လိုက်ရင်း ကျင့်ကြံနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရှေးဦးခရစ်ယာန်များကို သန့်ရှင်းသူများ၊ သူတော်စင်များ၊ လမ်းနောက်လိုက်သူများ စသဖြင့် ခေါ်ဆိုကြပါတယ်။ ညှင်းပမ်းနှိပ်စက်မှုတွေ အမျိုးမျိုးကြုံနေရလည်း ခရစ်ယာန်တွေဟာ ခရစ်တော်ဘုရားရှင်နဲ့ အတတ်နိုင်ဆုံးတူအောင် ကျင့်ကြံ ကြိုးစားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်သခင်ဟာ လမ်း၊ အမှန်တရားနဲ့ အသက်ဖြစ်၍ ငါ့ကိုအမှီမပြုဘဲ မည်သူမျှ ခမည်းတော်ဘုရားထံသို့ မလာရောက်နိုင် လို့ ယောဟန် ၁၄း၆မှာ အတည်အလင်းဆိုထားတာကြောင့်ပါ။
ခရစ်တော်ရဲ့တရားလမ်းတွေကို သမ္မာကျမ်းစာနဲ့ မြတ်သောအစဉ်အလာအားဖြင့် ခိုင်မာစွာ သိရှိပြီး ကျင့်ကြံနိုင်ပါတယ်။ ဒါ့ကြောင့် ကက်သလစ်အသင်းတော်ကြီးအနေနဲ့ Rule of Faith ယုံကြည်ခြင်းနိတ္တိဆိုပြီး အမြဲတမ်း သွန်သင်လမ်းပြပေးလျက်ရှိပါတယ်။ ဒီလိုသွန်သင်လမ်းပြပေးဖို့အတွက် အသင်းတော်ကြီးကို ခရစ်တော်သခင်ကိုယ်တော်တိုင် (မာတေဦး ၁၆း၁၈)မှာ သံပေတရူးကို ကျောက်တည်ပြီး တည်ထောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းတော်ကြီးဟာ နှစ်ပေါင်း ၂၀၀၀ကျော်လာသည့်တိုင်အောင် စစ်မှန်တဲ့ ယုံကြည်ခြင်းနှင့် ခရစ်တော်ရဲ့ တရားတော်တွေကို မူရင်းလည်းမပျောက်၊ ပိုပြီးလည်း နားလည်နိုင်အောင် ခေတ်အဆက်ဆက် ဓမ္မသင်္ဂြိုလ်ပညာရှင်ကြီးများရဲ့ အကူအညီနဲ့ သွန်သင်လမ်းညွှန်နေတာပါ။ 
အသင်းတော်ကြီးအတွင်းမှာ ကျနော်တို့တတွေ ဆေးကြော်ခြင်းမင်္ဂလာခံယူရရှိကြတယ်။ အသင်းတော်ကြီးအတွင်းမှာ နှစ်ပေါင်းများစွာ ထိမ်းသိန်းလာတဲ့ စစ်မှန်တဲ့ယုံကြည်ခြင်းအမွေကို ရရှိကြတယ်။ အသင်းတော်ကြီးအတွင်းမှာ ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားတော်ကို ကြားနာကြတယ်။ ဘုရားသခင်ကြိုက်နှစ်သက်သည့်အတိုင်း ဘယ်လိုနေထိုင်သွားကြရမယ်ဆိုတာကို အသင်းတော်ကြီးအတွင်းမှာ ကျနော်တို့ လေ့လာယူကြတယ်။ ခရစ်တော်ပေးခဲ့တဲ့ စက္ကရမင်တူးများအားဖြင့် ကျနော်တို့ကို မြှင့်တင်ပေးတယ်၊ ကျနော်တို့ကို ခွန်အားပေးတယ်၊ ကျနော်တို့ကို နှစ်သိမ့်ပေးတယ်။ အသင်းတော်ကြီးအတွင်း စံနမူနာအားဖြင့် ရဟန္တာသူတော်စင်တွေ ရှိနေတယ်။ အသင်းတော်အတွင်း သန့်ရှင်းမြင့်မြတ်တဲ့ မစ္ဆားတရားတော်မြတ်ကို ပူဇော်ကြတယ်။ ခရစ်တော်ရဲ့ ပူဇော်ခြင်းမှာ ကျနော်တို့တတွေ ပူးပေါင်းပါဝင်ကာ ခရစ်တော်ရဲ့ခန္တာကိုယ်ဖြစ်လာကြတယ်။ ပြီးတော့ အဲဒီခွန်အားတွေနဲ့ နေ့စဉ် ရှင်သန်ကြတယ်။
ကျနော်တို့ ကက်သလစ်ခရစ်ယာန်များအတွက် မိမိတို့ယုံကြည်ခြင်းကို ကျင့်ကြံသက်သေခံဖို့ရာ - နှစ်မျိုးပြောပြချင်ပါတယ်။ ပထမကတော့ ခရစ်ယာန်ဘ၀ရဲ့ အခြေခံအချက် (၅)ချက်ဖြစ်ပြီး ဒုတိယအချက်ကတော့ အသင်းတော်ရဲ့ ကျင့်ဝတ် (၅) ချက်ပါ။ နောက်ပြီး ကျနော်တို့အား ယုံကြည်ခြင်းခွန်အားတိုးစေတဲ့ အချက် (၈)ချက်ကိုလည်း ဝေမျှပေးပါ့မယ်။
ခရစ်ယာန်ဘ၀ရဲ့ အခြေခံ (၅)ချက်
---------------------------------------
၁။တပည့်တော်ကြီးများစီရင်ထားသော ယုံကြည်ခြင်းအချုပ် (၁၂)ချက်
၂။စက္ကရမင်တူးများ
၃။ပညတ်တော် ၁၀ ပါး
၎။တနင်္ဂနွေနေ့ မစ္ဆားတရားတော်မြတ်
၅။ဆုတောင်းခြင်း။
အသင်းတော်၏ကျင့်ဝတ် ၅ ချက်။
--------------------------------------
၁။တနင်္ဂနွေနေ့ မစ္ဆားတရားတော်မြတ်နှင့် ပွဲတော်နေ့များ
၂။အာပတ်ဖြေခြင်းစက္ကရမင်တူးအား တနှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခံယူခြင်း
၃။ကိုယ်တော်မြတ်စက္ကရမင်တူးအား အနည်းဆုံး ပါစကားကာလတွင် ပင့်ယူခြင်း
၎။အသားရှောင် ၀ါရှောင်ပြုရမည့်နေ့များကို စောင့်ထိန်းခြင်း
၅။အသင်းတော်အား အလှူဒါနဖြင့် ပံ့ပိုးခြင်း။
အကျွန်ုပ်တို့အား ယုံကြည်ခြင်းခွန်အားတိုးပွားစေမည့် အချက် ၈ ချက်။အားထပ်မံဖော်ပြပေးပါမည်။
ဆက်ရန်-
ဥရောပရောက်မြန်မာကက်သလစ်များတွေ့ဆုံပွဲနှင့် လူငယ်သင်တန်းမှ-
ဒိုမီနီကန်ကိုရင်

Saturday, 12 August 2017

ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်း (အပိုင်း ၃)

မေးခွန်း ၃။ အကျွန်ုပ်တို့ ဘယ်သူ့ကိုယုံကြည်ကြပါသလဲ။ ဘာကိုယုံကြည်ကြပါသလဲ။
ကျနော်တို့တတွေဟာ ဘ၀မှာ မှန်မှန်ကန်ကန်ရှင်သန်ဖို့ မိမိယုံကြည်တာကဘာလဲ၊ ဘာကို မိမိတို့ယုံကြည်နေတာလဲဆိုတာကို အသေအချာသိဖို့လိုအပ်ပါတယ်။ အဲဒီလိုပဲ ဘုရားသခင်ဘက်က စတင်ဖိတ်ခေါ်တဲ့ ယုံကြည်ခြင်းကျေးဇူးတော်မှာ ကျနော်တို့တတွေဟာ တိုးလျှိုးနာခံဖို့ လိုအပ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ - မိမိဘ၀ကို ဧ၀ံဂေလိတရားတော်အတိုင်း ညှိယူကာ ကျင့်ကြံနေထိုင်ဖို့ပါပဲ။ (ကိုယ်ကြိုက်တဲ့ တရားလေးပဲကောက်နှုတ်ပြီး တရားတော်ကို ကိုယ့်ဘ၀နဲ့ ညှိယူတာမဟုတ်ဘဲ တရားတော်တစ်ခုလုံးကို မိမိဘ၀ရဲ့ မီးအိမ်အဖြစ်ထားပြီး ညှိယူလျှောက်လှမ်းကြရဖို့ ဖြစ်ပါတယ်။) ဆာလံကျမ်း ၁၁၉း၁၀၉ မှာဆိုထားသလိုပဲ - ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် အကျွန်ုပ်၏ခြေတို့အတွက် မီးခွက်ဖြစ်၍ အကျွန်ုပ်သွားရာလမ်းကို အလင်းပေးပါ၏။-
ကျနော်တို့တတွေ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ခရစ်ယာန်များဖြစ်လာခဲ့ကြတယ်။ အေဒီ ၁၅၀၀ နောက်ပိုင်းမှ ဖြစ်ပျက်လာခဲ့တဲ့ အသင်းတော်အတွင်း ဂယက်ထမှုတွေကြောင့် ပရိုတက်စတန့်များ၊ နှစ်ချင်းများ၊ စသဖြင့် ဂိုဏ်းကွဲများစွာပေါ်လာတာကြောင့် ဟိုးယခင်ကတည်းက တည်လာခဲ့တဲ့ အသင်းတော်ကြီးကို ယနေ့တိတိကျကျ ကက်သလစ်အသင်းတော်ကြီးလို့ ခေါ်တွင်လာတယ်။ ဒါ့ကြောင့် ကျနော်တို့တတွေဟာ ကက်သလစ်ခရစ်ယာန်များလို့ အခြားခရစ်ယာန်များနဲ့ မမှားအောင် ခေါ်ဆိုကြတယ်။
ဒီတော့ ကက်သလစ်အသင်းတော်ကြီးရဲ့ သွန်သင်လမ်းပြမှုတွေနဲ့အတူ ကျနော်တို့ ဘာကိုယုံကြည်သလဲ၊ ကျနော်တို့ ဘယ်သူ့ကို ယုံကြည်သလဲ။ အသင်းတော်ကြီးရဲ့ အခြေခံယုံကြည်ခြင်းဟာ တပည့်တော်ကြီးများ စီရင်ထားတဲ့ ယုံကြည်ခြင်းအချုပ်ပင်ဖြစ်ပါတယ်။ -
၁။ အားလုံးစုံကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်းဆင်းတော်မူထသော ခမည်းတော်ဘုရားကို ကျွန်ုပ်တို့သည် ယုံကြည်လေးမြတ်ခြင်းရှိပါ၏။
၂။ ခမည်းတော်၏ တစ်ပါးတည်းသော သားတော်ယေဇူးခရစ္စတူး၊ ကျွန်ုပ်တို့၏သခင်သည် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူတော်မူ၍ ကညာမာရိယာမှ ဖွားမြင်တော်မူသည်။
၃။ ပုံစီဦးပီလာတူးမင်းလက်ထက် ဒုက္ခစရိယာကျင့်ခံတော်မူ၍၊ တံကျင်၌သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သင်္ဂြိုလ်သည်။
၎။ အောက်နိမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယနေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။
၅။ ကောင်းကင်ဘုံသို့ တက်တော်မူ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လက်ယာဘက်မှာ ထိုင်၍နေတော်မူသည်။
၆။ ထိုမှ ရှင်သူ၊သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။
၇။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုလည်းကောင်း၊
၈။ သန့်ရှင်းသော ကက်သလစ်အသင်းတော်ကိုလည်းကောင်း၊
၉။ သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊
၁၀။ အပြစ်ဟူသမျှကို လွတ်ကြောင်း၊
၁၁။ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည့်အကြောင်း၊
၁၂။ အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်းတို့ကိုလည်း ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ -အာမင်။
ကက်သလစ်ယုံကြည်ရာကို ထပ်မံ၍ ဖော်ထုတ်ပြောဆိုရလျှင်-
၁။ ဖန်ဆင်းရှင်ထာဝရဘုရားသခင်၊
၂။ ယေဇူးခရစ်တော်နှင့် ပါစကားနက်နဲဖွယ်ရာ
၃။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား
၎။ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ
၅။ ခရစ်တော်တည်ထောင်ခဲ့သော အသင်းတော်
၆။ မြတ်သောအစဉ်အလာနှင့် သမ္မာကျမ်းစာ
၇။ ခရစ်တော်ပေးခဲ့သော စက္ကရမင်တူး ၇ ပါး
၈။မိုးဇယ်မှတဆင့် ဘုရားသခင်ပေးခဲ့သော ပညတ်တော် ၁၀ ပါး
၉။ အသင်းတော်၏သွန်သင်ချက်
၁၀။ ခရစ်တော်ဘုရား၏မယ်တော် မာရိယာ
၁၁။ ဖန်ဆင်းခြင်း
၁၂။ ထာဝရအသက်
၁၃။ ကျေးဇူးတော်နှင့် ကယ်တင်ခြင်း
၁၄။ အပြစ်နှင့် ငရဲ။
(သာမန်နားလည်လွယ်အောင် ယုံကြည်ရာတွေကို အကျဉ်းချုံးဖော်ပြခြင်းသာဖြစ်သည်။)
ဆက်ရန်-
ဥရောပရောက်မြန်မာကက်သလစ်များတွေ့ဆုံပွဲနှင့် လူငယ်သင်တန်းမှ။
ဒိုမီနီကန်ကိုရင်

Thursday, 10 August 2017

ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်း (အပိုင်း ၂)

မေးခွန်း ၂။ ယုံကြည်ခြင်းဆိုသည်မှာ ဘာလဲ။
ဟေဗြေဦးကျမ်း ၁၁း၁ မှာ “ယုံကြည်ခြင်းဆိုသည်မှာ မိမိတို့မျှော်လင့်ထားသည့်အရာနှင့်ပတ်သက်၍ အာမခံချက်ရရှိခြင်းနှင့် မမြင်နိုင်သောအရာတို့အမှန်ပင် တည်ရှိကြောင်းအခိုင်အမာ သိရှိခြင်းပင်ဖြစ်၏။” ဟု ဆိုထားပါတယ်။ ယုံကြည်ခြင်းဆိုတာ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်လာမယ့် အနာဂတ်အမှန်တရားဆီကို ဦးဆောင်ခေါ်ယူသွားခြင်းလို့ ပြောနိုင်ပါတယ်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းဆိုတာ ဘုရားနှင့်တိုက်ရိုက်သက်ဆိုင်တဲ့ပါရမီများ (Theological virtues) လို့ အသင်းတော်ကြီးက သွန်သင်ထားပါတယ်။ ဒါ့ကြောင့် ဒီပါရမီတွေဟာကျနော်တို့ လူသားရဲ့ကြိုးစားမှုနဲ့ကျင့်ကြံလို့ ရနိုင်တာမဟုတ်ဘဲ ဘုရားသခင်ဘက်က စတင်ပြီး လူသားကို ကျေးဇူးတော်ပေးလို့ လူသားက ကျင့်ကြံနိုင်တာဖြစ်ပါတယ်။
သမ္မာကျမ်းစာတစ်အုပ်လုံးမှာ ယုံကြည်ခြင်းနဲ့ပတ်သက်လို့ အကောင်းဆုံးနဲ့အရှည်ဆုံးအခန်းပိုဒ်တွေကတော့ အာဗြဟံအကြောင်းပါပဲ။ အခန်းကြီး ၁၁ - ၅၀ ထိအောင်ရှည်လှပါတယ်။ ဒါဟာ ယုံကြည်ခြင်းဘယ်လောက် အရေးကြီးလဲဆိုတာ ပြသနေတာပါပဲ။ အာဗြဟံအကြောင်း အကျဉ်းချုံးပြောရရင်တော့ -
အာဗြဟံဟာ နောဧရဲ့န၀မမျိုးဆက်ဖြစ်တဲ့ တဲရာရဲ့ သားသုံးယောက်ထဲက တစ်ဦးဖြစ်တယ်။ သူတို့ဟာ ဦးမြို့မှာနေထိုင်နေခဲ့ကြတယ်။ အဲဒီမြို့မှာပဲ ဖခင်ကြီး တဲရာခေါင်းချသွားခဲ့တယ်။ အာဗြဟံက ဆာရကို လက်ထပ်ခဲ့တယ် -ဒါပေမယ့် ဆာရဟာ မြုံနေလို့ သားသမီးမထွန်းကားခဲ့သေးပါဘူး။ ဘယ်လိုဖြစ်ဖြစ် ဦးမြို့ဆိုတာက အဲဒီခေတ်ကာလက ကြွယ်ဝဖွံ့ဖြိုးတိုးတက်နေခဲ့တဲ့မြို့ဖြစ်တဲ့အတွက် အာဗြဟံတို့ဟာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားနဲ့ ဘ၀ဟာ အဆင်ပြေနေခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီလိုကြွယ်ဝဖွံ့ဖြိုးတဲ့မြို့မှာ မကောင်းတဲ့ဓလေ့စရိုက်တွေလည်း ထွန်းကားနေခဲ့တယ်။ နတ်ဘုရားတွေကို ပူဇော်ပသလိုက်ကြနဲ့ လူကိုတောင် ပူဇော်ရာအဖြစ်အသုံးပြုကြနဲ့ ဘုရားစစ်ဘုရားမှန်နဲ့ ဝေးကွာနေခဲ့ကြတယ်။
အဲဒီမှာပင် ဘုရားသခင်က (ကမ္ဘာဦးကျမ်း ၁၂း၁) ဧဗြဟံကို အဲဒီမြို့ကနေ စွန့်ခွာခိုင်းခဲ့တယ်။ အဲဒီမှာ တည်ငြိမ်ကောင်းစားနေတဲ့ဘ၀ကို စွန့်ပြီး မသေချာသေးတဲ့ ဘုရားသခင်ပြမယ်ဆိုတဲ့ ကတိပေးနေရာကို ခရီးနှင်ရမယ်။-သြော် မသေချာမရေမှု့တွေနဲ့။ အသက်ကဖြင့် ၇၅ နှစ်ရှိနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဧဗြဟံက စွန့်စားမှု့ကို စတင်ခဲ့တယ်။ သူ့ဇနီး ဆာရ၊ သူ့တူဖြစ်တဲ့ လော့ တို့နဲ့အတူ ခရီးစတင်ထွက်ခွာလာခဲ့တော့တယ်။
ခရီးတလျှောက် အခက်ခဲမျိုးစုံပါပဲ။ ကာနွန်ပြည်မှာ အဆာငတ်ကပ်ဘေးဆိုက်လို့ ဖာရော့မင်းထံမှာ သူ့ဇနီးဆာရကို ညီမဟန်ဆောင်ခိုင်းတာ၊ ဖာရော့မင်းက ကြိုက်မိသွားလို့ ဒုက္ခ။ သူ့ဇနီးမှန်းသိသွားလို့ ပေးထားတဲ့ နွားတွေ၊ မြည်းတွေ၊ သိုးတွေ၊ သစ်ကုလားအုပ်တွေပြန်လိုက်သိမ်းလို့ ပြေးလိုက်ရတယ်။
တိရစ္ဆာန်တွေအတွက် စားကျက်မလောက်လို့ သူနဲ့ သူ့တူ လော့တို့လမ်းခွဲခဲ့ကြရပြန်တယ်။ ဒီကြားထဲ လော့နေတဲ့မြို့ဖြစ်တဲ့ ဆောဒုံနဲ့ဂေါမောရမြို့က အပြစ်တွေများလို့ ဘုရားက မီးရှို့ဖျက်စီးမယ်ပြောလို့ အာဗြဟံတစ်ယောက် ဈေးစစ်သလိုစစ်ပြီး အသနားခံရသေးတယ်။ နောက်ဆုံး အာဗြဟံဈေးစစ်တဲ့အထိတောင် အဲဒီမြို့တွေက မကောင်းကြတော့လို့ မီးရှို့ဖျက်စီးတဲ့အခါ လော့တို့မိသားစုကို ကယ်ထုတ်ရသေးတယ်။
မြုံနေတဲ့ အာဗြဟံရဲ့ဇနီး ဆာရဟာ ကလေးမွေးဖွားဖို့ လုံးဝမဖြစ်နိုင်တဲ့အခြေနေမှာ ဘုရားသခင်က မင်းရဲ့မျိုးဆက်ကို ကောင်းကင်ကကြယ်တွေလောက်များစေရမယ်တဲ့ - ဒုက္ခပဲ။ ဖြစ်နိုင်ပါဦးမလား။ ဒါနဲ့ သူ့ယောက်ျားကိုသနားလို့ ဆာရက အစေခံမနဲ့ပေးအိပ်ပြီး ကလေးမွေးဖွားစေခဲ့ပေမယ့် ဘုရားသခင်က အာဗြဟံနဲ့ဆာရတို့မွေးတဲ့သားရတနာက မျိုးဆက်ကိုသာ ဆိုလိုခဲ့တယ်။ ဒီလိုနဲ့ တစ်ဦးတည်းသောသား အိုက်ဇက်ကိုမွေးဖွားပေးနိုင်ခဲ့တယ်။
သြော်-ပြေးကြည့်မှ ဒီသားတစ်ယောက်ပဲရှိတာကို ဘုရားသခင်က သူ့ကိုပူဇော်ပါဆိုပြီး စမ်းသပ်ခဲ့ပြန်သေးတယ်။ - ဘာတွေဖြစ်ကုန်တာလဲလို့ အာဗြဟံတယောက် သံသယတွေနဲ့ ဇဝေဇ၀ါဖြစ်နေမှာပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ အာဗြဟံကတော့ ဘုရားသခင်ကို လုံးဝယုံကြည်ခဲ့တယ်၊ လုံးဝချစ်ကြောက်ရိုသေခဲ့တယ်၊ လုံးဝနာခံခဲ့တယ်။ သူရဲ့တစ်ဦးတည်းသောသားကိုလည်း ယဇ်ပူဇော်ဖို့ လုပ်ခဲ့တယ်။ အချိန်မှီ တကြားတမန်ရောက်လာပြီး ဆွဲထားခဲ့တယ် - ပြီးတော့ သူ့ကိုစမ်းသပ်တာ အောင်မြင်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီနေ့ အာဗြဟံအမျိုးနွယ်ကနေ ကျနော်တို့ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်တွေ စတဲ့ဘာသာကြီး ၃ ခုပေါ်ထွန်းလာခဲ့တယ်။ အာဗြဟံရဲ့မျိုးဆက်တွေ ကောင်းကင်က ကြယ်တွေလို များလှတယ်။
ယုံကြည်ခြင်းဆိုတာကို နားလေစေနိုင်သလို၊ ကြုံရာအခက်ခဲတွေကို ဒီယုံကြည်ခြင်းနဲ့ ကျော်ဖြတ်ခဲ့တယ်ဆိုတာကို အာဗြဟံက သက်သေခံနေပါတယ်။
ယုံကြည်ခြင်းကို အဘိဓါန်မှာတော့ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် ယုံကြည်စိတ်ထားခြင်း ဒါမှမဟုတ် တစ်စုံတစ်ရာမှာ ယုံကြည်သက်ဝင်ခြင်းကို ဆိုလိုပါတယ်။ ခရစ်ယာန်အနက်ဖွင့်ဆိုချက်မှာတော့ အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်အပေါ်မှာ လုံးဝသေချာတဲ့ ယုံကြည်ပြီး ဘုရားရှင်ပြုတော်မူသော အရာများနှင့် ကတိတော်များအပေါ်မှာ လုံးဝစိတ်ချမှုရှိခြင်းပင် ဖြစ်ပါတယ်။ ဒီယုံကြည်ခြင်းဟာ ဘုရားသခင်ပေးတဲ့ ကျေးဇူးတော်သက်သက်သာဖြစ်လို့ ဘုရားသခင်ဘက်မှ ဖိတ်ခေါ်သံကို လူသားတွေက ပြန်လည်တုန့်ပြန်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီကျေးဇူးတော်ကြောင့်သာ ကျနော်တို့ လူသားများဟာ “အကျွန်ုပ်ယုံကြည်ပါ၏” လို့ပြောဆိုနိုင်တဲ့ စွမ်းအားသတ္တိရှိလာကြပါတယ်။
ဒါ့ကြောင့် အသင်းတော်ကြီးရဲ့ မြတ်သောအယူဝါဒဟူသော CCC ရဲ့သွန်သင်ချက်မှာတော့ - ယုံကြည်ခြင်းဟာ ဘုရားသခင်နှင့်သက်ဆိုင်သော ပါရမီ (Theologica virtue) ဖြစ်ပြီး ၎င်းပါရမီအားဖြင့် ဘုရားသခင်အပေါ်မှာ ယုံကြည်ကြပြီး ဘုရားပြုတော်မူသော အမှုရာအားလုံးနဲ့ ကတိတော်များအပေါ်မှာ ယုံကြည်ကြခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် လူသားဟာ လွတ်လွတ်လပ်လပ်နဲ့ မိမိကိုယ်ကိုတစ်ခုလုံးကို ဘုရားသခင်ထံမှာ အသေအချာ နှစ်မြှုပ်ထားနိုင်လာတယ်။ (ccc. 1814-1816, 1842)
ဒီလိုယုံကြည်နိုင်တာဟာ မျက်ကန်းယုံကြည်တာမဟုတ်ပါ။ စိန်သောမတ်စ်အကွိုင်နက်စ်ပြောသလို ယုံကြည်ခြင်းနှင့် စဉ်းစားညဏ် (Faith and Reason) နှစ်ခုလုံးပေါင်းစပ်ပြီးမှ ယုံကြည်နိုင်တာ ဖြစ်ပါတယ်။ ရှင်ယာကုပ်သြ၀ါဒစာ ၁း၅-၆ မှာ “သင်တို့တွင် တစ်စုံတစ်ယောက်သည် ညဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံတောင်းလျှောက်ပါစေ။ ကိုယ်တော်သည် အပြစ်တင်ခြင်းမရှိဘဲ ရက်ရောစွာပေးလေ့ရှိသဖြင့် သူ့အားညဏ်ပညာကိုပေးသနားတော်မူလိမ့်မယ်။ သို့သော် သူသည် သံသယစိတ်မရှိဘဲ ယုံကြည်ခြင်းနှင့် တောင်းလျှောက်ရမည်။” ဆိုထားပါတယ်။ သိပ်မှန်ပါတယ် - သံသယကြီးသူအတွက် ယုံကြည်ခြင်းဆိုတဲ့ပါရမီဟာ အချည်းနှီးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စိတ်ချသူအတွက်တော့ ယုံကြည်ခြင်းက ပါရမီဖြည့်ပေးပြီး များစွာသောညဏ်ပညာ အသိဗဟုသုတတွေရှိရာကို လမ်းပြပါလိမ့်မယ်။
(ဆက်ရန်-)
ဥရောပရောက်မြန်မာကက်သလစ်များ တွေ့ဆုံပွဲနှင့် လူငယ်သင်တန်းမှ။
ဒိုမီနီကန်ကိုရင်

Tuesday, 8 August 2017

ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်း (အပိုင်း ၁)

ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်းဆိုတာ ရှေ့သွားနောက်လိုက်ပါပဲ။ Practice makes perfect ဆိုသလို ယုံကြည်ခြင်းဆိုသည့် ပါရမီကြီးကို ကျင့်ကြံနေထိုင်ခြင်းအားဖြင့် ပို၍ပို၍ ပြည့်စုံလာစေသလို၊ တဖက်မှာလည်း ယုံကြည်ပြီဆိုကတည်းက ၎င်းယုံကြည်ခြင်းအတိုင်း နေထိုင်အသက်ရှင်နေတယ်လို့ ယူဆလို့ရပါတယ်။
အဖြေကောင်းလိုချင်ရင် အမေးကောင်းမေးတတ်ဖို့ လိုပါလိမ့်မယ်။ ယုံကြည်ခြင်းနှင့်ကျင့်ကြံနေထိုင်ခြင်းအတွက် မေးခွန်း လေးခုနှင့်စဉ်းစားအဖြေရှာပြီး သုံးသပ်နိုင်ပါတယ်။
၁။ ဘာကြောင့် အကျွန်ုပ်တို့လူသားတွေမှာ ယုံကြည်နိုင်စွမ်းရှိနေပါသလဲ။
၂။ ယုံကြည်ခြင်းဆိုတာ ဘာလဲ။
၃။ အကျွန်ုပ်တို့ ဘာကိုယုံကြည်ကြပါသလဲ - ဘယ်သူ့ကို ယုံကြည်ကြပါသလဲ။
၎။ အကျွန်ုပ်တို့ယုံကြည်ခြင်းကို ဘယ်လိုကျင့်ကြံနေထိုင်သွားကြမလဲ။
ကျနော်တို့လူသားများဟာ အခြားသောဖန်ဆင်းခံတွေအားလုံးထက် ထူးကဲသာလွန်တာက ယုံကြည်နိုင်တဲ့ စွမ်းရည်ရှိလို့ပါပဲ။ ဒါဟာလည်း ဖန်ဆင်းခြင်းအစပြုကတည်းက ဘုရားသခင်က လူသားကို တထူးတခြားဖန်ဆင်းခဲ့တာကြောင့်ဖြစ်ပါတယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး တစ် တခုလုံးမှာ ဖန်ဆင်းခြင်းအကြောင်းကို ပြောဆိုထားပြီး တထူးတခြား အခန်းငယ် ၂၆ မှာ - ဘုရားသခင်က ငါတို့ပုံသဏ္ဍာနှင့်တူသော လူကို ဖန်ဆင်းကြစို့ဟုဆိုကာ ဘုရားနှင့်သဏ္ဍာန်တူ လူသားကို ဖန်ဆင်းခဲ့ပါတယ်။ ဒါပေမယ့် အပြစ်ကြောင့် လူတွေဟာ ဇဝေဇ၀ါနဲ့ မရေမရာတဲ့ယုံကြည်မှု၊ တွေးခေါ်မှုတွေကို လက်လှမ်းမှီသလို ဆွဲဖမ်းဆုပ်ကိုင်နေကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားသခင်ကတော့ ဖန်းဆင်းခံတွေကို ပြစ်မထားဘဲ ကယ်တင်ခြင်းသမိုင်းကို ဘုရားရှင်ကိုယ်တော်တိုင်က စတင်ခဲ့တယ်။ ဒီ့အတွက်ကြောင့် ကျနော်တို့မှာ ယနေ့ ကယ်တင်ရှင်ရှိတယ်ဆိုတဲ့ အသိနဲ့ ကယ်တင်ခြင်းတရားကို ပြောဆိုလာနိုင်ခဲ့ကြတယ်။
ယုံကြည်ခြင်းဆိုင်ရာမေးခွန်းဆိုတာ ကျနော်တို့လူသားအားလုံးနဲ့ သက်ဆိုင်နေတဲ့ မေးခွန်းပါပဲ။ ပုပ်ရဟန်းမင်းကြီး ဘက်နက် (၁၆)အမြဲတမ်းမေးလေ့ရှိပါတယ်။ ဒါကို YOUCAT ဘုရားစကားစာအုပ်ထဲမှာလည်း အဖြေကောင်းကောင်းရတဲ့အထိ ရှင်းရှင်းလွယ်လွယ် ဖိတ်နိုင်ပါတယ်။
လူဆိုတာ မိမိအကြောင်းအမှန်တရားတစ်ခုခုကို မရှာပဲ ရှင်သန်ဖို့ခက်ခဲပါတယ်။ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် ဘ၀သေဆုံးသလို အဆုံးရောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ရှာဖွေခြင်းဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အမှန်တရားကို ရှာဖွေရင်းနဲ့ ကျနော်တို့တတွေကို သာမန်ရုပ်ဝတ္ထုလောကထဲသာမကဘဲ အဲဒါတွေကိုကျော်ပြီး လက်တွေ့ဘ၀မှာ ကြုံတွေ့ရတဲ့အရာတွေကို ထွက်မပြေးဘဲ၊ ရင်ဆိုင်လက်ခံနိုင်ပြီး ဘ၀ကို မှန်မှန်ကန်ကန်ရှင်သန်လာစေနိုင်ပါတယ်။ ဘ၀အဓိပ္ပာယ်တွေပြည့်စုံလာသလို မျှော်လင့်ချက်တွေလည်း အမြဲဝေဆာလာပါတယ်။ ကျနော်တို့ ခရစ်ယာန်တွေမှာ ဘ၀ရဲ့တစ်ခုတည်းသော အမှန်တရားဟာ ဘုရားသခင်သာလျှင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဘုရားရှာနေကြတယ်။
YOCAT #3 မှာ ကျနော်တို့ကိုဖန်ဆင်းကတည်းက ဘုရားသခင်က ကျနော်တို့ရဲ့နှလုံးသားထဲမှာ ဘုရားရှင်ကို တမ်းတရှာဖွေသောနှလုံးသားကို ထည့်ပေးခဲ့တာမို့ ကျနော်တို့တတွေဟာ ဘုရားကိုရှာဖွေမှသာ ဘ၀အဓိပ္ပာယ်ရှာတွေ့မယ်လို့ ဆိုပါတယ်။ သိပ်ကိုမှန်ပါတယ်။ ဥပမာအားဖြင့် စိန်သြဂုတ်စတင်းပါ။
သြဂုတ်စတင်းဆိုတာ ဘ၀မျိုးစုံကျင်လည်ပြီးမှ နောက်ဆုံးဘ၀ရဲ့အဖြေကို ရှာတွေ့ခဲ့သူဖြစ်ပါတယ်။ သူရဲ့ငယ်စဉ်ဘ၀ဟာဆိုရင် ဆိုးဆိုးပေပေရှိလှတယ်လို့ ဆိုရပါလိမ့်မယ်။ မိခင်မောနီကား ဘယ်လောက်ပဲဆုံးမ၊ ဆုံးမ၊ သူကတော့ ဂျစ်ကန်ကန်နဲ့ အရွဲ့တိုက်ပြီး ဘ၀ရဲ့အဖြေကို တခြားဆန့်ကျင့်ဘက်တွေရှိရာ အပျော်အပါးတွေရှိရာမှာ ရှာဖွေနေခဲ့ပါတယ်။ တကယ်တော့ ညဏ်ကောင်းပြီး ခေတ်ပညာတတ်ပီပီ ဘ၀ရည်မှန်းချက်လည်း ကြီးပါတယ်။ တခါတရံ အခြားဒဿနပညာရှင်ကြီးတွေရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေနောက် လိုက်ပြီး သူ့ဘ၀မှာ အမြဲတမ်း တစ်ခုခုလိုနေသလို ခံစားနေခဲ့ရတယ်။ ဒါပေမယ့် မိခင်မောနီကားပြောတဲ့ ဘုရားသခင်ကိုလည်း သူမယုံချင်ခဲ့ဘူး၊ မယုံနိုင်ခဲ့ဘူး။
တနေ့မှာတော့ မီလန်မြို့မှာ စိန်အန်းဘရုစ်ရဲ့တရားကို ကြားခဲ့ရပြီး သူ့ဘ၀ပြောင်းလဲဖို့ လမ်းစတွေ့လာခဲ့တယ်။ အဲဒီလိုနဲ့ ဇဝေဇ၀ါနဲ့ ချီတုံချတုံဖြစ်နေချိန် အိမ်ရှေ့ထိုင်နေတုန်းတနေ့မှာ ခလေးတယောက်ရဲ့အသံကို ကြားလိုက်ရတယ် . ယူပြီးဖတ်ပါ၊ ယူပြီးဖတ်ပါဆိုပြီး ပြောနေသံ။ ပထမတော့ ကလေးတွေကစားသံထင်နေတာ၊ ဒါပေမယ့် မဟုတ်ခဲ့ဘူး။ အဲဒါနဲ့သူလည်း သူ့ရှေ့က ကျမ်းစာအုပ်ကို ကောက်ယူပြီး ဖတ်လိုက်တယ်။ သူကောက်ယူပြီး ဖွင့်ဖတ်လိုက်တဲ့ ကျမ်းပိုဒ်က - ရောမ ၁၃း၁၃-၁၄။
အဲဒီကျမ်းပိုဒ်ဖတ်ပြီးတာနဲ့ သူတကိုယ်လုံး လွတ်လပ်ပေါ့ပါးပြီး အလင်းတွေ့တဲ့ မျက်ကန်းတစ်ယောက်လို အပျော်ကြီးပျော်တာကို ခံစားခဲ့ရတယ်။ စိန်အန်းဘရုစ်ထံမှာ ဆေးကြောခြင်းခံယူပြီး သူဟာ ခရစ်ယာန်ကောင်းတစ်ဦးဖြစ်လာရုံမကဘဲ ဟစ်ပိုမြို့ရဲ့ဆရာတော်ကြီး၊ ဓမ္မပညာရှင်ကြီးပါ ဖြစ်လာခဲ့တယ်။
သူရဲ့ ကိုယ်တိုင်ရေးသက်သေခံချက်ထဲမှာ - အကျွန်ုပ်တို့အား ကိုယ်တော်ရှင်အတွက် ဖန်ဆင်းခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့၏နှလုံးသားသည်လည်း ကိုယ်တော်ရှင်ထံ မနားခိုသရွေ့တော့ နာခိုရာမဲ့လေလွင့်နေဦးမည်သာဖြစ်သည်။ (Book I, Ch.1)
(ဆက်ရန်-)
ဒိုမီနီကန်ကိုရင်
(ဥရောပရောက်မြန်မာကက်သလစ်များတွေ့ဆုံပွဲနှင့် လူငယ်သင်တန်းမှ-)