Sunday, 21 June 2015

၁၂ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


ရှင်မာကု ၄း၃၅-၄၁ “အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း”
ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်နှင့်သူ၏တပည့်တော်များ အပါအ၀င် အခြားသောခရီးသွားများနှင့်အတူ တစ်ဖက်ကမ်းသို့လှေဖြင့် ခရီးနှင်နေကြပါတယ်။ ထိုခရီးစဉ်မှာ အဖြစ်အပျက်ကတော့ ခရစ်တော်အိပ်ပျော်နေချိန်မှာ မုန်တိုင်းကျရောက်တာ အတော်ဆိုးပုံရပါတယ်။ ပျက်စီးခြင်းသို့ပင်ရောက်တော့မယ့်ပုံပါပဲ။ ပို၍ဆိုးတာက မိမိတို့ရဲ့ဆရာသခင်ဟာ ခရစ်တော်မှန်းသိပါလျက်နဲ့၊ အံ့ဖွယ်တန်ခိုးတွေလုပ်ဆောင်နေသူဖြစ်မှန်းသိပါလျက်နဲ့ ဆရာ့အပေါ်မှာ ယုံကြည်ခြင်းအားနဲပြီး သွေးရူးသွေးပျက်ဖြစ်နေအောင် ကြောက်ရွံ့နေကြတဲ့ တပည့်တော်ကြီးတွေပါ။ ထို့ကြောင့် ယေဇူးခရစ်တော်က - “သင်တို့သည်အဘယ်ကြောင့် ကြောက်ရွံ့နေကြသနည်း။ သင်တို့ယုံကြည်ခြင်းမရှိသလော” ဟုမေးတော်မူပါတယ်။

မိတ်ဆွေ၊ ယနေ့တရားတော်ကတော့ “အကြောက်တရားနှင့် ယုံကြည်ခြင်း” ကိုခပ်တည့်တည့် မီးမှောင်းထိုးပြနေပါတော့တယ်။ အကြောက်တရားကြောင့် ယုံကြည်ခြင်းပျောက်ရသလား။ ဒါမှမဟုတ် ယုံကြည်ခြင်းပျောက်လို့ အကြောက်တရားဝင်လာတာလား။ ဒီမေးခွန်းဟာ ကျွန်တော်တို့တတွေကိုလည်း ထိမှန်နေပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဟုခံယူထားသည့် ယုံကြည်သူတွေအတွက် ဒါဟာ ကာယခွန်အားသာမဟုတ်ဘဲ၊ ဘ၀ရဲ့တဒင်္ဂပုစ္ဆာတစ်ခုမဟုတ်ဘဲ စိတ်ဓါတ်ခွန်အားနှင့် ၀ိညာဉ်ခွန်အားကိုပါ ပြန်လည်စမ်းစစ်ဖို့ စိန်ခေါ်ဖိတ်ခေါ်လိုက်တာပါပဲ။ ကျွန်ုပ်တို့တတွေ အကြောက်တရားကို ယုံကြည်ခြင်းနှင့် ပြန်လည်တိုက်ခိုက်နိုင်ပါ့မလား၊ မိတ်ဆွေ။

ကျွန်တော်တို့ဘ၀မှာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခြေအနေ၊ ငါ့ဘ၀တော့ပျက်ပါပြီ ဆိုတဲ့အခြေအနေ၊ ငါ့ဘ၀တော့ မထူးတော့ပါဘူးဆိုတဲ့အခြေနေမျိုးတွေနဲ့ကြုံဖူးကြမှာပါ။ မကြာခဏဆိုသလို ဒီလိုအဖြစ်မျိုးတွေကို ကျွန်တော်တို့နေ့စဉ်ဘ၀မှာ ကြုံရလေ့ရှိကြမှာပါ။ ကျွန်တော်တို့တတွေအနေနဲ့ တခုခုကျရှုံးလို့ ဘ၀ပျက်ပြီလို့ ထင်တဲ့အချိန်၊ စီးပွားရေးကပ်ဆိုဒ်လို့ နလန်မထူနိုင်တော့တဲ့အခြေအနေ၊ အရှက်တရားတခုခုကြောင့် လူတောမတိုးနိုင်တော့တဲ့အခြေအနေ၊ စသဖြင့် အဆိုးဆုံးသောအခြေအနေများ အချိန်အခါများကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအခြေနေမျိုး၊ အချိန်အခါမျိုးမှာ “ဘာကြောင့်များ ငါ့ကိုမှ ဒါတွေဖြစ်ရတာလဲ။ ကြုံတွေ့စေတာလဲ” လို့မေးခွန်းတွေ မေးနေမိကောင်းမေးနေမိပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့မေးသင့်တဲ့မေးခွန်းက “ငါဟာ ငါ့ရဲ့ကာယခွန်အားပေါ်မှာ မှီခိုနေမိလို့လား” ဆိုတဲ့မေးခွန်းပါပဲ။

ခန္တာကာယကိုအားကိုးပြီး လစ်လျူရှု့မိတာတွေ အများကြီးပါ။ လူဆိုတာ ခန္တာတစ်ခုတည်းဖြင့် ဖန်ဆင်းခံထားရတာမဟုတ်ပါ။ ခန္တာတစ်ခုတည်းဖြင့် ဖန်းဆင်းခံရတဲ့အရာတွေ သက်ရှိတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးပါ။ ၎င်းတို့မည်သို့ အသက်ရှင်နေထိုင်ကြသလဲဆိုတာ ကျွန်တော်တို့လူသားတွေနားလည်ကြပါတယ်။ သို့သော်လည်း မိမိကိုယ်ကိုတော့ ဘယ်တော့မှ နားမလည်နိုင်ကြပါဘူး။ ဘာကြောင့်လဲ။ ၎င်းအဖြေအတွက် အကြောက်တရားဟာ တစ်ခုအပါအ၀င်ပါ။

ယနေ့တရားတော်ထဲက မုန်တိုင်းနှင့်ကြုံခိုက် မိမိတို့ဘ၀နှင့်အသက် ပျက်စီးခြင်းရောက်မှာကို ကြောက်လန့်နေကြတဲ့ တပည့်တော်ကြီးတွေလို့ပဲ ကျွန်တော်တို့တတွေဟာလည်း ကျဆုံးခြင်းတွေ၊ ပျက်စီးခြင်းတွေ၊ အရှုံးတွေ၊ ဝေဒနာတွေ၊ ဒုက္ခတွေနဲ့ကြုံတွေခိုက် ကြောက်ရွံ့နေကြသူတွေ ဖြစ်နေနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာသားလေးကို ထပ်ဆင့်ကိုးကားပြောရမယ်ဆိုရင် . . . “It is not power that corrupts but fear.” တကယ်တော့ ကျွန်တော်တို့ကို ဖျက်စီးတာ အာဏာမဟုတ်ဘဲ အကြောက်တရားသာဖြစ်တယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့တတွေဟာ အကြောက်တရားကြောင့်သာ ပျက်စီးခြင်းရဲ့ ပစ်မှတ်ဖြစ်နေရပါတယ်။ အကြောက်တရားကြောင့် မှန်တာတွေကို ကျွန်တော်တို့ မလုပ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မှန်တာတွေကို မပြောရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ တရားမျှတခြင်းကို မထောက်ခံရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မေတ္တာတရားမထားရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ အချင်းချင်း မခွင့်လွှတ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ ပြန်လည်ကျေအေးခြင်း မလုပ်ဆောင်ရဲကြဘူး။ အကြောက်တရားကြောင့် ယုံကြည်ခြင်းတွေပျောက်စဖြစ်လာရာက ပျောက်ပျောက်လာရတယ်။

တကယ်တော့ ယုံကြည်ခြင်းဟာ အကြောက်တရားကို တွန်းလှန်နိုင်တယ်ဆိုတာ ကျွန်တော်တို့ မေ့နေတတ်တယ်။ ယုံကြည်ရာ၊ ယုံကြည်ချက်ရှိလို့ မိမိတို့အနာဂတ်နှင့် အသက်ရှင်သန်နေတာကို မေ့နေတတ်ကြတယ်။ စဉ်းစားကြည့်တော့ - အကြောက်တရားဆိုတာ တဒင်္ဂအဖျက်အစီးလက်နက်တစ်ခုဖြစ်ပြီး ထိုတဒင်္ဂလေးမှာ ကျွန်ုပ်တို့တတွေကျဆုံးမသွားဘဲ ယုံကြည်ခြင်းဖြင့် ဆက်လက်ရှင်သန်နေနိုင်ပါတယ်။ ဘယ်လိုဖြစ်နိုင်မလဲ။

ဘာသာရေးပုဂ္ဂိုလ်တစ်ဦးကို ၎င်းရဲ့ ၀ိညာဉ်ရေးခြောက်သွေ့မှု့အကြောင်း မေးမြန်းကြည့်ပါ။ အဖြေက ဘုရားနှင့်ဝေးကွာနေလို့ပါဟု ဖြေပေးပါလိမ့်မယ်။ ထို့အတူ သာမာန်ဘာသာဝင်တစ်ဦးကို ဘာကြောင့် အဆင်မပြေတာတွေ ဆက်တိုက်ဖြစ်နေသလဲ မေးမြန်းကြည့်ပါ - စဉ်းစားကြည့်ပါ။ အဖြစ်နိုင်ဆုံးအဖြေက ဘုရားနှင့်ဝေးကွာနေလို့ပါ။ တကယ်တမ်းတော့ ဘုရားနှင့် ကျွန်ုပ်တို့တတွေ ဘယ်တော့မှမဝေးပါဘူး။ ဘုရားသခင်ဟာ နေရာတိုင်းမှာရှိနေပြီး အမြဲတမ်းရှိနေလို့ပါပဲ။ အထူးသဖြင့် ကျွန်ုပ်တို့ယုံကြည်သူတွေရဲ့ နှလုံးသားထဲ၊ ဘ၀ထဲမှာပေါ့။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ မိမိတို့၏ Fallen Nature ဆိုတဲ့ အားနည်းချက်ကြောင့် ယုံကြည်ခြင်းမှာ တွေဝေပြီး ဘုရားကို မိမိဘ၀ထဲကနေ ဘယ်ထုတ်ဖို့ကြိုးစားနေမိလို့ပါ။ ဆရာသခင်ကိုအားကိုးရမယ့်အစား မိမိတို့ကာယခွန်အားမှာပဲ မှီခိုပြီး ယုံကြည်ခြင်းပျောက်သွားရတာ ဒုက္ခဝေဒနာတစ်ခုပါပဲ။ ဒါတွေကို ယေဇူးခရစ်တော် ကုစားပေးနေပါပြီ။

ဘယ်လိုလဲ မိတ်ဆွေ၊ အကြောက်တရားက သင့်ကိုလွှမ်းခြုံထားဆဲလား၊ ဒီအကြောက်တရားကို ကျော်လွှားဖို့ လုံလောက်တဲ့ ယုံကြည်ခြင်းသတ္တိခွန်အားရှိနေပြီလား။ ထိုယုံကြည်ခြင်းသတ္တိဟာ သခင့်ထံမှလွဲ၍ ဘယ်မှမရှိပါ။“အာရုံများမမြင်နိုင်ရာကို ယုံကြည်ခြင်းဖြင့် ဖြည့်ပေးလေ၏။”

ကျွန်တော်တို့ခန္တာပျက်စီးလျှင်ပျက်စီးပါစေ။ ကျွန်တော်တို့၏ယုံကြည်ခြင်းကိုတော့ အပျက်စီးမခံပါနှင့်။ ဤယုံကြည်ခြင်းဖြင့်သာ ကျွန်တော်တို့တတွေဟာ ခရစ်တော်ကိုတွေ့မြင်နိုင်မှာဖြစ်ပြီး၊ ခရစ်တော်ကို တွေ့ခြင်းဟာ မိမိဘ၀ကိုတွေ့ခြင်းဖြစ်ပါသည်။ မိမိဘ၀ကိုတွေ့ခြင်းသည် မိမိ၏မိတ်ဆွေများကို နားလည်တွေ့ရှိခြင်းဖြစ်ပါသည်။ ထိုသို့ဆိုလျှင်- ကျွန်တော်တို့ဘ၀ ရှင်သန်ထိုက်နေပါပြီ။

ရှင်သန်ထိုက်သည့်ဘ၀သို့ . . .
ကိုရင် (ဒိုမီနီကန်)


Saturday, 13 June 2015

၁၁ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


ရှင်မာကု ၄း၂၆-၃၄
ဘုရားသခင်၏နိုင်ငံတော်ကိုမည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း . . .

ယနေ့ဖတ်ရှု့ရသည့် သံမာကုဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်က ကောင်းကင်နိုင်ငံတော်အကြောင်းကို စတင်ဟောပြောသွန်သင်ပါတယ်။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်မှာ အင်မတန်မှနက်နဲလွန်းလှ၍ တိုက်ရိုက်ဖော်ညွှန်း ဟောပြောလျှင် မည်သည့်လူသားမျှနားမလည်နိုင်ပါဘူး။ ထို့ကြောင့် ခရစ်တော်သခင်က သူ၏တရားနာများနားလည်နိုင်သည့်ပုံဥပမာဖြင့် ခိုင်းနှိုင်းပြပါတယ်။ ယနေ့ ကောင်းကင်နိုင်ငံတော်နှင့် ခိုင်းနှိုင်းပြသသည့်အရာကတော့ မုန်ညှင်းစေ့ငယ်လေးပင်ဖြစ်ပါတယ်။ သိပ်ကိုအံ့အားသင့်ရမှာပါ။

…၎င်းသည်မုန်ညှင်းစေ့နှင့်တူ၏ မုန်ညှင်းစေ့သည် မြေတွင်စိုက်ပျိုးစဉ်အခါက ကမ္ဘာမြေပြင်ပေါ်ရှိသော အစေ့တကာတို့တွင် အသေးငယ်ဆုံးမျိုးစေ့ဖြစ်၏။-သို့သော် ၎င်းသည်အပင်ပေါက်၍ ကြီးထွားလာသောအခါ ဟင်းသီးဟင်းရွက်ပင်အားလုံးတို့တွင် အကြီးဆုံးဖြစ်လာပြီး ကြီးမားသောအကိုင်းအခက်များထွက်လာသဖြင့် မိုးကောင်ကင်ငှက်တို့သည် ၎င်း၏အရိပ်တွင်အသိုက်များပြုလုပ်နေထိုင်ကြ၏။

မိတ်ဆွေ၊ ကျွန်တော်တို့အား ယနေ့ ဤမုန်ညှင်းစေ့ငယ်လေးအားဖြင့် ကောင်းကင်နိုင်ငံနှင့်ပတ်သက်ပြီး ဘာတွေသင်ကြားပေးနေပါသလဲ။ မုန်ညှင်းစေ့ဟာ မျိုးစေ့တကာတို့တွင်အသေးဆုံးဖြစ်သော်လည်း အပင်ဘ၀မှာတော့ အံ့သြဖွယ်ကောင်းလောက်၍ ဆွဲဆောင်မှု့ရှိပြီး အင်မတန်အသုံးဝင်သည့် အပင်တစ်ပင် ဖြစ်လာပါတယ်။ ဘုရားသခင်၏နိုင်ငံတော်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘုရားသခင်၏နိုင်ငံတော်ဟာ တရားတော်ကိုလက်ခံနိုင်သူ တစ်ဦးချင်းစီ၏နှလုံးသားထဲမှာ အသေးငယ်ဆုံးသောမျိုးစေ့ငယ်အဖြစ်စတင်ကာ ကျွန်တော်တို့မမြင်နိုင်သည့်တိုင်အောင် ၎င်းမျိုးစေ့ဟာ အသွင်သာန်ပြောင်းလဲကာ မိမိတို့ကိုယ်တိုင်လည်း ပြောင်းလဲခြင်းများဖြစ်လာသလို၊ အခြားသူတစ်ပါးကိုလည်း ပြောင်းလဲနိုင်စွမ်းရှိလာသည့် တန်ဖိုရှိလာသည့် လူသားအရင်းအမြစ်တို့၏အရင်းအမြစ်လေးတွေ ဖြစ်လာပါတယ်။

ဘုရားသခင်၏နိုင်ငံတော်ဆိုတာ ခရစ်တော်၏မူပိုင်သွန်သင်ချက်ပင်ဖြစ်ပါတယ်။ ဓမ္မဟောင်းကာလမှ သွန်သင်ချက်များကိုအတူဆွဲယူကာ ဘုရားသခင်နှင့်လူသားတို့အကြားရှိဆက်နွယ်မှု့ကို မီးမောင်းထိုးပြနေသိလို ကျွန်တော်တို့တွေဟာ ဘုရားသခင်၏သြဇာလွှမ်းမိုးမှု့ခံယူပြီး တရားတော်အတိုင်းရှင်သန်နေထိုင်ဖို့ လောကရှိကွဲပြားခြားနားကြသည့်နိုင်ငံသားတို့နှင့်မတူဘဲ အားလုံးတရားတော်မှာတူညီကြသည့် နိုင်ငံသားစီစစ်ကဒ်ရသူများ တနည်းအားဖြင့်ကောင်းကင်နိုင်ငံသားများအဖြစ်ကို ရရှိကြပါတယ်။ ထို့ကြောင့် ဤကောင်းကင်နိုင်ငံသားအဖြစ်ကိုရရှိဖို့ဟာ ကျွန်တော်တို့လူသားများ၏ အနာဂတ်မျှော်လင့်ချက်ပင် ဖြစ်ပါတယ်။

သို့ဖြစ်လျှင် ဤကောင်းကင်နိုင်ငံသားအဖြစ်ကိုရရှိဖို့ ကျွန်တော်တို့တတွေ ဘယ်လိုအရည်အချင်းတွေ လိုအပ်ပါသလဲ။ ဘယ်လိုကျင့်ကြံအသက်ရှင်ပြီး မျှော်လင့်နေကြမလဲ။

ရောမ ၁၄း၁၇ မှာ ခရစ်တော်က ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်းသောက်ခြင်းမဟုတ်ဘဲ ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းသာယာခြင်းနှင့် ၀ိညာဉ်တော်မြတ်ဝမ်းမြောက်ရွှင်လန်းခြင်းတို့ပင်ဖြစ်၏ ဟုမိန့်ဆိုထားတာပါ။

သံမာတေဦး ၂၅း၃၄-၃၆ မှာတော့ မည်သူတွေကောင်းကင်နိုင်ငံသားဖြစ်မလဲဆိုတာ ဟောပြောမိန့်ဆိုထားပါတယ်။ -ငါသည်ဆာလောင်သောအခါ သင်တို့သည်ငါ့အား စားစရာကိုပေး၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အားသောက်စရာရေကိုပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့အားပျူငှာစွာကြိုဆိုကြ၏။ ငါ၌အ၀တ်မရှိသောအခါ သင်တို့သည်ငါ့ကို အ၀တ်နှင့်လွှမ်းခြုံပေးကြ၏။ ငါသည်ဖျားနာသောအခါ သင်တို့သည်ငါ့ကိုကြည့်ရှု့ကြ၏။ ငါသည်ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏... အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင်ပြုစုကြ၏။

ခရစ်တော်၏တရားတော်ဟာ ချစ်ခြင်းမေတ္တာတရားပေါ်အခြေတည်ပြီး ချစ်ခြင်းမေတ္တာအားဖြင့် အနှစ်ချုပ်ယူနိုင်ပါတယ်။ ထို့ကြောင့် ပါရမီအားလုံးထဲမှာ ချစ်ခြင်းမေတ္တာတရားဟာ အကြီးအမြတ်ဆုံးဖြစ်ပြီး ဘုရားသခင်သည်ပင် ချစ်ခြင်းမေတ္တာဖြစ်၏။ အထက်ပါ သံမာတေဦး ၂၅း၃၄-၃၆ဟာလည်း မေတ္တာတရားမပါဘဲ ကျင့်ကြံ၍မရပါဘူး။ ထို့ကြောင့် မေတ္တာတရားဟာ ကျွန်တော်တို့အားလုံးကို ကောင်းကင်နိုင်ငံသားများ ဖြစ်စေမည့်အဓိကအရည်အချင်းပါပဲ။

ဘုရားသခင်၏နိုင်ငံတော်၏အဓိပ္ပာယ်မှာ ကယ်တင်ခြင်းတရားပင်ဖြစ်ပါတယ်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂)က “ဘုရားသခင်၏နိုင်ငံတော်ဆိုသည်မှာ ဘုရားသခင်၏ကယ်တင်ခြင်းစီမံကိန်းအား  ပြီးပြည့်စုံခြင်းအား ထုတ်ဖော်ပြသခြင်းနှင့် သိမှတ်ခြင်းပင်ဖြစ်ပါတယ်” ဟုမိန့်ဆိုခဲ့ပါတယ်။

ထိုကယ်တင်ခြင်းစီမံကိန်းအား ပြီးပြည့်စုံအောင် ထုတ်ဖော်ပြသခြင်းနှင့် သိမှတ်ခြင်းမှာ အသေးငယ်ဆုံးသောအရာမှ စတင်ခဲ့သည့်အတိုင်း ခရစ်တော်ဟာ တပည့်တော်ကြီး ခုနှစ်ဦးဖြင့် သေးငယ်သော အုပ်စုလေးမှ စတင်ခဲ့သည့် အသင်းတော်ကိုစတင်ပေးခဲ့တယ်။ မုန်ညှင်းစေ့လေးလိုပဲ အသင်းတော်၏မျိုးစေ့ငယ်လေးဟာ အသွင်သာန်ပြောင်းလဲကာ မိမိကိုယ်ကိုလည်း တနေ့တခြင်းအတွင်းပိုင်း ပြောင်းလဲခြင်းနှင့်အတူ အခြားသူများအတွက်လည်း တနေ့တခြားပြောင်းလဲပေးနေပါတယ်။ ခရစ်တော်၏ ဒုတိယအကြိမ်မြောက်ကြွလာသည့်တိုင်အောင် မျှော်လင့်ချက်အပြည့်ဖြင့် ယုံကြည်ခြင်းမျိုးစေ့ငယ်လေးအား တနေ့ထက်တနေ့ရှင်သန်ကြီးထွားစေသည့်အတိုင်း သက်သေခံနေတာပါ။ အခုတော့ ကမ္ဘာပေါ် ဒေသအမျိုးမျိုးမှ အမျိုးမျိုးသောလူမျိုးစုံများ ခိုလိုရာမုန်ညှင်းပင်တစ်ပင် ဖြစ်နေပါတယ်။ သို့သော်လည်း ထိုမုန်ညှင်းပင်၏ ရှင်သန်ကြီးထွားရခြင်းအကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်ပါတယ်။

ဘုရားသခင်၏နိင်ငံတော်ဆိုသည်မှာ နေရာတစ်ခု သီးသန့်ကိုသာ ရည်ညွန်းဖော်ပြခြင်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့
ရဲ့ စိတ်ဝိညာဉ်နှလုံးသာထဲမှာ  ဘုရားသခင်တည်ရှိနေခြင်း၊ ဘုရားသခင်၏တရားတော်များ ဖြင့်အုပ်စိုးခံရခြင်းကို ရည်ညွှန်းမိန့်ဆိုပါတယ်။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာတရားများဖြင့် ကျွန်ုပ်တို့တစ်ဦးရဲ့ နှလုံးသားများကို အုပ်စိုးလာတဲ့အခါ ဤလောကမှာ ကျွန်ုပ်တို့တတွေဟာ ကောင်းကင်နိုင်ငံသားဇာတိများအဖြစ် ရှင်သန်နိုင်လာကြပြီး တနေ့တခြား ထိုရှင်သန်ခြင်းကို တောင်းတလာကြပါတယ်။


ကျွန်တော်တို့အားလုံးလည်း ထို့အတူ ဘုရားသခင်၏တရားတော်များဖြင့် မိမိတို့ရဲ့နှလုံးသားများကို ဘုရားသခင်လွှမ်းမိုးခံစေပြီး ဖြေင့်မတ်ခြင်းလမ်း၊ ငြိမ်းချမ်းခြင်းလမ်းနှင့် မေတ္တာတရားလမ်းတို့မှာ လျှောက်လှမ်း နေ့စဉ်ရှင်သန်မှု့အား ကောင်းကင်နိုင်ငံသားဇာတိဖြင့် ရှင်သန်သွားနိုင်ကြဖို့ ကျေးဇူးတော်များဆက်လက် တောင်းခံရင်း ဆုတောင်းသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Sunday, 7 June 2015

ကိုယ်တော်မြတ်ပွဲတော်ကြီး


ကက်သလစ်အသင်းတော်၏ယုံကြည်ရာသွန်သင်ချက်များစွာထဲမှာ လူပေါင်းများစွာအတွက် ယုံကြည်နိုင်ဖို့ အင်မတန်ခက်ခဲသည့်အရာမှာ ကိုယ်တော်မြတ်မုန့်တော်နှင့် ၎င်းမုန့်တော်ထဲတွင် ယေဇူးခရစ်တော် အမှန်တကယ်ရှိသည့်ဆိုသည့် ယုံကြည်ခြင်းပင်ဖြစ်ပါတယ်။ ထိုသို့လူပေါင်းများစွာအတွက် ယုံကြည်ရခက်နေသည်မှာ မထူးဆန်းပါဘူး။ ယေဇူးခရစ်တော်ကိုယ်တော်တိုင် “ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း မသောက်ကြလျှင် သင်တို့အသက်မရှိနိုင်ရာ” ဟုမိန့်ဆိုသောအခါ လူပေါင်းများစွာ ခရစ်တော်ထံမှစွန့်ခွာသွားခဲ့ကြတယ်။ ထို့အပြင် သူ၏တပည့်တော်ကြီးများကိုယ်တိုင် သံသယတို့ဖြင့် ယုံကြည်မှု့မရှိဘဲ ဖြစ်နေခဲ့ကြရပါတယ်။ သို့သော်လည်း ခရစ်တော်သခင်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သန့်ရှင်းသောဝိညာဉ်တော်၏အလင်းကျေးဇူးတော်ရရှိပြီးကာမှ တပည့်တော်ကြီးတို့လည်း မျက်စိပွင့်နားပွင့်ကာ ထိုမိန့်ဆိုချက်မှာ မှန်ကန်ကြောင်းနားလည်သဘောပေါက်ကာ အပြည့်အ၀ယုံကြည်လာခဲ့ပြီး သက်သေခံဟောပြောသွန်သင်လာခဲ့သောကြောင့် ယနေ့ကက်သလစ်ခရစ်ယာန်တို့ဟာ ယုံကြည်စွာ ဆက်လက်သက်သေခံနေကြပါတယ်။

စစ်မှန်သည့်ယုံကြည်ခြင်းအား ဆက်လက်သက်သေခံရင်း ယနေ့ကက်သလစ်အသင်းတော်အတွင်း၌ နက်နဲရာအထွဉ်အထိပ်ဖြစ်တဲ့ ကိုယ်တော်မြတ်ပွဲတော်ကြီးကို ရှေးဦး ခရစ်ယာန်တို့၏ယုံကြည်ခြင်းအတိုင်း သက်သေခံကျင်းပလျက်ရှိပါတယ်။ ကိုယ်တော်မြတ်ပွဲတော်ကြီးအားဖြင့် အသင်းတော်နှင့်အတူ ယေဇူးခရစ်တော်အမြဲတမ်းရှိနေကြောင်းကို လုံးဝယုံကြည်သက်သေခံနေကြပါတယ်။ ရဟန်းတစ်ပါး၏ မစ္ဆားတရားပူဇော်ရာတွင် ယေဇူးခရစ်တော်ကိုယ်တော်တိုင် ထိုရဟန်းနှင့်ပေါင်းစပ်ကာ မုန့်နှင့်စပျစ်ရည်သန့်အား သူ၏နက်နဲဖွယ်ရာ အသားတော်နှင့်အသွေးတော်အဖြစ်သို့ ပြောင်းလဲဖန်ဆင်းကာ အသင်းတော်အတွင်းရှိ သူ၏သိုးစုအား နေ့စဉ်ကျွေးမွေးစောင့်ရှောက်နေပါတယ်။ ထိုမုန့်တော်သည် ခရစ်တော်၏ခန္တာကိုယ်စင်စစ်ဖြစ်ကြောင်းလည်း ကက်သလစ်အသင်းတော်မှ သက်သေခံလာခဲ့သည်မှာ ရှေးဦးခရစ်ယာန်တို့အချိန်ခါကတည်းပင်ဖြစ်ပါတယ်။

ယနေ့ ကျွန်ုပ်တို့နှင့်အတူ ယေဇူးခရစ်တော်ဟာ ခန္တာနှင့် ၀ိညာဉ် အတူရှိနေပါတယ်။
ဓမ္မဟောင်းခေတ်၏ပဋိညာဉ်အရ လူသားတွေဟာဘုရားသခင်၏တရားတော်နှင့် ပညတ်တော်များကို လိုက်နာကျင့်ကြံအသက်ရှင်ကြဖို့ တောင်းဆိုခံရပါတယ်။ သို့သော်လည်း လူသားတို့၏အားနည်းချက်များကြောင့် ၎င်းဓမ္မဟောင်းခေတ်၏ပိညာဉ်ဟာ မအောင်မြင်ခဲ့ရပါဘူး။ ထို့ကြောင့် မပြည့်စုံသည့်လူသားများ ဒါမှမဟုတ် အားနည်းလှသည့်လူသားများနှင့် ပြီးပြည့်စုံသည့်ဘုရားသခင်အကြား ဋိညာဉ်ဟာ မဖြစ်နိုင်ဘဲ ဖြစ်နေရပါတယ်။ မိုးဇယ်၏ပူဇော်ခြင်းဟာလည်း ဘယ်တော့မှပြည့်စုံသန့်ရှင်းတဲ့ ပူဇော်ခြင်းမဖြစ်နိုင်ပါဘူး။

ဓမ္မသစ်ခေတ်၏ဋိညာဉ်ဟာ ပြီးပြည့်စုံလွန်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဖြစ်သည့် ယေဇူးခရစ်တော်ကိုယ်တော်တိုင် အတိုင်းထက်အလွန်အနစ်နာခံပြီး မိမိကိုယ်တိုင်အပြစ်ကင်းစင်တဲ့ သိုးသူငယ်အဖြစ်သဘောထားကာ ဘုရားသခင်အား တစ်ကြိမ်တစ်ခါတည်းနဲ့ထာဝရအတွက်ပါ ပူဇော်ပေးခဲ့သောကြောင့်ဖြစ်ပါတယ်။ ထို့အပြင် ကျွန်ုပ်တို့လူသားများအတွက်လည်း ထာဝရအသက်ရရှိပြီး ရှင်သန်နိုင်ဖို့ရန်အတွက် မိမိကိုယ်တော်တိုင်၏အသွေးနှင့်အသားကို ထာဝရ၀ိညာဉ်အဟာရအဖြစ် ရင်းနှီးပေးခဲ့ပါတယ်။ ထိုကြောင့် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်ယူခြင်းအားဖြင့် နေ့စဉ်အသက်တာကို စစ်မှန်သည့်ခရစ်ယာန်၊ ထာဝရအသက်ပိုင်သူများအဖြစ် လျှောက်လှမ်းကျင့်ကြံနေထိုင်ဖို့ အခွင့်အရေးကို အပြည့်အ၀ရရှိထားကြပါတယ်။

စိန်သောမတ်စ်ရဲ့ ဟောပြောချက်အရ ကျွန်ုပ်တို့လူတွေဟာ ဘုရားသခင်ကို ဆာလောင်ပြီး ဘုရားသခင်ကို ရှာဖွေနေကြတဲ့ ဘ၀ခရီးသည်တွေဖြစ်ပါတယ်။ ဘုရားကိုရှာမတွေ့သရွေ့ ကျွန်ုပ်တို့ဆာလောင်မှု့တွေဟာ အမည်မသိ၊ အမည်မရှိကို ဆာလောင်နေမှာပါ။ ဒီတော့ ယနေ့ဘာသာဝင်များစွာ ဆက်လက်ဆာလောင်နေတာ ဆေးကြော်ခြင်းခံပြီးသည့်တိုင် ဆာလောင်နေကြတာ ဘုရားကိုမတွေ့ကြသေးလို့လား။ မှန်ပါတယ်- ဆေးကြော်ခြင်းခံပြီး ဘာသာတရားကိုင်းရှိုင်းသည့်တိုင် ဆက်လက်ဆာလောင်နေသူများမှာ ဘုရားသခင်ကို နာမည်သာကြားဖူးပြီး အမှန်မတွေ့ကြသေးသူများဖြစ်ပါတယ်။ တချို့ခရစ်ယာန်တွေက ကယ်တင်ခြင်းဟူသော ခရစ်တော်ကိုသာလိုချင်ကြပါတယ်။ ကိုယ်တော်ခံထမ်းရာ ကားတိုင်ကိုတော့ စွန့်ပစ်ချင်ကြပါတယ်။ အမှန်တော့် ခရစ်တော်ကိုယ်တိုင်က “ငါ့နောက်လိုက်လိုလျှင် မိမိလက်ဝါးကာတိုင်ကို နေ့စဉ်ထမ်းယူ၍ ငါ့နောက်သို့လိုက်စေ” ဟုမိန့်မှာထားခဲ့ပါတယ်။ ထို့အပြင် သံပေါလူးကလည်း “ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံမှာသာလျှင် ထိုသခင်နှင့်အတူ ဘုန်းစည်းစိမ်တော်ကို ခံစားကြရမည်” ဟုရေးသားထားပါတယ်။ 

ချစ်စွာသောမိတ်ဆွေများခင်ဗျာ၊ ကက်သလစ်ခရစ်ယာန်များဖြစ်သည့် ကျွန်ုပ်တို့တတွေဟာ ယနေ့ခေတ်ကာလမှာ ကိုယ်တော်မြတ်မုန့်တော်၏ နက်နဲဖွယ်ရာအား သိရှိနားလည်ခွင့်ရရှိခြင်းမှာ ကျေနပ်ပျော်ရွှင်ကြပါသလား။ ခရစ်တော်၏အသွေးတော်နှင့်အသားတော်အားပင့်ယူသုံးဆောင်ကာ ရှင်သန်နေကြရသည်ကို ၀မ်းသာရအားခြင်းဖြင့် လုံးဝယုံကြည်ကြပါသလား။ ကိုယ်တော်မြတ်စက္ကရမင်တူးဟာ ဘုရားနှင့်လူအကြား၏ ထူးခြားဆုံးလွန်းသော ဖြစ်ရပ်အဖြစ် လက်ခံယုံကြည်ကြပြီး ကိုယ်တော်မြတ်ကို ဘယ်လိုစိတ်သဘောထားဖြင့် ပင့်ယူနေကြပါသလဲ။ ခရစ်တော်သခင်အား ကျွန်ုပ်တို့၏နေ့စဉ်ဘ၀မှာ အစဉ်လိုအပ်နေကြသလား။ ကျွန်ုပ်တို့အချိန်ခဏယူကာ ပြန်လည်စဉ်းစားကြည့်သင့်ပါတယ်။

ယနေ့ ခရစ်တော်၌ယုံကြည်လက်ခံကာ အသစ်သောဘ၀မှာ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်မြတ်ကို နေ့စဉ်ပင့်ယူကာ ခရစ်တော်နှင့်အတူပေါင်းစပ်၍ ဒုက္ခနှင့်သုခတို့ကို ခံစားဖြတ်လျှောက်ရင်း ဘုရားသခင်နှင့် ထိတွေ့နေနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ထိုအခွင့်အရေးအားဖြင့် ထာဝရအသက်ရှင်ရာ ပန်းတိုင်ကို ရယူဖို့ အလင်းတရားပေးစွမ်းရာ ကိုယ်တော်မြတ်စက္ကရမင်တူးရှိနေပါတယ်။ စိန်သောမတ်စ်ပြောသလိုပဲ - ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် အာရုံများမမှီနိုင်ရာကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်က ဖြည့်စွမ်းပေးပါလိမ့်မယ်။ ထာဝရအသက်မုန့်တော်အား အစဉ်မပြတ်ပိုင်ဆိုင်နိုင်ဖို့ ဧ၀ံဂေလိတရားတော်အားဖြင့် ကိုယ်တော်မြတ်စက္ကရမင်တူးနှင့်အတူ အသင်းတော်၌နေ့စဉ်ရှင်သန်သက်သေခံကြသွားပါစို့။

ကိုယ်တော်မြတ်စက္ကရမင်တူး၌ -
ကိုရင် (ဒိုမီနီကန်)