ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်… (မာကု ၁း၄၀)
ယနေ့ဖတ်ရှု့ရသည့်
ကျမ်းစာတော်မြတ်များမှာ မသန့်ရှင်းခြင်းအကြောင်းနှင့်အတူ အနာကြီးရောဂါစွဲသူများဖြင့်
ပုံဖော်ထားပါတယ်။ ပထမကျမ်းစာတော်မြတ်ကို ဖတ်ရှု့ခြင်းအားဖြင့် ရှေးဓမ္မဟောင်းကာလမှစပြီး
ဂျူးလူမျိုးတို့၏လူ့အသိုင်းအ၀ိုင်းမှာ မသန့်ရှင်းသူများ၊ အနာကြီးရောဂါသည်များအား မည်သို့သဘောထားကြောင်းနှင့်
လူ့အသိုင်းအ၀ိုင်းမှ ထုတ်ပယ်ကာ အသိုင်းအ၀ိုင်းအပြင်ဘက်မှာ နေစေကြောင်း နားလည်သဘောပေါက်စေမှာ
ဖြစ်ပါတယ်။ အနာကြီးရောဂါသည်များနှင့် နူနာစွဲသူများဟာ မသန့်ရှင်းသူများအဖြစ် သတ်မှတ်ခံရပြီး
၎င်းတို့၏ ဆွေမျိုးမိသားစုအသိုင်းအ၀ိုင်းကပင် ၎င်းတို့အားသေသူများအဖြစ်သတ်မှတ်ပြီးသားသူတွေ
ဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲသို့ပြန်ဝင်ဖို့ရန် ၎င်းသည် နူနာများပျောက်ကင်းကြောင်း၊
အနာကြီးရောဂါမှ ပျောက်ကင်းကြောင်း၊ အထူးသဖြင့် သန့်ရှင်းစင်ကြယ်ကြောင်းကို ရဟန်းအားပြသပြီး
ထောက်ခံချက်ယူရဟန် တူပါတယ်။ ထို့ကြောင့် သံမာကု၏ဧ၀ံဂေလိတရားမှာ ယေဇူးသခင်က ကုသပေးလိုက်သော
အနာကြီးရောဂါသည်ကို ရဟန်းထံသွားပြစေပြီး မိုးဇက်မိန့်မှာသည့်အတိုင်း ပူဇော်သကာပြုဖို့
မိန့်ဆိုခြင်းဖြစ်ပါလိမ့်မယ်။
အမှန်တကယ်တော့
ထိုရောဂါများနှင့် မသန့်ရှင်းစင်ကြယ်ခြင်းဟာ အပြစ်ကြောင့်ဖြစ်ရသည်ဟု ဆိုရပါလိမ့်မယ်။
ထို့ကြောင့် ယေဇူးခရစ်တော်၏ကုသခြင်းများဟာ ကယ်တင်ခြင်းနှင့် ထပ်တူဖြစ်ပါတယ်။ ရောဂါကို
ကုသပေးခြင်းဟာလည်း အပြစ်ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းပေးခြင်းဖြစ်ပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်းဟာလည်း
အပြစ်မှကင်းလွတ်စေပြီး ကယ်တင်ခြင်းပေးခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ဧ၀ံဂေလိတရားတော်ထဲတွင်
ယေဇူးသခင်၏ကုသခြင်းလုပ်ရပ်တွေကို မကြာခဏတွေ့ရှိရပါတယ်။ တဆက်တည်းမှာပဲ ထိုသို့ခန္တာကုသခြင်းဟာ
ဝိညာဉ်ကာယကုသပေးခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။ ယေဇူးခရစ်တော်၏ကုသခြင်းကို ရခဲ့သူများဟာ
၎င်းတို့ရဲ့ way of life -ဘ၀ရှင်သန်ပုံ လမ်းစဉ်ပါ ပြောင်းလဲခဲ့ရခြင်းဖြစ်ပါတယ်။ တမန်တော်ပေါလူး၏ပြောင်းလဲခြင်းဟာ
သက်သေကောင်းပါပဲ။ ဒမာစကုမြို့သို့အသွားမှာ ရူပါရုံအားဖြင့် မျက်စိကွယ်သွားခဲ့ရတယ်။
၎င်းအတွက် ကုသခြင်းလိုအပ်ခဲ့တယ်။ ထိုကုသခြင်းမှာ ခန္တာကုသခြင်းဖြစ်တဲ့ မျက်စိအလင်းပြန်ရခြင်းနှင့်အတူ
ဝိညာဉ်ကုသခြင်းပါ ထပ်တူရသည့်အတွက် သံပေါလူးဘ၀ဟာ လုံးဝခြားနားသွားခဲ့ပါတယ်။
မိတ်ဆွေ၊ ဒီနေ့
အကျွန်ုပ်တို့တတွေလည်း ခန္တာမကျန်းမာခြင်းလား ၀ိညာဉ်မကျန်းမာခြင်းလား၊ စိတ်ဓါတ်မကျန်းမာခြင်းလား
စသဖြင့် မည်သို့သော မကျန်းမာခြင်းတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ကိုယ်တော့်ထံလာခဲ့ပါ။ ယုံကြည်ခြင်းဖြင့်
လာခဲ့ပါ။ ပြီးတော့ ဧ၀ံဂေလိတရားတော်ထဲက အနာကြီးရောဂါသည်လိုပဲ “ကိုယ်တော်အလိုရှိပါလျှင်
အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေပါ” ဟု ၀န်ခံတောင်းဆိုလိုက်ပါ။ သေချာပေါက် သင်ကောကျွန်ုပ်ပါ
ကုသခြင်းရရှိမှာဖြစ်ပါတယ်။
လုံးဝကို သေချာပါတယ်
- ကိုယ်တော်အလိုတော်ရှိတာ ကျွန်တော်တို့ရဲ့ ကျန်းမာခြင်းပါ။ စိတ်ကျန်းမာစေသလို၊ ခန္တာပါကျန်းမာစေတယ်။
ခန္တာကျန်းမာစေသလို ၀ိညာဉ်ပါကျန်းမာစေတယ်။ ထို့ကြောင့် ကယ်တင်ရှင်ဘုရား အနုံခြာဆုံးပုံစံဖြင့်
လူ့အဖြစ်ကိုယူပြီး ကျွန်ုပ်တို့ လူသားများနှင့် ထပ်တူထပ်မျှခံစားကာ ဝေဒနာကို နားလည်ခြင်း၊
စာနာခြင်း၊ သနားဂရုဏာရှိခြင်း၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ကုသပေးနေခြင်း ဖြစ်ပါတယ်။ ထို့အပြင်
ကိုယ်တော်၏တမန်တော်တွေကိုပါ ထိုကျေးဇူးတော်များ ပေးသွန်းကာကမ္ဘာပေါ်မှာ လူသားတွေကို ဆက်လက်ကုသစေပါတယ်။
ထို့အပြင် ယနေ့ခရစ်ယာန်များဖြင့်လည်း ကမ္ဘာကြီးရဲ့ ဝေဒနာတွေ၊ မကျန်းမာခြင်းတွေဖြစ်တဲ့
စစ်မက်တွေ၊ အမုန်းအာဂါတတွေ၊ လောဘရန်မက်တွေ၊ ဆင်းရဲခြင်းတွေ၊ မေတ္တာခြောက်ခန်းမှု့တွေ၊
တရားမျှတမှု့တွေ စသည့်မကျန်းမာမှု့တွေကို ကုစားပေးရန် ကိုယ်တော်ကျေးဇူးတော်များ ပေးသွန်းနေပါတယ်။
ဒါကို ကျွန်တော်တို့ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းအပြည့်ဖြင့် ထိုရောဂါဝေဒနာရှင်များကို
ထပ်ဆင့်ကုသပေးရမှာ ဖြစ်ပါတယ်။
ယနေ့ ကျွန်တော်တို့ခရစ်ယာန်များ
ကိုယ်တော့်ထံမှ မိမိတို့ကိုယ်တိုင်လည်း မကျန်းမာမှု့တွေရှိလျှင် ကုသမှု့ခံရယူပြီး ကမ္ဘာကြီးကို ကုစားပေးဖို့အတွက်လည်း ကိုယ်တော့်ထံမှာ
ထပ်ဆင့်၍ ကျေးဇူးတော်များ တောင်းလျှောက်သွားကြပါစို့။ အာမင်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment