Saturday, 28 February 2015

ဒုတိယ-၀ါတွင်းတနင်္ဂနွေနေ့

သံမာကု ၉း၂-၁၀
ဖတ်ရှုရသည့်ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်ဟာ ပေတရု၊ ယာကုပ်နှင့် သူ၏ညီယောဟန်တို့နှင့် အတူ တောင်ပေါ်သို့သွားပြီး ဆုတောင်းရန်သွားစဉ် တောင်ပေါ်တွင် ထိုတပည့်တော်ကြီး သုံးယောက်ရှေ့မှာ အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူပါတယ်။ အမှန်တော့ ယေဇူးခရစ်တော်၊ ဘုရား၏သားတော်အတွက် အဆင်းသဏ္ဍာန်ပြောင်းလဲသည်ဆိုတာထက် သူ၏ဘုရားဇာတိကိုထုတ်ဖော်ပြသခြင်းဟုဆိုရပါလိမ့်မယ်။ ထို့ကြောင့် “ဤသူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ထာဝရဘုရား၏ မိန့်ဆိုသံကို တပည့်တော်ကြီးတို့ ကြားခဲ့ရပါတယ်။ ထို့အပြင် အဆင်းသဏ္ဍာန်ပြောင်းလဲခြင်း ဖြစ်စဉ်မှာ ကောင်းကင်နိုင်ငံ၏အလှတရားကိုလည်း ပြသလိုက်ခြင်းဖြစ်ပါတယ်။ ထိုကြောင့် ပေတရုဟာ တပ်မက်လွန်းအားကြီးပြီး “ဤနေရာ တပည့်တော်တို့အဖို့ အလွန်နေဖို့ကောင်းပါသည်” ဟုလျှောက်ထားပါတော့တယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဤကဲ့သို့သော အလွန်နေဖို့ကောင်းသည့်နေရာကို နေရဖို့ တောင်းတမျှော်လင့်နေသူတွေဖြစ်မှာပါ။ ထိုကဲ့သို့သော နေရာဟာ ကျွန်ုပ်တို့ရဲ့ ဘ၀ရည်းမှန်းချက်ပင် ဖြစ်နေမှာပါ။ သို့သော်လည်း ထိုသို့နေရာမှာ နေရဖို့ သင်နှင့်ကျွန်ုပ် အဆင်းသဏ္ဍာန်ပြောင်းလဲကြဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ မူလအစဖြစ်တဲ့ ကောင်းကင်နိုင်ငံသားဇာတိအဖြစ်သို့ ပြန်လည်းပြောင်းလဲ ကြရပါလိမ့်မယ်။ ကောင်းကင်နိုင်ငံသားဇာတိအဖြစ် ပြောင်းလဲခြင်းဟာ တနည်းအားဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ၀င်စားပြီး ဘုရားသခင်ကို ဖူးမျှော်ရခြင်းကျေးဇူးတော်ပင် ဖြစ်ပါတယ်။ သင်နှင့် ကျွန်ုပ်တို့လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ၀င်စားပြီး ဘုရားသခင်ကို ဖူးမျှော်ဖို့ အသင့်ဖြစ်နေပြီလား။

အမှန်တကယ်တော့ ကျွန်တော်တို့တတွေဟာ နေ့စဉ်ဘ၀အသက်တာမှာ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကျေးဇူးကို တနည်းမဟုတ်တနည်းဖြင့် ထိတွေ့နေမိမှာ သေချာပါတယ်။ ဒါတွေကို ကျွန်တော်တို့တတွေ သတိမထားမိတာလည်း ဖြစ်နိုင်သလို သတိထားမိသော်လည်း တန်ဖိုးထား မနှစ်မြို့လို့ ခဏတာမှာပျောက်ကွယ်သွားကြတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း တချို့သူတွေကတော့ ဒီလို ဘုရားရဲ့ဘုန်းဂုဏ်တော်ကျေးဇူးတွေကို တခဏမှာထိတွေ့ရရုံ၊ အမှတ်တမဲ့ဖြစ်လင့်ကစား တန်ဖိုးထား နှစ်မြို့နှစ်သက်လွန်းလို့ ဘ၀ပုံစံပင် ပြောင်းလဲလာတာတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနှင့်ဒေးရှိနေပါတယ်။

တခါတရံ ကျွန်တော်တို့လူသားတွေဟာ တွက်ချက်မှုတွေ သိပ်များလွန်းတတ်ကြတာမို့ တချို့အရာတွေဟာ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစီးအောက်မှာရောက်ရပြီး ယုံကြည်လက်ခံဖို့ အလွန်ခက်ခဲတတ်ပါတယ်။ သို့ပေမယ့်လည်း ယုံကြည်ခြင်းကြောင့် ကျော်ဖြတ်နိုင်ခဲ့ရတဲ့ အဖြစ်အပျက်အခက်ခဲတွေဟာလည်း ဘ၀မှာ အံ့သြစရာအမှန်တရားတွေလိုရှိနေတယ်ဆိုတာလည်း ငြင်းလို့မရနိုင်ပါဘူး။

သံသယတို့ရှိနေတဲ့အချိန်ခါမှာ တရားတော်ကို နှလုံးသွင်းနိုင်လျှင် ပို၍ သေချာတဲ့ အဖြေကို ရရှိနိုင်ပါတယ်။ ယနေ့ဖတ်ရှု့ရတဲ့ ပထမကျမ်းထဲမှာ ဧဘရာဟံက သူ၏တစ်ဦးတည်းသော သားကိုတောင်ပေါ်တက်၍ ဘုရားသခင်အား ပူဇော်ရမည်ဟု အမိန့်တော်ရသောကြောင့် ထိုအတိုင်းပြုလုပ်ဖို့ တောင်ပေါ်သို့ တက်သွားပါတယ်။ တကယ်တော့ ထိုအမိန့်တော်ကို သူသံသယ၀င်ခဲ့တာပါ။ မဖြစ်နိုင်တဲ့အခြေနေမှာ သားရတနာကို ပေးပြီး ယခုလိုကြီး ပြန်တောင်းတာ ဟုတ်မှဟုတ်ရဲ့လားပေါ့။ သို့ပေမယ့်လည်း ဘုရားသခင်အပေါ်ယုံကြည်ခြင်းကြီးမားသည့် ဧဘရာဟံဟာ ထိုအတိုင်းပြုလုပ်ခဲ့ပါတယ်။ ပူဇော်ခြင်းအမှု့ကို ပြုခါနီးမှ ဘုရားသခင်ဟာ သူ့အားစမ်းသပ်တယ်ဆိုတာ သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူ၏လုပ်ရပ်ဟာ နာခံခြင်းဖြစ်တာမို့ ဘုရားသခင် ကျေနပ်စေခဲ့ပါတယ်။ အမှန်တော့ သူရဲ့စိတ်ဟာ ဘုရားသခင်နှင့် တထပ်တည်းကျနေခဲ့ခြင်းကြောင့်လည်း ယုံယုံကြည်ကြည် နာခံနိုင်တာဖြစ်ပါတယ်။ ဒုတိယကျမ်းမှာလည်း သံပေါလူးက ဘုရားသခင်ဟာ ကျွန်တော်တို့နှင့်အတူရှိလျှင် ဘယ်သူတွေ တွန်လှန်နိုင်ပါဦးမလဲဟု ကြွေးကြော်ထားပါတယ်။

ကျွန်တော်တို့တတွေဟာလည်း ဘုရားသခင်နှင့်ပေါင်းစပ် ဆက်သွယ်မှုရှိနေဖို့ ခေါ်တော်မူခြင်းခံရသူ ဖြစ်ပါတယ်။ သို့သော်လည်း ဒီခေါ်တော်မူခြင်းဟာ ကျွန်တော်တို့ဘ၀အတွက် စီးပွားရေးတွက်ချက်သလို တွက်ချက်လို့မရပါ။ သိပ္ပံနည်းကျကျလိုလည်း သီအိုရီတွေနဲ့ အဖြေရှာလို့မရပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တတွေဟာ စီးပွားရေးတွက်သလိုတွက်မယ်ဆိုလျှင် တကွင်သာတွေ့ရမှာဖြစ်ပြီး သိပ္ပံလို သီအိုထုတ်တွက်မယ်ဆိုလျှင်လည်း သီးသန့်နယ်ပယ်တစ်ခုမှ အဖြေသီးသန့်သာ ရရှိနေမှာဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်နှင့်ပေါင်းစပ်ပြီး ဆက်သွယ်မှုရှိလာတဲ့အခါ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းက စီးပွားရေးတကွင်ထက်မက၊ သိပ္ပံအဖြေတစ်ခုထက်မကအောင် လိုအပ်တဲ့ဘ၀အဖြေများစွာကို ရရှိမှာ သေချာပါတယ်။ ထိုကြောင့် ကျွန်တော်တို့တတွေဟာ ဘ၀မှာ မှန်ကန်တဲ့အဖြေနဲ့ လျှောက်လှမ်းနိုင်ဖို့ ဘုရားသခင်၏ သဏ္ဍာန်ပြောင်းလဲခြင်းကို လက်ခံဖို့လိုအပ်ပါတယ်။

ဒီလိုဘုရားသခင်၏သဏ္ဍာန်ပြောင်းလဲခြင်းခံရဖို့ ကျွန်တော်တို့လုပ်ဆောင်ရမှာ တစ်ချက်သာရှိပါတယ် - ထိုအရာကတော့ ကောင်းကင်မှအသံပြောသည့်အတိုင်း “သူ့ကို နာခံကြလော့။” ဆိုသလိုပဲ ခရစ်တော်ကို နာခံဖို့၊ နားထောင်ဖို့သာ လိုအပ်ပါတယ်။ ကျွန်တော်တို့တတွေ “ခရစ်တော်နှင့်အတူ အသေခံခဲ့ကြလျှင်မူ ခရစ်တော်နှင့်အတူ အသက်ရှင်ကြရမည်” - ဆိုလိုသည်မှာ ကျွန်တော်တို့ရဲ့ မကောင်းတဲ့အကျင့်ဆိုးများ အပြစ်များကို ခရစ်တော်နှင့်အတူ အသေခံပြီး ခရစ်တော်၌ ဘ၀သစ်ဖြင့် ရှင်သန်ဖို့ဆိုလိုပါတယ်။ ဤသည်ပင် ကျွန်တော်တို့ရဲ့ သဏ္ဍာန်ပြောင်းလဲခြင်း အသက်တာဖြစ်နေမှာ ဖြစ်ပါတယ်။

ဤ၀ါတွင်းကာလတွင် ကျွန်တော်တို့ရဲ့ဘ၀ဟောင်း အကျင့်ဆိုးများနှင့် အပြစ်များကို ခရစ်တော်နှင့်အတူ အသေခံကြပြီး ပါစကားပွဲတော်မှာ ခရစ်တော်နှင့်အတူ အသက်ရှင်သန်နိုင်အောင် ကြိုးစားသွားကြပါစို့ဟု ဖိတ်ခေါ်လိုက်ပါတယ်။
ကိုရင် (ဒိုမီနီကန်)

Saturday, 21 February 2015

ဝါတွင်းကာလ ပထမတနင်္ဂနွေနေ့


ဧ၀ံဂေလိကျမ်း (၃)ကျမ်း ဖြစ်တဲ့ Synoptic gospels ဟာ တောကန္တာရထဲမှာ ယေဇူးသခင်၏ စုံစမ်းနှောက်ယှက်ခြင်း ခံရသည့်အကြောင်းကို ဖော်ပြထားပါတယ်။ သံမာကုမှာတော့ ထိုအကြောင်းအရာဟာ အကျဉ်းချုံးဖော်ပြထားကြောင်းတွေ့နိုင်ပါတယ်။ ၀ိညာဉ်တော်သည်ပင် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားပြီး ရက်ပေါင်းလေးဆယ်ပတ်လုံး မာရ်နတ်၏နှောက်ယှက်ခြင်းကို ခံရတော်မူပါတယ်။ ထို့နောက် ချက်ချင်းပင် ကိုယ်တော်၏ တရားတော် ဟောပြောခြင်း ဒေသနာတော်ဘက်သို့ ဦးတည်လိုက်ပါတယ် - ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ။ နောင်တရကြ၍ ဧ၀ံဂေလိတရားတော်ကို ယုံကြည်ကြလော့။ 

ကျွန်တော်တို့ ခရစ်ယာန်ဘ၀အသက်တာမှာ တောကန္တာရဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်တစ်ခုဖြင့် နားလည်နေပါတယ်။ တောကန္တာရဆိုတာ ကန္တာရကြီးတစ်ခုလိုပဲ ဘ၀အသက်တာမှာ ဖြစ်ပျက်နေတာကို တင်စားသုံးနှုန်းထားခြင်းဖြစ်ပါတယ်။ ၀ါတွင်းကာလဟာ ကန္တာရကြီးပါပဲ။ တကယ်တော့ ဘ၀ကြီးတစ်ခုလုံးကိုက ကန္တာရကြီးပါပဲ။ အဲဒီကန္တာရကြီးထဲမှာ ကျွန်တော်တို့ တတွေဟာ နှောက်ယှက်ခြင်းမျိုးစုံနဲ့ စုံစမ်းခြင်းခံနေကြရတာပါပဲ။ ဆင်းရဲခြင်းကြောင့် မိမိရဲ့တရား မပျောက်စေချင်ဘဲ ဖျောက်နေရတဲ့သူတွေ တပုံကြီးရှိပါတယ်။ လူ့ဘောင်လောကရဲ့ ဘေးမှာ အပယ်ခံဘ၀နဲ့ နေရတာမို့ မိမိရဲ့တရား မပျောက်စေချင်သော်လည်း ဖျောက်ပစ်ကာ လူ့ဘောင်လောကမှာ ၀င်ဆန့်နိုင်ဖို့ ရုန်းကန်နေကြရတယ်။ ဘ၀မှာ ပညာလေ့လာခွင့်မရလို့ ဘ၀နိမ့်ကျခဲ့ရလို့ မိမိတို့တရားတွေ မပျောက်စေချင်ဘဲ ဖျောက်ပစ်ကာ ဘ၀ဇာတ်ခုံမှာ ကြုံသလို ကနေသူတွေလည်း အများကြီးရှိပါတယ်။ မတရားမှု့တွေကို ထပ်ခါထပ်ခါ ခံရပါများလို့ သည်းမခံနိုင်တော့ဘဲ တရားကိုဖျောက်ပြီး ကလှဲ့စားချေနေရသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ထို့ကြောင့် ဘ၀ဟာ ဒုက္ခကန္တာရကြီးလို့ တချို့က တင်စားပြောဆိုနေကြတာ မှားမယ်မထင်ပါဘူး။ ထို့ကြောင့် ဘာသာတရားများဟာ ဒီလို ဒုက္ခကန္တာရကြီးက လွတ်မြောက်ဖို့ တရားပေးနေကြတယ်- လွတ်မြောက်ခြင်းတရားပေါ့။ 

ခရစ်ယာန်များအတွက် လွတ်မြောက်ခြင်းတရားဟာ လူ့အဖြစ်ကိုယူတော်မူပြီး ကယ်တင်ခြင်း ကတိတော်ဖြစ်သည့် ယေဇူးခရစ်တော်ကိုယ်တော်တိုင်ပါပဲ။ ယေဇူးခရစ်တော်၏ ကြွလာခြင်းနှင့်အတူ ကတိထားရာအချိန်ခါ ပြည့်စုံခြင်းရောက်ခဲ့ပါတယ်။ ထို့ကြောင့် ကောင်းကင်နိုင်ငံသည် လက်တကမ်းမှာ ရှိနေပြီ၊ တည်လုနီးနေပြီဟု စတင်ဟောပြောခြင်းပင် ဖြစ်ပါတယ်။ ဘုရားကိုယ်တော်တိုင် လွတ်မြောက်ပေးနေခြင်းဖြစ်ပါတယ်။ သို့သော်လည်း လူတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့် အသိတရားနဲ့ ဖန်ဆင်းခဲ့သည့်အတိုင်း ထိုလွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားသည့်အတွက်ကြောင့် ကျွန်တော်တို့ လူသားတွေဟာ ခရစ်တော်သယ်ဆောင်လာတဲ့ လွတ်မြောက်ခြင်းတရားကို လက်ခံဖို့အတွက် ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ထို့ကြောင့် လက်တကမ်းမှာ ကယ်တင်ခြင်းရှိနေသည်ဟု မိန့်ဆိုခြင်းပင် ဖြစ်ပါတယ်။ 

မိတ်ဆွေ၊ ထိုလက်တကမ်းမှာ ရှိနေတဲ့ ကယ်တင်ခြင်း၊ လွတ်မြောက်ခြင်းကို မိမိတို့ကိုယ်တိုင် ယုံကြည်ခြင်းနှင့်အတူ စဉ်းစားညဏ်ပေါင်းကာ ရွေးချယ်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် စိန်သောမတ်စ်အကွိုင်နက်က Fides et Ratio ဆိုပြီး ယုံကြည်ခြင်းနှင့် သိပ္ပံအသိပညာဟာ ဆန့်ကျင့်နေခြင်းမရှိဘဲ အပြန်အလှန်တရားပြသည်ဟု တရားလမ်းညွှန်ပေးခဲ့ပါတယ်။ ယုံကြည်ခြင်းဟာ ဘုရားရဲ့အကြီးမြတ်ဆုံးသော ကျေးဇူးတော်ဖြစ်သလို ကျွန်တော်တို့ သိပ္ပံအသိပညာဟာလည်း အခြေခံကျတဲ့ ဖန်ဆင်းရာပါ ကျေးဇူးတော်ပင်ဖြစ်ပါတယ်။ ယုံကြည်ခြင်းအတွက် ၀ိညာဉ်တော်ဘုရား အလင်းတရားပေးသလို သိပ္ပံအသိပညာဟာမိမိတို့ကိုယ်ပိုင် စဉ်းစားညဏ်မှ အလင်းတရားရရှိစေပါတယ်။ ဘ၀မှာ ကြုံရတဲ့ ပြသနာအခက်အခဲတွေကို မိမိတို့သိပ္ပံအသိပညာဖြင့် ဖြေရှင်းနိုင်ကြသလို၊ တချို့အရာတွေကို ၀ိညာဉ်တော်အလင်းတရားဖြင့်သာ ဖြေရှင်းနိုင်ပါတယ်။ ထို့ကြောင့် စိန်သောမတ်စ်အကွိုင်နက်ပြောဆိုသလိုပါပဲ - အာရုံများမမှီနိုင်ရာကို ယုံကြည်ခြင်းဖြင့် ဖြည့်ပေးလေသည်။ 

မိတ်ဆွေ၊ ဒီဝါတွင်းကာလမှာ ကျွန်တော်တို့တတွေလည်း မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ ယုံကြည်ခြင်းနှင့် သိပ္ပံအသိပညာကို ပေါင်းစပ်ပြီး လက်တကမ်းမှာရှိတဲ့ ကောင်းကင်နိုင်ငံတော်၊ လွတ်မြောက်ခြင်းတရား၊ ကယ်တင်ခြင်းကို ရယူသွားနိုင်ဖို့ ကြိုးစားသွားကြပါစို့။ ပုထုဇဉ်လူသားများဖြစ်သည့်အလျောက် ဘ၀အခက်ခဲများဖြစ်ဖြစ်၊ အနှောက်အယှက်များပဲဖြစ်ဖြစ်၊ ကြုံလာဒုက္ခများ အားလုံးအား ၀ိညာဉ်တော်မြတ်နှင့်အတူ ဖြေရှင်းသွားတတ်ဖို့လည်း ကျင့်ဆောက်တည်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Sunday, 15 February 2015

၂၀၁၅ ၀ါဝင်သည့် ပထမနေ့ (ပြာခံပွဲ)

ပြာခံပွဲ (၂၀၁၅ ၀ါဝင်သည့် ပထမနေ့)
ဖေဖော်ဝါရီလ ၁၈ ၂၀၁၅


Saturday, 14 February 2015

ဆဌမမြောက်သာမန်တနင်္ဂနွေနေ့





ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်… (မာကု ၁း၄၀)

ယနေ့ဖတ်ရှု့ရသည့် ကျမ်းစာတော်မြတ်များမှာ မသန့်ရှင်းခြင်းအကြောင်းနှင့်အတူ အနာကြီးရောဂါစွဲသူများဖြင့် ပုံဖော်ထားပါတယ်။ ပထမကျမ်းစာတော်မြတ်ကို ဖတ်ရှု့ခြင်းအားဖြင့် ရှေးဓမ္မဟောင်းကာလမှစပြီး ဂျူးလူမျိုးတို့၏လူ့အသိုင်းအ၀ိုင်းမှာ မသန့်ရှင်းသူများ၊ အနာကြီးရောဂါသည်များအား မည်သို့သဘောထားကြောင်းနှင့် လူ့အသိုင်းအ၀ိုင်းမှ ထုတ်ပယ်ကာ အသိုင်းအ၀ိုင်းအပြင်ဘက်မှာ နေစေကြောင်း နားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။ အနာကြီးရောဂါသည်များနှင့် နူနာစွဲသူများဟာ မသန့်ရှင်းသူများအဖြစ် သတ်မှတ်ခံရပြီး ၎င်းတို့၏ ဆွေမျိုးမိသားစုအသိုင်းအ၀ိုင်းကပင် ၎င်းတို့အားသေသူများအဖြစ်သတ်မှတ်ပြီးသားသူတွေ ဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲသို့ပြန်ဝင်ဖို့ရန် ၎င်းသည် နူနာများပျောက်ကင်းကြောင်း၊ အနာကြီးရောဂါမှ ပျောက်ကင်းကြောင်း၊ အထူးသဖြင့် သန့်ရှင်းစင်ကြယ်ကြောင်းကို ရဟန်းအားပြသပြီး ထောက်ခံချက်ယူရဟန် တူပါတယ်။ ထို့ကြောင့် သံမာကု၏ဧ၀ံဂေလိတရားမှာ ယေဇူးသခင်က ကုသပေးလိုက်သော အနာကြီးရောဂါသည်ကို ရဟန်းထံသွားပြစေပြီး မိုးဇက်မိန့်မှာသည့်အတိုင်း ပူဇော်သကာပြုဖို့ မိန့်ဆိုခြင်းဖြစ်ပါလိမ့်မယ်။

အမှန်တကယ်တော့ ထိုရောဂါများနှင့် မသန့်ရှင်းစင်ကြယ်ခြင်းဟာ အပြစ်ကြောင့်ဖြစ်ရသည်ဟု ဆိုရပါလိမ့်မယ်။ ထို့ကြောင့် ယေဇူးခရစ်တော်၏ကုသခြင်းများဟာ ကယ်တင်ခြင်းနှင့် ထပ်တူဖြစ်ပါတယ်။ ရောဂါကို ကုသပေးခြင်းဟာလည်း အပြစ်ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းပေးခြင်းဖြစ်ပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်းဟာလည်း အပြစ်မှကင်းလွတ်စေပြီး ကယ်တင်ခြင်းပေးခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ဧ၀ံဂေလိတရားတော်ထဲတွင် ယေဇူးသခင်၏ကုသခြင်းလုပ်ရပ်တွေကို မကြာခဏတွေ့ရှိရပါတယ်။ တဆက်တည်းမှာပဲ ထိုသို့ခန္တာကုသခြင်းဟာ ၀ိညာဉ်ကာယကုသပေးခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။ ယေဇူးခရစ်တော်၏ကုသခြင်းကို ရခဲ့သူများဟာ ၎င်းတို့ရဲ့ way of life -ဘ၀ရှင်သန်ပုံ လမ်းစဉ်ပါ ပြောင်းလဲခဲ့ရခြင်းဖြစ်ပါတယ်။ တမန်တော်ပေါလူး၏ပြောင်းလဲခြင်းဟာ သက်သေကောင်းပါပဲ။ ဒမာစကုမြို့သို့အသွားမှာ ရူပါရုံအားဖြင့် မျက်စိကွယ်သွားခဲ့ရတယ်။ ၎င်းအတွက် ကုသခြင်းလိုအပ်ခဲ့တယ်။ ထိုကုသခြင်းမှာ ခန္တာကုသခြင်းဖြစ်တဲ့ မျက်စိအလင်းပြန်ရခြင်းနှင့်အတူ ၀ိညာဉ်ကုသခြင်းပါ ထပ်တူရသည့်အတွက် သံပေါလူးဘ၀ဟာ လုံးဝခြားနားသွားခဲ့ပါတယ်။
မိတ်ဆွေ၊ ဒီနေ့ အကျွန်ုပ်တို့တတွေလည်း ခန္တာမကျန်းမာခြင်းလား ၀ိညာဉ်မကျန်းမာခြင်းလား၊ စိတ်ဓါတ်မကျန်းမာခြင်းလား စသဖြင့် မည်သို့သော မကျန်းမာခြင်းတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ကိုယ်တော့်ထံလာခဲ့ပါ။ ယုံကြည်ခြင်းဖြင့် လာခဲ့ပါ။ ပြီးတော့ ဧ၀ံဂေလိတရားတော်ထဲက အနာကြီးရောဂါသည်လိုပဲ “ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေပါ” ဟု ၀န်ခံတောင်းဆိုလိုက်ပါ။ သေချာပေါက် သင်ကောကျွန်ုပ်ပါ ကုသခြင်းရရှိမှာဖြစ်ပါတယ်။ 

လုံးဝကို သေချာပါတယ် - ကိုယ်တော်အလိုတော်ရှိတာ ကျွန်တော်တို့ရဲ့ ကျန်းမာခြင်းပါ။ စိတ်ကျန်းမာစေသလို၊ ခန္တာပါကျန်းမာစေတယ်။ ခန္တာကျန်းမာစေသလို ၀ိညာဉ်ပါကျန်းမာစေတယ်။ ထို့ကြောင့် ကယ်တင်ရှင်ဘုရား အနုံခြာဆုံးပုံစံဖြင့် လူ့အဖြစ်ကိုယူပြီး ကျွန်ုပ်တို့ လူသားများနှင့် ထပ်တူထပ်မျှခံစားကာ ဝေဒနာကို နားလည်ခြင်း၊ စာနာခြင်း၊ သနားဂရုဏာရှိခြင်း၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ကုသပေးနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ကိုယ်တော်၏တမန်တော်တွေကိုပါ ထိုကျေးဇူးတော်များ ပေးသွန်းကာကမ္ဘာပေါ်မှာ လူသားတွေကို ဆက်လက်ကုသစေပါတယ်။ ထို့အပြင် ယနေ့ခရစ်ယာန်များဖြင့်လည်း ကမ္ဘာကြီးရဲ့ ဝေဒနာတွေ၊ မကျန်းမာခြင်းတွေဖြစ်တဲ့ စစ်မက်တွေ၊ အမုန်းအာဂါတတွေ၊ လောဘရန်မက်တွေ၊ ဆင်းရဲခြင်းတွေ၊ မေတ္တာခြောက်ခန်းမှု့တွေ၊ တရားမျှတမှု့တွေ စသည့်မကျန်းမာမှု့တွေကို ကုစားပေးရန် ကိုယ်တော်ကျေးဇူးတော်များ ပေးသွန်းနေပါတယ်။ ဒါကို ကျွန်တော်တို့ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းအပြည့်ဖြင့် ထိုရောဂါဝေဒနာရှင်များကို ထပ်ဆင့်ကုသပေးရမှာ ဖြစ်ပါတယ်။ 

ယနေ့ ကျွန်တော်တို့ခရစ်ယာန်များ ကိုယ်တော့်ထံမှ မိမိတို့ကိုယ်တိုင်လည်း မကျန်းမာမှု့တွေရှိလျှင် ကုသမှု့ခံရယူပြီး  ကမ္ဘာကြီးကို ကုစားပေးဖို့အတွက်လည်း ကိုယ်တော့်ထံမှာ ထပ်ဆင့်၍ ကျေးဇူးတော်များ တောင်းလျှောက်သွားကြပါစို့။ အာမင်။

ကိုရင် (ဒိုမီနီကန်)

Sunday, 8 February 2015

ပဉ္စမကြိမ်မြောက် သာမန်တနင်္ဂနွေနေ့





ငါသည် ဧ၀ံဂေလိသတင်းကောင်းကို မဟောပြောလျှင် ငါ၌ အမင်္ဂလာရှိ၏။ (ပ-ကော် ၉း၁၆)

ဤစကားသံသည် သံပေါလူး၏အသံ ပဲ့တင်ထပ်နေသလိုပင် ယနေ့ထပ်မံ ပဲ့ပင်ထပ်လျက်ရှိနေပါတယ်။ ယနေ့ ဖတ်ရှု့ရသည့်ကျမ်းများမှာ ရုပ်ရှင်ဆန်ဆန်ရှိလှသည်ဟုပင် ဆိုရမည်လား။ ပထမကျမ်းမှာ ယောလရဲ့ သနားစဖွယ်ဘ၀အားဖြင့် ကျွန်တော်တို့လောကသားတို့အတွက် လက်တွေ့ဖြစ်ပျက်နေသည်ကို ဖော်ညွှန်းထားပြီး ဆာလံကျမ်းတွင် ကျွန်ုပ်တို့၏ကွဲအက်ကြေမွှနေသော နှလုံးသားများကို ကုစားပေးသည့် သခင်အားချီးမွမ်းကြစို့ဟု ဆိုပါတယ်။ ဤသည်မှာ ကျွန်တော်တို့ရဲ့သနားစဖွယ်ဘ၀ လောကသားတွေအတွက် သတင်းကောင်းတစ်ခုရှိနေကြောင်း၊ မျှော်လင့်ချက်တစ်ခု ရှိနေကြောင်း မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပါတယ်။ 

ကျွန်တော်တို့လောကသားတွေအတွက် ကယ်တင်ခြင်းသတင်းကောင်းထက် ကောင်းတဲ့သတင်းရှိမည် မဟုတ်ပါ။ ထိုကယ်တင်ခြင်းသတင်းကောင်းမှာ ဧ၀ံဂေလိတရားတော်ပင် ဖြစ်ပါတယ်။ ခရစ်တော်၏ တရားတော်ကို ရေးသားခဲ့သည့် တမန်တော်ကြီးဟာ အင်မတန်မှ စိတ်ဝင်စားဖွယ်ကောင်းလှသည့် ဝေါဟာရကို အသုံးပြုခဲ့ပါတယ်။ ထိုဝေါဟာရမှာ ယူအန်ခဲလီယွန် (εὐαγγέλιον) ဖြစ်ပြီး ဆိုလိုရင်းမှာ သတင်းပေးပို့သူဟု ဆိုပါတယ်။ ဆိုလိုရင်းအဓိပာယ်အတိုင်း တဆင့်ပြီးတဆင့်၊ တစ်ဦးမှတစ်ဦး ထိုသတင်းကောင်းကို သတင်းပေးပို့နေတာ ယနေ့ကျွန်တော်တို့ဆီသို့တိုင်ပါပဲ။ ထို့ကြောင့် ယနေ့ ကျွန်တော်တို့တတွေလည်း သတင်းကောင်းကို ပေးပို့ဖို့ တမန်တော်ပေါလူးမိန့်ဆိုသလိုပဲ ကြွားဝါစရာမရှိပေမယ့် ၀တ္တရားရှိပါတယ်။
ယနေ့သတင်းကောင်းမှာတော့ ယေဇူးခရစ်တော်ဟာ ပေတရု၏ယောက္ခကို အဖျားပျောက်ကင်းအောင် ကုသပေးပြီးနောက် လူများစွာကိုလည်း ကုသပေးကာ နောက်မနက်မိုးမလင်းမီ လူသူကင်းရာအရပ်သို့ သွားကာ ဆုတောင်းပြီးနောက် အနီးပတ်ဝန်းကျင်မှာလည်း သတင်းကောင်းကို ဆက်လက်ဟောပြောရမည် ဖြစ်ကြောင်း မိန့်ဆိုကာ ဂါလေလေးယနယ်တစ်ခုလုံးတွင် ဟောပြောသည့်အကြောင်း ဖော်ပြထားပါတယ်။ ထို့ကြောင့် ခရစ်တော်သခင်၏ သာသနာပြုလုပ်ရပ်၊ သတင်းကောင်းဟောပြောရာမှာ တစ်နေရာ တစ်ဒေသထဲမှာ ရပ်တန့်မနေဘဲ နေရာစုံဒေသစုံ ရောက်နိုင်သည်အထိအောင် ဖြန့်ဝေရမည်ဖြစ်ကြောင်း မီးမောင်းထိုးလမ်းညွှန်နေပါတော့တယ်။ 

ယနေ့ကမ္ဘာလောကကြီးဟာ သနားစဖွယ်အဖြစ်အပျက်တွေနဲ့ ပြည့်နက်နေတာ လက်တွေ့ဘ၀ပါပဲ။ အမှန်တကယ်ပါပဲ - ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်မှာ လူတွေရဲ့ အတ္တတွေ၊ လောဘတွေ၊ ဒေါသမောဟတွေကြောင့် ဆူပူမှု့တွေ၊ စစ်မက်တွေ၊ ပိပက္ခတွေနဲ့ လုံးပမ်းပြီး ရုန်းကန်နေကြရတာ အသက်ရှင်ဖို့ပင် စိတ်ပျက်ဖို့ကောင်းလှသည်ဟုပင် ညည်းငြူစရာကောင်းလှပါတယ်။ ထို့အပြင် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အသက်ရှင်လျက် သေဆုံးနေသူများ၊ အပယ်ခံများ၊ယုံကြည်ချက်တွေပျောက်၊ မျှော်လင့်ချက်တို့သေဆုံးနေသူများ၊ မေတ္တာတရားငတ်နေသူများလည်း များစွာ များစွာတွေ့နေရပါတယ်။ ထိုသူတို့အတွက် သတင်းကောင်းကို မည်သူသယ်ဆောင်ကြမလဲ။

မိတ်ဆွေ၊ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဆေးကြောခြင်းမင်္ဂလာခံယူကတည်းက ၀ိညာဉ်မှာရိုက်ခပ်ခံရသည့် ၀တ္တရားတစ်ခုဟာ ထိုသတင်းကောင်းကို ဖြန့်ဝေနိုင်သလောက် ဖြန့်ဝေဖို့ပင် ဖြစ်ပါတယ်။ မြန်မာစကားပုံမှာ - လူသတင်းလူချင်းဆောင်သည်ဟု ဆိုရိုးရှိသလို၊ သတင်းကောင်း ဧ၀ံဂေလိတရားတော်ကို ခရစ်ယာန်တွေသယ်ဆောင်ရပါမယ်။ ထို့ကြောင့် ကျွန်တော်တို့တတွေဟာ ဆေးကြောခြင်းမင်္ဂလာခံယူပြီး ထိုဝတ္တရားကို မထမ်းဆောင်လျှင် တမန်တော်ကြီးပေါလူးပြောသလိုပဲ ကျွန်ုပ်တို့မှာ အမင်္ဂလာရှိပါစေဟု ပြင်းထန်စွာ ဆိုရပါလိမ့်မယ်။ ထိုသို့ သတင်းကောင်းကို သယ်ဆောင်ရန်လည်း ကျွန်တော်တို့မှာ ကြွားဝါခြင်းမရှိဘဲ အခမဲ့ဟောပြောရမည်ဖြစ်ကြောင်းပါ။

ခရစ်ယာန်မှန်ပါကား သတင်းကောင်းသယ်ဆောင်သူသာ ဖြစ်ရာ၏။
ကိုရင် (ဒိုမီနီကန်)