သံယောဟန် ၆း၃၇-၄၀
ခရစ်ယာန်များအတွက် ကွယ်လွန်သူဝိညာဉ်များနေ့ဟာ ၀မ်းနည်းစရာနေ့မဟုတ်ပါဘူး။ ပွဲတော် နေ့တစ်နေ့ပါပဲ။ ဤကွယ်လွန်သူဝိညာဉ်များနေ့ဟာ ခရစ်ယာန်တို့၏အနာဂတ် ရှင်ပြန်ထမြောက်ခြင်းနေ့ အတွက် မျှော်လင့်ခြင်းပွဲတော်နေ့ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီးဖြစ်ကြတဲ့ ကျွန်တော်တို့ရဲ့ ချစ်ခင်တွယ်တာရာ မိဘ၊ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများဟာ တကယ်တော့ အတိတ်တစ်ခုကျန်ခဲ့ရတဲ့ ၀မ်းနည်းဖွယ်အဖြစ်မဟုတ်ပါဘူး။ ၎င်းတို့ဟာ ကျွန်တော်တို့ထက်အရင် မျှော်လင့်ရာ ကောင်းကင်နိုင်ငံတော်ကို ဘုန်းဂုဏ်တော်ဝင်စားကြခြင်းဖြစ်ပါတယ်။ လူတိုင်းကြောက်တဲ့ သေခြင်းတရားမြစ်ကိုဖြတ်ပြီး ကောင်းကင်နိုင်ငံကို ၀င်ရောက်နေကြသူတွေပါ။ ဤကောင်းကင်နိုင်ငံသည်ပဲ ကျွန်တော်တို့အားလုံး မျှော်လင့်ရာမဟုတ်ပါလား။
ကျွန်တော်တို့တတွေ ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်နေကြတယ်။ ဘာကိုအခြေခံပြီး မျှော်လင့်နေကြတာလဲ။ ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်က သူသည် အဖခမည်းတော်ဘုရား၏အလိုတော်ကို ဆောင်ရွက်ရန် ဤကမ္ဘာသို့ဆင်းကြွလာခဲ့သည်ဟု မိန့်ဆိုပါတယ်။ ထို့အပြင် ခမည်းတော်၏အလိုတော်မှာ “ပေးထားတော်မူသောအရာလုံးထဲမှ တစ်ခုကိုမျှမရှုံးဆုံးစေဘဲ နောက်ဆုံးသောနေ့၌ ၎င်းတို့ကိုထမြောက်စေရန်ဖြစ်သတည်း။” မိန့်ဆိုပါတယ်။ ဤသည်မှာ ထာဝရအသက်နှင့် ကောင်းကင်နိုင်ငံတော်အား ဖန်ဆင်းခံများအားလုံးကို ခံစားရရှိစေမည်ဟု မိန့်ဆိုခြင်း ဖြစ်ပါတယ်။
သံပေါလူးကလည်း ထာဝရဘုရားသခင်သည် ယေဇူးခရစ်တော်ကို အုပ်ဂူထဲမှာရှင်ပြန်ထမြောက်စေသလို ယုံကြည်သူတွေကိုလည်း ထိုနည်းတူရှင်ပြန်ထမြောက်စေမည်ဟု ဆိုပါတယ်။ ကျွန်တော်တို့တတွေကို ဘုရားသခင်က “အသက်” ဟူသော အကြီးမားဆုံးသောရတနာကို ပေးခဲ့ပါတယ်။ ထို့အပြင် ကျွန်တော်တို့ကို ထာဝရအသက်နှင့်ရှင်သန်သူများဖြစ်စေပါတယ်။
သံယောဟန်ကျမ်းဟာ ၀ိညာဉ်အဟာရဖြင့် အလွန်ပြည့်စုံတဲ့ ကျမ်းတော်ဖြစ်သလို၊ ခရစ်တော်၏ ပကတိဘုရားအဖြစ်တော်အား သက်သေခံနေသော ကျမ်းတော်ပင်ဖြစ်ပါတယ်။ ယေဇူးသည် ခရစ်တော်သခင်ဖြစ်ကြောင်း တန်ခိုးလက္ခဏာ (၇)ခုနှင့်အတူ ဘုရားသခင်၏နာမ်စား အထူး (I am) ကို (၇) ကြိမ်အသုံးပြု၍ သက်သေခံထားပါတယ်။ ခရစ်တော်က
- ငါသည် အသက်မုန့်ဖြစ်၏။ (၆း၃၅)
- ငါသည် လောက၏အလင်းဖြစ်၏။ (၈း၁၂)
- ငါသည် သိုးတို့ဝင်သော တံခါးဝဖြစ်၏။ (၁၀း၇)
- ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ (၁၀း၁၁)
- ငါသည် ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်လည်းဖြစ်၏။ (၁၁း၂၅)
- ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ (၁၄း၆)
- ငါသည် စပျစ်နွယ်ပင်ဖြစ်၏။
ယေဇူးခရစ်တော်ဟာ အသက်မုန့်ဖြစ်ပါတယ်။ သူ့အားဖြင့် မာနာမုန့်လိုခဏတာ အဆာပြေတာမဟုတ်ဘဲ ထာဝရကျေနပ်ပြည့်ဝခြင်းနှင့်အတူ အသက်ရှင်သန်ရာ အစွမ်းပါဝင်၍ ရှင်သန်ခြင်းကို ရစေပါတယ်။ ထိုမှ တခါ ယေဇူးခရစ်တော်ဟာ လောကအလင်းဖြစ်၍ ကျွန်တော်တို့ရှင်သန်ရာဘ၀ခရီးမှာ လမ်းပြတာရာ ဖြစ်ပါတယ်။ ယေဇူးခရစ်တော်ဟာ တစ်ခုတည်းသော သိုးတံခါးဖြစ်တဲ့အတွက် သူ့မှလွဲ၍ တခြားဘယ်တံခါးမှ ကောင်းကင်နိုင်ငံတော်ဝင်စရာ တံခါးမရှိပါ။ ထို့အပြင် ယေဇူးခရစ်တော်ကိုယ်တော်တိုင် သိုးထိန်းဖြစ်၍ ယုံကြည်သူသိုးအုပ်စုအတွက် စိတ်ချလုံခြုံစေရပါတယ်။ ယေဇူးခရစ်တော်ဟာ ရှင်ပြန်ထမြောက်ခြင်းနှင့်အသက်ဖြစ်၍ ရုပ်ခန္တာကိုချုပ်ငြိမ်းစေတဲ့ သေခြင်းတရားပင် ခရစ်တော်အားဖြင့် အောင်မြင်စေပြီး အသက်ဆက်လက်ရှင်သန်စေပါတယ်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးအတွက် ယေဇူးခရစ်တော်အသေခံ၍ ရှင်ပြန်ထမြောက်ခဲ့သည်ကို ခရစ်ယာန်တိုင်း မမေ့နိုင်သလို မမေ့သင့်ပါ။ ယေဇူးခရစ်တော်ဟာ လမ်းခရီးဖြစ်၍ သူ့အားဖြင့် ကောင်းကင်ခရီးကိုတွေ့ရှိရပြီး သမ္မာတရားလည်း ဖြစ်တဲ့အတွက် ထိုလမ်းစဉ်ဟာ မှန်ကန်ပြီး ထာဝရအသက်ကို ရရှိစေမှာဖြစ်ပါတယ်။ ထိုထာဝရအသက်ကို ရရှိစေဖို့အတွက် စပျစ်နွယ်ပင်ဖြစ်တဲ့ ယေဇူးခရစ်တော်နှင့် ကင်းကွာနေ၍မဖြစ်ပါ။ ယေဇူးခရစ်တော်နှင့် ကင်းကွာနေသူများဟာ ရေသောက်မြစ်နှင့်အဆက်ပြတ်နေတဲ့ စပျစ်နွယ်တွေလို နောက်ဆုံး ခြောက်သွေ့ကာ သေဆုံးရုံပင် ရှိပါလိမ့်မယ်။
ယနေ့ နိုဝင်ဘာ (၂)ရက်နေ့တွင် ကွယ်လွန်သူဝိညာဉ်များပွဲတော်နေ့တွင် ကွယ်လွန်သွားကြပြီးဖြစ်ကြသော ကျွန်တော်တို့၏ချစ်ရပါသော မိဘဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများအတွက် သတိရဆုတောင်းပေးရင်း ကျွန်တော်တို့၏မျှော်လင့်ရာ ရှင်ပြန်ထမြောက်ခြင်းကိုလည်း ဆက်လက်ရှင်သန်စေကြပါစို့။ ခရစ်တော်၌ယုံကြည်ကာ သူ၏သမ္မာတရားတော်အားဖြင့် ကောင်းကင်နိုင်ငံတော်တံခါးကိုဖြတ်၍ ထာဝရအသက်ကို ရယူသွားကြပါစို့။
ကွယ်လွန်သောသူတို့၏၀ိညာဉ်များသည် ဘုရားသခင်၏သနားခြင်းခံရ၍ ငြိမ်းသက်ချမ်းသာစွာ ရှိပါစေသေိာ။ အာမင်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment