Saturday, 15 February 2014

ဆဌမမြောက် သာမန်တနင်္ဂနွေနေ့


ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော် (သံမာတေဦး ၅း၁၇-၃၇)သည် ကျွန်ုပ်တို့တတွေအတွက် နားလည်ရခက်သည်ဆိုတာထက် ကျင့်ကြံဖို့ခက်သည့်တရားဟု ဆိုလျှင် မှားမယ်မထင်ပါဘူး။ ဤတရားတော်ကို သူ၏တရားဒေသနာစတင်ဟောကြားစဉ်ကာလမှာပင် ဟောကြားတော်မူခဲ့ပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ခရစ်တော်ဟာ သူဟောကြားမည့်ကောင်းကင်နိုင်ငံတော် တရားကို လူတွေက တရားတော်အသစ်၊ အဟောင်းနဲ့မတူ ဆန့်ကျင့်တဲ့တရားဟု ထင်မှတ်ယူကြမည်ကို စိုးရိမ်၍ ကြိုတင်သတိပေးခြင်း ဖြစ်နိုင်ပါတယ်။ ထိုကြောင့် ခရစ်တော်သည် ဓမ္မဟောင်းကျမ်း၏ ပညတ်ကျမ်းနှင့် ပရော်ဖက်ကျမ်းများကို ဖျက်ခြင်းငှာ လာခြင်းမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းမိန့်ဆိုလိုက်ပါတယ်။

ဓမ္မဟောင်းကျမ်း၏ပညတ်တော်များတွင် သူ့၏သားမယားကို တပ်စွမ်းခြင်းမရှိစေလင့်၊ လူ၏အသက်ကို သတ်ပုတ်ခြင်းမပြုလင့်၊ မုသားသက်သေခံခြင်းကို မပြုလင့် စသဖြင့် ပညတ်တော် (၁၀)ပါးနှင့်အတူ ပညတ်တော်များကို ဘုရားသခင်ပေးခဲ့ပါတယ်။ ထိုပညတ်တော်တွေဟာ ခရစ်တော်အားဖြင့် ဖျက်စီးခြင်းမခံရဘဲ ပြီးပြည့်စုံရန်ဟုဆိုကာ လူ့အသက်ကို သတ်ဖို့မပြောနှင့် - မိမိ၏ညီအစ်ကိုအပေါ် အမျက်ဒေါသထွက်လျှင်ပင် တရားစီရင်ခံသင့်သည်။ သူ၏သားမယားကို တပ်စွမ်းခြင်းမဆိုထားနှင့် - သူ၏သားမယားကို ကိလေသာစိတ်နှင့် တပ်မက်စွာကြည့်လျှင်ပင် ပြစ်မှားခြင်းဖြစ်သည်။ အိမ်ထောင်ရေးကွာရှင်းဖို့ မဆိုထားနှင့် - ကွာရှင်းပါက မိမိ၏အိမ်ထောင်ဖက်ကို ဖောက်ပြန်ရာရောက်သည် ဟုဆိုထားပါတယ်။

ထိုသို့ဆိုလျှင်၊ ခရစ်တော်၏ထိုတရားပညတ်တွေဟာ တင်းကြပ်လွန်းပါသလား။ ကျွန်ုပ်တို့တတွေကော ထိုတင်းကြပ်လွန်းသည့်တရားတွေကို မစောင့်ထိန်း၊ မလိုက်နာနိုင်မှာကို စိုးရိမ်ကြောင့်ကြနေပါသလား။ အကယ်၍ ထိုပညတ်တရားတွေကို တင်းကြပ်လွန်းသည်ဟု ထင်မှတ်လျှင်၊ မစောင့်ထိန်း၊ မလိုက်နာနိုင်မှာကို စိုးရိမ်ကြောင့်ကြနေလျှင် . . . ကျွန်ုပ်တို့တတွေရဲ့ တရားတော်အပေါ် နားလည်မှု့နှင့် ဘုရားသခင်ပေါ်ယုံကြည်မှု လွဲမှားနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့တတွေဟာ ခရစ်တော်၏တရားတွေကို စာရိတ္တနှင့် ကိုယ်ကျင့်တရားအတွက် ပညတ်လမ်းပြဟုသာ သာမန်ထင်မှတ်ယူနေလို့ပါပဲ။ ထိုသို့ထင်မှတ်ယုံကြည်ပါက -  ခရစ်ယာန်တရားတွေကို ကျွန်ုပ်တို့နှင့် အဆင်ပြေသင့်လျော်သလို ကောက်နုတ်ကျင့်ကြံမယ်။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၊ အတွေးအခေါ်တွေနှင့် အဆင်ပြေသင့်လျော်သလိုပဲ ကောက်နုတ်ကျင့်ကြံမယ် စသဖြင့် ရွေးနုတ်ကောက်ယူကျင့်ကြံရသည့် တရားသာလျှင် ဖြစ်နေပါတော့မယ်။ အမှန်တော့ စာရိတ္တနှင့် ကိုယ်ကျင့်တရားအတွက် ပညတ်တွေဟာ ခရစ်တော်ဟောသည့်တရားများထဲက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

ခရစ်တော်၏တရားတော်တွေကို နားလည်နိုင်ဖို့ ကျွန်ုပ်တို့မှာ အဓိကကီး (သော့ခ်)ရှိပါတယ်။ ၎င်းဟာ ခရစ်တော်၏ဒုက္ခစရိယာခံထမ်းခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြထမြောက်ခြင်းတို့ပါပဲ။ ထိုကြောင့် ခရစ်ယာန်တရားကို စာရိတ္တနှင့် ကိုယ်ကျင့်တရားအတွက် ပညတ်လမ်းတစ်ခုအနေဖြင့် ကြည့်၍ မလုံလောက်ပါဘူး။ နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့ကျင်းပပြုလုပ်နေသည့် မစ္ဆားတရားတော်အားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပေါင်းစည်းသည့် သူတော်စင်များအစုအဝေး (တနည်းအားဖြင့် ဘုရားသခင်၏အသိုင်းအ၀ိုင်း)သို့ ဖိတ်ခေါ်နေပါတယ်။ ထိုကြောင့် အကယ်၍ ခရစ်ယာန်တရားတွေဟာ စာရိတ္တနှင့်ကိုယ်ကျင့်တရားအတွက်သာဆိုလျှင် ကျွန်ုပ်တို့အတွက် ခရစ်တော်သခင် ကားတိုင်ပေါ်မှာ အသေခံဖို့ မလိုအပ်ပါဘူး။ ထိုကြောင့် ဧ၀ံဂေလိတရားတော် (သတင်းကောင်း)ဟာ စာရိတ္တနှင့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်တွေသက်သက် မဟုတ်ဘဲ အဓိကအားဖြင့် ခရစ်တော်၌ တလုံးတ၀တည်း ပေါင်းစည်းနိုင်ဖို့သာ ဖြစ်ပါတယ်။ “ကိုယ်တော်သည် ခပ်သိမ်းသောအရာများ မတည်ရှိမှီကပင် တည်ရှိတော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌ တစ်လုံးတစ်ဝတည်းရှိကြရ၏” (ကော်လောဆေ ၁း၁၇)

အမှန်တော့ ခရစ်တော်၏တရားတွေကို တင်းကြပ်လွန်းသည်ဟု မဆိုနိုင်ပါဘူး။ ရန်သူကိုပင် ချစ်ရန် ခရစ်တော်သွန်သင်ပါသေးတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေအနေဖြင့် သာမန်လူသားတွေအတိုင်း၊ လူ့အသိုင်းအ၀ိုင်း၏အယူအဆတွေအတိုင်း၊ အပေးနှင့်အယူ စသဖြင့်အပြန်အလှန်တွေ မျှော်လင့်နေ ယူဆနေသရွေ့တော့ ကျင့်ကြံရန် ခက်ခဲနေမည်သာ ဖြစ်ပါတယ်။

မကြာခဏဆိုသလို ကျွန်ုပ်တို့လူသားတွေဟာ အလွယ်နည်း၊ ဖြတ်လမ်းနည်း၊ တိုရှင်းလိုရင်း၊ အပြောင်းအလဲ (အဟောင်းမှအသစ်) စသဖြင့်လမ်းစဉ်တွေ နိယာမတွေကို ပို၍နှစ်သက်လေ့ရှိပါတယ်။ သို့သော်လည်း ထိုလမ်းစဉ် နိယာမတွေကို အပြည့်အ၀နားလည်ဖို့တော့ ဘယ်သူမှမကြိုးစားချင်ကြတတ်သလို၊ တခါတလေ နားလည်သွားပြီးကျင့်ယူရမှာကိုပင် ကြောက်တတ်ကြပါတယ်။ ကျွန်ုပ်တို့ယနေ့ခေတ်မှာ ဒီလိုတွေ ပို၍ပို၍ ဖြစ်လာပါတယ်။ တခါတလေ ဓမ္မဟောင်းကျမ်းမှ ရေးသားဖော်ပြထားတဲ့ ၀ိနည်းပညတ်တွေကို စိတ်ကုန်လာပြီး ဓမ္မသစ်က ခရစ်တော်ပေးခဲ့သည့် ပညတ် နှစ်ချက်ကိုသာ လွယ်လွယ်ပြောတတ်ကြပါသေးတယ်။ အကယ်၍ ထိုပညတ်နှစ်ချက်ကို သေချာသုံးသပ်ကြည့်ပါက - ဓမ္မဟောင်းမှ တခုချင်း ချပြညွှန်ကြားနေသည့် ပညတ်တရားတွေအားလုံး စုပေါင်းပါဝင်နေတယ်ဆိုတာကို မသိချင်ဟန်ဆောင်နေတတ်ကြတယ်။

“သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ညဏ်စွမ်းရှိသမျှနှင့် ချစ်လော့။” ဟုခရစ်တော်ဆိုသောအခါ ကျွန်ုပ်တို့ ဘယ်လို ပြန်ဖြေမှာလဲ။

“သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့။” ဟုခရစ်တော် ဆိုသောအခါ ကျွန်ုပ်တို့ ဘယ်လိုလိုက်နာကျင့်ကြံမှာလဲ။

ထိုကြောင့် လူတွေအထင်မမှားစေရန် ခရစ်တော်ကပွင့်ပွင့်လင်းလင်းဖြင့် - “ပညတ်တရားများနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်မဟုတ်။” ဟုသတိပေးပြောဆိုထားသည်ကို မမေ့ပါနှင့်။ ထိုနောက် ခရစ်တော်၏လမ်းစဉ်များကို မိမိတို့တတ်နိုင်သရွေ့ကြိုးစားကျင့်ကြံကာ ၀ိညာဉ်တော်ခွန်အားဖြင့် ခရစ်ယာန်ခရီးကို ဆက်လက်လျှောက်လှမ်းကြပါစို့လို့ ဖိတ်ခေါ်ပါရစေ။

ကိုရင် (ဒိုမီနီကန်)


No comments:

Post a Comment