Sunday, 23 February 2014

ကာဒီနယ်ကြီးများ (၁၉)ပါး အသစ်ကိုရွေးချယ်တင်မြှောက်


၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ စိန်ပီတာ၏ပလ္လင်ခုံပွဲတော်နေ့တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ကာဒီနယ်ကြီးများ (၁၉)ပါး အသစ်ကိုရွေးချယ်လိုက်ပါတယ်။ ဤကာဒီနယ်ရွေးကောက်ခြင်းသည် ပါးပါးဖရန်စစ်အတွက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသင်းတော်အားဦးဆောင်တာဝန်ယူချိန်အတွင်း ပထမဆုံးရွေးကောက်ခြင်း ဖြစ်ပါတယ်။ အသစ်သော ကာဒီနယ်ကြီးများအား အသင်းတော်ကို ရဲရဲဝံ့ဝံ့ အစေခံကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ သူ၏သြ၀ါဒတွင် “အသင်းတော်ကြီးဟာ သင်တို့ရဲ့ ရဲဝံ့မှုလိုအပ်ပါတယ်။ ဧ၀ံဂေလိသတင်းကောင်းကို အချိန်အခါ၌သော်လည်းကောင်း၊ အချိန်ခါမဟုတ်သည့်အခါ ၌သော်လည်းကောင်း အချိန်ပြည့် ဟောပြောသက်သေခံနိုင်ရန် သင်တို့၏ရဲဝံ့မှုကို အသင်းတော်ကြီးဟာ လိုအပ်ပါတယ်” ဟုအထူးပြောကြားခဲ့ပါတယ်။

ထိုသို့ ကာဒီနယ်အသစ်များရွေးကောက်ခြင်းကို သက်သေခံဖို့ စိန်ပီတာရင်ပြင်တော်တွင် ၂၀၀ခန့်ရှိသော ကာဒီနယ်ကြီးများ အစုဖြင့်ပြည့်လျှံခဲ့ပါတယ်။ အထူးသဖြင့် အနားယူသွားသော ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)လည်း ဤအခမ်းနားကို တက်ရောက်ကြောင်းတွေ့ရှိရပါတယ်။

အခမ်းအနားကို ရှေးထုံးအစဉ်အလာအတိုင်း လာတင်ဘာသာစကားဖြင့်ပြုလုပ်ကာ အသစ်သော ကာဒီနယ်ကြီးများသည် အနီရောင်ခေါင်းစောင်းနှင့် သင်္ကန်းဝတ်ရုံများကို လက်ခံရယူခဲ့ကြပြီး ဆင်မြန်းခဲ့ကြပါတယ်။

ရွေးကောက်ခံရသည့် ကာဒီနယ်ကြီး အသစ် ၁၉ပါးတွင် ၁၆ပါးဟာ အသက်တော် ၈၀အောက်မှ ဖြစ်၍ နောင်တချိန်စိန်ပီတာ၏အရိုက်ရာကို ရွေးချယ်လျှင် မဲဆန္ဒပေးခွင့်ရှိသူများဖြစ်လာမည် ဖြစ်ပါတယ်။ ကျန်သည့် ၃ပါးမှာ အသက်တော် ၈၀အထက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ၎င်းကာဒီနယ်အသစ် ၁၉ပါးများမှာ -
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ပီအဲထရို ပါရိုလင်း (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး လောရမ်ဇို ဘာဒီဆယ်ရီ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျာဟတ် လူဝစ်မူလာ (ဂျာမနီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဘမ်နီရာမီနို စတဲလာ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဗင်းဆင့် နီကိုးလ်စ် (အင်္ဂလန်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး လိုပါ့ဒို ဟိုစေးဘရဲနက်စ် စိုလိုဇားနို (နီကာရာကွေး)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျယ်ရတ် စီပရီယမ် လာခရွိုက်စ် (ကနေဒါ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျင်းပီအဲယာ ကုဝါ (အိုင်ဗရီကို့စ်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး သြရာနီ ဂျော်တန်ပက်စ္စတာ (ဘရာဇီးလ်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဂုအာတီအဲရို ဘာဆယ်တီ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး မာရီရိုသြရဲလီယို ပိုလီ (အာဂျင်တီနား)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး အမ်ဒရူး ယွမ်ဆူးဂျမ် (တောင်ကိုးရီးယား)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ရီကာဒို အဲဇာတီ အမ်ဒရဲလို (ချီလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဖီလစ်ပေ နာကယ်လမ်တုဘ အွေဒရာဂို (ဘုကီနာဖာစို)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး သြလန်ဒို ဘီ ကွေဗက်ဒို (ဖီလစ်ပိုင်)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ချီဘလီ လန်ဂလွိုက်စ် (ဟေတီ)
-       မွန်စီညှော် လော်ရစ် ဖရန်စစ္စကို ကာပိုဗီလာ (အီတလီ)
-       ဂိုဏ်းချုပ်ဆရာတော်ကြီး ဖာနန်ဒို ဆာဗက်စတီးယမ်း အာကွီလာ (စပိန်)
-       မွန်စီညှော် ကယ်ဗင် အက်ဒွါတ် ဖဲလစ် (စိန်လုစီယာ)တို့ဖြစ်ကြပါတယ်။

အသင်းတော်နှင့် ဘုရားသခင်၏လူမျိုးတော်အား ရဲရဲဝံ့ဝံ့ဆက်ကပ်အစေခံနိုင်သွားကြစေရန် ဆက်လက်ဆုတောင်းပေးသွားကြပါစို့။


မနောအောင်

Saturday, 22 February 2014

သတ္တမသာမန်တနင်္ဂနွေနေ့

သံမာတေဦး ၅း၃၈-၄၈

ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်ဟာ ကျွန်ုပ်တို့အတွက် ကျင့်ကြံဖို့ အလွန်ခက်ခဲ့သည့် တရားအချို့ကို ဟောပြောနေသည်ဟု ထင်မှတ်ရပါတယ်။ ကျွန်ုပ်တို့၏ရန်သူများကို ချစ်ရမယ်။ ကျွန်ုပ်တို့ကို နှိက်စက်ညှင်းပမ်းသူများအဖို့ ဆုတောင်းပေးရဦးမယ်။ တရားမမျှတမှုအောက်မှ ဓါးစာခံဖြစ်နေလျှင်ပင် ပြန်လည်တုန့်ပြန်မှုမပြုလုပ်ရဘူး။ နောက်ဆုံးပြောရမယ်ဆိုလျှင် ကျွန်ုပ်တို့တတွေဟာ ကောင်းကင်ဘုံ၌ရှိသော ကျွန်ုပ်တို့၏ အဖကဲ့သို့ ကောင်းမွန်ပြည့်စုံခြင်းရှိရမည်ဟု ဆိုထားပါတယ်။

အကယ်၍ လူတစ်ဦးဟာ မိမိကိုစော်ကားလာသည်ဆိုပါတော့ - ဒါမှမဟုတ်- မိမိအပေါ်မှာ အခွင့်အရေးယူကာ အသုံးချသွားသည်ဆိုပါတော့ - မိမိတို့အနေဖြင့် ဘယ်လိုတုန့်ပြန်ကြမလဲ။ ထိုစော်ကားသူ၊ အခွင့်ရေးယူသူလိုပဲ ပြန်လည်တုန့်ပြန်ကြမလား။ ကျွန်ုပ်တို့အတွက် မေးခွန်းကြီးတစ်ခုပါပဲ။ ဒီနေရာမှာ ကျွန်ုပ်တို့ဟာ တရားမျှတစွာတုန့်ပြန်လို့ရသလို၊ ပို၍ပြီးပြည့်စုံသည့်နည်းလမ်းဖြင့်လည်း တုန့်ပြန်နိုင်ပါတယ်။ ဓမ္မဟောင်းကာလတွင် တရားမျှတခြင်းအတွက် မျက်စိအစားမျက်စိ၊ သွားအစားသွား ဟူ၍ပညတ်ပေးခဲ့ပါတယ်။ ထိုနည်းတူ ကျွန်ုပ်တို့အနေဖြင့် တုန့်ပြန်ရမယ်ဆိုလျှင် တပါးသူစော်ကားသလို ပြန်စော်ကား၍သော်၎င်း၊ တပါးသူ အခွင့်အရေးယူသလို ပြန်လည်အခွင့်အရေးယူခြင်းဖြင့်သော်၎င်း တုန့်ပြန်နိုင်ပါတယ်။ မိမိတို့ မမှားဘူးဟုထင်မှတ်ရပါတယ်။ သို့သော်လည်း မဟတ္တမဂန္ဒီပြောသလိုပဲ ထိုအတိုင်းသာ တုန့်ပြန်နေကြမယ်ဆိုလျှင် ကမ္ဘာပေါ်မှာ မျက်စိကန်းသူတွေ၊ သွားမရှိသူတွေနှင့်သာ ပြည့်နေတော့မှာ အမှန်ပါ။

ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဒီထက်ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ တုန့်ပြန်ခြင်းဖြင့် တုန့်ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ ဤသည်ပင် ခရစ်တော်မိန့်ဆိုသည့်တရားလမ်းစဉ်များဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ရန်သူများကို ချစ်ရမယ်။ ကျွန်ုပ်တို့ကို နှိက်စက်ညှင်းပမ်းသူများအဖို့ ဆုတောင်းပေးရဦးမယ်။ တရားမမျှတမှုအောက်မှ ဓါးစာခံဖြစ်နေလျှင်ပင် ပြန်လည်မတုန့်ပြန်မှုမပြုလုပ်ရဘူး။ ယေဇူးခရစ်တော်ဟာ တရားမျှတခြင်းဆိုင်ရာ ပညတ်တော်အသစ်ကို တရားမျှတဖို့လိုအပ်ချက်များအပေါ်တွင် အခြေမခံဘဲ ကျေးဇူးတော်နှင့် မေတ္တာတရားပေါ်တွင် အခြေခံကာ အသစ်သောစံ၊ အဆင့်အတန်းအကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ရှေးပညတ်များကို ကောင်းစွာသိတဲ့ခရစ်တော်ဟာ ထိုပညတ်များကို ကျေးဇူးတော်နှင့် သနားခြင်းပညတ်တော်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ ထို့အပြင် ကျွန်ုပ်တို့တတွေဟာ မကောင်းမှု့ကို မကောင်းမှု့နှင့်မတုန့်ပြန်ဖို့ အင်မတန်အရေးကြီးကြောင်း မီးမောင်းထိုးပြနေပါတယ်။ ထိုသို့ မကောင်းမှု့ကို မကောင်းနှင့်မတုန့်ပြန်သောအခါ ကျွန်ုပ်တို့၏အသိုင်းအ၀ိုင်းတွင် မကောင်းမှု့တိုးသည်ထက် ထပ်၍ပင် လျော့နည်းလာဦးမည်ဖြစ်ပါတယ်။

ခရစ်ယာန်များဖြစ်နေသည့် ကျွန်ုပ်တို့အတွက် အခြားသောသူများနှင့်ခြားနားသည်မှာ ဘယ်အရာတွေကြောင့် ဖြစ်မည်ထင်သလဲ။ အဓိကအားဖြင့် ကျေးဇူးတော်ပင်ဖြစ်ပါတယ်။ ထိုကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ အခြားသူများကိုပြုမူဆက်ဆံကြသည့်အခါ ထိုသူတို့ထိုက်တန်သည့်အတိုင်း မဟုတ်ဘဲ ဘုရားသခင်မှထိုသူတို့အား ပြုမူဆက်ဆံစေသည့်အတိုင်း ပြုမူဆက်ဆံကြခြင်းဖြစ်ပါတယ်။ ဥပမာ- စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟု လူများစွာ လက်ခံကျင့်သုံးနေသော်လည်း ခရစ်ယာန်တို့အတွက်မူ စေတနာသည် လူတိုင်းနှင့်ထိုက်တန်စေရမည်ဖြစ်ပါတယ်။ မိမိတို့ပေးလိုက်သည့် စေတနာဟာ လက်ခံသူအတွက် ထိုက်တန်သည် မထိုက်တန်သည်နှင့်မစပ်ဆိုင်ပါ။ ဘုရားသခင်၏မျက်နှာတော်ကို ထောက်၍ ကျေးဇူးတော်အားဖြင့် တဖက်သားအနေဖြင့် ထိုက်တန်သည်ဖြစ်စေ မထိုက်တန်သည်ဖြစ်စေ ကျွန်ုပ်တို့စေတနာကတော့ အားလုံးအတွက် ထိုက်တန်နေပါတယ်။ ဘုရားသခင်ဟာ နေကိုထွက်စေတဲ့အခါ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူ များအပေါ်မှာခွဲခြားခြင်းမရှိဘဲ တန်းတူထွက်စေသလိုပဲ ကျွန်ုပ်တို့ဟာလည်း ကျင့်ကြံကြရမည်ဖြစ်ပါတယ်။

ထိုကြောင့် ခရစ်တော်၏တရားတော်များဖြင့် ဤဘ၀မှာ ကျွန်ုပ်တို့တတွေဟာ ပြီးပြည့်စုံတဲ့ မေတ္တာတရား၊ သနားကြင်နာခြင်းနှင့် ခွင့်လွှတ်တတ်ခြင်းတို့ကို ပို၍ကျင့်ကြံနိုင်လေလေ ကျွန်ုပ်တို့တတွေဟာ ပို၍ပြည့်စုံလာလေလေဖြစ်ပါလိမ့်မယ်။ ထိုနောက် ကျွန်ုပ်တို့တတွေဟာ ကောင်းကင်၌ရှိတော်မူသော ကျွန်ုပ်တို့ဖခင်ကဲ့သို့ ကောင်းမွန်ပြည့်စုံလာမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်တရားတော်ဟာ ကိုယ်ကျင့်တရားနှင့် စာရိတ္တလမ်းညွှန်သက်သက်မဟုတ်ပါ။  ခရစ်ယာန်တရား၏ အရင်းအမြစ်ဟာ ပြီးပြည့်စုံခြင်းဖြစ်ပြီး ထိုသို့ပြီးပြည့်စုံရန် ကောင်းတာလေးတွေကို သာမန်လုပ်နေရုံဖြင့် မရနိုင်ပါ။ တကယ့်ပြီးပြည့်စုံသည့်ကောင်းမြတ်ခြင်းနှင့် မေတ္တာတရားဖြင့်သာ ရနိုင်ပါတယ်။

ချစ်စွာသော ခရစ်ယာန်ညီအစ်ကိုမောင်နှမများ . . . ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်များဖြစ်သည့်အလျောက် တနေ့ထက်တနေ့ ကောင်းကင်၌ရှိသော ကျွန်ုပ်တို့ဖခင်ကဲ့သို့ ကောင်းမွန်ပြည့်စုံရန် ခရစ်တော်၏တရားလမ်းစဉ်များဖြင့် ကျင့်ကြံလျှောက်လှမ်းသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Saturday, 15 February 2014

ဆဌမမြောက် သာမန်တနင်္ဂနွေနေ့


ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော် (သံမာတေဦး ၅း၁၇-၃၇)သည် ကျွန်ုပ်တို့တတွေအတွက် နားလည်ရခက်သည်ဆိုတာထက် ကျင့်ကြံဖို့ခက်သည့်တရားဟု ဆိုလျှင် မှားမယ်မထင်ပါဘူး။ ဤတရားတော်ကို သူ၏တရားဒေသနာစတင်ဟောကြားစဉ်ကာလမှာပင် ဟောကြားတော်မူခဲ့ပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ခရစ်တော်ဟာ သူဟောကြားမည့်ကောင်းကင်နိုင်ငံတော် တရားကို လူတွေက တရားတော်အသစ်၊ အဟောင်းနဲ့မတူ ဆန့်ကျင့်တဲ့တရားဟု ထင်မှတ်ယူကြမည်ကို စိုးရိမ်၍ ကြိုတင်သတိပေးခြင်း ဖြစ်နိုင်ပါတယ်။ ထိုကြောင့် ခရစ်တော်သည် ဓမ္မဟောင်းကျမ်း၏ ပညတ်ကျမ်းနှင့် ပရော်ဖက်ကျမ်းများကို ဖျက်ခြင်းငှာ လာခြင်းမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းမိန့်ဆိုလိုက်ပါတယ်။

ဓမ္မဟောင်းကျမ်း၏ပညတ်တော်များတွင် သူ့၏သားမယားကို တပ်စွမ်းခြင်းမရှိစေလင့်၊ လူ၏အသက်ကို သတ်ပုတ်ခြင်းမပြုလင့်၊ မုသားသက်သေခံခြင်းကို မပြုလင့် စသဖြင့် ပညတ်တော် (၁၀)ပါးနှင့်အတူ ပညတ်တော်များကို ဘုရားသခင်ပေးခဲ့ပါတယ်။ ထိုပညတ်တော်တွေဟာ ခရစ်တော်အားဖြင့် ဖျက်စီးခြင်းမခံရဘဲ ပြီးပြည့်စုံရန်ဟုဆိုကာ လူ့အသက်ကို သတ်ဖို့မပြောနှင့် - မိမိ၏ညီအစ်ကိုအပေါ် အမျက်ဒေါသထွက်လျှင်ပင် တရားစီရင်ခံသင့်သည်။ သူ၏သားမယားကို တပ်စွမ်းခြင်းမဆိုထားနှင့် - သူ၏သားမယားကို ကိလေသာစိတ်နှင့် တပ်မက်စွာကြည့်လျှင်ပင် ပြစ်မှားခြင်းဖြစ်သည်။ အိမ်ထောင်ရေးကွာရှင်းဖို့ မဆိုထားနှင့် - ကွာရှင်းပါက မိမိ၏အိမ်ထောင်ဖက်ကို ဖောက်ပြန်ရာရောက်သည် ဟုဆိုထားပါတယ်။

ထိုသို့ဆိုလျှင်၊ ခရစ်တော်၏ထိုတရားပညတ်တွေဟာ တင်းကြပ်လွန်းပါသလား။ ကျွန်ုပ်တို့တတွေကော ထိုတင်းကြပ်လွန်းသည့်တရားတွေကို မစောင့်ထိန်း၊ မလိုက်နာနိုင်မှာကို စိုးရိမ်ကြောင့်ကြနေပါသလား။ အကယ်၍ ထိုပညတ်တရားတွေကို တင်းကြပ်လွန်းသည်ဟု ထင်မှတ်လျှင်၊ မစောင့်ထိန်း၊ မလိုက်နာနိုင်မှာကို စိုးရိမ်ကြောင့်ကြနေလျှင် . . . ကျွန်ုပ်တို့တတွေရဲ့ တရားတော်အပေါ် နားလည်မှု့နှင့် ဘုရားသခင်ပေါ်ယုံကြည်မှု လွဲမှားနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့တတွေဟာ ခရစ်တော်၏တရားတွေကို စာရိတ္တနှင့် ကိုယ်ကျင့်တရားအတွက် ပညတ်လမ်းပြဟုသာ သာမန်ထင်မှတ်ယူနေလို့ပါပဲ။ ထိုသို့ထင်မှတ်ယုံကြည်ပါက -  ခရစ်ယာန်တရားတွေကို ကျွန်ုပ်တို့နှင့် အဆင်ပြေသင့်လျော်သလို ကောက်နုတ်ကျင့်ကြံမယ်။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၊ အတွေးအခေါ်တွေနှင့် အဆင်ပြေသင့်လျော်သလိုပဲ ကောက်နုတ်ကျင့်ကြံမယ် စသဖြင့် ရွေးနုတ်ကောက်ယူကျင့်ကြံရသည့် တရားသာလျှင် ဖြစ်နေပါတော့မယ်။ အမှန်တော့ စာရိတ္တနှင့် ကိုယ်ကျင့်တရားအတွက် ပညတ်တွေဟာ ခရစ်တော်ဟောသည့်တရားများထဲက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

ခရစ်တော်၏တရားတော်တွေကို နားလည်နိုင်ဖို့ ကျွန်ုပ်တို့မှာ အဓိကကီး (သော့ခ်)ရှိပါတယ်။ ၎င်းဟာ ခရစ်တော်၏ဒုက္ခစရိယာခံထမ်းခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြထမြောက်ခြင်းတို့ပါပဲ။ ထိုကြောင့် ခရစ်ယာန်တရားကို စာရိတ္တနှင့် ကိုယ်ကျင့်တရားအတွက် ပညတ်လမ်းတစ်ခုအနေဖြင့် ကြည့်၍ မလုံလောက်ပါဘူး။ နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့ကျင်းပပြုလုပ်နေသည့် မစ္ဆားတရားတော်အားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပေါင်းစည်းသည့် သူတော်စင်များအစုအဝေး (တနည်းအားဖြင့် ဘုရားသခင်၏အသိုင်းအ၀ိုင်း)သို့ ဖိတ်ခေါ်နေပါတယ်။ ထိုကြောင့် အကယ်၍ ခရစ်ယာန်တရားတွေဟာ စာရိတ္တနှင့်ကိုယ်ကျင့်တရားအတွက်သာဆိုလျှင် ကျွန်ုပ်တို့အတွက် ခရစ်တော်သခင် ကားတိုင်ပေါ်မှာ အသေခံဖို့ မလိုအပ်ပါဘူး။ ထိုကြောင့် ဧ၀ံဂေလိတရားတော် (သတင်းကောင်း)ဟာ စာရိတ္တနှင့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်တွေသက်သက် မဟုတ်ဘဲ အဓိကအားဖြင့် ခရစ်တော်၌ တလုံးတ၀တည်း ပေါင်းစည်းနိုင်ဖို့သာ ဖြစ်ပါတယ်။ “ကိုယ်တော်သည် ခပ်သိမ်းသောအရာများ မတည်ရှိမှီကပင် တည်ရှိတော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌ တစ်လုံးတစ်ဝတည်းရှိကြရ၏” (ကော်လောဆေ ၁း၁၇)

အမှန်တော့ ခရစ်တော်၏တရားတွေကို တင်းကြပ်လွန်းသည်ဟု မဆိုနိုင်ပါဘူး။ ရန်သူကိုပင် ချစ်ရန် ခရစ်တော်သွန်သင်ပါသေးတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေအနေဖြင့် သာမန်လူသားတွေအတိုင်း၊ လူ့အသိုင်းအ၀ိုင်း၏အယူအဆတွေအတိုင်း၊ အပေးနှင့်အယူ စသဖြင့်အပြန်အလှန်တွေ မျှော်လင့်နေ ယူဆနေသရွေ့တော့ ကျင့်ကြံရန် ခက်ခဲနေမည်သာ ဖြစ်ပါတယ်။

မကြာခဏဆိုသလို ကျွန်ုပ်တို့လူသားတွေဟာ အလွယ်နည်း၊ ဖြတ်လမ်းနည်း၊ တိုရှင်းလိုရင်း၊ အပြောင်းအလဲ (အဟောင်းမှအသစ်) စသဖြင့်လမ်းစဉ်တွေ နိယာမတွေကို ပို၍နှစ်သက်လေ့ရှိပါတယ်။ သို့သော်လည်း ထိုလမ်းစဉ် နိယာမတွေကို အပြည့်အ၀နားလည်ဖို့တော့ ဘယ်သူမှမကြိုးစားချင်ကြတတ်သလို၊ တခါတလေ နားလည်သွားပြီးကျင့်ယူရမှာကိုပင် ကြောက်တတ်ကြပါတယ်။ ကျွန်ုပ်တို့ယနေ့ခေတ်မှာ ဒီလိုတွေ ပို၍ပို၍ ဖြစ်လာပါတယ်။ တခါတလေ ဓမ္မဟောင်းကျမ်းမှ ရေးသားဖော်ပြထားတဲ့ ၀ိနည်းပညတ်တွေကို စိတ်ကုန်လာပြီး ဓမ္မသစ်က ခရစ်တော်ပေးခဲ့သည့် ပညတ် နှစ်ချက်ကိုသာ လွယ်လွယ်ပြောတတ်ကြပါသေးတယ်။ အကယ်၍ ထိုပညတ်နှစ်ချက်ကို သေချာသုံးသပ်ကြည့်ပါက - ဓမ္မဟောင်းမှ တခုချင်း ချပြညွှန်ကြားနေသည့် ပညတ်တရားတွေအားလုံး စုပေါင်းပါဝင်နေတယ်ဆိုတာကို မသိချင်ဟန်ဆောင်နေတတ်ကြတယ်။

“သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ညဏ်စွမ်းရှိသမျှနှင့် ချစ်လော့။” ဟုခရစ်တော်ဆိုသောအခါ ကျွန်ုပ်တို့ ဘယ်လို ပြန်ဖြေမှာလဲ။

“သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့။” ဟုခရစ်တော် ဆိုသောအခါ ကျွန်ုပ်တို့ ဘယ်လိုလိုက်နာကျင့်ကြံမှာလဲ။

ထိုကြောင့် လူတွေအထင်မမှားစေရန် ခရစ်တော်ကပွင့်ပွင့်လင်းလင်းဖြင့် - “ပညတ်တရားများနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်မဟုတ်။” ဟုသတိပေးပြောဆိုထားသည်ကို မမေ့ပါနှင့်။ ထိုနောက် ခရစ်တော်၏လမ်းစဉ်များကို မိမိတို့တတ်နိုင်သရွေ့ကြိုးစားကျင့်ကြံကာ ၀ိညာဉ်တော်ခွန်အားဖြင့် ခရစ်ယာန်ခရီးကို ဆက်လက်လျှောက်လှမ်းကြပါစို့လို့ ဖိတ်ခေါ်ပါရစေ။

ကိုရင် (ဒိုမီနီကန်)


Friday, 14 February 2014

တိုက်တန်းနစ်သင်္ဘော၏ ကပ်ဆိုးကြားက လူသိနဲသော အာဇာနည်ဘုန်းတော်ကြီး

ဘုန်းတော်ကြီးအမည်က ဖာသာရ်သောမတ်စ်ဘီးစ် ( Fr. Thomas Byles, ) ဖြစ်ပြီး ကက်သလစ်ခရစ်ယာန်အသင်းတော်မှ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူနှင့်ပတ်သက်သည့် အဖြစ်က ၁၉၁၂ ခုနှစ်တွင် မြောက်ဘက်အတ္တလန္တိတ် သမုဒ္ဒရာတွင် ဖြစ်ပျက်ခဲ့သည့် တိုက်တန်းနစ်သင်္ဘောကြီး၏ အဖြစ်အပျက်မှာပါ။ သင်္ဘောနစ်မြုပ်ချိန်တွင် သင်္ဘောပေါ်မှာ ကျန်ရှိနေသေးသည့် ၀ိညာဉ်တွေကယ်တင်ရေးအတွက် သူ့အတွက်ကမ်းလင့်ခံရသည့် အသက်ကယ်လေ နှစ်နေရာအားငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၄၂နှစ်အရွယ်ရှိ အင်္ဂလိပ်လူမျိုး ဘာသာပြောင်းဝင်လာသူ ဖာသာရ် ဘီးစ်ဟာ နယူးယောက်ရှိ သူ့ညီငယ်၏မင်္ဂလာဆောင်အတွက် မစ္ဆားတရားတော်မြတ်ပူဇော်ပေးရန် အသွားမှာ ဖြစ်ပါတယ်။ တိုက်တန်းနစ်သင်္ဘောကြီးဟာ အလင်းရောင်မှုန်ရီမှုန်ဝါးကြားမှာ ရေခဲပြင်ကြီးအား တိုက်မိချိန်တွင် ဖာသာရ်ဘီးစ်ဟာ သူ၏ဆုတောင်းမေတ္တာစာအုပ်ကို ရွတ်ဆိုနေပါတယ်။

သင်္ဘောကြီးနစ်မြုပ်လာသည့်အခါ ဖာသာရ်ဘီးစ်သည် အမျိုးသမီးများနှင့် ကလေးငယ်များအား အသက်ကယ်လှေထဲသို့ ကူပို့ပေးနေပါတယ်။ အာပတ်ဖြေခြင်းများကိုလည်း နားထောင်နေပြီး အပြစ်ခွင့်လွှတ်ခြင်း ကောင်းကြီးများလည်း ပေးနေပါတယ်။ ထိုနောက် ခရီးသည်များအား စိတ်ပုတီးရွတ်ဆိုရာ၌ ဦးဆောင်နေခဲ့ပါတယ်။ သင်္ဘောကြီးနစ်မြုပ်နေတဲ့အချိန် ကိုယ်တော်ဘီးစ်ဟာ မတ်တပ်ထရပ်လိုက်ပြီး ကက်သလစ်များ၊ ပရိုတက်စတန်များနှင့် ဂျူးများဝိုင်းလျက် ဒူးထောက်ကာ ဆုတောင်းလျက်ရှိနေပါတယ်။ဖာသာရ်ဘီးစ်ဟာ စိတ်ပုတီးရွတ်ဆိုရင်း အသက်ဆုံးရှုံးခါးနီးလူများ၏ ၀ိညာဉ်များအတွက် ဆုတောင်းလျက်ရှိပါတယ်။

ဖာသာရ်ဘီးစ်ဟာ အသက်ကယ်လှေပေါ်တွင် နေရာကမ်းလင့်ခံရခြင်းကို နှစ်ခါငြင်းဆိုခဲ့ကာ ၀ိညာဉ်တစ်ဝိညာဉ်ဟာ သူ၏စက္ကရမင်တူးဆိုင်ရာလုပ်ဆောင်ချက်များကို တောင်းဆိုနေချိန်တွင် ဤသင်္ဘောပေါ်တွင် ဆက်နေရမည်မှာ သူ၏တာဝန်ဝတ္တရားဟုဆိုပါတယ်။

အခြားသူတစ်ပါးတို့၏အသက်ကယ်တင်ခြင်းနှင့် ၀ိညာဉ်များ၏ ကယ်တင်ခြင်းသည် ဖာသာရ်ဘီးစ်၏ တာဝန်ဝတ္တရားပါ။ သို့သော်လည်း ထိုတာဝန်ဝတ္တရားကို ခရစ်တော်၌ခွန်အားယူနိုင်ခဲ့၍သာ ယခုလို အသက်ပေးပြီး ဖြည့်ဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေလည်း ဖာသာရ်ဘီးစ်ကဲ့သို့ ခရစ်တော်၌ခွန်အားယူအသက်ရှင်ကာ “မိမိ၏မိတ်ဆွေအဖို့ မိမိအသက်ကိုစွန့်ပေးနိုင်သည့် ချစ်ခြင်းမေတ္တာထက် ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာမျို အဘယ်သူတွင်မှ မရှိ။” ဆိုသည့် အတိုင်း ကျင့်ကြံသက်သေခံသွားနိုင်ရန် ကြိုးစားသွားကြပါစို့။


မနောအောင်

Saturday, 8 February 2014

ကုလသမဂ္ဂ၏ အစီရင်ခံစာအပေါ် ဗာတီကန် တုန့်ပြန်



 (CNA News မှ ကောက်နှုတ်တင်ပြသည်) - ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး ကော်မတီရဲ့ မတရားစွပ်စွဲတိုက်ခိုက်မှုနှင့် ဗာတီကန်ရဲ့ ကြိုးပမ်းချက်များအပေါ် အသိအမှတ်မပြုလိုမှုတို့ အပေါ် ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ Fr. Federico Lombardi မှ တုန့်ပြန် ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာ အပေါ် ကျယ်ကျယ်ပြန့်ပြန့် တုန့်ပြန်ဝေဖန်မှုများ ရှိနေတယ်ဆိုတာကိုသူသိကြောင်း ဦးစွာ ပြောဆိုခဲ့ပါတယ်။ 

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အခွင့်အရေးရဲ့ အစီရင်ခံစာဟာ ဗာတီကန်ရဲ့ လက်ရှိ ကြိုးပမ်းလုပ်ဆောင်မှု အခြေအနေကို အမှန်တကယ် မထင်ဟပ်ဘဲ ကက်သလစ်သာသနာတော်အပေါ် မလိုရှုစိတ်နှင့် ဆန့်ကျင်နေတဲ့ NGO အဖွဲ့အစည်းများရဲ့ ထင်မြင်ပြောဆိုချက်များကိုသာ များစွာ အခြေခံ ထားတာ တွေ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ ဗာတီကန်ရဲ့ ကြိုးပမ်းချက်များကို အသိအမှတ် မပြုပေးလိုမှုများဟာ ကက်သလစ်သာသနာတော်ကို ဆန့်ကျင့်လိုတဲ့ အဖွဲ့အစည်းများရဲ့ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အခွင့်အရေးရဲ့ အစီအရင်ခံစာ ရေးသားတင်ပြပုံနှင့် ထုတ်ပြန်ပုံမှာလည်း ဂျနီဗာကွန်ဗင်းရှင်းအဖွဲ့အ၀င်ဖြစ်သော အခြားတိုင်းနိုင်ငံများအပေါ် ဆက်ဆံပုံနှင့် နှိုင်းယှဉ်လျှင် ဗာတီကန်အပေါ် ရိုးသားမှန်ကန်မှုမရှိကြောင်း Fr. Federico Lombardi မှပြောခဲ့ပါတယ်။

နစ်နာစေလိုသော သဘောဖြင့် ကက်သလစ်သာသနာတော်ကို ထိုသို့ မီဒီယာထက် မတရား တင်လိုက်တဲ့ ကုလသမဂ္ဂရဲ့ မဆင်မခြင် ပြုမူမှုဟာ ကမ္ဘာအ၀ှမ်းမှ ကုလသမဂ္ဂအပေါ် ခိုင်လုံသော အထောက်အထားများနှင့် လေးလေးနက်နက် ဝေဖန်လာချက်များကို ဖိတ်ခေါ်လိုက်ခြင်းသာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂလို့ နာမည်တပ်ထားတဲ့ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကော်မတီရဲ့ မတရားပြုချက်ကို တာဝန်ယူလိုမှု မရှိလျှင် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံးအနေနှင့် ကမ္ဘာ့လူထုရဲ့ အယုံအကြည်လျှော့ပါးလာမှု ကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြုံရနိုင်ဖွယ်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ အစီရင်ခံစာကြောင့် ဗာတီကန်နှင့် ကုလသမဂ္ဂတို့ တင်းမာမှု ဖြစ်ခဲ့ရတယ်ဆိုသော်လည်း ထိပ်တိုက်ရင်ဆိုင်နေရတယ်လို့ အချို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေတာဟာ မမှန်ကန်ကြောင်း Fr. Federico Lombardi မှ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

(CNA News မှ ကောက်နှုတ်တင်ပြသည်)

အလင်းသက်သေ 

ပဉ္စမအကြိမ်မြောက် သာမန်တနင်္ဂနွေနေ့


ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားကျမ်းပိုဒ်သည် ကျွန်ုပ်တို့တတွေဟာ လောက၏ဆား၊ လောက၏အလင်းတွေ ဖြစ်ကြသည်ဟု တိုက်ရိုက်ညွှန်းဆိုထားပါတယ်။ ဤသံမာတေဦးကျမ်းပိုဒ်အရ ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့၏မူလဇာတိမှန်ကို ညွှန်းဆိုထားခြင်းဖြစ်ပါတယ်။ ထိုကြောင့် ဤလောကတွင် ကျွန်ုပ်တို့ တစ်ဦးစီတိုင်းမှာ ကောင်းကင်နိုင်ငံတော်ကို သက်သေခံဖို့ သီးသန့်တာဝန်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ ဆားကဲ့သို့ အငံဓါတ်ကို မပေးနိုင်လျှင်၊ အလင်းကဲ့သို့ လမ်းမပြနိုင်လျှင် ကျွန်ုပ်တို့၏မူလဇာတိမှန်ပျောက်၍ အသုံးမကျသူများ ဖြစ်နေပါလိမ့်မည်။ ထိုအခါ ခရစ်ယာန်ဆိုသည့် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်အယောင်ဆောင်များသာ၊ အမည်ခံများသာ ဖြစ်နေပါလိမ့်မည်။

ကျွန်ုပ်တို့တတွေ လောက၏ဆား၊ လောက၏အလင်းအဖြစ် ဤလောကတွင် ကောင်းကင်နိုင်ငံတော်ကို မည်သို့သက်သေခံနိုင်ကြပါမည်နည်း။ တကယ်တော့ ဒီမေးခွန်းဟာ အခြားလောကသားများကို သက်သေခံဖို့ မေးခွန်းတစ်ခုဖြစ်သော်လည်း မိမိတို့ကိုယ်တိုင်လည်း ကောင်းကင်နိုင်ငံတော်ကို မြည်းစမ်းနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။ ဤမေးခွန်းအား ထောက်ရှု့စဉ်းစားကြည့်လျှင် ကျွန်ုပ်တို့အတွက် တစ်ချက်ခုပ် နှစ်ချက်ပြတ်မည့် အဖြေလိုပဲ - ကိုယ့်ဘ၀တန်ဖိုးကိုလည်း ရှာတွေ့မည်ဖြစ်သလို၊ သူတစ်ပါးကိုလည်း လမ်းပြပေးနိုင်မည့် လမ်းစဉ်ကိုရှာတွေ့ပါလိမ့်မယ်။ ထိုကြောင့် စဉ်းစားထောက်ရှု့ကြည့်ကြပါစို့။
လူသည် ဘုရားသခင်၏ပုံနှင့် သာန်ဆင်တူစွာ ဖန်ဆင်းခံရကြောင်း ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားပါတယ်။ ဘုရားသခင်မူကား အနန္တတန်ခိုးတော်ရှိ၍ ပြီးပြည့်စုံခြင်း၊ အမှန်တရား၊ လှပခြင်း၊ မေတ္တာတရား၊ ကောင်းမြတ်ခြင်းနှင့် ကောင်းသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပါတယ်။ ထိုကြောင့် ဘုရားသခင်၏ ပုံနှင့်သာန်အဆင်းတူစွာ ဖန်ဆင်းခံထားရသည့် ကျွန်ုပ်တို့လူသားတွေဟာ အထက်ဖော်ပြပါ ကောင်းမြတ်သော ဂုဏ်သတ္တိတွေနှင့် ဇာတိတည်နေပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားတွေအား ကျေနပ်မှုအပေးနိုင်ဆုံးမှာ ကောင်းမြတ်သည့်လုပ်ရပ်တွေကို လုပ်လိုက်ရခြင်း၊ ခံစားလိုက်ရခြင်းပါပဲ။

သို့သော်လည်း အပြစ်ကြောင့် ကျွန်ုပ်တို့တတွေ ထိုဇာတိဂုဏ်သတ္တိများ လျော့နည်းကင်းမဲ့လာ၍ ကောင်းမြတ်သည့်အရာတွေကို လုပ်ဆောင်ဖို့ အတ္တတို့နှင့်ယှဉ်ပြိုင်နေရပါတယ်။ ဒါပေမယ့် ခရစ်တော်၏ လူ့အဖြစ်ကိုယူတော်မူခြင်း၊ အသေခံခြင်း၊နှင့် ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ကျွန်ုပ်တို့တတွေအား ထိုဇာတိဂုဏ်သတ္တိများကို ပြန်လည်ရယူနိုင်ဖို့ ကျေးဇူးတော်များ ရရှိပါတယ်။ ဤသည်ပင် ခရစ်ယာန်များ ဖြစ်ကြပါတယ်။ ခရစ်ယာန်ဆိုသည်မှာ အလင်းပေးသောယေဇူးခရစ်တော်နောက်လိုက်၍ ထိုအလင်းတရားကို အခြားသူများအား တဆင့်ဖြန့်ဝေပေးသူများ ဖြစ်ပါတယ်။ တနည်းအားဖြင့် ၀ိညာဉ်တော်ဘုရား၏ အကူအညီဖြင့် ခရစ်တော်ထံမှ ဖြာထွက်လာသည့် ကျေးဇူးတော်များကို တခြားသူများအတွက် မီးအိမ်သဖွယ် အလင်းပေးသူများဖြစ်ပါတယ်။ ထိုကြောင့်လည်း ခရစ်တော်က - မည်သူမျှ ဆီမီးကိုထွန်း၍ တောင်ဇလားအောက်၌ ၀ှက်ထားလေ့မရှိဟု မိန့်ဆိုပါတယ်။

ဆားနှင့်အလင်းဆိုသည်မှာ ကျွန်ုပ်တို့ဘ၀မှာ အခြေခံကျလွန်း၍ လူတိုင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိနေသည့် ပုံဥပမာပါပဲ။ ဆားဟာ သူ၏အငံဓါတ်ကြောင့် ကျွန်ုပ်တို့အသက်ရှင်ဖို့ မရှိမဖြစ်အခြေခံကျသည့် လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ ထို့အပြင် ဆားကို အခြားအရာတွေအတွက်လည်း အသုံးပြုကြပါတယ်။ ဥပမာ- ဆားကို အပုပ်အသိုးတွေ စင်ကြယ်စေဖို့အသုံးပြုသလို၊ အသားငါးတွေ ကြာရှည်ခံဖို့ ဆားနှင့်သိပ်ထားရပါတယ်။ အစားအသောက်တွင်လည်း အဓိကအရသာကို ပေးပါတယ်။ ထို့ကြောင့်ရှေးခေတ်ကာလတွင် ဆားကို ရွှေကဲ့သို့ ကူးသန်းရောင်းဝယ်မှုပင် ပြုကြပါတယ်။ ထိုကြောင့် ခရစ်တော်က သူ၏နောက်လိုက် တပည့်များ (ကျွန်ုပ်တို့အပါအ၀င်)ကို ဆားကဲ့သို့ မူလဂုဏ်သတ္တိအငံဓါတ်ဖြင့် ဒီကမ္ဘာကြီးအား စင်ကြယ်စေဖို့၊ ကြာရှည်ခံထိန်းသိမ်းစေဖို့နှင့် အရသာကောင်းကို ထိုးဖောက်ပေးစေဖို့ ညွှန်းကြားလိုက်ခြင်းဖြစ်ပါတယ်။

အလင်းနှင့် မီးအိမ်ကိုလည်း ခရစ်တော်က ပုံဥပမာအဖြစ် သရုပ်ဖော်ပေးခဲ့ပါတယ်။ အလင်းဟာ ဘယ်လောက်ထိတန်ဖိုးကြီးပြီး အသုံးဝင်သလဲဆိုတာ လူ့သားအစဉ်အဆက် သိကြပါတယ်။ အမှောင်ထဲတွင် ရှင်သန်၍မရ၊ အလုပ် လုပ်ကိုင်၍မရ၊ ဘယ်အရာမှ မမြင်နိုင်၍ ခလုပ်ခညှောင့်တွေကိုလည်း မရှောင်နိုင်ပါဘူး။ ထိုကြောင့် လျှပ်စစ်မတည်ထွင်နိုင်ချိန် ရှေးခေတ်ကာလတွင် မီးအိမ်ဟာ လူသားတို့အတွက် အဓိကလမ်းပြ အဖြစ်အသုံးဝင်ပါတယ်။ ယနေ့ လျှပ်စစ်မရသေးသည့်နေရာများပင် ထိုအတိုင်းပါပဲ။ ထိုကြောင့် အလင်းအားဖြင့် ခရစ်တော်က ကျွန်ုပ်တို့ကို ဘုရားသခင်၏ဂုဏ်သတ္တိများ၊ ကျွန်ုပ်တို့၏ မူလဇာတိများကို မြင်နိုင်ဖို့ ညွှန်းဆိုပါတယ်။ ကိုယ်တော်၏အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကို မြင်ကြရပါ၏။ (ဆာလံ ၃၆း၉)တွင် ဆိုထားပါတယ်။ ထိုအလင်းအားဖြင့် ဘုရားသခင်၏ ပြီးပြည့်စုံခြင်း၊ အမှန်တရား၊ လှပခြင်း၊ မေတ္တာတရား၊ ကောင်းမြတ်ခြင်းနှင့် ကောင်းသောအရာအားလုံး၏ အရင်းအမြစ်တွေကို မြင်တွေ့နိုင်ပါလိမ့်မယ်။ ထိုမှတဆင့် ကျွန်ုပ်တို့တတွေဟာ အလင်းထွန်းညှိခံရသည့် မီးအိမ်များအဖြစ် အသွင်ပြောင်းကာ ကမ္ဘာကြီးကို လမ်းပြနိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေ၊ ပရော်ဖက် ဟေရှာယကြီးက ကျွန်ုပ်တို့တတွေအား ကမ္ဘာကြီးအတွက် ဆားနှင့်အလင်းဖြစ်ဖို့ ဆိုသည်မှာ - ဆာလောင်ငတ်မွတ်သူများနှင့် အစားစာကိုဝေမျှရမည်။ နေအိမ်မရှိသူများကို ခိုလှုံခွင့်ပေးနိုင်ရမည်။ ကိုယ်တီးတီးဖြစ်နေသူများကို အ၀တ်များပေးကမ်းနိုင်ရမည် . . . စသဖြင့် လူသားအချင်းအချင်း မေတ္တာဂရုဏာဆက်စပ်နေမှရမည် ဖြစ်သည်ဟု ပြောဆိုထားပါတယ်။ ဆာလံကျမ်းတွင်လည်း ဖြောင့်မတ်သောသူဟာ အမှောင်ကမ္ဘာထဲတွင် အလင်းဖြစ်သည်ဟု ဆိုထားပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဖန်ဆင်းခြင်းကတည်းက ရရှိခဲ့သည့် ကျွန်ုပ်တို့၏ မူလဇာတိအရ ဘုရားသခင်နှင့်ဆိုင်ရာ ဂုဏ်သတ္တိတွေရှိသည့် ကောင်းမြတ်သည့်အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် ဘ၀ကျေနပ်မှု့ရရှိမည်ဖြစ်ပြီး ကျွန်ုပ်တို့နှင့်နီးစပ်သူများ၊ လိုအပ်နေသူများကို မေတ္တာတရားကွန်ယက်ဖြင့် ချိတ်ဆက်ကူညီမှု့ပေးခြင်းအားဖြင့် လောက၏ဆားနှင့်အလင်းတို့ဖြစ်ကြမည် ဖြစ်ပါတယ်။ ဒါဟာ လူသားဆန်သည်ဟု ခေါ်ရပါ့မယ်။ ထို့ကြောင့် ဘ၀မှာ အရေးအကြီးဆုံးဟာ လူသားဆန်ရမှာ မကြောက်ဖို့ပါပဲ။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း လူသားပီပီ လူသားဆန်ရမှာမကြောက်ဘဲ လောက၏ ဆားနှင့်အလင်းအဖြစ် ကြိုးစားအသက်ရှင်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)



ကုလသမဂ္ဂမှ ကက်သလစ်သာသနာတော်ကို ဆူပူကြိမ်းမောင်း

(Fox News ၏တင်ပြချက်မှ ကောက်နှုတ်ဖော်ပြပါသည်)

 ကလေးသူငယ်အလွဲသုံးစားပြုမှု စွပ်စွဲချက်များအပေါ် ကက်သလစ်သာသနာတော်၏ အမြင်နှင့်ကိုင်တွယ်ပုံကို ကုလသမဂ္ဂမှ ဆူပူကြိမ်းမောင်း နေတာလား?

 
အသက်သာဆုံးနှင့် အသိမ်မွေ့ဆုံးပြောရလျှင် သူ့ပြဿနာနှင့်သူပင် မရှင်းနိုင် မပြီးနိုင် ဖြစ်နေသော “ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကော်မတီ” မှတင်ပြထားသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာသည် ကက်သလစ်သာသနာတော်ကို ရှေ့တန်းမှ တိုက်ခိုက်လာသည်။

ကက်သလစ်သာသနာတော်အတွင်း ကြုံတွေ့နေရသည့် ကလေးသူငယ် အလွဲသုံးစားမှုကို ကုလသမဂ္ဂမှ ဝေဖန်ဆုံးမနေခြင်းသည် ကင်ဂျုံအွန်းမှ မိသားစုအရေးကြီးပုံကို မိန့်ခွန်းပြောနေသည့်အလားပင် ဖြစ်သည်။ 

ကက်သလစ်ဘုန်းတော်ကြီး အချို့တို့၏ ပြစ်မှုများကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှု မရှိဟု ဆိုကာ ကုလသမဂ္ဂမှ ဗာတီကန်၏ ဦးဆောင်မှုပိုင်းကို အပြင်းအထန်ဝေဖန်ထားသည်။ တရားခံအဖြစ် မထုတ်ဖော်နိုင်ဘဲ အပြစ်ဒဏ် လွှတ်နေသေးသော ဘုန်းတော်ကြီးများနှင့်ဆိုင်ရာ စာရွက်စာတမ်း မှတ်တမ်း မှတ်ရာများကို စစ်ဆေးခွင့်ပြုရန်လည်း ကုလသမဂ္ဂမှ ဗာတီကန်ကို တောင်းဆိုလိုက်သည်။

လွန်ခဲ့သော နှစ် ၃၀၊ နှစ် ၄၀ ဆိုသော ထိုဘုန်းတော်ကြီးများ၏ ပြစ်မှုများသည် လွန်ခဲ့သည့် ၁၀နှစ်တုန်းက ကုလသမဂ္ဂမှ စုံစမ်း စစ်ဆေးခဲ့သော အဖွဲ့အစည်းတစ်ခု၏ ပြစ်မှုနှင့် မည်သို့ ခြားနားနိုင်မည်နည်း။ 

ကုလသမဂ္ဂ စစ်ဆေးခဲ့သည် ဆိုသော ထိုအဖွဲ့အစည်းသည် ကွန်ဂို (Congo) သို့စေလွှတ်ခံရသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့ (United Nations Peacekeeping Force) ပင်ဖြစ်သည်။ ထိုကုလသမဂ္ဂအဖွဲ့စည်း ကိုယ်စားပြုဝန်ထမ်းများသည် မဒိမ်းမှု၊ ပြည့်တန်ဆာ အဓမ္မ လုပ်ကိုင် စေမှုနှင့် ကလေးသူငယ်များအား လိင်အလွဲသုံးစားပြုမှု တို့ကို ကျူးလွန်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။ 
ထိုအချိန်က ကုလသမဂ္ဂအနေနှင့် “လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားမှု၊ အထူးသဖြင့် အသက်မပြည့်သေးသူများအား ပြည့်တန်ဆာ လုပ်ကိုင်စေမှုများသည် နေရာအနှံ့ ပြန့်နှံ့ ဖြစ်ပျက်နေပြီး အသစ်အဆန်းမဟုတ်ဘဲ ဖြစ်တတ်သော ပြစ်မှုများသာ ဖြစ်သည်” ဟုသာ ပေါ့ပေါ့ပင် ကောက်ချက်ချခဲ့သည်။ 

ထိုအစီရင်ခံစာအပေါ်ကို တုန့်ပြန်သည့်အနေဖြင့်လည်း “ကုလသမဂ္ဂငြိမ်းမှုထိန်းသိမ်းရေးအဖွဲ့” က စုံစမ်းစစ်ဆေးသူများကို ခြိမ်းခြောက်ခဲ့သည်။

သို့ဆိုလျှင်“ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့” လောက် မတရားယုတ်မာသည့် အဖွဲ့အစည်း “ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့”သာ ရှိတော့မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်က လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုမှ ထို “ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့” အတွင်း လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ မတရားအလွဲသုံးစားပြုမှုများ ဆက်လက်ရှိနေသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ဆဲဖြစ်သော်လည်း ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးဝန်ထမ်းများသည် အပြစ်ဒဏ်မှ ကင်းလွှတ်နေကြဆဲ ဖြစ်သည်ဟုလည်း ပြစ်တင် ဝေဖန်ခဲ့သည်။

ကက်သလစ်သာသနာတော်ကို ပြစ်တင်ဝေဖန်သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာထဲရှိ စွပ်စွဲခံ ဘုန်းတော်ကြီးများနေရာ၌ ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ ၀န်ထမ်းများကို အစားထိုး အစီရင်ခံလိုက်မည်ဆိုလျှင် ကုလသမဂ္ဂ၏ သရုပ်မှန် ဧကန်ပင် ပေါ်လွင်နေပေလိမ့်မည်။ 

ကက်သလစ်သာသနာတော်အတွင်း၌ အချို့သော ဆရာတော်များ၏ ကိုင်တွယ်မှု နှေးကွေးလှသည်မှာ အမှန်တော့ဖြစ်သည်။ သေချာမှန်ကန် ကျူးလွန်မှု ရှိကြောင်းသိရန်လည်း အမှားအယွင်းမရှိအောင် စနစ်တကျ သတိထား စိစစ် နေရခြင်းဖြစ်ကြောင်း လူတိုင်းသိသာရန် တင်ပြထားပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်က ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် အမေရိကန်သို့ အလည်အပတ် ကြွရောက်လာခဲ့ချိန်၌ ထိုဘုန်းတော်ကြီးများ၏ ပြစ်မှုအတွက် တောင်းပန်ခဲ့ပြီး ထိုကိစ္စကို ကက်သလစ် ဘာသာရေးအကြီးအကဲများနှင့် တိုက်ရိုက် ပြောဆိုဆွေးနွေးခဲ့သည်။ ထိုတောင်းပန်ခဲ့မှု အတွက် ခွင့်လွှတ်ကြောင်း ယခုထိ မည်သူတစ်ဦးမျှ သက်ညှာမှု မပြနိုင်ကြသေးပေ။ 

ကက်သလစ်သာသနာတော်ကို ကုလသမဂ္ဂမှ ဝေဖန်ဆုံးမနေခြင်းသည် ကင်ဂျုံအွန်းမှ မိသားစုအရေးကြီးပုံနှင့် မိမိတို့၏ ခွေးကို မည့်သို့ ပြုစု စောင့်ရှောက်ရမည်ကို အရေးတယူ မိန့်ခွန်းပြောနေသည့်အလားပင် ဖြစ်နေပေတော့သည်။ 

ဘန်ကီမွန်းတစ်ယောက် ကုလအတွင်းရေးမှူးဖြစ်လာချိန်၌ ကွန်ဂိုသို့ သွားရောက်ခဲ့ပြီး ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာ အစော်ကားခံ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ရင်ထဲဆို့နင့်ခဲ့ရသဖြင့် “ ဒီကိစ္စဟာ မိမိတို့ရဲ့ တာဝန်ဖြည့်ဆည်းမှုကို အတားအဆီး ဖြစ်စေတဲ့အတွက် အရေးကြီးကိစ္စအဖြစ်မြင်တယ်” ဟုသာ  လူ့အခွင့်ရေးစကား တစ်ခွန်းတစ်ပါဒမျှ မပါဘဲ မှတ်ချက်ပေးခဲ့သည်။ ဘန်ကီမွန်း၏ လူပီသပေခြင်းတည်း။ 

ထိုကိစ္စကို လုပ်ငန်းအရသာ သဘောထားပြီး ကော်မတီ တစ်ခုသို့သာ လွှဲပြောင်းပေးခဲ့သည်။ 

“ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့”၏ လိင်မှုဆိုင်ရာပြစ်မှုကျူးလွန်သူ မည်မျှသော ၀န်ထမ်းပုဂ္ဂိုလ်အရေအတွက် တရားစီရင်မှုမှ လွှတ်မြောက်နေသေးကြောင်း ကုလသမဂ္ဂ၏ စစ်ဆေးရေး စာရွက်စာတမ်းများ တောင်းကြည့်မည်ဆိုလျှင် မိမိတို့မှာ မည်သည့်နိုင်ငံ မည်သည့် အစိုးရအောက်တွင်မရှိသည့် အဖွဲ့အစည်းဖြစ်သည်ဟုသာ တွင်တွင်ဆိုကာ မိမိတစ်ကိုယ်ရည် အတွက် ဆက်လက်ရပ်တည် ကာကွယ်နေဦးမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ပွင့်လင်းမြင်သာမှု လွန်ကဲစွာ ရှိနေခြင်းပင်တည်း။ 

လက်ရှိပုပ်ရဟန်းမင်းကြီး အနေနှင့် မည်သည့် မှတ်ချက်မျှ မထုတ်ပြန်သေး။ မည်သို့ပင်မိန့်ဆိုနေစေကာမူ ကုလသမဂ္ဂ၏ ကြောင်သူတော် “ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးအဖွဲ့” ကဲ့သို့သော ကက်သလစ်သာသနာတော်ကို မလိုမုန်းတီးနေသူများ အနေနှင့် ကျေနပ်ရောင့်ရဲမှု ရှိနိုင်ကြမည်တော့ မဟုတ်ပေ။ ဆင်းရဲ ချို့တဲ့သူများကို မျှဝေပေးလိုသော ပုပ်ရဟန်းမင်းကြီး၏ ဘဏ္ဍာတိုက် တစ်ခုလုံးပင်လျှင် ထိုသူများ၏ လောဘနှင့် ရန်လိုတိုက်ခိုက်မှုများကို အသောသတ်နိုင်ဦးမည် မဟုတ်ချေ။ 


Fox News ၏တင်ပြချက်မှ ကောက်နှုတ်ဖော်ပြပါသည်။
အလင်းသက်သေ

Friday, 7 February 2014

ချစ်သူများနေ့၊ ထောင်နှင့်ချီသောစုံတွဲများ ဗာတီကန်၌ ကျင်းပဖွယ်ရှိ

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့ (ဗလင်တိုင်းဒေးလ်)ကို ထောင်နှင့်ချီသော လူငယ်စုံတွေများဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ ဗာတီကန်ရှိ စိန်ပီတာရင်ပြင်၌ အတူတကွ ကျင်းပဖွယ်ရှိသည်ဟု သိရှိရပါတယ်။


မိသားစုအရေးအတွက် ပုပ်ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ကောင်စီ၏ ကြေငြာချက်အရ ထိုချစ်သူများနေ့ကို ယခင်က ပုပ်ရဟန်းမင်းကြီးပေါလ် (၆)၏ ခန်းမတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကြိုတင်စာရင်းသွင်းလာသည့် ပါဝင်မည့်လူဦးရေအရ စိန်ပီတာရင်ပြင်တွင် ပြုလုပ်ရန် အစီစဉ်ကို ပြောင်းရွေ့လိုက်ရပါတယ်။

အဆိုပါ ချစ်သူများနေ့ (ဗလင်တိုင်းဒေးလ်)တွင် “YES” ဆိုသည့်အဖြေကို ထာဝရတည်မြဲသည်အထိ ပေးနိုင်ခြင်း၏၀မ်းမြောက်ပီတိဖြစ်ခြင်းကို ခေါင်းစည်းထား၍ လူငယ်စုံတွဲများစွာလာရောက်၍ ပုပ်ရဟန်းမင်းကြီးနှင့်အတူ ကျင်းပကြမည်ဖြစ်ပါတယ်။ မိသားစုအရေးအတွက် ပုပ်ရဟန်းမင်းကြီးဆိုင်ရာကောင်စီအရ ယခုအချိန်တွင် စာရင်းပေးသွင်းထားသူ ၁၇၀၀၀ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့အထဲမှာမှ စေ့စပ်ကြောင်းလမ်းထားသည့် စုံတွဲမည်မျှပါဝင်သလဲဆိုတာတော့ မခန့်မှန်းရပါဘူးဟု ဆိုထားပါတယ်။ ယခုလို လူငယ်များစွာကို ချစ်သူများနေ့၌ ဗာတီကန်၌နေရာပေးဖို့ အကြံညဏ်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကြိုဆိုထားကြောင်း သိရပါတယ်။

ထိုအကြံညဏ်ကို အီတလီနှင့် ကမ္ဘာတ၀ှမ်းရှိ စေ့စပ်ကြောင်းလမ်းထားသော စုံတွဲများ၏ စိတ်အားထက်သန်မှု့မှ ရရှိသည်ဟု သိရပါတယ်။ ထိုနောက်မှ အခြားသောလူငယ်များစွာဟာ စာရင်းပေးသွင်းလာသည်ဟု သိရပါတယ်။ ချစ်သူစုံတွဲများ၊ လူငယ်များအနေဖြင့် ထိုချစ်သူများနေ့ (ဗလင်တိုင်းဒေးလ်)ကို ဗာတီကန်တွင် ပါဝင်ဆင်နွှဲလိုပါက events@family.va သို့ မေးလ်ပေးပို့ပြီး တောင်းခံနိုင်ပါကြောင်း သိရှိပါတယ်။ စာရင်းပေးသွင်းရန် နောက်ဆုံးနေ့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဖြစ်ပါတယ်။

စိန်ပီတာရင်ပြင်သည် နံနက် ၉နာရီတွင် စတင်ဖွင့်လစ်မည်ဖြစ်ပါတယ်။ မနက် ၁၁နာရီမှာတော့ ပြန်လည်သုံးသပ်ခြင်းအချိန်ရှိပြီး၊ ဆုတောင်းမေတ္တာနှင့် သက်သေခံခြင်းများကို နေ့ခင်း ၁၂ နာရီ ပုပ်ရဟန်းမင်းကြီး ကြွလာသည့်အချိန်ထိ ပြုလုပ်မည် ဖြစ်ပါတယ်။ အခမ်းအနားကတော့ နေ့ခင်း ၁၂း၄၅ တွင် ပြီးဆုံးမည်ဟု ခန့်မှန်းရပါကြောင်း သတင်းပါးအပ်ပါသည်။


မနောအောင်