သံယောဟန်ကျမ်း
၁း၂၉-၃၄
ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့။
ယနေ့ဖတ်ရှု့ရသည့်
ဧ၀ံဂေလိတရားတော်တွင် ယောဟန်ဗတ္တိဇံမှ ယေဇူးသခင်ကိုမြင်သောအခါ - ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်ကြလော့ဟု
ကြွေးကြော်ကာ ယေဇူးသခင်သည် ဓမ္မဟောင်းကျမ်း၌ ကြိုတင်ဟောပြောထားသည့် ခရစ်တော် ကယ်တင်ရှင်ဖြစ်ကြောင်း
သက်သေခံလိုက်ခြင်းဖြစ်ပါတယ်။ တချိန်တည်းမှာပင် ဘုရားသခင်၏သိုးငယ်တော်ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့ခြင်းဟာ
ယေဇူးသခင်၏ ရှေ့ဆက်လုပ်ဆောင်မည့် ကယ်တင်ခြင်းလုပ်ငန်းများကို ကြိုတင်ဟောလိုက်ခြင်းလည်း
ဖြစ်ပါတယ်။ သိုးငယ်တော်ဟု ဆိုလိုက်ရုံဖြင့် ဂျူးလူမျိုးတို့ဟာ ပါစကား (Passover)မှ
အဖြစ်အပျက်တွေကို ချက်ချင်းမြင်မိကြပါတယ်။ အီဂျစ်ပြည်တွင် ကောင်းကင်တမန်တော်က မိသားစုတိုင်း၏
သားဦးကိုစတေးသောအခါ ဂျူးလူမျိုးတွေရဲ့သားဦးများကတော့ ပါစကားသိုးငယ်တော်၏အသွေးအားဖြင့်
ကယ်တင်ခြင်းရခဲ့ကြပါတယ်။ ၎င်းတို့သားဦးများ၏ အသက်ဆုံးရှုံးခြင်းမှ ကင်းလွတ်ခဲ့ရပါတယ်။
ယခုလည်း ယောဟန်ဗတ္တိဇံမှာ ဘုရားသခင်၏သိုးငယ်တော်ဟု ကြွေးကြော်လိုက်ခြင်းသည် ကျွန်ုပ်တို့တတွေ
ကယ်တင်ခြင်းရတော့မည် - ကျွန်ုပ်တို့အပြစ်တွေကို ချွတ်တော်မူမည့်သူ - ခရစ်တော် - ဘုရားသခင်၏
ကတိတော်ရောက်ရှိလာပြီဟု ကြွေးကြော်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဤသိုးငယ်တော်သည်
ဂျူးလူမျိုးတစ်မျိုးတည်းကိုပင် ကယ်ချွတ်မှာမဟုတ်ဘဲ တကမ္ဘာလုံးကို ကယ်ချွတ်မည့် သိုးငယ်တော်ဖြစ်ပါတယ်။
ထိုကြောင့် ဤလောကသားတို့၏အပြစ်ဟု တကမ္ဘာလုံးဆိုင်ရာအသုံးအနှုန်းကို သုံး၍ကြွေးကြော်ခဲ့ခြင်း
ဖြစ်ပါတယ်။ ယေဇူးသခင်သည် ခရစ်တော်အမှန်ဖြစ်ကြောင်း ယောဟန်ဗတ္တိဇံက နောက်ထပ် သက်သေခံခဲ့ပါသေးတယ်။
ယေဇူးခရစ်တော်၏အပေါ်၌ ၀ိညာဉ်တော်သည် ချိုးငှက်သဏ္ဍာန်ဖြင့် နားနေပြီး ထိုသို့ဝိညာဉ်တော်ဆင်းသက်နေလျှင်
ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းပေးမည့်သူဖြစ်ကြောင်း သူ့ကိုစေလွှတ်တော်မူသော
ထာဝရဘုရားသခင်မှ မိန့်မှာထားကြောင်း မိန့်ဆို၍ ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားဖြစ်ကြောင်း
ရဲရဲဝံ့ဝံ့ သေသေချာချာ သက်သေခံထားပါတယ်။
မိတ်ဆွေ။
ကျွန်ုပ်တို့တတွေအနေဖြင့် ယောဟန်ဗတ္တိဇံ၏သက်သေခံချက်အရ ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း
သိရှိရပြီ။ သူသည် ဘုရားသခင်၏သိုးငယ်တော်ဖြစ်၍ ကယ်တင်ခြင်းသမိုင်း၏အရှင်နှင့် ပါစကားတို့ဆက်စပ်လျက်
ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုလည်း နားလည်နိုင်ပြီ။ ကယ်တင်ခြင်းဆိုတာ ဘုရားသခင်၏အပြစ်ခွင့်လွှတ်ခြင်းနှင့်
ချစ်ခြင်းမေတ္တာဖြစ်ပြီး သိုးငယ်တော်အားဖြင့် လောကသားတို့၏အပြစ်ကိုချွတ်တော်မူခြင်း
ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ သိုးငယ်တော်၏အပြစ်မှချွတ်ခြင်းနှင့်အတူ တကယ့်လွှတ်မြောက်ခြင်းကိုရရှိဖို့
ကိုယ့်ဘက်မှ ဘာတွေလိုအပ်နေသလဲ။ ဤဘ၀မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်အနေဖြင့် စဉ်းစားထောက်ရှု့ချက်
တစ်ခုကို တင်ပြပေးပါရစေ။
ကျွန်ုပ်တို့လူသားတွေမှာ
အခြားသောဖန်ဆင်းခံအရာများထက်ပိုတဲ့ မာနဓါတ်ခံစိတ်တွေ ရှိကြပါတယ်။ ဒီတော့ တချို့က ထင်တတ်ကြတယ်
- လူဟာအရာရာကို လုပ်နိုင်စွမ်းရှိတဲ့သတ္တ၀ါပဲ။ တချို့လည်း ထင်ကြသေးတယ် - လူမလုပ်နိုင်တာ
ဘာမှမရှိဘူး၊ ဒီတော့ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သေးတာပဲ။ ဤအတွေးအခေါ်တွေ၊ ဤခံယူချက်တွေဟာ
အတိုင်းအတာတစ်ခုထိတော့ မှန်ပါလိမ့်မယ်။ ဟုတ်ပါတယ် - ယနေ့ ကျွန်ုပ်တို့ ကမ္ဘာမှာ လူသားတွေရဲ့
လုပ်ဆောင်ချက်တွေ၊ ကြိုးစားအားထုတ်မှု့တွေကြောင့် မြောက်များစွာသော နယ်ပယ်တွေမှာ တိုးတက်ပြောင်းလဲနေတာ
ကျွန်ုပ်တို့လက်တွေ့ပါပဲ။ ဒဿနတွေ၊ စိတ်ပညာရပ်တွေ၊ သိပ္ပံပညာတွေ၊ နည်းပညာတွေ စသဖြင့်သော ပညာရပ်တွေအားဖြင့်
ကျွန်ုပ်တို့လူသားတွေဟာ ယနေ့ကမ္ဘာကြီးလို့ ခေါ်ဝေါ်သမုတ်နေရသည့် ဤကမ္ဘာကြီးကိုပင် ရွာလေးသဖွယ်ပြောင်းလဲလာနိုင်ခဲ့ပြီဟုပင်
ဆိုနိုင်ပါသေးတယ်။ သို့သော်လည်း ကျွန်ုပ်တို့လူသားတွေ မစွမ်းဆောင်နိုင်တာက ကိုယ့်ကိုယ်ကို
လွတ်မြောက်အောင် မလုပ်နိုင်ခြင်းပါပဲ။ လူသားတွေတွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲပြသနာတွေကို
ပညာရပ်တွေအားဖြင့် ဖြေရှင်းနိုင်မည်ဟုထင်မှတ်ကာ ကျွန်ုပ်တို့ပို၍ပို၍ ကြိုးစားနေကြတယ်။
သို့ပေမယ့်လည်း ယနေ့လက်တွေ့မှာတော့ ကျွန်ုပ်တို့ပို၍ပို၍ကြိုးစားလေလေ၊ ကျွန်ုပ်တို့တတွေ
ပို၍ပို၍ မလွတ်မြောက်နိုင်လေလေပါပဲ။ တခါတလေ ပိုဆိုးတာက ကိုယ့်ကိုယ်ကိုမလွတ်မြောက်သည့်အပြင်
ကိုယ့်ကိုယ်ကို ပို၍ပို၍ချည်နှောင်ခံလိုက်ရတာပါပဲ။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ဝိညာဉ်တွေ
ချည်နှောင်ခံလိုက်ရတာပါပဲ။ ဒါဟာ ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက် သိပ်ကိုအန္တာရယ်ကြီးမားပါတယ်။
အထက်ပါတင်ပြချက်အရ
ကျွန်ုပ်အနေဖြင့် သိပ္ပံနှင့်အခြားသောပညာရပ်တွေကို
ဆန့်ကျင့်ခြင်းမဟုတ်ပါ။ အားမပေးခြင်းမဟုတ်ပါ။ ဆိုရမည်ဆိုလျှင် ဒါတွေဟာ လုပ်ကိုလုပ်ရမည့်အရာတွေပါပဲ။
ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ သူ၏ဖန်ဆင်းခံအရာတွေအားလုံးအပေါ်ကို ကျွန်ုပ်တို့လက်ထဲမှာ
အပ်နှံထားလို့ပါပဲ (ကမ္ဘာဦးကျမ်း ၁း၂၈)။ ဒီတော့ ကျွန်ုပ်တို့လက်ထဲမှာ အပ်နှံထားတဲ့အရာတွေအားလုံးကို
သိရှိနားလည်ဖို့ သိပ္ပံနှင့်
အခြားပညာရပ်တွေ အများကြီးလိုအပ်ပါတယ်။ သို့သော်လည်း ဘုရားသခင်၏ကူညီအလင်းပြမှု့နှင့်အတူ
ယုံကြည်ခြင်းအားဖြင့် ကြိုးစားဖို့သိပ်လိုအပ်ပါတယ်။ ပထမဦးဆုံးအပြစ်ကျူးလွန်ခဲ့မိသည့်လူသားအစကတည်းက
မပြီးပြည့်စုံတော့သည့် ကျွန်ုပ်တို့ဟာ တစ်ယောက်တစ်ပေါက်ဖြစ်နေသလို၊ တစ်ယောက်တစ်မျိုး
တွေးခေါ်တွေ့ရှိနေကြတာပါ။ ထိုကြောင့် ကျွန်ုပ်တို့တတွေအနေဖြင့် တစ်ဦးနှင့်တစ်ဦး လက်တွဲအဖြေရှာ
ညှိနှိုင်းဆွေးနွေးပြောဆိုရှာဖွေစူးစမ်းကာ အမှန်တရားကို ရှာနိုင်ဖို့လိုအပ်ပါတယ်။ ဒီစိတ်ထားတွေကိုပဲ
ခရစ်တော်တောင်းဆိုနေတာပါ။ ဒီစိတ်ထားတွေအတွက်ပဲ ခရစ်တော်လူ့အဖြစ်ကို ယူခဲ့တယ်။ ဒီစိတ်ထားတွေ
အတွက်ပဲ ခရစ်တော်သက်သေခံခဲ့တယ်။ ဒီစိတ်ထားတွေအတွက်ပဲ ခရစ်တော်လက်တွေ့ အသက်စွန့်ပေးခဲ့တယ်။
ဒီအတွက်ပဲ ခရစ်တော်သတိပေးခဲ့ပါတယ် - လူသည် ဤစကြ၀ဋာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင်
အဘယ်အကျိုးရှိမည်နည်း။
မိတ်ဆွေ၊
သင်နှင့်ကျွန်ုပ်လည်း ဤစကြ၀ဋာကြီးကို
အစိုးရနေသည့်တချိန်တည်းမှာပင် တဖက်မှလည်း မိမိတို့ဘ၀ကယ်တင်ခြင်းအတွက် အရေးအကြီးဆုံးဖြစ်သည့်
မိမိတို့၏အသက်ဝိညာဉ်မဆုံးရှုံးဖို့အတွက် ဘုရားသခင်၏သိုးငယ်တော်၌ယုံကြည်လက်ခံရင်း သူ၏သတင်းကောင်းတရားတော်များအားဖြင့်
အလင်းခွန်အားယူကာ ပို၍ပို၍တိုးတက်ကောင်းမွန်သော၊ ငြိမ်းချမ်းသော၊ မေတ္တာတရားဖြင့်ပြည့်ဝသော
ကမ္ဘာကြီးဖြစ်ဖို့ ကြိုးစားသွားကြပါစို့။ ကောင်းကင်နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်း
(လု ၁၇း၂၁)။
ကိုရင်
(ဒိုမီနီကန်)
No comments:
Post a Comment