Thursday, 30 January 2014

Graffiti ပုံထဲက စူပါပုပ်ရဟန်းမင်းကြီး



လွန်ခဲ့သည့် ရက်အနည်းငယ်က မော်ရိုပါလောတီအမည်ရှိတဲ့ Graffiti ရေးဆွဲသူက ရောမမြို့ရှိ Borgoသမိုင်းဝင် အဆောက်အဦးတစ်ခု၏နံရံတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပုံတစ်ပုံကို Graffiti art ဖြင့်ရေးဆွဲခဲ့ရာ သတင်းထောက်များနှင့် ဘုရားဖူးခရီးသွားများအားလုံးကို မျက်စိကျစေခဲ့ပါတယ်။ ထို Graffiti ပုံမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား စူပါမင်းပုံပြုလုပ်ရေးဆွဲထားပြီး စူပါသူရဲကောင်းကြီးအဖြစ် တင်စားထားသည်ကို တွေ့မြင်နိုင်ပါတယ်။

အင်တာဗျူးတစ်ခုတွင် Graffiti art ကိုရေးဆွဲသူ မောရိုပါလောတီက ယခုလိုဖြေကြားခဲ့ပါတယ် - ပါးပါးဖရန်စစ်အား မာဘယ် (သူရဲကောင်း)များ၏ စူပါသူရဲကောင်း တစ်ဦးအဖြစ်မြင်မိသည့်အတွက်ကြောင့် ယခုလိုတင်စားပြသလိုက်ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ၊ ပုပ်ရဟန်းမင်းကြီးတစ်ပါး၏ စစ်မှန်တဲ့ အစွမ်းအစရှိပြီး ထိုအစွမ်းအစကို အများကောင်းကျိုးအတွက်သယ်ပိုးလုပ်ဆောင်သည့် လူအနဲစုထဲက တစ်ဦးပါ။ အမေရိကန်မာဘယ်၏ စူပါသူရဲကောင်းတွေလိုပေါ့ဗျာ။

ပါးပါးဖရန်စစ်သည် ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးကောက်ခံရပြီး အချိန်တိုအတွင်းမှာ ကမ္ဘာတ၀ှမ်းလုံးရှိ ကက်သလစ် ဘာသာဝင်တွေကြားမှာတင်မကဘဲ၊ အခြားခရစ်ယာန်များအကြား၊ အခြားဘာသာဝင်များ ကြားမှာပါ ရေပန်းအစားဆုံးဖြစ်လာခဲ့သူဖြစ်ပါတယ်။ ထို့အပြင် သတင်းမီဒီယာတို့၏ နံပါတ်တစ် အရေးပေး သတင်းယူနေရသည့် ပုဂ္ဂိုလ်ထူးကြီးလည်း ဖြစ်နေပါတယ်။ သူနှင့်ပတ်သက်၍ Facebook စာမျက်၊ Twitter စာမျက်နှာနှင့် အခြားဆက်သွယ်ရေးမီဒီယာကွန်ယက်စာမျက်နှာတို့မှာလည်း like လုပ်သူများ၊ comment ပေးသူများ၊နှင့် follow လုပ်သူများဖြင့် ပြည့်နေပါတယ်။

ပါးပါးဖရန်စစ်၏ စူပါမင်းပုံစံကို မြင်ရသည့်အခါ facebook စာမျက်နှာရှိ ကွန်မင့်တချို့အား လေ့လာသုံးသပ်သည့်အခါ လူအများစုက ဤပုံဟာ ကလေးဆန်၍ သဘောမကျသင့်ဘူးထင်မိကြသော်လည်း သူတို့တတွေ အရမ်းကိုသဘောကျမိကြပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို စူပါမင်းပုံနဲ့ ပါးပါးဖရန်စစ်ကို တင်စားလိုက်တာဟာ သူဟာ တကယ့်ကို စူပါပုပ်ရဟန်းမင်းကြီးဖြစ်နေလို့ပါပဲ။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ အများကောင်းကျိုးသယ်ပိုးရာမှာလည်း လူမှုရေးအလွန်ကောင်းသူဖြစ်သလို၊ ဘုရားသခင်၏သတင်းကောင်းဟောရာမှာလည်း အလုပ်နှင့်သက်သေပြပြီး ဟောတတ်သူ ဖြစ်သည်ဟုလည်း ပြောဆိုကြပြီး လူသန်းပေါင်းများစွာဟာ သူ့ထံမှ ခွန်အားများစွာရရှိနေကြသည်ဟု သိရှိရပါတယ်။

သင်လည်း ဘယ်လိုကွန်မန့်ပေးမလဲ၊ မိတ်ဆွေ။

မနောအောင်

Saturday, 25 January 2014

တတိယသာမန်တနင်္ဂနွေနေ့

သံမာတေဦး ၄း၁၂-၂၃
ကိုယ်တော်သည် ကျွန်ုပ်၏အလင်းနှင့်ကယ်တင်ခြင်း ဖြစ်တော်မူ၏။


ယောဟန်ဗတ္တိဇံဖမ်းစီးချုပ်နှောင်ခံရသည်ကို ကြား၍ ယေဇူးခရစ်တော်သည် သူ၏တရားဒေသနာတော်ကို စတင်ဟောပြောကြောင်းကို သံမာတေဦးမှ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ထိုသို့မှတ်တမ်းတင်ရာတွင် သံမာတေဦးက ဓမ္မဟောင်းကျမ်း၏ ကြိုတင်ဟောကြားချက်ပြည့်စုံကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ထိုအကြောင်းအရာကတော့ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်၊ ဂျော်ဒန်ဖြစ်တဖက်ကမ်းနှင့် လူမျိုးခြားတို့နေထိုင်သည့် ဂါလေလေးယနယ်တို့မှာ၎င်း၊ ထိုနောက် အမှောင်မိုက်တွင်ရှိနေကြသော လူတို့အား အလင်းကိုမြင်တွေ့စေမည်ဟူ၍ ဖြစ်ပါတယ်။ ထိုကြောင့် ယနေ့ဖတ်ရှု့ရသည့် သမ္မာကျမ်းသည် အမှောင်ကမ္ဘာကိုခွင်းမည့် အလင်းတရားရှင်ကို မီးမှောင်ထိုးပြ၍ အလင်းနှင့်စပ်လျဉ်းသည့် တရားတော်ဟု ကျွန်တော်တို့ ကမ္မဌာန်းထောက်ရှု့နိုင်ပါတယ်။

သိပံနည်းကျကျ၊ ဒါမှမဟုတ် ဒဿနကျကျပြောရမယ်ဆိုလျှင် အလင်းတစ်ခုသာ တည်ရှိပြီး အမှောင်ဆိုတာ အလင်းမဲ့ခြင်းကိုပြောဆိုနိုင်ဖို့ စကားလုံးသက်သက်သာဖြစ်ပါတယ်။ တနည်းအားဖြင့် အလင်းကင်းမဲ့ခြင်းကို အမှောင်ဟုခေါ်ဆိုလိုက်ကြခြင်းပဲဖြစ်ပါတယ်။ ထို့အတူ တရားတော်မှာလည်း အလင်းဖြစ်သည့် အမှန်တရား၊ ကောင်းမြတ်ခြင်း၊ လှပခြင်း၊ စသည်တို့သာတည်ရှိပြီး အမှောင်ကိုတော့ အမှန်တရားပျောက်ခြင်း၊ လှပမှုကင်းမဲ့ခြင်း၊ ကောင်းမြတ်ခြင်းမရှိတော့သည့်အခါတို့မှာ ပြောဆိုနိုင်ဖို့ စကားလုံးအဖြစ်သာ သုံးကြခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကိုအမှောင်ထဲမှာ ရောက်နေပြီဆိုလျှင် ဒါဟာ မိမိကိုယ်ကို မကောင်းသည့်အခြေအနေမှာ ရှိနေပြီလို့ ပြောဆိုနေတာပါပဲ။ ဒီတော့ အလင်းကိုဆာငတ်လာသည့်အတိုင်း ကောင်းမြတ်ပြည့်စုံသည့် ဘ၀ကို ပြန်လည်းတမ်းတဆာငတ်လာတော့ပါပဲ။ ဒါဟာ တရားလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပါပဲ။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် ခရစ်ယာန်ဖြစ်နေရခြင်းဟာ ယခုလိုဘ၀အမှောင်ထဲမှ လွတ်မြောက်ပေးသည့် ခရစ်တော်၏သတင်းကောင်းကြောင့်ပဲဆိုတာ နေ့စဉ်နှင့်အမျှသတိထားမိရဲ့လား။ ဧ၀ံဂေလိတရားတော်တွင် ၀မ်းမြောက်ပျော်ရွှင်ရသည့် အရသာကို ခံစားဖူးပါသလား။ ဒီနေ့ တရားတော်မှာ ယောဟန်ဗတ္တိဇံ၏ ဟောပြောသံတွေ အပြတ်ရှင်းခံလိုက်ရပေမယ့် သူ့ထက်ပို၍ကျယ်သည့်တရားသံ၊ ပို၍တောက်ပသည် တရားအလင်းကိုတော့ အဘယ်သူတွေ အပြတ်ရှင်းနိုင်မလဲ။ ဒါကြောင့်လည်း ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဖြစ်ခွင့်ရရှိခဲ့ကြတာ မဟုတ်ပါလား။ ထိုသို့ဆိုလျှင် - ခရစ်တော်၏တပည့်တွေအနေဖြင့် တရားအလင်းများထွန်းညှိခံထားရသည့် ဖယောင်းတိုင် ငယ်လေးတွေအဖြစ် ကျွန်ုပ်တို့နှင့်နီးစပ်သည့် ပတ်ဝန်းကျင်ကို ကိုယ်စွမ်းသမျှ တရားအလင်းပေးဖို့ ကိုယ်စီတာဝန်ရှိတယ်ဆိုတာ ဘ၀နှင့်ထပ်တူ ခံယူထားဖို့ လိုအပ်ပါတယ်။

ယနေ့ကျွန်တော်တို့ကမ္ဘာကြီးမှာ ညကိုပင်နေ့အဖြစ်ပြောင်းလဲနိုင်ကြသည့်တိုင်အောင် တိုးတက်နေတာပါ။ သို့သော်လည်း လူအများစု၏ဘ၀တွေကတော့  နေ့ဖြစ်နေရင်တောင် ညကဲ့သို့ အမှောင်လွှမ်းခံနေရတာပါ။ တနေ့တခြား နည်းပညာတွေတိုးတက်လာပြီး ကျွန်တော်တို့တတွေ ကမ္ဘာ့ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဆက်သွယ်မှု့တွေပြုလုပ်လာနိုင်ပြီး အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေ တနေ့တခြားတိုးပွားနေပေမယ့်လည်း လက်တွေ့ကျသည့် မိမိရဲ့အခန်းငယ်လေးထဲမှာတော့ သန်းပေါင်းများစွာသော လူငယ်၊ လူရွယ်တွေဟာ အထီးကျန်မှုကို ခံစားနေရတာပါ။ သူတို့အတွက် ဒါဟာအမှောင်ပဲလား။ ကြားခံနယ်တစ်ခုကနေ ဆက်သွယ်ဆက်ဆံနေရသည့် သူများကိုပိုပြီး အရေးပေးလာ၍ မိမိပတ်ဝန်းကျင်မှ နီးစပ်သူများဟာ တနေ့တခြားဝေးဝေးသွားတာ သတိမထားမိကြတာလား။ သတိထားမိချိန်ရောက်တော့ မိမိဟာ အထီးကျန်နေပြီလား။ . . . ဒီအတွက် အဘယ်သူက ဘယ်လိုအလင်းပြပေးမှာလဲ။ 

ရှိပါသေးတယ် - အလုပ်အကိုင်အခွင့်လမ်းတွေနဲ့အတူ ငွေတွေပေါလာကြပေမယ့်လည်း ကျွန်တော်တို့ဟာ ခေတ်သစ်စီးပွားရေး၏ကျေးကျွန်တွေဖြစ်နေပြီး စက်ရုပ်ဘ၀လို ထိန်းချုပ်ခံဘ၀ကို ကျရောက်ရသည့် အဖြစ်တွေလည်း လက်တွေ့ပါပဲ။ ဘ၀မှာ အရေးကြီးဆုံးဆိုတာတွေဟာ ဒုတိယနေရာကို အလိုလို မသိဖာသာရောက်သွားနေတာ သတိမထားမိကြပါဘူး။ မိသားစုဆိုတာ ဘယ်လိုအဓိပာယ်မှန်း မသိတော့ဘူး။ မသိချင်ကြတော့ဘူး။ သားတွေသမီးတွေဆိုတာ ရတနာတွေလားလည်း မသိတော့ဘူး။ တဖက်မှာလည်း မိဘဆိုတာ တန်ဖိုးရှိလား မသိနားမလည်တော့ဘူး။ . . . ကမ္ဘာကြီး မှောင်နေသလိုပဲ။ အလင်းဆာငတ်လိုက်တာ။

အလားတူအမှောင်ဖုံးဘ၀များစွာ ရှိပါသေးတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာပင် အလင်းရှိလျက် ဘ၀အမှောင်ဖုံးခံများစွာရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာပင် ယုံကြည်ချက်တွေပျောက်ပြီး မျှော်လင့်ချက်တို့ကင်းမဲ့၍ ဘ၀အလင်းကို ဆာငတ်နေသူများစွာရှိပါတယ်။ ကျွန်တော်တို့တတွေ မျက်လုံးလေး တချက်သာဖွင့်ကြည့်လိုက်ပါ။ နားတချက်လောက်စွင့်ကြည့်ပါ . . . မြင်ရကြားရရုံဖြင့် နှလုံးသားတွေ ပွင့်ထွက်မတတ်ခံစားသွားရနိုင်ပါတယ်။

ခရစ်တော်ပေးသည့် အလင်းတရားကို ယနေ့ပိုင်ဆိုင်နေကြသည့် ကျွန်ုပ်တို့ခရစ်ယာန်တွေ နေမင်းကြီးရှိလျက် အလင်းမလိုချင်လို့ အိမ်ထဲပုန်းနေသူများ မဖြစ်ပါစေနှင့်။ ထွန်းညှိခံထားရသည့် ကျွန်တော်တို့ဘ၀ ဖယောင်းတိုင်လေးများကို ဖယောင်းသားကုန်မှာစိုး၍ မှုတ်မပစ်လိုက်ကြပါနဲ့။ ခရစ်တော် ထွန်းညှိပေးသည့် အလင်းတရားကို တခဏတာ မတောက်ပါစေပါနှင့်။ သင့်ဖယောင်းသားတွေကုန်သွားရင် နောက်ထပ်ကိုယ်တော် ပံ့ပိုးပေးမှာပါ။ ထိုကြောင့် . . . ကမ္ဘာကြီးကို အလင်းပေးကြရအောင်။ ဖယောင်းမီးငယ်လေးဖြစ်သည့်တိုင်အောင် တတ်နိုင်သလောက် နီးစပ်ရာကို အလင်းပေးကြရအောင်။ ထိုအလင်းငယ်လေးများပေါင်းစပ်သော် ကမ္ဘာကြီးထွန်းတောက်နိုင်လာနိုင်ပါတယ်။ ခရစ်တော်နောက်လိုက်သည့် ခရစ်ယာန်ဆိုတာ တကယ်တော့ အလင်းကိုရှာဖွေတွေ့ရှိပြီး ပြန်လည်ဖြန့်ဖြူးသူများသာ ဖြစ်ကြပါတယ် . . .ဘာကြောင့်လဲဆိုတော့ အလင်းရှင်ကိုယ်တော်တိုင် ရှေ့ဆောင် အလင်းဖြန့်ဖြူးပေးခဲ့လို့ပါပဲ။


ကိုရင် (ဒိုမီနီကန်)

Monday, 20 January 2014

နှစ်တစ်ရာပြည့် အကြိမ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင် လုပ်သားများနှင့် ခိုလှုံဒုက္ခသည်များနေ့ကျင်းပ

ပို၍ကောင်းသည့် ကမ္ဘာကြီးဆီသို့

နှစ်တစ်ရာပြည့် အကြိမ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်လုပ်သားများနှင့် ခိုလှုံဒုက္ခသည်များနေ့ကို မကာအိုမြို့တော်တွင် ဇန်န၀ါရီလ ၁၉၊ ၂၀၁၄ တွင်ကျင်းပခဲ့ပါတယ်။ ဤပွဲတော်သို့ ပါဝင်သူတစ်ဦးအနေဖြင့် ယဉ်ကျေးမှု့မျိုးစုံမှအ၀တ်အစားများဝတ်စားဆင်ယဉ်ထားသည်ကို မြင်ရသည့်အခါ လုံးဝစိတ်နှလုံး ကြည်နူးပြီး နှစ်ထောင်းအားရအံ့သြသွားမယ်ဆိုတာ အသေအချာပါပဲ။ ပွဲတော်ကို မကာအိုမြို့တော်၏ သမိုင်းဝင်ဘုရားကျောင်းကြီးဖြစ်သည့် စိန်သြဂက်စတင်းကျောင်းတွင် ဆရာတော်ဂျိုးဇက်လှိုင်မှဦးဆောင်သည့် မစ္ဆားတရားတော်ဖြင့် စတင်ခဲ့ပါတယ်။ ထိုနောက် စိန်ဂျိုးဇက်စာသင်ကျောင်းဝင်ရှိ ဇာတ်ရုံတွင် ပွဲတော်ကို ဆက်လက်ကျင်းပခဲ့ကြပါတယ်။ နိုင်ငံတကာမှ အုပ်စုလေးများဟာ မိမိတို့နိုင်ငံမှ အစားအစာများဖြင့် ရာပေါင်းများစွာသော ပွဲတော်ဆင်နွှဲသူများကို ဧည့်ခံခဲ့ကြပါတယ်။ ယခုအကြိမ်ပွဲတော်၏ ဆောင်ပုဒ်ကတော့ - ပို၍ကောင်းသည့်ကမ္ဘာကြီးဆီသို့ ဟူ၍ဖြစ်ပါတယ်။ ဤပွဲတော်ကျင်းပရာ၌ မကာအိုရောက်မြန်မာလူမျိုးများလည်း ပါဝင်ခဲ့ကြပြီး မုန့်ဟင်းခါးနှင့် ရွှေကျီမုန့်ကို ပွဲတော်လာ ဧည့်သည်များအား ဧည့်ခံခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ဆောင်ပုဒ်အားပံ့ပိုးထောက်ပံ့လျက် - ပို၍ကောင်းသည့်ကမ္ဘာကြီးဆီသို့ ဆောင်ပုဒ်အတိုင်း မကာအိုမှကက်သလစ်ဆရာတော်ကြီး ဂျိုးဇက်လှိုင်သည်လည်း ပို၍ကောင်းသည့် ကမ္ဘာကြီးဖန်တီးနိုင်ဖို့၊ တည်ဆောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကမ္ဘာဦးကျမ်း ၁း၂၈ အားဖြင့် ကျွန်ုပ်တို့လူသားတွေဟာ ဘုရားသခင်၏ဖန်ဆင်းခြင်းတစ်ခုလုံးကို စောင့်ရှောက်ဖို့ ယုံကြည်အပ်နှံခံရသူများ ဖြစ်၍ ကျွန်ုပ်တို့ကမ္ဘာကြီးအား ပို၍ပို၍ကောင်းလာအောင် တည်ဆောက်ဖို့ ကျွန်ုပ်တို့လူသားတွေမှာ တာဝန်ရှိကြောင်း ဆရာတော်ကြီး၏သြ၀ါဒတွင် ထည့်သွင်းမိန့်ဆိုခဲ့ပါတယ်။ ဆက်လက်၍ ဆရာတော်ကြီးက- ယနေ့ မကာအိုမှာ ဒုက္ခသည်များမရှိသော်လည်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများရှိပြီး ၎င်းတို့ဟာ မကာအိုမြို့တော် တိုးတက်ဖွံ့ဖြိုးမှု့၌ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေကြောင်းလည်း ပြောဆိုလိုက်ပါတယ်။ ထို့အပြင် ယခုလိုရွှေ့ပြောင်းနေထိုင်လုပ်ကိုင်ခြင်းဟာ ဘုရားသခင်၏နိုင်ငံတော်သို့ ရွှေ့ပြောင်းလာသည်နှင့် အလားတူပြီး ဘုရားသခင်၏နိုင်ငံတော်မှာ ကျွန်ုပ်တို့တတွေဟာ ညီအစ်ကိုရင်းပမာချစ်ခင်ကြကြောင်း မိန့်ဆိုကာ. . . ယခုကမ္ဘာတွင် ကျွန်ုပ်တို့အားလုံးဟာ ပို၍ကောင်းသည့်ကမ္ဘာဖြစ်သည့် ကောင်းကင်နိုင်ငံတော်သို့ ဦးတည်နေသည့်ရွှေ့ပြောင်းသူများပင် ဖြစ်ကြောင်း တရားမှတ်စရာ ပေးခဲ့ပါတယ်။

မစ္ဆားတရားတော်မြတ်မှာလည်း ရောင်စုံယဉ်ကျေးမှု့နှင့်ဘာသာစကားများဖြင့် လှပတင့်တယ်နေပါတယ်။ ထိုနောက် စိန်ဂျိုးဇက် ကျောင်း၏ဇာတ်ရုံတွင် ယဉ်ကျေးမှု့ ရိုးရာဖျော်ဖြေခြင်းများနှင့် သီချင်းသီဆိုခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ We are the World ခေါင်းစဉ်ဖြင့် သီချင်းကို နိုင်ငံတိုင်းမှ ကိုယ်စားပြုများဖြင့် စုပေါင်းသီဆိုခဲ့ပြီး နိုင်ငံတိုင်းမှာလည်း ၎င်းတို့၏ယဉ်ကျေးမှု့များ ပေါ်လွင်စေသည့်အကများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ မြန်မာလူမျိုးများလည်း “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် တိုင်းရင်းသားစုံညီဝတ်စုံများဖြင့် နိုင်ငံတော်၏ရောင်စုံ ယဉ်ကျေးမှု့နှင့်စည်းလုံးခြင်းကို ဖော်ကျူးခဲ့သလို၊ နောက်ထပ်သီချင်းတစ်ပုဒ်တွင်လည်း မြန်မာ ဒိုမီနီကန်စစ္စတာလေးများမှ ရိုးရာဝတ်စုံလေးတွေကိုယ်စီဖြင့် တေးသရုပ်ဖော်ခဲ့ကြပါတယ်။

ပွဲတော်၏ရာပြည့်အမှတ်တရအဖြစ် “Crossing the Borders”ဟူသော စာအုပ်ကို လက်ဆောင်အဖြစ် ပေးဝေခဲ့ကြပါတယ်။ ထိုနောက် နောက်နှစ်တွင်လည်း ယခုလို ကမ္ဘာ့ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများနှင့် ခိုလှုံဒုက္ခသည်များနေ့ကို ကျင်းပနိုင်ရန် မျှော်လင့်စောင့်စားရင်း အခမ်းနားကိုရုပ်သိမ်းခဲ့ပါတယ်။


မနောအောင်

Saturday, 18 January 2014

ဒုတိယသာမန်တနင်္ဂနွေနေ့


သံယောဟန်ကျမ်း ၁း၂၉-၃၄
ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့။
ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် ယောဟန်ဗတ္တိဇံမှ ယေဇူးသခင်ကိုမြင်သောအခါ - ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်ကြလော့ဟု ကြွေးကြော်ကာ ယေဇူးသခင်သည် ဓမ္မဟောင်းကျမ်း၌ ကြိုတင်ဟောပြောထားသည့် ခရစ်တော် ကယ်တင်ရှင်ဖြစ်ကြောင်း သက်သေခံလိုက်ခြင်းဖြစ်ပါတယ်။ တချိန်တည်းမှာပင် ဘုရားသခင်၏သိုးငယ်တော်ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့ခြင်းဟာ ယေဇူးသခင်၏ ရှေ့ဆက်လုပ်ဆောင်မည့် ကယ်တင်ခြင်းလုပ်ငန်းများကို ကြိုတင်ဟောလိုက်ခြင်းလည်း ဖြစ်ပါတယ်။ သိုးငယ်တော်ဟု ဆိုလိုက်ရုံဖြင့် ဂျူးလူမျိုးတို့ဟာ ပါစကား (Passover)မှ အဖြစ်အပျက်တွေကို ချက်ချင်းမြင်မိကြပါတယ်။ အီဂျစ်ပြည်တွင် ကောင်းကင်တမန်တော်က မိသားစုတိုင်း၏ သားဦးကိုစတေးသောအခါ ဂျူးလူမျိုးတွေရဲ့သားဦးများကတော့ ပါစကားသိုးငယ်တော်၏အသွေးအားဖြင့် ကယ်တင်ခြင်းရခဲ့ကြပါတယ်။ ၎င်းတို့သားဦးများ၏ အသက်ဆုံးရှုံးခြင်းမှ ကင်းလွတ်ခဲ့ရပါတယ်။ ယခုလည်း ယောဟန်ဗတ္တိဇံမှာ ဘုရားသခင်၏သိုးငယ်တော်ဟု ကြွေးကြော်လိုက်ခြင်းသည် ကျွန်ုပ်တို့တတွေ ကယ်တင်ခြင်းရတော့မည် - ကျွန်ုပ်တို့အပြစ်တွေကို ချွတ်တော်မူမည့်သူ - ခရစ်တော် - ဘုရားသခင်၏ ကတိတော်ရောက်ရှိလာပြီဟု ကြွေးကြော်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဤသိုးငယ်တော်သည် ဂျူးလူမျိုးတစ်မျိုးတည်းကိုပင် ကယ်ချွတ်မှာမဟုတ်ဘဲ တကမ္ဘာလုံးကို ကယ်ချွတ်မည့် သိုးငယ်တော်ဖြစ်ပါတယ်။ ထိုကြောင့် ဤလောကသားတို့၏အပြစ်ဟု တကမ္ဘာလုံးဆိုင်ရာအသုံးအနှုန်းကို သုံး၍ကြွေးကြော်ခဲ့ခြင်း ဖြစ်ပါတယ်။ ယေဇူးသခင်သည် ခရစ်တော်အမှန်ဖြစ်ကြောင်း ယောဟန်ဗတ္တိဇံက နောက်ထပ် သက်သေခံခဲ့ပါသေးတယ်။ ယေဇူးခရစ်တော်၏အပေါ်၌ ၀ိညာဉ်တော်သည် ချိုးငှက်သာန်ဖြင့် နားနေပြီး ထိုသို့ဝိညာဉ်တော်ဆင်းသက်နေလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းပေးမည့်သူဖြစ်ကြောင်း သူ့ကိုစေလွှတ်တော်မူသော ထာဝရဘုရားသခင်မှ မိန့်မှာထားကြောင်း မိန့်ဆို၍ ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ သေသေချာချာ သက်သေခံထားပါတယ်။

မိတ်ဆွေ။ ကျွန်ုပ်တို့တတွေအနေဖြင့် ယောဟန်ဗတ္တိဇံ၏သက်သေခံချက်အရ ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သိရှိရပြီ။ သူသည် ဘုရားသခင်၏သိုးငယ်တော်ဖြစ်၍ ကယ်တင်ခြင်းသမိုင်း၏အရှင်နှင့် ပါစကားတို့ဆက်စပ်လျက် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုလည်း နားလည်နိုင်ပြီ။ ကယ်တင်ခြင်းဆိုတာ ဘုရားသခင်၏အပြစ်ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး သိုးငယ်တော်အားဖြင့် လောကသားတို့၏အပြစ်ကိုချွတ်တော်မူခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ သိုးငယ်တော်၏အပြစ်မှချွတ်ခြင်းနှင့်အတူ တကယ့်လွှတ်မြောက်ခြင်းကိုရရှိဖို့ ကိုယ့်ဘက်မှ ဘာတွေလိုအပ်နေသလဲ။ ဤဘ၀မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်အနေဖြင့် စဉ်းစားထောက်ရှု့ချက် တစ်ခုကို တင်ပြပေးပါရစေ။

ကျွန်ုပ်တို့လူသားတွေမှာ အခြားသောဖန်ဆင်းခံအရာများထက်ပိုတဲ့ မာနဓါတ်ခံစိတ်တွေ ရှိကြပါတယ်။ ဒီတော့ တချို့က ထင်တတ်ကြတယ် - လူဟာအရာရာကို လုပ်နိုင်စွမ်းရှိတဲ့သတ္တ၀ါပဲ။ တချို့လည်း ထင်ကြသေးတယ် - လူမလုပ်နိုင်တာ ဘာမှမရှိဘူး၊ ဒီတော့ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သေးတာပဲ။ ဤအတွေးအခေါ်တွေ၊ ဤခံယူချက်တွေဟာ အတိုင်းအတာတစ်ခုထိတော့ မှန်ပါလိမ့်မယ်။ ဟုတ်ပါတယ် - ယနေ့ ကျွန်ုပ်တို့ ကမ္ဘာမှာ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေ၊ ကြိုးစားအားထုတ်မှု့တွေကြောင့် မြောက်များစွာသော နယ်ပယ်တွေမှာ တိုးတက်ပြောင်းလဲနေတာ ကျွန်ုပ်တို့လက်တွေ့ပါပဲ။ ဒဿနတွေ၊ စိတ်ပညာရပ်တွေ၊ သိပံပညာတွေ၊ နည်းပညာတွေ စသဖြင့်သော ပညာရပ်တွေအားဖြင့် ကျွန်ုပ်တို့လူသားတွေဟာ ယနေ့ကမ္ဘာကြီးလို့ ခေါ်ဝေါ်သမုတ်နေရသည့် ဤကမ္ဘာကြီးကိုပင် ရွာလေးသဖွယ်ပြောင်းလဲလာနိုင်ခဲ့ပြီဟုပင် ဆိုနိုင်ပါသေးတယ်။ သို့သော်လည်း ကျွန်ုပ်တို့လူသားတွေ မစွမ်းဆောင်နိုင်တာက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် မလုပ်နိုင်ခြင်းပါပဲ။ လူသားတွေတွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲပြသနာတွေကို ပညာရပ်တွေအားဖြင့် ဖြေရှင်းနိုင်မည်ဟုထင်မှတ်ကာ ကျွန်ုပ်တို့ပို၍ပို၍ ကြိုးစားနေကြတယ်။ သို့ပေမယ့်လည်း ယနေ့လက်တွေ့မှာတော့ ကျွန်ုပ်တို့ပို၍ပို၍ကြိုးစားလေလေ၊ ကျွန်ုပ်တို့တတွေ ပို၍ပို၍ မလွတ်မြောက်နိုင်လေလေပါပဲ။ တခါတလေ ပိုဆိုးတာက ကိုယ့်ကိုယ်ကိုမလွတ်မြောက်သည့်အပြင် ကိုယ့်ကိုယ်ကို ပို၍ပို၍ချည်နှောင်ခံလိုက်ရတာပါပဲ။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ဝိညာဉ်တွေ ချည်နှောင်ခံလိုက်ရတာပါပဲ။ ဒါဟာ ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက် သိပ်ကိုအန္တာရယ်ကြီးမားပါတယ်။

အထက်ပါတင်ပြချက်အရ ကျွန်ုပ်အနေဖြင့် သိပံနှင့်အခြားသောပညာရပ်တွေကို ဆန့်ကျင့်ခြင်းမဟုတ်ပါ။ အားမပေးခြင်းမဟုတ်ပါ။ ဆိုရမည်ဆိုလျှင် ဒါတွေဟာ လုပ်ကိုလုပ်ရမည့်အရာတွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ သူ၏ဖန်ဆင်းခံအရာတွေအားလုံးအပေါ်ကို ကျွန်ုပ်တို့လက်ထဲမှာ အပ်နှံထားလို့ပါပဲ (ကမ္ဘာဦးကျမ်း ၁း၂၈)။ ဒီတော့ ကျွန်ုပ်တို့လက်ထဲမှာ အပ်နှံထားတဲ့အရာတွေအားလုံးကို သိရှိနားလည်ဖို့ သိပံနှင့် အခြားပညာရပ်တွေ အများကြီးလိုအပ်ပါတယ်။ သို့သော်လည်း ဘုရားသခင်၏ကူညီအလင်းပြမှု့နှင့်အတူ ယုံကြည်ခြင်းအားဖြင့် ကြိုးစားဖို့သိပ်လိုအပ်ပါတယ်။ ပထမဦးဆုံးအပြစ်ကျူးလွန်ခဲ့မိသည့်လူသားအစကတည်းက မပြီးပြည့်စုံတော့သည့် ကျွန်ုပ်တို့ဟာ တစ်ယောက်တစ်ပေါက်ဖြစ်နေသလို၊ တစ်ယောက်တစ်မျိုး တွေးခေါ်တွေ့ရှိနေကြတာပါ။ ထိုကြောင့် ကျွန်ုပ်တို့တတွေအနေဖြင့် တစ်ဦးနှင့်တစ်ဦး လက်တွဲအဖြေရှာ ညှိနှိုင်းဆွေးနွေးပြောဆိုရှာဖွေစူးစမ်းကာ အမှန်တရားကို ရှာနိုင်ဖို့လိုအပ်ပါတယ်။ ဒီစိတ်ထားတွေကိုပဲ ခရစ်တော်တောင်းဆိုနေတာပါ။ ဒီစိတ်ထားတွေအတွက်ပဲ ခရစ်တော်လူ့အဖြစ်ကို ယူခဲ့တယ်။ ဒီစိတ်ထားတွေ အတွက်ပဲ ခရစ်တော်သက်သေခံခဲ့တယ်။ ဒီစိတ်ထားတွေအတွက်ပဲ ခရစ်တော်လက်တွေ့ အသက်စွန့်ပေးခဲ့တယ်။ ဒီအတွက်ပဲ ခရစ်တော်သတိပေးခဲ့ပါတယ် - လူသည် ဤစကြ၀ာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဤစကြ၀ာကြီးကို အစိုးရနေသည့်တချိန်တည်းမှာပင် တဖက်မှလည်း မိမိတို့ဘ၀ကယ်တင်ခြင်းအတွက် အရေးအကြီးဆုံးဖြစ်သည့် မိမိတို့၏အသက်ဝိညာဉ်မဆုံးရှုံးဖို့အတွက် ဘုရားသခင်၏သိုးငယ်တော်၌ယုံကြည်လက်ခံရင်း သူ၏သတင်းကောင်းတရားတော်များအားဖြင့် အလင်းခွန်အားယူကာ ပို၍ပို၍တိုးတက်ကောင်းမွန်သော၊ ငြိမ်းချမ်းသော၊ မေတ္တာတရားဖြင့်ပြည့်ဝသော ကမ္ဘာကြီးဖြစ်ဖို့ ကြိုးစားသွားကြပါစို့။ ကောင်းကင်နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်း (လု ၁၇း၂၁)။


ကိုရင် (ဒိုမီနီကန်)

Saturday, 11 January 2014

ယေဇူးသခင်၏ဆေးကြောခြင်းမင်္ဂလာခံယူပွဲ



ဆေးကြောခြင်းမင်္ဂလာခံယူခြင်းဟာ ခရစ်ယာန်တို့၏တထူးတခြား ဓလေ့ထုံးတမ်းဖြစ်ပြီး အသင်းတော်၌ Initial Sacrament အစပျိုးစက္ကရမင်တူးအဖြစ် သွန်သင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤဆေးကြောခြင်း စက္ကရမင်တူးသည် ခရစ်ယာန်ဘ၀အသက်တာကို လက်ခံယုံကြည်ပြီး ခရစ်ယာန်အသိုင်းအ၀ိုင်းသို့ စတင်ဝင်ရောက်သည့်အခါ ခံယူသည့်စက္ကရမင်တူးဖြစ်သလို နောက်ထပ်အခြား စက္ကရမင်တူး ခြောက်ခုကို ခံယူနိုင်ဖို့ ဒီဆေးကြောခြင်းစက္ကရမင်တူးမှ စတင်ရပါတယ်။ ဆေးကြောခြင်းဆိုတာ ဂျူးတို့၏ Tvilah ဟုခေါ်ဆိုသော ရေထဲနှစ်၍ သန့်ရှင်းစင်ကြယ်ခြင်းအခမ်းအနားကို နောက်ခံပြုထားသည်ဟုလည်း ဆိုနိုင်ပါတယ်။ ထိုပွဲတော်နှင့်လည်း ပုံစံတူညီပါတယ်။

ဤသန့်ရှင်းစင်ကြယ်ခြင်းအခန်းအနားကို ယောဟန်ဗတ္တိဇံက သူ၏သာသနာပြုခြင်းမှာ အသုံးပြုခဲ့ပါတယ်။ ယောဟန်ဗတ္တိဇံ၏တရားမှာ ခရစ်တော်အတွက် လမ်းပြင်ဆင်ပေးပြီး ကောင်းကင်နိုင်ငံတော်သည် နီးလုပြီဖြစ်၍ နောင်တ တရားရကြဖို့နှင့် နောင်တရသည့်အမှတ်လက္ခဏာအဖြစ် ဆေးကြောခြင်းခံယူကာ ဂျူးထုံးစံအတိုင်း သန့်ရှင်းစင်ကြယ်ခြင်းကိုပြု၍ ဘုရားသခင်ဆီသို့ပြန်လာကြရန် ဖြစ်ပါတယ်။ ထိုကြောင့် တမန်တော်ပေါလူးက ယောဟန်၏ဗတ္တိဇံကို နောင်တတရား၏ဆေးကြောခြင်းမင်္ဂလာဟု ခေါ်ဆိုပါတယ်။ သို့သော်လည်း ခရစ်တော်၏ ဆေးကြောခြင်းမင်္ဂလာသည် ယောဟန်ထက်ပို၍မြင့်မြတ်ပြီး အာမခံချက်အပြည့်ပါဝင်သည်ဟု ဆိုရပါလိမ့်မယ်။ ယောဟန်ပြောသလိုပဲ ခရစ်တော်သည် ကျွန်ုပ်တို့ကို ၀ိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူပါတယ်။ ထိုသို့ဆိုလျှင် ခရစ်တော်သည် ဘာကြောင့်ယောဟန်ဗတ္တိဇံထံသွားပြီး ဆေးကြောခြင်းမင်္ဂလာခံယူပါသလဲ ဟုမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အပြစ်သားတွေဟာ နောင်တရလို့ ဆေးကြောခြင်းခံယူပေမယ့် အပြစ်မရှိသည့်ခရစ်တော်မူကာ နောင်တရစရာမလိုဘဲ ဆေးကြောခြင်းခံယူတာ ဘာကြောင့်ပါလဲဟုလည်း မေးခွန်းထုတ်စရာဖြစ်နေပါလိမ့်မယ်။ ထိုအဖြေကို ဖတ်ရှု့ရမည့် မာတေဦးကျမ်းမှာ “ယောဟန်ကလည်း အကျွန်ုပ်သည်ကိုယ်တော်ထံမှ ဆေးကြောခြင်းကိုခံယူရမည်သူဖြစ်ပါလျက်နှင့် ကိုယ်တော်သည်အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်အားတားမြစ်လေ၏။ - သို့သော် ယေဇူးက ယခုအခါတွင် ဤသို့ရှိပါစေ။ အကြောင်းမူကား ဖြောင့်မှန်ရာအလုံးစုံတို့ကို ငါတို့လိုက်နာသင့်သည်ဟု မိန့်တော်မူသဖြင့် ယောဟန်လည်း လက်ခံလေ၏”

ရှေးဦးခရစ်ယာန်ဖခင်ကြီးများနှင့် ဓမ္မသင်္ဂြိုလ်ပညာရှင်ကြီးများက ခရစ်တော်၏ဆေးကြောခြင်းမင်္ဂလာ ခံယူခြင်းသည် သူ၏သာသနာပြုခြင်းကို စတင်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြပါတယ်။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ကောင်းကင်နိုင်ငံတော်၏တရားတော်ကို စတင်ဟောပြောကာ နောက်ဆုံး သူ့ကိုယ်သူကားတိုင်ပေါ်မှာ အသေခံတော်မူသည့်တိုင်အောင် ထာဝရခမည်းတော်ဘုရား၏ဆန္ဒနှင့် အလိုတော်ကိုလုံးလုံးအပ်နှံလိုက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြပါတယ်။ အရှေ့တိုင်းအသင်းတော်၌ ဘုရားသခင်၏သာန်တော်ထုတ်ဖော်ပြခြင်း (Theophany)ဟုခေါ်ဆိုပါတယ်။ Theoဆိုတာ ဘုရားဟုအဓိပာယ်ရှိပြီး Phanyကတော့ သာန်တော်ထုတ်ဖော်ပြခြင်းဟု အဓိပာယ်ရှိပါတယ်။ ထိုကဲ့သို့ ဘုရားသခင်၏သာန်တော်ထုတ်ဖော်ပြခြင်းဟု ခေါ်ဆိုရခြင်းမှာ ဤဆေးကြောခြင်းမင်္ဂလာခံယူရာ၌ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအဖြစ်တော်တွေ့မြင်နိုင်ပါတယ်။

ခရစ်တော်ဟာ ယောဟန်ဗတ္တိဇံထံမှ ဆေးကြောခြင်းခံယူခြင်းအားဖြင့် ကျွန်ုပ်တို့လူသားထုတစ်ရပ်လုံးကို ကိုယ်စားပြု၍ လောကအပြစ်အညစ်ကြေးများမှ သန့်ရှင်းခြင်းလက္ခဏာကို ပြသခြင်းဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေ - ဆေးကြောခြင်းမင်္ဂလာခံယူထားသည့် ကျွန်ုပ်တို့တတွေလည်း ပထမ- ယောဟန်တရားလို နောင်တတရားရှိကြပြီး ဘုရားသခင်ထံသို့ပြန်လည်ဦးတည်နေပြီလား။ ဒုတိယ- ခရစ်တော်၏ ဆေးကြောခြင်းစက္ကရမင်တူးအားဖြင့် နောက်ထပ်စက္ကရမင်တူးများကို ရယူသွားနိုင်ဖို့ ကြိုးစားနေကြပြီလား။ စဉ်းစားစရာတွေပါ။ ကျေးဇူးတော်တွေရရှိနိုင်ဖို့ အခြေနေကို ခရစ်တော်ဖန်တီးပေးထားပြီးသော်လည်း ကျွန်ုပ်တို့တတွေ ကျေးဇူးတော်တွေလက်ခံနိုင်ဖို့ အသင့်ရှိနေကြပြီလား။

ထာဝရခမည်းတော်ဘုရားဟာ ခရစ်တော်၌ သူ၏ကျေနပ်နှစ်သက်ခြင်း အပြည့်ရှိကြောင်း အများတကာ ကြားနိုင်အောင်ပင် ကောင်းကင်မှအသံဖြင့်မိန့်ဆိုလိုက်ပါတယ်။ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သား ဖြစ်ပေတည်း။” . . . ခရစ်တော်၌ သင်နှင့်ကျွန်ုပ်တို့ လုံးဝယုံကြည်စွာ အပ်နှံပြီး သူ၏တရားတော်ဖြင့် အသက်ရှင်ဖို့ အဆင်သင့်ဖြစ်နေပြီလား - တနည်းအားဖြင့် I believe ဆိုပြီး ကျွန်ုပ်ယုံကြည်ပါ၏ဟူသော စကားပြောဆိုနိုင်ပြီလား။

ထိုဆေးကြောခြင်းမင်္ဂလာအားဖြင့် ကျွန်ုပ်သည်ယုံကြည်ပါ၏ဟုဆိုကာ ခရစ်ယာန် ဘ၀အသက်တာအတွင်းသို့ ၀င်ရောက်လာသည့်ကျွန်ုပ်တို့ ခရစ်ယာန်အသက်တာအတိုင်း အမှန်တကယ်ရှင်သန်ကြဖို့ သိပ်ကိုအရေးကြီးပါတယ်။ ခရစ်ယာန်ဘ၀အသက်တာဆိုတာ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာ၏ ပညတ်တော်ကြီး နှစ်ခုပေါ်မှာအခြေတည်ကာ ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေသူများဖြစ်ပြီး အခြားသူများကိုလည်း လောက၏ဆားနှင့်အလင်းသဖွယ် ရှေ့ဆောင်လမ်းပြ လက်တွဲခေါ်သူများ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘ၀ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် တန်ခိုးတော်အားဖြင့် အသွင်သာန်ပြောင်းခြင်းခံယူကာ ဘုရားသခင်၏ပုံသာန်၌ဖန်းဆင်းခံရသူများပီပီ နေထိုင်သွားကြဖို့ နေ့စဉ်နေ့တိုင်း သန့်ရှင်းသောဝိညာဉ်အားဖြင့် မိမိတို့၏အမှားများစွာအတွက် ဆေးကြောခြင်းခံယူကာ ခွန်အားယူသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Monday, 6 January 2014

သန့်ရှင်းမြေ (Holy Land)သို့ ပုပ်ရဟန်းမင်းကြီးဘုရားဖူးခရီးသွားမည်

လာမည့် မေလတွင် သန့်ရှင်းမြေ (Holy Land)သို့ ဘုရားဖူးခရီးစဉ်အဖြစ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၅.၁.၂၀၁၄)နေ့ခင်းအန်ဂျေလုမေတ္တာတိုင်ချိန် ဘုရားဖူးဧည့်သည်တော်များဖြင့် ပြည့်နက်နေသော စိန်ပီတာရင်ပြင်၌ ကြေငြာခဲ့ပါတယ်။ ယခုလို ဘုရားဖူးခရီးစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကက်သလစ်နှင့်အော့သိုဒေါ့စ်ခရစ်ယာန်တို့အကြားရှိ ဆက်နွယ်ဆက်ဆံမှု့ပြန်လည် ပြုလုပ်လာတာ နှစ် ၅၀ပြည့်၍ ဂျူဘလီအထိန်းအမှတ်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါတယ်။


ထိုကြောင့် သူ၏ သန့်ရှင်းမြေ(Holy Land) သို့ဘုရားဖူးခရီးစဉ်၌ ကွန်စတန်တီးနို အော့သိုဒေါ့စ်အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး ဘာသိုလိုမေဦး (၁)နှင့်တွေ့ဆုံမည်ဖြစ်ပါတယ်။ ထိုနောက် ခရစ်တော်မြုပ်နှံရာ နေရာဖြစ်သည့် သန့်ရှင်းသောလိုဏ်ဂူ၌ ခရစ်ယာန်များစည်းလုံးညီညွတ်ရေးအစည်းဝေးပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါတယ်။
လွန်ခဲ့သည့် နှစ် ၅၀၌ ပုပ်ရဟန်းမင်းကြီးပေါလူး (၆)နှင့် အော့သိုဒေါ့စ်ဆရာတော်ကြီး အာသနာဂေါရတ်စ် (၁) တို့သည် သမိုင်းဝင်သည့်တွေ့ဆုံမှု့ပြုလုပ်ခဲ့ကြပါတယ်။ ထိုတွေ့ဆုံခြင်းသည် ယခု ဇန်န၀ါရီလ ၅ ရက်နေ့တွင် နှစ် ၅၀တိတိပြည့်ပြီ ဖြစ်ပါတယ်။ ထိုသမိုင်းဝင်တွေ့ဆုံမှု့မှ ကက်သလစ်နှင့် အော့သိုဒေါ့စ်ခရစ်ယာန်တို့အကြား ပြန်လည်စည်းလုံးညီညွတ်လာခဲ့ပြီး တိုးတက်မှု့များဆက်တိုက် ဖြစ်ထွန်းလာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဂျေရုဇလင်မြို့အပြင် နောက်ထပ် ဘက်သလဟင်၊ အာမန်နှင့် ဂျော်ဒန်ဒေသသို့လည်း ခရီးသွားဦးမည်ဖြစ်ပါတယ်။

ယခုလို သန့်ရှင်းမြေ (Holy Land)သို့ ဘုရားဖူးခရီးစဉ်ပြုလုပ်ခြင်းသည် အော့သိုဒေါ့စ်ဆရာတော်ကြီး ဘာသိုလိုမေဦး (၁)၏ ဖိတ်ခေါ်ခြင်းကို ပြန်လည်တုန့်ပြန်ခြင်းလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ဘာသိုလိုမေဦးသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား ပုပ်ရဟန်းမင်းကြီးအဖြစ်တင်မြှောက်သည့် အခမ်းနား (၂၀၁၃ မတ်လ)တွင် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။


မနောအောင်

Saturday, 4 January 2014

ဘုရားသခင်၏သဏ္ဍာန်ထုတ်ဖော်ပြသခြင်း (Epiphany) - မင်းသုံးပါးပွဲနေ့


ဘုရားသခင်၏သာန် ထုတ်ဖော်ပြသခြင်း (Epiphany)ပွဲတော်နေ့ကို မင်းသုံးပါးပွဲနေ့ဟု ကျွန်တော်တို့ တတွေအလွယ်တကူ သိမှတ်ထားကြပါတယ်။ အမှန်စင်စစ် ဘုရားသခင်၏သာန်ထုတ်ဖော်ပြသခြင်း ပွဲတော်နေ့ ဖြစ်ပါတယ်။ အဲပီဖန်နီ (Epiphany) ဆိုသည့်စကားလုံးဟာ ဂရိစကားလုံး (ἐπιφάνεια) အဲပီဖန်နီယာဖြစ်ပြီး ပုံသာန်ထုတ်ဖော်ပြခြင်းဟု အဓိပာယ်ရပါတယ်။ သို့ဖြစ်၍ ယနေ့ဖတ်ရှု့ရမည့် ဧ၀ံဂေလိကျမ်း (မာတေဦး ၂း၁-၁၂)အားဖြင့် ဘုရားသခင်၏သာန်ထုတ်ဖော်ပြခြင်းကို ထောက်ရှု့မှတ်သားပြီး ထိုကဲ့သို့ ဘုရားသခင်၏သာန်ထုတ်ဖော်ခြင်းကိုတွေ့ရှိဖူးမျှော်နိုင်ခဲ့သူ မင်းသုံးပါးနှင့် မတွေ့ရှိ၊ မဖူးမျှော်နိုင်သူ ဟေရုဒ်မင်းတရားကြီးတို့ကိုလည်း တရားမှတ်ဖွယ်အဖြစ် သုံးသပ်ကြည့်ပါစို့။

မှတ်တမ်းတင်ပြုစုထားသည့် မာတေဦး၏ဧ၀ံဂေလိတရားကျမ်းအရ၊ အရှေ့တိုင်းနိုင်ငံများမှ မင်းပညာရှိကြီးများဟာ ဂျူးလူမျိုးထဲမှ ရှင်ဘုရင်တစ်ပါးဖွားမြင်ကြောင်း ကြယ်ကြီးအားဖြင့် (နက္ခပညာဖြင့်) သိရှိခဲ့ကြပါတယ်။ ထိုရှင်ဘုရင်ဟာ သာမာန်ဘုရင်တွေလို လူမျိုးအုပ်စုတစ်စုတည်း၊ တမျိုးတည်းအတွက် ရပ်တည်သူမဟုတ်ဘဲ တကမ္ဘာလုံးနှင့်စပ်လျဉ်းနေသည့်အတွက်ကြောင့်သာ အရှေ့တိုင်းမှ မင်းပညာရှိကြီးများက ဖူးမျှော်လိုကြပါတယ်။ ထိုရှင်ဘုရင်သည် လူသားအားလုံးအတွက် ဖြစ်ပါတယ်။ ထိုကြောင့် ခွဲခြားမှု့တွေ၊ ကွဲပြားမှု့တွေ ထိုဘုရင်ဆီမှာ ရှိမည်မဟုတ်ဘဲ တကမ္ဘာလုံးအတွက် အလင်းရှင်၊ာဏ်ပညာတော်ရှင်၊ ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိ၍ မင်းပညာရှိတို့က ယခုလို ရှာဖွေဖူးမျှော်လိုခဲ့ကြပါတယ်။ သို့သော်လည်း ဟေရုဒ်မင်းကြီးမူကား အာဏာနှင့်စည်းစိမ်ရစ်မူးလျက် ထိုကဲ့သို့ အလင်းရှင်၊ာဏ်ပညာတော်ရှင်၊ ကယ်တင်ရှင် ဘုရင်မင်းတစ်ပါး သူ၏တိုင်းပြည်မှ ပေါ်ထွန်းသည်ကို မင်္ဂလာအနေဖြင့် မကြည်ဖြူနိုင်ဘဲ သူ၏အာဏာစက်နှင့် စည်းစိမ်ဥစ္စာတွေကို ခြိမ်းခြောက်နိုင်သူအဖြစ်သာ မြင်ခဲ့၍ ဘုရားသခင်၏ သာန်ထုတ်ဖော်ပြသခြင်းကို တွေ့ရှိဖူးမျှော်ခွင့်နှင့် လွဲခဲ့ရပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဘုရားသခင်၏သာန်ထုတ်ဖော်ပြခြင်းကို ရှာဖွေဖူးမျှော်လိုကြသူများ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ ရှာဖွေဖူးမျှော်နိုင်ကြပြီလား ဒါမှမဟုတ် လောကီစည်းစိမ်နှင့် အာဏာအစွမ်းတွေကြားမှာ ရစ်မူးရင်း ဘုရားသခင်၏သာန်တော်ကို တွေ့ရှိဖူးမျှော်နိုင်ဖို့ အဟန့်အတားတွေနှင့် ပြည့်နက်နေသလား - သေချာစဉ်းစားထောက်ရှု့ဖို့တော့ လိုပါလိမ့်မယ်။ ဓမ္မဟောင်းခေတ်လူသားတွေအတွက်တော့ ဘုရားသခင်က သူ၏သာန်တော်ကို ပရော်ဖက်များမှတဆင့် ထုတ်ဖော်ပြသခဲ့ပြီး ထိုပရော်ဖက်တွေအားဖြင့် ဘုရားကိုယ်တော်တိုင် လူ့အဖြစ်ကိုယူ၍ သာန်တော်ကို ပြသမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ ထိုကတိတော်အတိုင်း သူငယ်တော်အဖြစ် ကညာစင်မာရိယာမှ မွေးဖွားခြင်းခံယူကာ လူ့အဖြစ်ကိုယူတော်မူခဲ့ပါတယ်။ ယနေ့ခေတ် ဓမ္မသစ်လူသားများအတွက် ခရစ်တော်ဘုရားရှင်ကိုယ်တော်တိုင် ကောင်းကင်နိုင်ငံတံခါးသော့ကို ဖွင့်ပေးထားပြီး ၀င်ရောက်နိုင်ဖို့လည်း သူကိုယ်တော်တိုင် လမ်းအဖြစ်လည်းကောင်း၊ အလင်းအဖြစ်လည်းကောင်း၊ အသက်အဖြစ်လည်းကောင်း ကျွန်ုပ်တို့အားလုံးကို လမ်းပြဦးဆောင်နေပါတယ်။ ဘုရားသခင်ရှိသည့်နေရာဟာ ချစ်ခြင်းမေတ္တာရှိသည့်နေရာ ဖြစ်၍ အကြီးမားဆုံးသောပညတ်ချက်နှစ်ချက်ဖြစ်သည့် ဘုရားသခင်ကိုချစ်ဖို့နှင့် မိမိနှင့်နီးစပ်သူတွေကို ချစ်ဖို့ ဘ၀ပညတ်အားလုံးကိုအကျဉ်းချုပ်ပေးခဲ့ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့မျက်စိမရှန်သင့်ပါဘူး။ နားရှိလျက်နဲ့ မကြား၊ မျက်လုံးရှိလျက်နဲ့မမြင်သူများဖြစ်နေပါလျှင် ကျွန်ုပ်တို့တတွေလည်း ဘုရားသခင်၏သာန်တော် ထုတ်ဖော်ပြသခြင်းကို မတွေ့နိုင်ဘဲ ဖူးမျှော်နိုင်မည်မဟုတ်ပါ။

လောကဥစ္စဓနစည်စိမ်များ၊ အာဏာနှင့် ကာမဂုဏ်ရမ္မက်တို့ကြားမှာ နစ်မွန်းနေသူ ဟေရုဒ်မင်းကြီးဟာ ပရော်ဖက်တို့ဟောကြားသည့် ရှင်ဘုရင်မွေးဖွားကြောင်း ရှေးကျမ်းတို့အရသိသော်လည်း ဖူးမျှော်ခွင့် လွဲချော်ရအောင် သူကိုယ်တိုင်စီရင်ခဲ့သူပါ။ တဖက်မှာတော့ တိုင်းတစ်ပါးသားများဖြစ်ပြီး မင်းပညာရှိများဖြစ်သည့်အလျောက် ထိုရှင်ဘုရင်ဟာ အကြီးမြတ်ဆုံးဖြစ်သည်ကိုသိရှိ၍ ဖူးမျှော်ရမည်ကို မျှော်လင့်ခဲ့ရသည်ကိုပင် သူတို့အတွက် အတိုင်းမသိသော ၀မ်းမြောက်ခြင်းရှိနေပါပြီ။ ကြယ်ကြီးပျောက်ဆုံးချိန် စိတ်မကောင်းဖြစ်ပုံများ ကြယ်ကြီးကိုပြန်မြင်တော့မှ မျှော်လင့်ချက်ရောင်ချည်ထွန်းတောက်၍ ၀မ်းမြောက်မှု့တို့ ပြန်လည်ပြည့်စုံရပါတယ်။ ခရစ်တော်ကို နုံချာစွာတွေ့မြင်ခဲ့ရသည့်တိုင် သူတို့ယုံကြည်ချက် မကင်းမဲ့သွားချေ။ ထို့အပြင် ဖော်ပြလို့မရသည့်ပျော်ရွှင်မှု့၊ ၀မ်းသာမှု့တို့ဖြင့် ပြည့်သျှံခဲ့ရပါတယ်။

ထိုမင်းပညာရှိတို့လို ၀မ်းမြောက်ပျော်ရွှင်မှု့ကို ကျွန်ုပ်တို့ ခံစားကြည့်ချင်ပါသလား။ သူငယ်တော်ကို ဖူးမြင်ရသည့်အခါ မင်းပညာရှိတို့ဟာ အလွန်ဝမ်းမြောက်ခဲ့ရပြီး ကျွန်ုပ်တို့အားလုံးအတွက်လည်း လူမျိုးမရွေး၊ နိုင်ငံသားမရွေးဘဲ လူမျိုးစုံမှ ကျွန်ုပ်တို့အားလုံးဟာလည်း ထိုပညာရှိတို့လို ၀မ်းမြောက်ပျော်ရွှင်မှု့ကို ရှာဖွေတွေ့ရှိနိုင်ကြောင်း၊ ဘုရားသခင်၏သာန်ထုတ်ဖော်ပြသခြင်းကိုလည်း တွေ့ရှိဖူးမျှော်နိုင်ကြောင်း သက်သေပြနေပါတယ်။

ထိုသို့သော ၀မ်းမြောက်ပျော်ရွှင်မှု့နှင့် ဘုရားသခင်ကိုတွေ့ရှိဖူးမျှော်နိုင်ဖို့ ကျွန်ုပ်တို့စိတ်တွေ ခရစ်တော်နှင့် တလုံးတ၀တည်းဖြစ်နေလားဆိုတာ ဆန်းစစ်သွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Wednesday, 1 January 2014

ငြိမ်းချမ်းခြင်းနှင့် ညီအစ်ကို မောင်နှမရင်းပမာ ချစ်ခြင်း

၂၀၁၄ ခုနှစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားစ်(လ်)ဘို၏ နှစ်သစ်မင်္ဂလာ သတင်းကောင်းမြန်မာပြည်သစ်၏ လမ်းစဉ် -

“ ငြိမ်းချမ်းခြင်းနှင့် ညီအစ်ကို မောင်နှမရင်းပမာ ချစ်ခြင်း”

အားလုံးကို ပျော်ရွှင်စရာ မင်္ဂလာနှစ်သစ်ကူး ပါလို့နှုတ်ခွန်း ဆက်ပါရစေ။ "အားလုံး အပေါ် ငြိမ်သက်ခြင်းရှိစေ သတည်း"ဆိုတဲ့ ခရစ္စမတ် သတင်းကောင်းက ဆက်လက်ပြီး တည်ရှိနေတယ်။ ဒီနေ့ဟာ ငြိမ်းချမ်းခြင်း နေ့ရက် ဖြစ်တယ်။ မြန်မာပြည်သူပြည် သားတွေ အားလုံးအတွက် ဒီနေ့ဟာ အတူတကွ စိတ်ကူးရည်မှန်း၊ မျှော်လင့် တောင်း တနေတဲ့ နေ့ရက် တစ်ရက်ဖြစ်ပါတယ်။ ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာနဲ့ ပြည့်ဝ တဲ့နှစ်သစ်လို့ အားလုံးကို ဆရာတော် ထပ်မံ မေတ္တာပို့သ နှုတ်ဆက် လိုက်ပါတယ်။

နှစ်သစ်ရဲ့ အာရုဏ်ဦးအတွက် ဒို့တတွေ ပြင်ဆင်နေကြ သလို၊ မြန်မာပြည်မှာလည်း ဒို့တွေ ခောတ် ကာလအသစ် တစ်ခုရဲ့ အာရုဏ်ဦးအတွက် ပြင်ဆင်နေကြတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ မျှော်လင့်ခြင်းရဲ့ ခေတ်သစ်ရာသီ ပွင့်လန်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။ မတူညီ ကွဲပြားခြားနား၊ လှပတဲ့ ဒို့တွေရဲ့ လူမျိုးပေါင်းစုံ တိုင်းရင်းသားများ အကြားမှာ ညီရင်းအစ်ကို မောင်ရင်းနှမ စည်းလုံးခြင်းနှင့် ချစ်ခြင်း ခောတ်ကာလအသစ် တစ်ခုအတွက် ပြင်ဆင်နေကြတယ်။

ကျေးဇူးတင်စရာတွေ များစွာရှိသလို၊ မျှော်လင့်စရာတွေလည်း အများအပြား ရှိနေပါတယ်။ ဒို့တွေရဲ့ အတိတ် သမိုင်းက ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုတွေနဲ့အတူ ခံစားနေရတဲ့ ကောင်းကြီး ကျေးဇူးတော်မှာ ဆက်လက် ရှင်သန် ရပ်တည် နေထိုင်နေကြပါတယ်။ မြန်မာပြည် အဖြစ်အပျက် သမိုင်းရဲ့ သင်ခန်းစာအသစ်၊ အစ ပထမဦးဆုံး စာမျက်နှာမှာပဲ ဒို့တွေ ရှိနေသေးတယ်။ ဒို့တိုင်းပြည်ရဲ့ တံခါးတွေဟာ လွန်ခဲ့တဲ့ (၂)နှစ် ကနေစပြီး အခြားသောကမ္ဘာ့ နိုင်ငံများ အတွက်ဖွင့်ပေးနိုင်ခဲ့တယ်။

မျှော်လင့်ချက်တွေအတွက် အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ် ကနေစပြီး လွတ်လပ်မှုအကန့်အသတ်၊ အချုပ်အနှောင်၊ တင်းမာမှု ကနေ သက်သာ လွတ်မြောက်ရာရရှိခဲ့တယ်။ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ နေရာရလာတယ်။ လူထုဆက်သွယ်ရေးနဲ့ နိုင်ငံရေးရာ လှုပ်ရှားမှုတွေမှာ လွတ်လပ်စွာနဲ့ ပြောဆိုလုပ်ကိုင်နိုင်တဲ့ အခွင့်အရေး လေးတွေ ရရှိခဲ့ပါတယ်။ ဒေသခံ တိုင်းရင်းသား လူမျိုးစု များနဲ့အတူတူ စတင်ပြီး ငြိမ်းချမ်းရေး ခြေလှမ်းသစ် တွေ လှမ်းနိုင်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည် လည်းပဲ နှစ်ပေါင်းများစွာ အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရပြီးနောက် မိမိရဲ့ အဖွဲ့ဝင် အပေါင်းအဖော်များနဲ့အတူ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ လွှတ်တော် အမတ်အဖြစ် ရွေးချယ် တင်မြောက်ခြင်းခံခဲ့ ရပါတယ်။

အသစ်သော အာရုဏ်ဦးရဲ့ လှပတဲ့ မြင်ကွင်းသစ်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ဖို့ရန် ဒီခြေလှမ်းတွေက ဒို့ကိုအားပေးနေတယ်။ နှစ်ပေါင်း (၅၀)ကျော်ကြာ ပြီးနောက် ပထမဦးဆုံး အကြိမ် အနေနဲ့ မြန်မာပြည်ကြီးအတွက် မျှော်လင့် ချက်တွေပြည့်ဝစေတဲ့ အကြောင်းအရာ၊ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒီအခွင့်အရေးတွေ ဖြစ်ပေါ်လာ ဖို့ ၁၉၈၈ ညီအစ်ကို မောင်နှမတွေရဲ့ အမှောင်ကမ္ဘာက အာဏာ အမှားကြီးကို ရဲ့ဝံ့စွာ ဆန့်ကျင် နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ တချို့ဆိုရင် မိမိတို့ရဲ့အသက်ကို စတေးဘို့ ၀န်မလေးပဲ၊ ရက်ရက်ရောရော ပေးဆပ်ခဲ့တယ်။ မနေ့က သူတို့ရဲ့ စွန့်စား ပေးဆပ်ခြင်းက ဒို့ဒီနေ့ လွတ်လပ်နေတယ်။ မြန်မာပြည်ကြီးရဲ့ မနက်ဖြန်က တရားမျှတခြင်းဆီကို ဦးတည်နေပါတယ်။

အမြဲသတိရှိနေဘို့က ဒို့တွေ အစပြုနေတဲ့ အခြေအနေလေးမှာပဲ ရှိနေတယ် ဆိုတာကိုပါပဲ။ နိုင်ငံရေး အကျဉ်းသမား တချို့ လွှတ်ချိန်မှာ၊ တချို့က ဖမ်းဆီးခံနေကြရတယ်။ ပြန်လည်ကျေအေး သင့်မြတ်တဲ့ အကြောင်းတွေ ပြောနေကြတဲ့ အချိန်မှာ၊ ကချင်ပြည်ရှိ တိုင်းရင်းသားများ စစ်အစိုးရရဲ့ တိုက်ခိုက်ခြင်းခံ နေကြရတယ်။ လွှတ်လပ်စွာပြောဆိုခွင့်ကို စတင်ကျင့်သုံးစဉ်မှာပဲ တချို့က မွတ်စလင် ညီအစ်ကို မောင်နှမတွေကို ဆန့်ကျင် အမုန်းပွားတဲ့ မကောင်းသတင်း စကားတွေကို ပြောကြတယ်။ ဒို့ရှေ့ဆက်လျှောက်ရမည့် ခရီးက တကယ်ဝေးတုန်းပဲ။ စိတ်မချမ်းမြေ့စရာ စိန်ခေါ်မှုတွေ၊ မည်းမှောင်တဲ့ တိမ်ထုပမာ ဒုက္ခအခက်အခဲ ကြိုးစားရုန်းကန်မှုကြားမှာ မျှော်လင့်ခြင်း အလင်းရောင်ခြည် ကရှိနေတယ်။ မြန်မာပြည်သူ ပြည်သားအားလုံး ငြိမ်းချမ်း၊ လွှတ်လပ်စွာ မနေနိုင်သရွေ့၊ မြန်မာပြည်ကြီး ဟာလည်း ဘယ်တော့မှ စစ်မှန်တဲ့ လွှတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရှိမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဉ် တစ်ရပ်ဖြင့်သာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကို ရရှိအောင် မြင်နိုင်ပြီး ရိုးရိုး casefires မဟုတ်။ ဒီလမ်းစဉ်မှာ မြန်မာပြည်သူ ပြည်သားများ အားလုံးအတွက် နိုင်ငံရေးရာ အပြန်အလှန် ဆွေးနွေးမှုတွေ ပါဝင်ပတ်သက်နေရပါမယ်။ ဒါဟာ အမှန်တရားပဲ။ ဒါပေမဲ့ ဒို့တွေရဲ့ နှလုံးသားထဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကို ဆန့်ကျင်ပုန်ကန်မှုနဲ့ပဲ ရယူနိုင်မယ်လို့ ခံယူကြတယ်။ ညီအစ်ကို မောင်နှမချစ် ခြင်းရဲ့ တန်ဖိုးကို  ပြန်လည်ရှာဖွေရင်း၊ ကိုယ်စီ စိတ်နှလုံးသားများ တဖန် ပြန်လည် ဆန်းစစ် ကြည့်ကြစို့။

ဆဌမမြောက် ရဟန်းမင်းကြီး ပေါလူးမိန့်မြွတ်ခဲ့ဖူးတယ် ငြိမ်းချမ်းရေး ဆိုတာ စစ်မရှိ၊ စစ်မဖြစ်ရတာလေးနဲ့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို လိုလားရင်၊ တရားမျှတခြင်းအတွက် လုပ်ဆောင်ပါလို့ လမ်းညွှန် သတိပေးခဲ့ ပါတယ်။ တရားမျှတမှု မရှိတဲ့နေရာမှာ ငြိမ်းချမ်းရေး ဆိုတာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ ကက်သလစ် အသင်းတော်ရဲ့ မွန်မြတ်တဲ့ထုံးထမ်းစဉ်လာ ယုံကြည်ချက်အရ ငြိမ်းချမ်းခြင်းဟာ တရားမျှတမှု ကနေ မွေးဖွား ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ နှစ်သစ်သတင်း ကောင်းထဲမှာ “လူသားတိုင်းရဲ့ အတွင်းစိတ်နှလုံးမှာ ပြည့်ဝတဲ့အသက်တာနဲ့ ရှင်သန်နေထိုင်ဖို့ အမြဲအလို ဆန္ဒ ရှိနေကြပါတယ်။ ဒါ့အပြင် တဦးနဲ့တဦး ရန်သူလို မမြင်ကြပဲ ညီအစ်ကို မောင်နှမရင်းပမာ ချစ်ခင်ရင်းနှီး အတူလက်တွဲနိုင်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဆာငတ်  တောင်းတနေကြပါတယ်။”

နိုင်ငံတော် ကြီးဟာ နှစ်ပေါင်း ၆၀ လောက် အာဏာရှင် စနစ်အောက်မှာ နှစ်မွန်းခဲ့ပါတယ်။ သင်နဲ့ ကျွန်ုပ် အားလုံးသော ပြည်သူ ပြည်သားတွေ ရက်စက်၊ ရှည်လျားတဲ့ ညအမှောင်ထုမှာ နာကြင်မှုတွေအတွက် တိတ်တဆိတ် ကြိတ်ငိုခဲ့ကြရတယ်။ ဖိစီးနှိပ်စက်မှုအမှောင်ထုကနေ လွတ်မြောက်ပြီး၊ အခု အာရုဏ်ဦးရဲ့ အလင်းရောင်ခြည်ကို တို့တွေမြင်နေကြရတယ်။ ရုတ်တရက်ဆိုသလို မြင်နေရတဲ့ အလင်းတန်းရဲ့အလယ်မှာ အမှောင်ထုတစ်ခု ရှိနေသလို တွေ့နေရတယ်။ ဘာသာရေး ပဋိပက္ခတွေကြောင့် ၀မ်းနည်းကြေကွဲစရာတွေ၊ အနာတရဖြစ်မှုတွေက နုနယ်ငယ်ရွယ်တဲ့ တိုင်းသူပြည်သားတွေဆီမှာ မပျောက်မပျက်နိုင်တော့တဲ့ ဒဏ်ရာတွေအဖြစ် ကျန်ရစ်နေတယ်။ လွန်ခဲ့တဲ့ (၁၈) လတုန်းက ကြောက်စရာ အမုန်းတရား လှိုင်းလုံးကြီးက ရခိုင်ပြည်မှာ ရှိတဲ့ ညီအစ်ကိုမောင်နှမတွေဆီ ပြင်းထန်စွာ ရိုက်ခတ်ခဲ့တဲ့အပြင်၊ မထ္ထ္ထီလာ၊ အုတ်ခံ၊ လားရှိုး နဲ့ အခြားနယ် တွေမှာလည်း တိုက်ခတ်ခဲ့တယ်။ ဒီကြောက်ရွံ့စရာ အမုန်း မုန်တိုင်းကြီးက လူပေါင်းများစွာရဲ့ အသက်နဲ့ အိုးအိမ်၊ စည်းစိမ်ကို ဖျက်စီးခဲ့ရုံမကဘူး ညီရင်းအစ်ကို မောင်နှမ ချစ်ခင်ပေါင်းသင်းဆက်ဆံရေးကိုပါ အဆုံးသတ် ဖျက် ဆီးခဲ့တယ်။ အဖွဲ့အစည်းတွေ အားလုံး နာကြင်ခံစား၊ နစ်နာခဲ့ရပါတယ်။

ကျွပ်န်ုပ်တို့ရဲ့လုပ်ငန်းက ဖျက်ဆီးခံရတဲ့အဆောင်များ ပြန်လည်တည်ဆောက်ရုံမက ဖျက်ဆီးခံရတဲ့ပေါင်းသင်း ဆက်ဆံ ရေးကို ပြန်လည်ဆောက်တည် ကြရမယ်။ ရဟန်းမင်းကြီး ဖရန်စစ်သူတော်မြတ် မိန့်ဆိုတာက (Without fraternity it is impossiple to build a just society and a solid and lasting peace) မိသားစုစိတ်ဓါတ်မရှိပဲ တရားမျှတတဲ့ လူ့အဖွဲ့အစည်း မတည်ဆောက်နိုင်။ ကြံ့ခိုင်တဲ့ ငြိမ်းချမ်းရေးလဲ မတည်ဆောက်နိုင်ဘူး။ မြန်မာပြည်မှာ ကျွန်ုပ်တို့ဟာ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် စိတ်နှလုံးအာရုံဟာ တို့လူသားအချင်းချင်းပဲ တို့မိသားစု ညီအစ်ကို မောင်နှမများ ဖြစ်တယ်ဆိုတာ ဦးတည် ဖို့အရေးကြီးပါတယ်။ ရဟန်းမင်းကြီးစကားထဲမှာ တို့သမိုင်းကိုကြည့်ရင် လူမျိုးပေါင်း စုံတဲ့ ပင်ကိုယ်စိတ် နှလုံးထဲမှာ တစ်ဦးနဲ့တစ်ဦး အရေးပေးချင်တဲ့စိတ် ညီအစ်ကို မောင်နှမစိတ်များဟာ ဗီဇထဲ ကအရင်းခံ ဖြစ်နေတယ်။ ကျွန်ုပ်တို့မြန်မာပြည်မှာ unity in diversity မတူခြားနားခြင်းရဲ့ စည်းလုံးမှု တန်ဖိုးတွေ ရှိဖို့လိုပါတယ်။ တိုင်းရင်းသားပေါင်းစုံ ယုံကြည်ကိုးကွယ်ဘာသာ မျိုးစုံရှိတယ်။ ဒါဟာ ခွန်အား ဖြစ်တယ်။

မုန်တိုင်းအပြီး နေထွက်လာတဲ့အခါမှာ ကျွန်ုပ်တို့ဟာ အရောင်မျိုးစုံ သက်တန့်နိုင်ငံဖြစ်တယ်။ မြန်မာပြည် မွေးတဲ့လူတိုင်း ဒါဟာတို့မြေ ဒို့ပြည်၊ ဒို့အိမ်၊ လို့ခံစားကြရမယ်။ လူတိုင်းအနာဂါတ်အတွက် တာဝန်ရှိတယ်။ လူတိုင်း ညီတူညီမျှ ရိုသေလေးစားမှု ခံရမယ်။ညီမျှတဲ့ အခွင့်အရေး ရရှိကြရမယ်။ ဘေးကလူရဲ့ လက်ခံအရေးပေးခံကြရမယ်။ There must be no second class people မည်သူမျှ ဧည့်သည်မဟုတ်။ အားလုံးတန်းတူ အိမ်ရှင်များ ဖြစ်ကြတယ်။ ရဟန်းမင်းကြီး သူတော်မြတ် ဖရန်စစ် သတင်းထဲမှာ ကမ္ဘာ့နေရာများများမှာ လူ့အခြေခံ အခွင့်အရေးကို ထိခိုက်တာတွေ့ရတယ်။ အထူးသဖြင့် အသက်ရှင်ပိုင်ခွင့်နဲ့ မိမိဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်မှုကို စော်ကားကြတယ်။ ဒါလဲ ကမ္ဘာ့ ဒေါင့်တစ်ဒေါင့် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်ချမ်းရေး ဆွေးနွေးကြပေမဲ့ ကချင်ပြည်နယ်ျွှာ ရွာတွေအပစ်အခတ်ခံရ၊ ဘုရားကျောင်းတွေထဲ လုယက်ထိုးဖောက်ကြ၊ အမျိုးသမီး မိန်းကလေးတွေကို ဖျက်လိုဖျက်ဆီး ပြုကြတယ်။ အခြားဒေသမှာ ဗလီကျောင်းများ အဖျက်ဆီးခံရကြတယ်။

တို့ခရစ်ယာန်များ ယုံကြည်တယ်။ လူတိုင်းဟာဘုရားရှင်ရဲ့ ပုံသဏ္ဍာန်တော် အတိုင်း ဖန်ဆင်းခြင်း ခံရကြတယ်။ အားလုံးဟာ ဘုရားရှေ့ ဂုဏ်သိက္ခာရှိသူများ ဖြစ်ကြတယ်။ နိုင်ငံတော်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဟာ citizenship နိုင်ငံသားအဖြစ်လက်ခံရေးကို ၀ိုင်းဝန်းအဖြေရှာဖို့ လိုပါတယ်။ မေတ္တာ ကရုဏာနဲ့ စိုးမိုးခဲ့တဲ့ ကျွန်ုပ်တို့နိုင်ငံမှာ ရုတ်တရက် သည်းခံစိတ်ဓါတ်တွေ ပျောက်ကင်းပြီး ရုတ်တရက် အကြမ်း ဖက်ကြတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ တစ်နေရာမှာ မတရားမှုဟာ နေရာတကာမှာ မတရားမှုဖြစ်တယ်လို့ မာတင်းလူသာကင်းက ဆိုခဲ့တယ်။ ပြည်တွင်းစစ်ဖြစ်နေတယ်။ ဘာသာရေး ပဋိပက္ခဖြစ်နေတယ်။ ဒါဟာ အဖွဲ့အစည်းများ ကိုဒုက္ခဝေဒနာ ဖြစ်စေတယ်။ နိုင်ငံတော်ကို နစ်နာစေတယ်။ သိန်းသန်းမက လူများဒုက္ခ ခံစားကြပေမဲ့ သတိမမူအရေး မပေးတာကို ၀မ်းနည်းစွာ မြင်ကြရတယ်။ ကျွန်ုပ်တို့ရှေ့မှာ ဖြစ်ပျက်နေ တဲ့အရာတွေကလည်း အမျိုးသမီးများ၊ ကလေးသူ ငယ်များ လူကုန်ကူးခံကြရတယ်။ တခြားစော်ကားမှု များနဲ့အတူတူ မြေနေရာ အသိမ်းခံကြရတယ်။ အလုပ်အကိုင်နဲ့အစိုးရ ရာထူးဝန်ထမ်းမှာ ကိုးကွယ်ဘာသာ ကြောင့်မို့၊ တိုင်းရင်းသားဖြစ်ရလို့ အနှိမ်ခံကြရတယ်။

ရဟန်းမင်းကြီးရဲ့သ၀ဏ်စာထဲ မှာလဲဒါကို ပြောထားတယ်။ လုံးဝလူ့ဂုဏ်သိက္ခာကို မလေးစားတော့ပဲ လူကုန်ကူးကြတယ်။ စီးပွားရေးအတွက် စစ်ပွဲဖြစ် ပစ်ခတ်တာတွေ အသက်အိုးအိမ် မိသားစုနဲ့လုပ်ငန်းတွေကို ဖျက်ဆီးနေတာတွေ့ရတယ်။ ဒီစကားတွေဟာ ကျွန်ုပ်တို့ မြန်မာပြည် အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။ မကြာခင်က(၂၇)ကြိမ်မြောက် ဆီးဂိမ်းကစားပွဲကြီးကို အောင်မြင် စွာ ကျင်းပနိုင်ခဲ့တယ်။ အံ့သြဂုဏ်ယူစရာ ကောင်းပါတယ်။ လိုအပ်တဲ့အခါ မြန်မာပြည်သူပြည်သား ဘာအခက်အခဲ မဆို ကျော်လွှားနိုင်စွမ်း ရှိကြတယ်။ ဒီအတိုင်းပဲ နိုင်ငံကြီးကို သွေးထွက်သံယိုဖြစ်စေတဲ့ ရှည်လျားလှတဲ့ ပြည်တွင်းစစ်များကို အဆုံးသတ် နိုင်ကြရမယ်။ သမိုင်းကြည့်ရင် လွတ်လပ်ရေးရချိန် ၁၉၄၈ခုနှစ်မှာစပြီး ဒီနေ့တိုင်အောင် ပြည်တွင်းစစ် မဖြစ်ပဲ၊ ပစ်ခတ်မှုမရှိပဲ၊ တစ်နှစ်မှ မရှိခဲ့ဘူးပြောတယ်။

နောက်တစ်ချက် ၄၀ ရာခိုင်နှုန်း မြန်မာပြည်သူပြည်သား လုံးဝ ဆင်းရဲသူများ ဖြစ်ကြတယ်။ သိန်း သန်းမက မလေးရှားငရဲ၊ ထိုင်းနိုင်ငံငရဲထဲမှာ ခေတ်သစ် ကျွန်ဘ၀ ရောက်နေကြတယ်။ ဒါဟာ နိုင်ငံတော်ကို နစ်နာစေတယ်။ ကြီးမားတဲ့စိန်ခေါ်သံတစ်ခုဟာ အတိဆင်းရဲဒုက္ခဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီး မြွက်ဆိုတဲ့ စကားမြတ်အရ မိသားစုစိတ်ဓါတ်ရှိဖို့ လိုလားချက်ဟာ ဆင်းရဲနုံချာ ခေါင်းပါးမှုကို တိုက်ခိုက်ကြရမယ်။ ဆင်းရဲနုံချာတာ ကိုအဆုံးသတ်ဖို့ ပထမဆုံးနှလုံးသားများရဲ့ ကြွယ်ဝမှုကို ဦးစားပေးကြရမယ်။ အဲဒီအတွက် အမြတ်ထုတ်ချင်တယ်။

အာဏာကိုလိုချင်တဲ့ လောဘစိတ်များရဲ့ သွေးထိုးမှုကို ကျော်လွှားနိုင်ရမယ်။ ရန်သူလို့အမြင်ရှိရင် ဒီပုဂ္ဂိုလ်ဟာငါ့ရဲ့ညီအစ်ကိုမောင်နှမများဖြစ်ကြတယ်။ တိုက်ချင်သတ်ချင်တဲ့စိတ်ကို လျှော့ပြီး လက်နက်ကို မကိုင်ပဲ ဆွေးနွေးတိုင်ပင်ကြဖို့တွေ့ ကြပါ။ အခွင့်လွတ်ကြပါ။ မိတ်သဟာယဖြစ်စေကြပါ။ ဒါမှ မြန်မာပြည် ကြီးတရားမျှတမှု ဆောက်တည်မယ်။ တစ်ဦးနှင့် တစ်ဦး တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မယ်။ ပြည်တော်ကြီး အတွက် မျှော်လင့်စရာဖြစ်မယ်။ ကိုးကွယ်ဘာသာတိုင်း၊ တိုင်းရင်း ပြည်သူပြည်သားတိုင်း၊ ညီအစ်ကို မောင်နှမတိုင်းကို နိုင်ငံတစ်ဝန်းလုံးမှာ အထူးပျော်ရွှင်သော နှစ်သစ်ဖြစ် ပါစေလို့ နှုတ်ခွန်း ဆက်သပါတယ်။ လက်တွဲကြပြီးရောင်စုံလှပတဲ့ သက်တန့်နိုင်ငံသစ်ကိုတည်ဆောက်ကြပါစို့။ ၂၀၁၄ခုနှစ်သည် ခေတ်သစ်ပိုမိုလွတ်လပ်သော နိုင်ငံသာမက မြန်မာတ၀ှမ်းမိသားစုစိတ်ဓါတ်နဲ့ လွှမ်းမိုး နိုင်ပါစေ။ မိသားစုစိတ်ဓါတ် ရှိမှသာ တည်ငြိမ်သော ငြိမ်းချမ်းခြင်းနဲ့ တိုးတက်ကြွယ်ဝခြင်းများ ဆွတ်ခူး နိုင်ပါတယ်။ ညီအစ်ကိုမောင်နှမတို့ မြန်မာနိုင်ငံ အသစ်ဖြစ်နိုင်ပါတယ်။ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ မြန်မာပြည်ကြီး တဖန် မွေးဖွားတော့မယ်။ ရောင်စုံမတူခြားနား ခြင်းနဲ့ ညီညွတ်ခြင်းကို အောင်ပွဲခံကျင်းပကြမယ်။ လွတ်လပ်တဲ့ မြန်မာပြည်ကြီး အမုန်းတရားနဲ့ ကင်းတဲ့ နိုင်ငံဖြစ်နိုင်ရမယ်။ လိုအပ်ချက်က မိမိကိုယ်ကျိုး အမြတ်ထုတ်မဲ့အစား ကိုယ့်ကိုယ်ကို အနစ်နာခံနိုင်ခြင်း၊ တစ်ပါးသူကို ဖိနှိပ် အနိုင်ကျင့်မဲ့အစား အစေခံ နိုင်ခြင်းများဖြစ်ပါတယ်။ တစ်ခြားတစ်ပါး လူပုဂ္ဂိုလ်ဖြစ်ဖြစ်၊ လူစုပဲဖြစ်ဖြစ်၊ နိုင်ငံပဲ ဖြစ်ဖြစ်အားလုံးကို ကိုယ့်မိသားစုလို့ မြင်နိုင်ကြရပါမယ်။ ခရစ်ယာန်ရဲ့စိတ်ဓါတ်ဟာ ဘေးကလူကို သူ့ရပိုင်ခွင့်နဲ့လူသား တစ်ဦးလို ချစ်ခင်တာထက် လူတိုင်းဟာ အသက်ရှင်သော ဘုရားရဲ့ပုံသဏ္ဍာန်တော်များ ဖြစ်ကြတယ်ဆိုတာလက်ခံနေခြင်း ဖြစ်တယ်။

ကျွန်ုပ်တို့ ဒီ၂၀၁၄နှစ်သစ်နဲ့အတူ မြန်မာပြည်ခေတ်သစ်ဆီ ဦးတည်တဲ့အခါ ရဟန်းမင်းကြီး သူတော်မြတ် ဖရန်စစ်နဲ့အတူတူ ပဲ့တင်ထပ်ကြေငြာချင်တာက ပဋိပက္ခကြောင့်၊ စစ်ဒဏ်ကြောင့် အတိဒုက္ခရောက်နေသူများ (I assure you of my personal closeness) သင်တို့အနားမှာရှိပါတယ်။ အသင်းတော်ရဲ့ လုပ်ငန်းစဉ် ဟာလည်း သခင် ယေဇူးချစ်ခြင်းအတိုင်းပါပဲ။ စစ်ကြောင့်အကွယ်အကာမရှိ ဒုက္ခသည်များအတွက် ငြိမ်းချမ်းခြင်း မေတ္တာ အနာအဆာဒဏ် ရာရသူများ၊ အစာငတ်နေသူများ၊စစ်ပြေးဒုက္ခသည်များ၊ နေရာအိုးအိမ်မဲ့နေရသူများ၊ ကြောက်ရွံ့စိတ် တထိတ်ထိတ်နေ ရသူများကိုကူညီအစေခံဖို့ အသင်းတော်အနေနဲ့ အဆင်သင့်ရှိပါတယ်။ အကြမ်းဖက်ဖို့သွေးထိုးနေသူများ လက်နက်ကိုင်ပြီး အသက်သေအောင်လုပ်နေသူများကို ကျွန်ုပ်အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်။

ဒီနေ့ သင်တို့နဲ့ အတူ ဆရာတော် ဆုတောင်းလိုတာက အိုအဖဘုရား- My Father - our Father - let my country awake တပည့်တော်ရဲ့ မြန်မာနိုင်ငံတော်ကြီးကို နိုးကြားစေတော်မူပါ။ အာမင်။

နှစ်သစ်၏ပထမဆုံးသောနေ့ ဘုရား၏မယ်တော်ပွဲနေ့ကြီး


ဖွားမြင်တော်မူသော သူငယ်တော်ယေဇူးသည် ဘုရားသဘာဝ၊ ဘုရားဇာတိဖြစ်သည်။ ထိုသူငယ်တော်ကို လူ့ပြည်လူ့ဘ၀၌မွေးဖွားသန့်စင်ပေးသူမူကား ကျွန်တော်တို့နည်းတူ လူသားသဘာဝ၊ လူ့ဇာတိဖြစ်သည်။ သို့ဖြစ်၍ ထိုဇာတိအရင်းမြစ်နှစ်ခုကွဲပြားပါလျက်နှင့် မယ်တော်သခင်မ မာရီယားအား ဘုရား၏မယ်တော်ပါဟု အသင်းတော်မှ ကြွေးကြော်သောအခါ တချို့သောသူများအတွက် အာမေဌိတ်ဖြစ်ရလေ၏။ တချို့အတွက်မူကား အသင်းတော်ပြောတာပဲ မှန်မှာပါဟု မျက်စိမှိတ်လက်ခံကြသည်။ တချို့မူကား လက်ခံသော်လည်း ဆက်လက်စဉ်းစားတွေးခေါ်လိုကြသည်။ တချို့အတွက်တော့ စဉ်းစားတွေးခေါ်ခြင်းနှင့် ယုံကြည်ခြင်းနှစ်ခုပေါင်းစပ်၍ လက်ခံခဲ့ကြသည်။ 

မယ်တော်သခင်မအား ဘုရား၏မယ်တော်ဟူ၍ ရှေးဦးအသင်းတော်မှစတင်ပြီး လက်ခံယုံကြည်ကာ အရိုသေပေးလာခဲ့ကြသည်မှာ ယနေ့ခေတ်အချိန်ထိပါပဲ။ သို့သော်လည်း တချို့ကတော့ အစွန်းရောက်တွေးခေါ်ကာ မဖြစ်နိုင်ဟုလက်ကိုင်ယုံကြည်ထားသူများလည်းရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေ ကျွန်တော်ယခုစဉ်းစားထောက်ရှု့မိသည့်အချက်ကား မယ်တော်သခင်မ၏ ကောင်းကင်နိုင်ငံရောက်ဆုလာဒ်နှင့် နောင်တချိန်ကျွန်တော်တို့တတွေကောင်းကင်နိုင်ငံရောက်သောအခါ ရရှိမည့်ဆုလာဒ်အတွက် မျှော်လင့်ခြင်းဆိုတာပါပဲ။ 


မယ်တော်သခင်မသည် လူသားဇာတိဖြစ်ပြီး လူသားစစ်စစ်ဖြစ်သော်လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကြောင့် ဘုရားဇာတိမှာပါဝင်ခွင့်ရခဲ့ပါပြီ။ တကယ်ဆိုလျှင် ဤအရာသည်ကျွန်တော်တို့၏ အနာဂတ်မျှော်လင့်ခြင်းမဟုတ်ပါလား။ ကျွန်တော်တို့အားလုံး ဘုရားသခင်၏သားသမီးများအဖြစ် ဘုရားဇာတိကိုရရှိရန် မျှော်လင့်ခြင်းပါပဲ။ မယ်တော်သခင်မသည် ဘုရားသခင်၏မိခင်ဖြစ်ရသလို ကျွန်တော်တို့တတွေသည်လည်း ခရစ်တော်၏ညီအစ်ကိုမောင်နှမများအဖြစ် ကောင်းကင်နိုင်ငံသို့ရောက်ရှိမည့်အကြောင်း မျှော်လင့်ချက်သည် ပို၍အသက်ဝင်လာသည်။ ဤရည်ရွယ်ချက်ကြောင့်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူခဲ့ခြင်းမဟုတ်ပါလော့။ ကျွန်တော်တို့ဘ၀မြင့်တက်ဖို့အတွက် ထိုနှုတ်ကပတ်တော်သည် နိမ့်ကျခြင်းကိုလက်ခံခဲ့သည်မဟုတ်ပါလော့။ 


ဒုတိယအချက်ထောက်ရှု့မိသည့်အချက်မှာ မယ်တော်သခင်မအဖို့ ဘုရား၏မယ်တော်ဖြစ်ရန် ခရစ်တော်ယေဇူးအပေါ်အတွင် ရာနှုန်းပြည့်မူတည်နေပါသည်။ ခရစ်တော်ယေဇူးသည် ဘုရားစစ်မှန်ပါလျှင် ထိုဘုရားကိုလောကသားတို့အတွက် မွေးဖွားပေးသူမာရီယားသည် ဘုရား၏မယ်တော်ဖြစ်သည်မဟုတ်ပါလော။ ခရစ်တော်ယေဇူးသည် ဘုရားစစ်စစ်မဟုတ်ခဲ့သော် ထိုနောက် မာရီယားသည်လည်း ဘုရား၏မယ်တော်ဖြစ်နိုင်မည်မဟုတ်တော့ဘဲ။ သို့သော်လည်း ကျွန်တော်တို့ယုံကြည်စွာ ကြွေးကြော်ကြသည်ကား ခရစ်တော်ယေဇူးသည် ဘုရားစစ်စစ်ဖြစ်၍ လူစင်စစ်စစ်လည်းဖြစ်တော်မူ၏။ ဓမ္မဟောင်းကျမ်း၏ပထမဆုံးသောကျမ်း၌ပင် မယ်တော်မာရီယားအား ဖော်ပြထားလေသည်။ ထို့ကြောင့် မယ်တော်မာရီယားသည် ထိုအချိန်အစဦးကပင် ဘုရားသခင်၏ကြိုတင်စီမံကိန်း၌ပါဝင်နေပြီးသားဖြစ်ကြောင်းသက်သေတည်၏။ ထိုနောက် ပရော်ဖက်တို့၏ဟောပြောချက်များတွင်လည်း သူမအကြောင်းများ ပါဝင်နေသလို ဓမ္မသစ်ကျမ်းတွင်လည်း သူမ၏အခန်းမှာ သားတော်နှင့်ရင်သားကျောသားမခွဲစတမ်းပင် ဖြစ်ပါသည်။ သို့သော်လည်း သူမသည် အကြောင်းအရာများကို စိတ်နှလုံးတွင် စဉ်းစားဆင်ခြင်လျက်နေတတ်လေသည်။ 


ဘုရား၏မယ်တော် - ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ။

ကိုရင် (ဒိုမီနီကန်)