Saturday, 14 December 2013

တတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့

သံမာတေဦး ၁၁း၂-၁၁

ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်အား ပြန်လည်သုံးသပ်ကြည့်လျှင် ယောဟန်ဗတ္တိဇံသည် ထောင်ထဲရောက်နေပြီး မိမိနှင့်ဆွေးမျိုးတော်စပ်ခွင့်ရသူ ယေဇူးသခင်ပြုတော်မူသော တန်ခိုးလက္ခာများကို ကြားရသည့်အခါ ယေဇူးသခင်သည် ဘုရားသခင်စေလွှတ်တော်မူသော ခရစ်တော်သခင်အမှန်ဟုတ်သည် မဟုတ်သည်ကို သံသယစိတ်ဝင်မိနေဟန် တူပါတယ်။ ထိုကြောင့် သူ၏တပည့်များဖြင့် စုံစမ်းမေးမြန်းစေခဲ့ပါတယ်။ ထိုကြောင့် ယေဇူးသခင်သည်လည်း သူသည် ခရစ်တော်ပင်ဖြစ်၍ သူ့၌စိတ်ပျက်ခြင်းမရှိသောသူသည် မင်္ဂလာရှိ၏ ဟုမိန့်ဆိုခဲ့ပါတယ်။ ထို့အပြင် ယေဇူးသခင်က တရားနာပရိတ်သပ်တို့အရှေ့မှာ ယောဟန်ဗတ္တိဇံ၏ကြီးမြတ်မှု့ကို ချီးကျူးပြီး ယောဟန်ဗတ္တိဇံဟာ ပရောဖက် Isaiah ဟောပြောခဲ့သည့် မက်စီးယားရှင်မလာမှီ လမ်းကိုပြင်ဆင်သူဖြစ်ကြောင့် ခိုင်မာစွာ အသိမှတ်ပြုခဲ့ပါတယ်။ သို့သော်လည်း ယေဇူးသခင်က ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူပင် ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးသောပရောဖက်ဆိုသူ ယောဟန်ဗတ္တိဇံထက် ကြီးမြတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေ ယခုဆိုလျှင် အာဝင်ဒူးလ်ဟူသော စောင့်မျှော်ခြင်းကာလ၏ တတိယမြောက် ရက်သတ္တပတ်ကိုရောက်ရှိလာနေပါပြီ။ ခရစ်တော်သခင်၏ ဒုတိယမြောက်ကြွလာခြင်းကို အဓိကထား၍ ယခုလိုအသင်းတော်မှနှစ်စဉ် ကြွလာတော်မူမည့်အချိန်ကာလကို ၎င်း၏၀တ်ပြုကိုးကွယ်ရာပြကထိန်မှာ ထည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို တရားထောက်ရှု့ကြဖို့၊ အလင်းတရားရကြဖို့ သတိပေးနေပါတယ်။ ထိုကြောင့် ယခုရက်သတ္တပတ်မှာ ကျွန်ုပ်တို့တတွေအနေဖြင့်ဲ မိမိယုံကြည်ခြင်းမှာ သံသယ၀င်နေသည့် ယုံကြည်ခြင်းကပ်ဆိုက်ချိန်မှာ တရားကိုလက်စွဲပြီး ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ ထောက်ရှု့သင့်ပါတယ်။ ထို့အပြင် မိမိတို့ခရစ်ယာန်ဘ၀အသက်တာမှာ ထုံးထိုင်းစွာမရှင်သန်ဘဲ ကယ်တင်ခြင်းလုပ်ငန်းမှာ ဘယ်လိုပါဝင်နိုင်မလဲ၊ သတင်းကောင်းကို ဘယ်လိုသက်သေခံနိုင်မလဲဆိုတာ စဉ်းစားသင့်ပါတယ်။ နောက် ထိုသတင်းကောင်းနှင့်အတူ ခရစ်တော်နောက်လိုက်လာသည့် ခရစ်တော်နောက်လိုက်များအပေါ် ဘယ်လိုစိတ်နှလုံးသား ဖွင့်ဟကြိုဆိုနိုင်မလဲ၊ အခြားသူတွေကို ကြိုဆိုလက်ခံဖို့အတွက်ကော မိမိနှလုံးသားများကို ဘယ်လိုဖွင့်ဟထားနိုင်မလဲ ဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

မိမိတို့ယုံကြည်ခြင်းကပ်ဆိုက်မှု့အား ကျော်လွှားနိုင်ဖို့အတွက် စဉ်းစားထောက်ရှု့စရာ အချက်လေးကို ဝေငှလိုပါတယ်။ ထိုအရာကတော့ ယေဇူးခရစ်တော်ပြုတော်မူသော အမှု့အရာတွေဟာ ကျွန်ုပ်တို့မျှော်လင့် ထင်မှတ်ထားတာနဲ့ ဆန့်ကျင်နေတတ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ်တော်ပြုတော်မူသော အမှု့အရာတွေဟာ ကျွန်ုပ်တို့မျှော်လင့် ထင်မှတ်ထားတာထက် ပိုပြီးကြီးမြတ်နေတာပါပဲ။ ယောဟန်ဗတ္တိဇံ မျှော်လင့်ထင်မှတ်ထားတာထက်ပင် ကြီးမြတ်ပါသေးတယ်။ တကယ်တော့ ယေဇူးခရစ်တော်ပြုသည့် အရာတွေက လောကီအရာဝတ္တုတွေကို မျက်လှည့်ဆန်ဆန်ပြောင်းလဲနေတာမဟုတ်ပါဘူး။ ဒီလောကီ အရာဝတ္ထုတွေကို အသွင်သာန်ပြောင်းနေခြင်းဖြစ်ပါတယ်။ (ဥပမာ- မိမိရန်သူ တစ်ဦး မောင်မိုက်ကို မိမိခင်မင်ပြီးသား မောင်ဖြူအဖြစ် ပြောင်းလိုက်တာမဟုတ်ဘဲ ထိုရန်သူ မောင်မိုက်ကိုပင် မိမိခင်မင်လာသည့် မောင်မိုက်အဖြစ်သာ ပြောင်းလဲခြင်းဖြစ်ပါတယ်။) ကျွန်ုပ်တို့တတွေအား ယခင်မိုးဇယ်ပညတ်လို ဘောင်နဲ့မနေစေဘဲ ကိုယ်ပိုင်လွတ်လပ်သည့်စိတ်ဖြင့် သူ၏ပညတ်အသစ်ဖြင့် နေစေခြင်း ဖြစ်ပါတယ်။

ထို့အတူ မိမိတို့ခရစ်ယာန်ဘ၀အသက်တာမှာ ထုံးထိုင်းစွာမရှင်သန်ဘဲ ကယ်တင်ခြင်းလုပ်ငန်းမှာ ဘယ်လိုပါဝင်နိုင်မလဲ၊ သတင်းကောင်းကို ဘယ်လိုသက်သေခံနိုင်မလဲဆိုတာ စဉ်းစားဖို့ အချက်အချို့ကို ဝေငှလိုပါသေးတယ်။ တချို့က ခရစ်တော်ကိုယုံကြည်ပြီး ဆေးကြောခြင်းခံလိုက်လျှင် ကယ်တင်ခြင်းရပြီလို့ ထင်မှတ်ပြီး ခရစ်ယာန်ဘ၀အသက်တာနဲ့လွဲမှားစွာ နေထိုက်သက်သေခံနေကြပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ယုံကြည်ခြင်းဟာ စစ်မှန်သန့်ရှင်းမယ်ဆိုလျှင် ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ ခရစ်တော်၏ လမ်းစဉ်အတိုင်း ခရစ်ယာန်ပီသစွာနေထိုင်နေကြမှာပါ။ ထိုကြောင့် ကျွန်ုပ်တို့အတွက် စဉ်းစားစရာပါပဲ။ ခရစ်ယာန်ဘ၀အသက်တာဆိုတာ ခရစ်တော်ကိုစစ်မှန်စွာ ယုံကြည်လက်ခံပြီးမှ ခရစ်တော်ပြောင်းလဲပေးသည့် အဆင်းသာန်၊ အသွင်သာန်ဖြင့် ဘ၀သစ်မှာနေထိုက် အသက်ရှင်ခြင်းပါ။ ကျွန်ုပ်တို့တတွေ အသွင်သာန်ပြောင်းလဲသည့်အထိ ယုံကြည်လက်ခံနေပြီလား။

ထိုနောက် ခရစ်တော်နောက်လိုက်များအပေါ် ဘယ်လိုစိတ်နှလုံးသား ဖွင့်ဟကြိုဆိုနိုင်မလဲ၊ အခြားသူတွေကို ကြိုဆိုလက်ခံဖို့အတွက်ကော မိမိနှလုံးသားများကို ဘယ်လိုဖွင့်ဟထားနိုင်မလဲ ဆိုတာ သေချာစဉ်းစားဖို့လည်း အချက်လက်အချို့ကိုလည်း ဝေငှလိုပါတယ်။ ကျွန်ုပ်တို့သဘာဝလို့ဆိုမလား - တခါတလေ ကိုယ့်အသိုင်းဝိုင်းမှာ ကျေနပ်ပျော်နေပြီဆိုလျှင် လူစိမ်းအ၀င်မခံချင်ကြဘူး။ ၀င်လာလျှင်လည်း ကြိုဆိုစိတ်မရှိတတ်ကြဘူး။ ဒါဟာ ခရစ်ယာန်စိတ်ဓါတ်နဲ့ လုံးဝဆန့်ကျင်နေတာ သတိထားစေချင်ပါတယ်။ လူသားအားလုံးကယ်တင်ခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ထံက အုတ်တချပ်သဲတပွင့် ပါဝင်စေချင်တာ ဘုရားသခင်၏ဆန္ဒပါပဲ။ ဒါမှ ဘုရား၏အဆင်းသာန်၊ ပုံသာန်နှင့် တူသည့် ဘုရား၏သားသမီးများ ကမ္ဘာဖြစ်လာမှာဖြစ်ပါတယ်။ တကယ်တော့ အဓိကသော့ခ်ချက်ပါပဲ။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် ယခုတတိယမြောက်အာဝင်ဒူးလ်ကာလအတွက် ဤအချက်သုံးချက်ကို စဉ်းစားထောက်ရှု့ရင်း စစ်မှန်သည့်ခရစ်ယာန်ပီပီ ခရစ်တော်အားသက်သေခံနေထိုင်သွားကြပါစို့။ ကောင်းကင်နိုင်ငံတော်သည် ရောက်ပါစေသေိာ။ အာမင်။


ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment