Monday, 19 November 2018

အသင်းတော်အတွင်း ၀ိညာဉ်ရေး သြဇာတိက္ကမ ကြီးမားတဲ့အသင်းဂိုဏ်းကြီး ၅ ဂိုဏ်း

ဘက်နက်ဒင်းအသင်းဂိုဏ်း။ 
အသင်းဂိုဏ်းတည်ထောင်သူမှာ စိန်ဘက်နက်ဒစ်ဖြစ်သည်။
၎င်းရဲ့ဆောင်ပုဒ်မှာ - ဆုတောင်းခြင်းနှင့် အလုပ် လို့အဓိပ္ပာယ်ရတဲ့ "Ora et labora" ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့Monastic လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းနေ အမျိုးအစားဖြစ်ပါတယ်။ ကျောင်းတွင်းနေဘုန်းကြီးများပေါ့ဗျာ။ သူတို့ရဲ့ သင်္ကန်းဝတ်ရုံတွေက အနက်ရောင်ဖြစ်လို့ ဘုန်းကြီးနက်များလို့ပင် ခေါ်ဆိုကြပါတယ်။ သို့သော်လည်း အချို့ဘက်နက်ဒင်းဘုန်းကြီး အဖွဲ့အစည်းများက အဖြူရောင်ဝတ်ပါတယ်။
ဘက်နက်ဒင်းအသင်းဂိုဏ်းရဲ့ ၀ိညာဉ်ရေးကတော့ အဓိကအားဖြင့် ဆုတောင်းခြင်းနှင့်အလုပ်ပါပဲ။ ဘုန်းတော်ကြီးကျောင်းအတွင်းမှာ ဆုတောင်းခြင်းများပြုလုပ်နေကြသလို နေ့စဉ်အလုပ်များလည်း လုပ်ကြပါတယ်။ သူတို့ဘ၀သက်တာမှာတော့ သမ္မာကျမ်းစာနှင့် ဆုတောင်းမေတ္တာစာအုပ် (Divine Office) ဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုကဲ့သို့ အရေးကြီးလှပါတယ်။ တချိန်တည်းမှာပဲ ဘုန်းတော်ကြီးကျောင်းအတွင်း အတူတကွနေထိုင်ကြတာမို့ ဘုန်းတော်ကြီးများအကြား ညီအစ်ကိုစိတ်ဓါတ်နှင့်အတူ အဖွဲ့အစည်းနှင့်နေထိုင်တဲ့အသက်တာကိုလည်း ကျင့်ကြံရပါတယ်။ ဒီနောက် နာခံခြင်းကလည်း ပါရမီတစ်ခုပါ။စိန်ဘက်နက်ဒစ်အပြင် အသင်းတော်အတွင်း လူသိများတဲ့ ရဟန္တာများမှာ စိန်ဘက်နက်ဒစ်ရဲ့ညီမ သံတာစကော်လစ္စကာနှင့် ကြီးမြတ်သော စိန်ဂရေဂေါ်ရီတို့ပါ။
စိန်ဘက်နက်ဒစ် - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။


ဖရန်စစ္စကန်အသင်းဂိုဏ်းများ။
ဖရန်စစ္စကန်အသင်းဂိုဏ်းမှာ အဓိက ဂိုဏ်းကွဲသုံးခုရှိပါတယ်။ မိုင်နာဖရိုင်ရာများ၊ ကွန်ဗန့်တုရယ်ရဟန်းများနှင် ကာပူချီနိုရဟန်းတို့ပါ။ 
အသင်းဂိုဏ်းအား အဓိကတည်ထောင်ခဲ့သူမှာ အာစီစီမြို့မှ စိန်ဖရန်စစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ အဓိက ဆောင်ပုဒ်ကတော့ ငြိမ်းချမ်းခြင်းနှင့် ကောင်းမြတ်ခြင်းပင်ဖြစ်ပါတယ်။ 
ဖရန်စစ္စကန်ဝိညာဉ်ရေးကတော့ ဧ၀ံဂေလိတရားတော်အတိုင်း နေထိုင်ခြင်း၊ ခရစ်တော်နောက်သို့ လိုက်ခြင်း၊ ဆင်းရဲခြင်းနှင့် ညီအစ်ကိုစိတ်ထားခြင်းပါပဲ။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ဖရန်စစ္စကန်ရဟန္တာများမှာ စိန်အန်ထော်နီ၊ စိန်ဘောနဲဘမ်ချား၊ သံတာကလဲလ်၊ ပါထရေပီအိုနှင့် စိန်မာစီမီလီယံတို့ဖြစ်ပါတယ်။
စိန်ဖရန်စစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။


ဒိုမီနီကန်အသင်းဂိုဏ်း။

အသင်းဂိုဏ်းတည်ထောင်သူဟာ အသင်းတော်အတွင်း စိတ်ပုတီးစိတ်နည်းစတင်ပေးခဲ့သူ စိန်ဒေါမီနစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ ဆောင်ပုဒ်ကိုတော့ ဘုရားသခင်အားချီးမွမ်းရန်၊ ကောင်းကြီးသြဘာပေးရန်နှင့် တရားဟောခြင်းပါ။ အသင်းဂိုဏ်းရဲ့ တရားဝင်အမည်မှာကိုက - တရားဟောသူများအသင်းဂိုဏ်းလို့ အဓိပ္ပာယ်ရတဲ့ Order of Preachers ဖြစ်ပါတယ်။ အသင်းဂိုဏ်းအမျိုးအစားကတော့ နေ့စဉ်ဆွမ်းခံစားတဲ့ Mendicant ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ၁၂၄၇ ခုနှစ်တွင်ပြုလုပ်တဲ့ အသင်းတော်ကြီးညီလာခံမှာ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၁၀)က ဘာသာဝင်တွေအပေါ်ဝန်မပိစေရန်အတွက် ဆွမ်းခံခြင်းကို ဖြတ်သိမ်းပေးခဲ့ပါတယ်။
ဒိုမီကန်များရဲ့သင်္ကန်းကတော့ အဖြူရောင်ဖြစ်ပြီး အနက်ရောင် ၀တ်ရုံအပေါ်မှာ ခြုံပါတယ်။ အဲဒီနောက် ခါးမှာ ခါးပတ်နှင့်အတူ စိတ်ပုတီးချိတ်ဆွဲထားပါတယ်။ စကာပူလာလည်းပါတယ်။ ခေါင်းစွပ် Hood လည်း ပါပါတယ်။ 


ဒိုမီနီကန်ဝိညာဉ်ရေးကတော့ ဆုတောင်းခြင်း၊ စာပေလေ့လာခြင်း၊ တရားဟောခြင်းနှင့် အဖွဲ့အစည်းလိုက်နေထိုင်ခြင်းပါပဲ။
စိန်ဒေါမီနစ်နှင့်အတူ အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်ကြီးများကတော့ စိန်သောမတ်စ်အကွိုက်နက်စ်၊ စိန်ကက်သရင်းနှင့် ကြီးမြတ်သော စိန်အဲလ်ဘတ်။
စိန်ဒေါမီနစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

ဂျေးဇူးရစ်အသင်းဂိုဏ်း။

အသင်းဂိုဏ်းတည်ထောင်သူဟာ စိန်အစ်ညှားစီအု့စ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ဆောင်ပုဒ်ဟာ လုပ်သမျှ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ပို၍ကြီးမြတ်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ For the greater glory of God ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ ဘာသာရေးအသင်းဂိုဏ်းတစ်ခုပါ။ ထို့အပြင် အသင်းဂိုဏ်းမှာတော့ သီးသန့်သင်္ကန်းရယ်လို့မရှိဘဲ ဒေသခံဘုန်းကြီးတွေနဲ့တန်းတူ ယှဉ်ပြီး လိုက်လျောညီထွေစွာဝတ်ဆင်တတ်ကြပါတယ်။
ဂျေးဇူးရစ်ဝိညာဉ်ရေးကတော့ ၀ိညာဉ်ရေးလေ့ကျင့်မှု့တွေပေါ်မှာ မူတည်နေပြီး အစ်ညှေးစီယမ်းဝိညာဉ်ရေးလို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကတော့ - အရာရာထဲမှာ ဘုရားသခင်ကို ရှာဖွေခြင်း၊ ခရစ်တော်ကိုချစ်ခြင်း၊ အရေးကြီးတဲ့ အမှု့ဆောင်များပေးခြင်း၊ ၀ိညာဉ်ရေးစမ်းစစ်ဖို့နှင့် ပညာရေးတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ရဟန္တာများကတော့ စိန်ဖရန်စစ်ဇေးဗီးယားနှင့် စိန်အလော်ရှိုက်တို့ဖြစ်ပါတယ်။
စိန်အစ်ညှားစီးအု့စ်။-ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

စလေးရှင်းအသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူကတော့ ဂျွန်ဘောစ္စကိုဖြစ်ပြီး အသင်းဂိုဏ်းရဲ့တရားဝင်အမည်မှာ စိန်ဖရန်စစ်ဒေဆားလပ်ရဲ့အဖွဲ့အစည်းပါ။ စလေးရှင်းတို့ရဲ့ ဆောင်ပုဒ်ကတော့ - ၀ိညာဉ်များကို အကျွန်ုပ်အားပေးပြီး ကျန်တာတွေကို ယူဆောင်ပါလို့ အဓိပ္ပာယ်ရတဲ့ Give me souls, take away the rest ပါ။ 
အသင်းဂိုဏ်းအမျိုးအစားကတော့ ဘုန်းကြီးအသင်းဂိုဏ်းတစ်မျိုးဖြစ်ပြီး သင်္ကန်းအမျိုးအစားလည်း သီးသန့်မရှိဘဲ သင့်လျော်တာကို လိုက်လျော်ညီထွေစွာ ၀တ်ဆင်ကြပါတယ်။
ဆလေးရှင်းဝိညာဉ်ရေးကတော့ သိုးထိန်းဆိုင်ရာမေတ္တာတရား၊ ပျော်ရွှင်ခြင်းနှင့်အကောင်းမြင်ဝါဒ၊ အလုပ်နှင့် ခြိုးခြံကျင့်ကြံခြင်း၊ လူငယ်များကို သိုးထိန်းဆိုင်ရာဂရုစိုက်ပျိုးထောင်ပေးခြင်းနှင့် ခရစ်တော်မှာ အမြစ်တွယ်ပြီး မယ်တော်သခင်မရဲ့လက်ထဲမှာ ဘ၀သက်တာကို ဆက်ကပ်နေထိုင်ခြင်းတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်များမှာ စိန်ဒေါမီနစ်ဆာဗီယို နှင့် စိန်မေရီမာဇာရက်လိုတို့ဖြစ်ကြပါတယ်။
စိန်ဂျွန်ဘောစကို။ - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

Thursday, 15 November 2018

ရဟန်းဝတ်ကော်လံ (သို့) ရိုမန်ကော်လံ

မေး။ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးက ဘာလဲမသိလို့ ရှင်းပြပေးပါ။ ဘယ်အချိန်က စတင်ဝတ်ဆင်လေ့ရှိကြတယ်ဆိုတဲ့ သမိုင်းလည်း သိပါရစေ။
ဖြေ။ ဟုတ်ကဲ့။ ကက်သလစ်ဘုန်းတော်ကြီးများရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးကို ရဟန်းဝတ်ကော်လံ (Clerical Collar) ဒါမှမဟုတ် ရိုမန်ကော်လံ (Roman Collar)လို့ ခေါ်ပါတယ်။ ကက်သလစ်အသင်းတော်ထဲမှာ ရှေးခေတ်ကာလမှစပြီး ယနေ့ခေတ်ထိအောင် ရဟန်းအမျိုးစားများနှင့် ၎င်းတို့၏သင်္ကန်းဝတ်ရုံများလည်း တိုးတက်ပြောင်းလာခဲ့တာတွေ ရှိပါတယ်။ အဲဒီတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အခုလို ၀တ်စားဆင်ယင်မှုလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။ သင်္ကန်းဝတ်ရုံရှည်တွေကိုလည်း ၀တ်ဆင်ကြသလို၊ အခုလို လူတွေကြားမှာ သွားလာလှုပ်ရှားတဲ့အခါ ရဟန်းဂုဏ်လက္ခဏာ (identity) မပျောက်အောင် ၀တ်ဆင်ကြပါတယ်။ လူ့ဘောင်လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းထဲကျင်လည်ပြီး သာသနာပြုလုပ်ငန်းများ၊ ပညာရေး၊ လူမှုရေး၊ ပရဟိတအရေးတို့နှင့် အခြားလူမှုကောင်းကျိုးအဖြာဖြာတို့မှာ ကိုယ်တိုင်ရှေ့ဆုံးမှပါဝင်ကာ တက်တက်ကြွကြွ ဆက်ကပ်လှုပ်ရှားသူတွေဖြစ်တာမို့ ကက်သလစ်ဘုန်းတော်ကြီးများအတွက် သင်္ကန်းရှည်ကြီးတွေ ခြုံရုံဝတ်ဆင်လို့ အဆင်မပြေပါဘူး။ နောက်ပြီး ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ - secularization world အတွက်လည်း ပရော်ဖက်ရှင်နယ်ကျပြီး စမတ်ကျတဲ့ပုံစံတွေသာ လူရာဝင်လာတာမို့ ခေတ်နှင့်လိုက်ရောညီထွေမှုရှိပြီး ရဟန်းတို့ရဲ့ identity ဂုဏ်လက္ခဏာလည်း မပျောက်အောင် နည်းလမ်းရှာရပါတယ်။ အဲဒီမှာပဲ လူ့အသိုင်းဝိုင်း၊ လူ့ပတ်ဝန်းကျင်မှာ ရဟန်းဆိုတဲ့ဂုဏ်လက္ခဏာ identity မပျက်စေတဲ့ ဒီလိုဝတ်စုံကို စတင်ဝတ်ဆင်လာခဲ့ကြတာပါပဲ။ ယနေ့ပုံစံတိုင်းဝတ်ဆင်နေကြတာဟာ ၂၀ ရာစုကမှ စတင်လာခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ခေတ် ရိုမန်ကော်လံရဲ့ သမိုင်းကတော့ ၁၇ ရာစုလောက်ကတည်းက ပြင်သစ်ဒီဇိုင်းပုံစံနဲ့ စတင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ (အချို့ကလည်း ဒီလိုကော်လံဒီဇိုင်းဟာ ၁၅ ရာစုကတည်း စတင်နေခဲ့ပြီလို့ ဆိုကြပါတယ်။)
၁၉၉၁ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါက ဒီနေ့ခေတ်ကာလမှာ ရဟန်းတစ်ပါးရဲ့ identityဟာ ရှင်းရှင်းလင်းလင်းရှိနေဖို့ လိုတဲ့အတွက်ကြောင့် ဒီရိုမန်ကော်လံဒီဇိုင်းဟာ အသင့်တော်ဆုံးဆိုပြီး ကက်သလစ်ဘုန်းကြီးတိုင်းဝတ်ဖို့ စာချွန်တော်နဲ့တကွ တိုက်တွန်းခဲ့ပါတယ်။ အရှင်သူမြတ်ကြီးရဲ့ စာချွန်တော်ထဲမှာ ဒီလိုရိုမန်ကော်လံကို ၀တ်ဆင်သင့်တဲ့ ရည်ရွယ်ချက် (၂၃)ချက်ကို ထည့်သွင်းထားပါတယ်။ ရဟန်းဆိုတာ ဘုရားသခင်ထံ ဆက်ကပ်ထားတဲ့ တသီးတခြားပုဂ္ဂိုလ်တွေဖြစ်ကြောင်း ဒီကော်လံဝတ်ဆင်ခြင်းအားဖြင့် မြင်သာစေတဲ့ အမှတ်သားတစ်ခုပါပဲ။ ဒီလိုဝတ်ဆင်ခြင်းအားဖြင့် တခြားဒီဇိုင်းမျိုးစုံတဲ့ အ၀တ်စားတွေမှာ စိတ်မရောက်စေဘဲ ဆင်းရဲခြင်းကို ကျင့်ကြံရာလည်း ရောက်ပါတယ်။ ဒါ့အပြင် အသင်းတော်ရဲ့ဥပဒေမှာလည်း ရဟန်းဝတ်ရုံသင်္ကန်းကို ၀တ်ဆင်ဖို့ ဥပဒေရှိနေတာမို့ ဒီရိုမန်ကော်လံကို ၀တ်ဆင်သင့်ပါတယ်။ လူ့ဘုံအလည်မှာ သွားလာလှုပ်ရှားနေတဲ့အခါမှာလည်း ဒီရိုမန်ကော်လံဝတ်ဆင်ထားခြင်းအားဖြင့် ရဟန်းဆိုတာကို လူတွေက သိကြပါလိမ့်မယ်။ ဒါမှ ရဟန်းတစ်ပါးရဲ့ ရည်ရွယ်ချက်တွေကိုလည်း တန်းမြင်မိကြမှာဖြစ်ပါတယ်။ ... စသဖြင့် မိန့်ဆိုထားတာကိုတွေ့ရပါတယ်။
ဒီရိုမန်ကော်လံဝတ်ဆင်ခြင်းကို အသင်းဂိုဏ်းကွဲပါစတာတွေက ထွင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ဒီနေ့ခေတ်ဒီဇိုင်းကော်လံအတွက်တော့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းဂိုဏ်းကွဲပါစတာတွေဟာ ဘုန်းတော်ကြီးတွေမဟုတ်တဲ့အတွက် အဲဒီအချိန်အခါကတည်းက မိမိတို့ကိုယ်ကို သာမန်ယုံကြည်သူတွေနဲ့ မတူတဲ့ identity ပြတဲ့နည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကော်လံမျိုးကို ၀တ်ဆင်လာခဲ့တာတော့ ၁၅ ရာစုကတည်းကမို့ တကယ့်မူလတည်ထွင်သူတွေကတော့ အသင်းဂိုဏ်းကွဲတွေမပေါ်ခင်က အသင်းတော်ကြီးပါပဲ။ ဒီနေ့ ဒီလိုရဟန်းဝတ်ကော်လံမျိုးကို ကက်သလစ်အသင်းတော်ကြီးအပါအ၀င် အခြားအသင်းဂိုဏ်းကွဲများလည်း အသုံးပြုကြပါတယ်။ သို့သော်လည်း ရိုမန်ကော်လံကိုတော့ ကက်သလစ်ရဟန်းများသာ ၀တ်ဆင်ကြပါတယ်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

ရဟန္တာသူတော်စင်အပေါင်းပွဲနေ့ကြီး


နိုဝင်ဘာ ၁ရက်နေ့။
Άγιοι που δε θα γιορταστούν γιατί δε θα τους βρουν ημέρα που ταιριάζει. 
ဂရိလိုရေးထားတဲ့ စာကြောင်းရဲ့အဓိပ္ပာယ်ကတော့ "သင့်တော်တဲ့ရက်ရှာမတွေ့၍ ပွဲတော်မကျင်းပပေးဖြစ်သော ရဟန္တာသူတော်စင်များအားလုံး" လို့ဆိုပါတယ်။ ဒီစာကြောင်းလေးဟာ ရဟန္တာသူတော်စင်များအားလုံးရဲ့ ပွဲနေ့ကြီးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်လေးကို ပေါ်လွင်စေပါတယ်။
အသင်းတော်၏ယုံကြည်ရာချက်မှာ အသင်းတော်တစ်ခုတည်းရှိပြီး အသင်းတော်ကြီးရဲ့ဦးခေါင်းဟာ ယေဇူးခရစ်တော်ဘုရားကိုယ်တော်တိုင်ဖြစ်ပြီး များစွာသော ခန္တာအစိတ်အပိုင်းများရှိပါတယ်။ ဒီ တစ်ခုတည်းသောအသင်းတော်ထဲမှာပင် နယ်ပယ် (State)သုံးခုနဲ့ နားလည်နိုင်ပါလိမ့်မယ်။ ပထမနယ်ပယ်ကတော့ ကောင်းကင်နိုင်ငံအသင်းတော်ကြီး၊ ဒုတိယနယ်ပယ်ကတော့ ကျနော်တို့ကမ္ဘာပေါ်အသင်းတော်နဲ့ တတိယနယ်ပယ်ကတော့ အောက်နက်ရာအရပ်မှ အသင်းတော်ဖြစ်ကြပါတယ်။ ဒီအချက်ဟာ ယုံကြည်ရာအချုပ်ထဲတွင်လည်း ပါဝင်ပါတယ်။ ယေဇူးခရစ်တော်ဟာ ကျနော်တို့အားလုံးကို ကယ်တင်ဖို့အတွက် ဖွားမြင်ခြင်းကိုခံယူတော်ပြီး အသေခံတော်မူရာမှ အောက်နက်ရာအရပ်သို့ ဆင်းကြွတော်မူပါတယ်။-ထိုနောက် သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တော်မူပြီး ကောင်းကင်ဘုံသို့ တက်ကြွတော်မူတယ်လို့ ယုံကြည်ရာချက်မှာ အသင်းတော်နှင့်အတူ ကျနော်တို့ ၀န်ခံကြပါတယ်။
ကောင်းကင်နိုင်ငံအသင်းတော်ကြီးဟာ လောကစုံစမ်းနှောက်ယှက်မှုတွေနဲ့ အခက်ခဲတွေကို အောင်မြင်ပြီးတဲ့ ရဟန္တာသူတော်စင်များရှိရာ နေရာပဲဖြစ်ပါတယ်။ ဘုရားသခင်ကိုယ်တိုင် စံပယ်ပြီး ဘုရားသခင်ရဲ့ ရွှေမျက်နှာတော်ကို ဖူးခွင့်ရပြီးသူများရဲ့ အရပ်ပဲဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ခရစ်ယာန်တွေအားလုံး မျှော်လင့်တောင်းတနေကြတဲ့ ထာဝရဆုလာဒ်ကြီးပဲမဟုတ်ပါလား။
ဒီလို ကောင်းကင်နိုင်ငံတော်မှာ ဘုရားသခင်ရဲ့ရွှေမျက်နှာတော်ကို ဖူးမျှော်ခွင့်ရနေကြပြီးဖြစ်တဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ရဟန္တာသူတော်စင်များအဖြစ် ကမ္ဘာပေါ်အသင်းတော်ကြီးက ကြေငြာပေးပါတယ်။ ဒါမှ ကမ္ဘာပေါ်အသင်းတော်တွင် ရှိနေကြတဲ့ ကျနော်တို့ လူသားတွေဟာ အဲဒီရဟန္တာသူတော်စင်များကို အတုယူကျင့်ကြံပြီး ခရစ်တော်နောက်ကို ဆက်လက်လျှောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်။ အသင်းတော်ကြီးအတွင် ရဟန္တာသူတော်စင်များစွာကို ကြေငြာပြီးဖြစ်ပေမယ့် လူမသိ၊သူမသိနဲ့ ခရစ်တော်နောက်လိုက်ရင်း ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့တဲ့ သူတော်စင်များစွာလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ကို လူသိ၊ လူမသိ အားလုံးသောရဟန္တာ သူတော်စင်များအား အောက်မေ့သတိရ ကျင်းပကြပါတယ်။
ပထမသံယောဟန်ကျမ်းမှာမိန့်ဆိုခဲ့သလိုပဲ ကျနော်တို့အားလုံးဟာ ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏သားသမီးများအဖြစ်သို့ ခေါ်တော်မူခြင်းခံရပြီး အားလုံးဟာ ရဟန္တာသူတော်စင်များအဖြစ်သို့ လမ်းဖွင့်ဖိတ်ခေါ်ကြိုဆိုခံနေရတာကို သတိရစေချင်ပါတယ်။ ဘာကိုသတိရမိသလဲဆိုတော့ ...ရှေးဦးကာလ ခရစ်တော်နောက်လိုက်များကို ခရစ်ယာန်များလို့ အခေါ်မခံရခင်ကာလမှာတုန်းက သူတို့ကို ဂရိဘာသာစကားနဲ့ Οἱ Ἁγιοι ဆိုပြီး သန့်ရှင်းသောသူတော်စင်များလို့ ခေါ်ဆိုကြပါတယ်။ အဲဒီဝေါ်ဟာရကနေတဆင့် ကျနော်တို့ဘိုးဘွားတွေကို ဘာကြောင့် အဲဒီလိုခေါ်ဆိုခဲ့ကြသလဲဆိုတာကို မြင်မှန်းဆနိုင်ပါတယ်။
ရဟန္တာသူတော်စင်ပေါင်းပွဲနေ့ကြီးကို အေဒီ ၃၇၃ ခုနှစ်မှာ ကျင်းပနေကြပြီးဖြစ်ကြောင်း အစောဆုံးသက်သေခံချက်အဖြစ် စိန်အက်ဖရင်စီးရီးယမ်း၏ သြ၀ါဒမှာတွေ့ရှိနိုင်ပါတယ်။
ကျနော်တို့တတွေလည်း ရဟန္တာသူတော်စင်များအဖြစ်သို့ အခေါ်ခံထားရတာကို မမေ့ကြဖို့၊ ဘုရားသခင်ရဲ့သားသမီးများအဖြစ် ထိုက်ထိုက်တန်တန် ရှင်သန်သက်သေခံကြဖို့ ဒီနေ့ပွဲတော်အားဖြင့် ပြန်လည်သတိယူ ခွန်အားယူကြပါစို့။
ကောင်းကင်အရပ်ရှိ ရဟန္တာသူတော်စင်အပေါင်းတို့- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com

တရားဟောသူတော်စင်များ (ခ) ဒိုမီနီကန်များ

သံမာတေဦး ၂၈း၁၉-၂၀ မှာ ခရစ်တော်က «သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များ ဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌ သူတို့ကို ဆေးကြောကြလော့။ -သင်တို့အား ငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှာ သူတို့ကို သွန်သင်ကြလော့» ဟုမိန့်ဆိုခဲ့လေ၏။
တမန်တော်ကြီးများသည်လည်း မိန့်ဆိုသည့်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။ သူတို့တတွေဟာ အရှေ့အနောက် တောင်မြောက် အဘက်ဘက်သို့ လမ်းစဖွင့်ကာ သူတို့ကြားသိ ကြုံတွေ့ခဲ့ရသော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားတို့အား အသက်သစ်ပေးသော သတင်းကောင်းကို ကမ္ဘာ တ၀ှမ်းလုံးမှာ ဟောပြောခဲ့ကြသည်။ နှုတ်တော်ထွက်တရားတော်ကို ဟောပြောခြင်းသည် သူတို့၏တာဝန်ဝတ္တရားနှင့် ရည်မှန်းချက် ဖြစ်သည့်အတိုင်း သူတို့ဟောပြောခဲ့ကြသည်။ ထို့နောက် အခြားသူများကိုလည်း ခရစ်တော်၏ နာမတော်မြတ်၌ သူတို့ကဲ့သို့ လုပ်ဆောင်ကြရန် လှုံ့ဆော် တာဝန်ခွဲ ပေးအပ်ခဲ့ကြသည်။ ဒါ့ကြောင့် နှစ်တွေ ကြာလာသည်နှင့်အမျှ၊ ရာစုတွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာပြီးသောအခါ နှုတ်တော်ထွက်တရားတော်သည် ကမ္ဘာတဝှမ်းလုံး၌ ပဲ့တင်ထပ်လာခဲ့ပေတော့သည်။ ခရစ်တော်၏တပည့်များသည်လည်း တိုးပွားလာကာ ကမ္ဘာ့လူဦးရေ အများဆုံးမှာ ခရစ်ယာန်များပင် ဖြစ်လာပေတော့သည်။ ဥရောပတိုက်တစ်ခုလုံးကိုမူ ခရစ်ယာန်များဒေသ (Christian Land) ဟုပင် လူသိများလာခဲ့သည်။
သို့သော်လည်း နှုတ်တော်ထွက်တရားတော်ကို ဟောပြောခြင်းသည် တစ်ကြိမ်တစ်ခါတည်းနှင့် လုပ်ဆောင်ပြီးစီးသည့် အရာမဟုတ်ပေ။ ဤအတိုင်းသာဆိုရလျှင် ယုံကြည်ခြင်းကို လက်ခံရုံမျှနှင့် ရင့်ကျက်ပြီ၊ တစ်သက်စာပြီးပြီဟု ဆိုရလိမ့်မည်။ သို့သ်ာလည်း ဤသို့မဟုတ်ပေ။ ယုံကြည်ခြင်းသည် ဝိညာဉ်၏အသက်ဆိုသည်ထက် ခန္တာ၏အသက်နှင့်ပိုတူသည်ဟု ဆိုရလိမ့်မည်။ ၎င်းသည် ဒီရေကဲ့သို့အတက်အကျတို့ရှိပြီး အတားအဆီးများ၊ အန္တရာယ်များလည်း ၎င်းကို ဝိုင်းရံနေကြသည်။ ထို့ကြောင့် အမြဲတမ်းခွန်အားယူလျက်၊ အမြဲတမ်းပြန်လည်သုံးသပ်ကာ ပျောက်ဆုံးလျှင်ပင် ပြန်တွေ့အောင် ကြိုးစားရပေလိမ့်မည်။
ယုံကြည်ခြင်းလမ်း၌ လျှောက်လှမ်းရာတွင် နေ့စဉ်ပုံမှန်ကြုံတွေ့နေရသော သာမန်အတားအဆီးများ- ဥပမာ-အပြစ်၌ယိမ်းယိုင်ခြင်း၊ အနှောက်ယှက်များ၊ အပြစ်ပြုမိရန် အခွင့်အခါများနှင့် ဖောက်ပြန်ပျက်စီးတတ်သော လူ့သဘောသဘာဝမှ အလားတူအခြအနေများအပြင် တစ်ခါတစ်ရံ ဘုရားသခင်၏လူမျိုးများ၌ရှိသော ယုံကြည်ခြင်းသည် ပြင်ပဖိအားများဖြင့် တိုက်ခိုက်ခံနေရတတ်သည်။ ဤကဲ့သို့သော အကြောင်းတရားများကြောင့် ခရစ်ယာန် အသက်တာအပေါ် နာလည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်းတို့မှာ ရှုပ်ထွေးစေပြီး အသင်းတော်၏ ဘဝအသက်တာကိုလည်း တဖြည်းဖြည်းထိခိုက်စေသည်။
ယုံကြည်ခြင်း၏အဓိက ရန်သူမှာ အယူဝါဒလွဲမှားသည့်ဝါဒီ(heresy) ပင် ဖြစ်သည်။ ဆိုလိုသည်မှာ-အသင်းတော်၏ မူရင်းယုံကြည်ချက်ဝါဒီမှ ဆန့်ကျင်ပြီး ဟောပြောသွန်သင်ကြခြင်း၊ ကျင့်ကြံနေထိုင်ကြခြင်း၊ ယုံကြည်ခြင်းကို မိမိစိတ်ထင်သည့်အတိုင်း ထင်ရာစိုင်းကာ နေထိုင်ကျင့်ကြံခြင်းပင် ဖြစ်သည်။ ၎င်းအယူဝါဒလွဲမှားမှုများသည် အသင်းတော်သမိုင်း၌ မကြာခဏ ပေါ်ပေါက်ခဲ့တတ်သည်။ အမိအသင်းတော်၏ သွန်သင်ချက်များကို ဆန့်ကျင်လျက် ဝိညာဉ်များစွာအား စစ်မှန်သည့်ခရစ်ယာန်အယူဝါဒနှင့် ဝေးရာသို့ ဆွဲခေါ်နေကြသည်။
၁၂ ရာစုနှင့် ၁၃ ရာစုနှစ်တို့သည် ဥရောပ၌ ယုံကြည်ခြင်းပြင်းထန်သည့် ရာစုနှစ်များဟု ဆိုရလိမ့်မည်။ တစ်ချိန်တည်းမှာပင် အယူဝါဒလွဲမှားမှုများလည်း ပြန့်နှံ့နေခဲ့ပြီး ဘုရားသခင်၏လူမျိုးများအား ပျက်စီးခြင်းသို့ ဆွဲခေါ်နေကြသည်ကို တွေ့မြင်နိုင်သည်။ တစ်ခုသောဝါဒပျက်မှု မှာ အာဘီဂျန်းစီယမ်း (Albigensian)ဟု ခေါ်သည်။ [၎င်းသည် ပြင်သစ်ပြည်တောင်ပိုင်း၊ လန်ဂွါဒေါ့နယ်၊ အာဘီမြို့မှစတင်သောကြောင့် အာဘီဂျန်းစီယမ်းဟု ခေါ်ရခြင်းဖြစ်သည်။] အာဘီဂျန်းစီယမ်းတို့သည် ရှေးမနီခီယမ်း (Manichaean)တို့ ယုံကြည်ကြသည့်အတိုင်း ဖန်ဆင်းခြင်းနိယာမနှစ်ခုကို ယုံကြည်နေကြသည်။ ဤတစ်ခုသည်ကောင်း၏။ ကျန်တစ်ခုသည်ဆိုး၏။ ထို့အတူ ဝိညာဉ်ရေးသည်အကောင်းတရားဖြစ်သည်။ အခြားလောက ရုပ်ဝတ္ထုများသည် အဆိုးတရားဖြစ်သည်။ လောကရုပ်ဝတ္ထုတိုင်းသည် အဆိုးတရားဖြစ်သည်ဟု ထင်မြင်ယူဆနေပါက လူသားသည် မိမိကိုယ်ကို အဆိုးတရားဦးစီးသော ခန္တာ၏အကျဉ်းထောင်သား ဖြစ်နေတော့မည်။ သူ၏တစ်ခုတည်းသော ကယ်တင်ခြင်းမျှော်လင့်ချက်သည် လောကရုပ်ဝတ္ထုများအားလုံးကို ငြင်းပယ် စွန့်လွှတ်မှသာဖြစ်တော့မည်။ ဒါမှ အကောင်းတရားဖြစ်သည့် ဝိညာဉ်ရေးသက်သက်သာ ဖြစ်တော့မည်ဟု ယူဆကျင့်ကြံခဲ့ကြသည်။ ၎င်းအာဘီဂျန်းစီယမ်းတို့သည် သမ္မာကျမ်းစာ၏ အစိတ်အပိုင်းတစ်ချို့ကို လက်ခံလျက် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟု ကြွေးကြော်ကြသည်။ သူတို့၏ ခေါင်းဆောင်များဆိုရင်လည်း ပြီးပြည့်စုံသူများဟု အသိများပြီး ဘုရားသခင်၏စစ်မှန်သော ကိုယ်စားလှယ်သန့်သန့်များဟု မှတ်ထင်ကြသည်။ သူတို့က ခြိုးခြံ၊ ကျင့်ကြံခြင်းအားဖြင့် ဖိနပ်မစီးဘဲလှည့်လည်ကာ သူတို့၏ ခရစ်ယာန်ဂိုဏ်းခွဲ အကြောင်းကိုဟောပြောခဲ့ကြသည်။ ထိုသို့တရားဟောရာတွင် အသင်းတော်၏ အခွင့်အာဏာနှင့် သွန်သင်ချက်များကိုမူ အမြဲတမ်း ဝေဖန်ရှုံ့ချ တိုက်ခိုက်ခဲ့ကြသည်။ ကက်သလစ်သာဝင်များအား သွေးထိုးခဲ့ကြသည်။ သူတို့သွားလေရာတိုင်းမှာ ထိုအတိုင်းပင် ပြုလုပ်နေကြတော့သည်။
ထိုမျှော်လင့်ချက်မဲ့နေသည့် အခြေနေဆိုးကနေ လွတ်မြောက်ပြီး ဘုန်းမြင့်လာမည့် အချိုးအကွေ့ အလှည့်အပြောင်းတစ်ခုသည် အသင်းတော်၏သမိုင်းတွင် ဘုရားသခင်၏ကူညီမစခြင်းဖြင့် ပြန်လည်အသက်ဝင်လာခဲ့လေပြီ။ အဖြစ်ပျက်များသည် ဆက်စပ်မှုမရှိဟု ထင်ရသည်။ သို့သော်လည်း အာဘီဂျန်းစီယမ်းတို့နယ်များမှာ ပြသနာများဖြေရှင်းရန် ပုပ်ရဟန်းမင်းကြီး တတိယမြောက်အင်းနိုးဆင့် (Pope Innocent (III)) အတွက်တော့ စိန်ဒေါမီနစ်ဂူစ်မာန် (St. Dominic of Guzman)သည်၊ ၁၂၀၆ခုနှစ်တွင် ဘုရားသခင်ပို့ခဲ့သော ကူညီမ, စခြင်းပင် ဖြစ်ပေလိမ့်မည်။
၎င်းတာဝန်သည် စိန်ဒေါမီနစ်ထံ မမျှော်လင့်ဘဲ ရောက်လာခဲ့သော်လည်း သူတော်စင်ကြီးကတော့ အဆင့်သင့် ဖြစ်နေသည်ထက်ပင် ပို၍အဆင်သင့် ဖြစ်နေခဲ့သည်။ စိန်ဒေါမီနစ်အား ၁၁၇၀ခုနှစ်တွင် စပိန်နိုင်ငံ၊ကာလယ်ရုအလ်ဂါနယ်ရှိ ရဲတိုက်ဟောင်းတွင် (Caleruega,Spain) မွေးဖွားခဲ့သည်။ ငယ်စဉ်ဘ၀တွင် အနီးနားမြို့ရှိ သူ၏ဦးလေးဘုန်းတော်ကြီးသည် သူ့အား အခြေခံပညာ သင်ပေးခဲ့ပြီး အရွယ်ရောက်လာသောအခါ ဗာလင်စီယာတက္ကသိုလ်တွင် အမည်စာရင်းသွင်းကာ ပညာများ ဆက်လက်ဆည်းပူးခဲ့သည်။ တက္ကသိုလ် ပထမ(၆)နှစ်တွင် လစ်ဘရယ်ဝိဇ္ဇာ ဘာသာရပ်များ(Liberal Arts)ကို လေ့လာဆည်းပူးခဲ့ပြီးနောက် ဘုရားသခင်နှင့် တရားတော် အကြောင်းကို လေ့လာဆည်းပူးရသည့် ဓမ္မသင်္ဂြိုလ်ပညာ(Theology)နှင့် ကျမ်းစာများကို နောက်ထပ် (၄)နှစ်တိတိ ထပ်မံလေ့လာ ဆည်းပူးခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါးအဖြစ် သိက္ခာခံယူခဲ့ပြီးနောက်၊ အိုစမာမြို့ရှိ ဘူးရ်ဂိုကက်သီဒြရယ်(Cathedral of Burgo de Osma)တွင် အမြဲတမ်းဝိနည်းတော်ဝင် ရဟန်းတော်များအဖွဲ့၌ ဝင်ရောက်ခဲ့လေသည်။ ဤတွင် စာဂျပိုးဘာသာရေးပါရဂူကြီးသည် ဘာသာရေး၌ တွေးခေါ်ထောက်ရှု့သော သီးသန့်ဘဝဖြင့်နေထိုင်ရင်း တရားသမားပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပေတော့သည်။
ထိုကဲ့သို့ ပညာရေးနှင့် ဝိညာဉ်ရေးပိုင်းတွင် နက်နက်ရှိုင်ရှိုင်း ကြိုးစားပြင်ဆင်ပြီးချိန်၊ စိန်ဒေါမီနစ်အသက်(၃၀) ဝန်းကျင်တွင် တမန်တော်တစ်ဦးကဲ့သို့ပင် ဖြစ်လာခဲ့လေသည်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး အသိမှတ်ပြုထားသော ဘာသာရေးအသင်းဂိုဏ်းများနှင့် လိုက်လျောညီထွေမှုရှိရုံမကဘဲ သူ့ဘ၀အတွက်လည်း ခေါ်တော်မူခြင်း အသစ် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ဒိုမီနီကန် ရှေးအစဉ်အလာများ၏ ပြောပြချက်မှာတော့ စိန်ပီတာနှင့် စိန်ပေါလူးတို့သည် ရူပါရုံတစ်ခုတွင် သူ့အား တောင်ဝှေးတစ်ချောင်းနှင့် စာအုပ်တစ်အုပ်ပေးခဲ့ပြီး «သွား၍ဟောပြောလော»ဟု မိန့်ဆိုခဲ့ကြသည်။
အာဘီဂျန်းစီယမ်းတို့၏ သွန်သင်ချက်များနှင့် နည်းလမ်းများအား ရင်းနှီးကျွမ်းဝင်လာသောအခါ စိန်ဒေါမီနစ်သည် ၎င်းတို့အား ၎င်းတို့၏နယ်မြေပေါ်မှာပဲ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ချခဲ့လေသည်။ သမ္မာကျမ်းစာတော်များ၊ ဓမ္မသင်္ဂြိုလ်ပညာ(theology)နှင့် အသင်းတော်၏ သမိုင်းကြောင်းများကို လူထုစကားရည်လုပွဲများ ပြုလုပ်ပြီး ရိုစင်းသောလူများအား အယူဝါဒ ရှုပ်ထွေးစေသည့် ဤဘာသာဝါဒပျက်များ၏ မျက်နှာဖုံးများကို ခွာချပေးခဲ့သည်။ ဒါတင်မကဘဲ ခြေလျင်ခရီးနှင်လျက် ဆင်းရဲခြိုးခြံခြင်း၌ လုံးဝနေထိုင်ခဲ့သည်။ ထို့အပြင် တရားတော်အရ နှိမ့်ချခြင်းဆိုသည်မှာ လူအများအထင်ကြီးစေခြင်းငှာ ကျင့်ကြံပြသည့် အပေါ်ယံသက်သက် မဟုတ်ဘဲ တကယ့်ကို နှလုံးသားမှလာ၍ ခရစ်တော်အား ရိုးရှင်းစွာအတုယူ ကျင့်ကြံခြင်းသာ ဖြစ်ကြောင်းပြသခဲ့သည်။
သူ့ဘဝတွင်ကြုံတွေ့လာမည့် အန္တရာယ်များအတွက်ပင် သူရဲ့လမ်းစဉ်က အတော်လေးကို အောင်မြင်နေခဲ့သည်။ အန္တရာယ်တိုင်းကိုလည်း ကြိုတင်ပြင်ဆင်ထားလေ့ရှိသော လူတစ်ယောက်၏ နှလုံးသားကဲ့သို့ စိတ်အေး သက်သာစွာနှင့် တည်တည်ငြိမ်ငြိမ် ၀မ်းမြောက်ဝမ်းသာ ရင်ဆိုင်ခဲ့လေ့ရှိသည်။ ဖြစ်နိုင်ရင် တရားတော်နှင့် အသင်းတော်အတွက် မိမိအသက်ကိုပင်ပေးဖို့ အဆင်သင့်ရှိသည့်တိုင်အောင် စိတ်အားထက်သန်ခဲ့သည်။
သူ၏တစ်ကိုယ်တော် ကြိုးပမ်းဆောင်ရွက်မှုတို့သည် မည်မျှပင် အောင်မြင်နေခဲ့ပါစေ၊ ၎င်းတာဝန်ကို တစ်ဦးတည်း လုပ်ဆောင်ဖို့ဆိုသည်မှာ အင်မတန်လေးသောဝန်တစ်ခုဆိုတာ သိသာလာခဲ့သည်။ တရားဟော ရဟန်းတော်များ ပို၍လိုအပ်လာခဲ့သည်။ တရားဟောရဟန်းတော်များလည်း စိန်ဒေါမီနစ်ကဲ့သို့ စိတ်ထားရှိခဲ့ကြသည်။ နေ့ရက်တို့ ဖြတ်သန်းလာသည်နှင့်အမျှ အချို့လူငယ်များလည်း သူနှင့်အတူ ပူပေါင်း၍ လတ်တလော တာဝန်အတွက် ပေးဆပ်ခဲ့ကြသည်။ တရားဟောသူတော်စင်များအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ကြသည်။ ဤသည်မှာ ဒိုမီနီကန်အသင်းဂိုဏ်း စတင်ပေါ်ပေါက်လာပုံပင်ဖြစ်သည်။ တရားဟောသူတော်စင်များအသင်းဂိုဏ်း (Order of Preachers)ဆိုသည့် အသင်းဂိုဏ်း၏အမည်မှာ ပုပ်ရဟန်းမင်းကြီး တတိယမြောက်သြောနောရီးအုစ် (Pope Honorius (III)) ပေးခဲ့သာ တရားဝင်အမည်ဖြစ်ပြီး ဒိုမီနီကန်ဆိုသည်မှာ စိန်ဒေါမီနစ်၏ နောက်လိုက်များကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ အသင်းဂိုဏ်းကြီးသည် အတက်အလက်ခွဲများမွေးဖွားပေးခဲ့သည်ကိုလည်း သိထားစေချင်သည်။ 
(၁) Friars (Priests and brothers) (ရဟန်းတော်များနှင့် ကိုရင်များ)
(၂) Contemplative Nuns (တရားထောက်ရှုသော သီလှရှင်များ)
(၃) Sisters of the Active- life (အမှုထမ်းနေသော သီလှရှင်များ/စစ္စတာများ)
(၄) Lay Dominicans (သာမန်လူဝတ်ကြောင်ဒိုမီနီကန်များ)
(၅) Secular Institutes and Confraternities (အခြားသီးသန့်အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများ) ဟူ၍ အသင်းဂိုဏ်းကြီးအတွင်း အတက်အလက်ခွဲများ ရှိကြသည်။ ၎င်းတို့အားလုံးကို ပေါင်းစပ်၍ ဒိုမီနီကန်မိသားစုဟု ခေါ်ဆိုသည်။
ဒိုမီနီကန်အသင်းဂိုဏ်းသည် ကက်သလစ်အသင်းတော်ကြီးအတွင်း တည်ရှိသော ဘာသာရေးအသင်းဂိုဏ်းကြီး (Order) တစ်ခုဖြစ်သည်။ အခြားအသင်းဂိုဏ်းကြီးများနည်းတူ အခြေခံရည်မှန်းချက် ဖြစ်သည့် “ခရစ်တော်နောက်သို့ လိုက်ခြင်း” ၌ ဆင်းရဲခြင်း၊ ဖြူစင်ခြင်းနှင့် နာခံခြင်း သစ္စာသုံးပါးကို ခံယူလျက် ကျင့်ကြံခြင်းနေထိုင်ကြသည်။ တရားဟောအသင်းဂိုဏ်းကြီးဖြစ်သည့်အလျောက် တရားဟောခြင်းသည် အကျွန်ုပ်တို့၏အဓိကနှင့် အထူးရည်းမှန်းချက် ပန်းတိုင်ဖြစ်သည်။
အမှန်တော့ အသင်းဂိုဏ်းတည်ထောင်ခဲ့ခြင်းမှာ အသင်းတော်အတွင်း၌ အသစ်မွမ်းမံခြင်းပင် ဖြစ်ပေသည်။ ထိုခေတ်အချိန်ကာလ၌ တရားဟောခြင်းအခွင့်အာဏာသည် ဆရာတော်များ၌သာရှိ၍ အထူးခန့်အပ်ခံရသော အချို့ရဟန်းအနည်းငယ်သာလျှင် တရားဟောပြောခွင့်ကို ရရှိခဲ့ကြသည်။ ထို့ကြောင့် စိန်ဒေါမီနစ်သည် တရားဟော သူတော်စင်များအသင်းဂိုဏ်း(Order of Preachers)ကို တည်ထောင်ရန် လျှောက်တင်သောအခါ အသင်းဂိုဏ်းအား ဆရာတော်များဖြင့် ဖွဲ့စည်းမည်လောဟု မေးမြန်းခံခဲ့ရဖူးသည်။ သို့သော်လည်း စိန်ဒေါမီနစ်သည် မေးမြန်းခံခဲ့ရသည့်အတိုင်း အသင်းဂိုဏ်းကို ဆရာတော်များဖြင့် ဖွဲ့စည်းခဲ့ခြင်းမဟုတ်ဘဲ အကျွန်ုပ်တို့ ယနေ့ မြင်တွေ့ကြရသည့်အတိုင်း အသင်းဂိုဏ်းအား ရဟန်းတော်များနှင့်ပင် ဖွဲ့စည်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည်လည်း စိန်ဒေါမီနစ်၏အယူအဆကို လက်ခံခဲ့၍ ထိုအတိုင်း တည်ထောင်ရန် အတည်ပြုပေးခဲ့သည်။
ဒီတော့ ဒိုမီနီကန်သူတော်စင်များဆိုသည်မှာ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော်ကို ဟောပြော သွန်သင်ရန် စေလွတ်ခံရသူများဖြစ်သည်။

ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com