မသိဖာသာနေခြင်း၊ ပြုခြင်းအမှု့အရာနှင့် ယုံကြည်ခြင်းမဲ့ခြင်း
ယနေ့ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားတော်မှာ ယေဇူးသခင်၏ဇာတိနယ်မှ ကိုယ်တော်၏သတင်းကောင်း တရားဒေသနာနှင့် တန်ခိုးလက္ခဏာများကြားသိပြီးဖြစ်သော်လည်း ခြိုးနှိမ်တဲ့အပြုအမှု၊ အထင်သေးတဲ့ပုံစံများဖြင့် ကိုယ်တော့်အားတုန့်ပြန်နေကြတာကို ကြားနားရပါတယ်။ ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဖတ်ရှု့ခဲ့ရတဲ့ကျမ်းမှာ ကိုယ်တော်ဟာ မိမိဇာတိနယ်သို့ပြန်ရောက်လာပြီး တရားဇရပ်သို့ ထုံးစံအတိုင်းသွားပါတယ်။ ထို့နောက် ကိုယ်တော့်ရဲ့သတင်းတွေကိုကြားသိပြီးသားဖြစ်နေတဲ့ ဒေသခံတွေက ကိုယ်တော့်အစွမ်းအစကို စမ်းသပ်လိုပြီး ကျမ်းစာတော်မြတ်ကို ဖတ်ခိုင်းပါတယ်။ ဘုရားသခင်ရဲ့ စီမံမှု့အရ၊ (သို့) တိုက်ဆိုင်မှု့အရပဲဆိုဆို - ဖတ်လိုက်ရတဲ့ ကျမ်းပိုဒ်ဟာ ကယ်တင်ရှင်မက်စီးယားသခင်အကြောင်းကို ကြိုတင်ဟောပြောထားတဲ့ ပရော်ဖက်ကြီး ဧလိယရဲ့ကျမ်းပင်ဖြစ်နေပါတယ်။ ထိုကျမ်းပိုဒ်အရ- ကယ်တင်ရှင်ပေါ်ထွန်းပြီး ထိုအရှင်ဟာ - ဆင်းရဲသားတို့အား ၀မ်းမြောက်ရာသတင်းကောင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကိုဆီဖြင့်လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသူတို့အားလွတ်ငြိမ်းစေမည်။ မျက်မမြင်တို့အားအလင်းကိုပေးမည်။ ဖိနှိပ်ခံရသူတို့အား ကယ်တင်မည် - ဘုရားသခင်လက်ခံနိုင်သောမင်္ဂလာနှစ်ကို ကြေငြာမည်ဟု၍ ဖော်ပြထားပါတယ်။ ထို့နောက် ကိုယ်တော်က ဆက်လက်ပြီး ဤပရော်ဖက်ကျမ်းဟာ ယနေ့ပြည့်စုံပြီဟု ကိုယ့်ကိုယ်ကို ရည်ညွှန်း၍ပြောဆိုပါတယ်။ သို့သော်လည်း ကိုယ်တော်၏ဇာတိနယ်မှ ငယ်ပေါင်းဖော်များနှင့်ဒေသခံများကတော့ ဒီလူဟာ လက်သမားဂျိုးဇက်သားမဟုတ်လား။ ဆေးဆရာရယ် ကိုယ့်ကိုယ်ကို အရင်ပြန်ကုပါဦးဟုပြီး အရူးပေါက်ချပြောဆိုတုန့်ပြန်ကြပါတယ်။ သို့ပေမယ့်လည်း ကိုယ်တော်သခင်ပြုခဲ့ပြီးတဲ့ တန်ခိုးလက္ခဏာများကို ထိုဒေသခံတွေကြားပြီးသားပါ။
ဤသို့ဆိုလျှင် ဘယ်အရာတွေကများ ၎င်းငယ်ပေါင်းဖော်များနှင့် ဒေသခံတွေကို ခရစ်တော်သခင်အား ကယ်တင်မက်စီးယားအဖြစ် လက်ခံဖို့ အဟန့်အတားတွေဖြစ်နေပါသလဲ။ ထို့အတူ ဘုရားသခင်ရဲ့ တန်ခိုးလက္ခဏာတွေကို မြင်တွေ့ကြုံသိနိုင်ဖို့အတွက် ဘယ်အရာတွေက ထိုဒေသခံများနှင့်အတူ ယနေ့ ကျနော်တို့တတွေကိုလည်း တားစီးပိတ်ပင်နေပါသလဲ။ ကျနော်တို့တစ်ဦးချင်းစီရဲ့ဘ၀မှာ၊ ဘ၀ထဲမှာ ဘုရားသခင်က မိမိရဲ့တန်ခိုးလက္ခဏာတွေကို ပြုလုပ်ပေးနေတာကို ကျနော်တို့ အမှန်တကယ်ယုံကြည်ကြရဲ့လား။
ယနေ့တရားတော်မှာ ရှင်းရှင်းလင်းလင်းထောက်ရှု့နိုင်တာကတော့ ကျနော်တို့လူသားတို့ရဲ့ သဘောအခြေနေတစ်ခုဖြစ်တဲ့ မသိဖာသာနေတတ်ခြင်း၊ မသိဖာသာပြုတတ်ခြင်းနှင့် ယုံကြည်မှု့ကင်းမဲ့တတ်ခြင်းတို့ပါပဲ။ ထိုအရာတွေကပဲ ခရစ်တော်ရဲ့ငယ်ပေါင်းတွေနဲ့ ဒေသခံတွေအား တန်ခိုးလက္ခဏာမြင်တွေ့ခြင်းမှ ကင်းဝေးစေခဲ့သလို ထိုအရာတွေကပဲ ယနေ့ ကျနော်တို့တတွေကိုလည်း ဘုရားသခင်ရဲ့ တန်ခိုးလက္ခဏာတွေမှ ကင်းဝေးစေနေပါတယ်။ ထိုအရာတွေကပဲ ဘုရားသားတော်ကို ယုံကြည်ဖို့ အဟန့်အတားဖြစ်စေခဲ့သလို ယနေ့ကျနော်တို့တတွေရဲ့ ယုံကြည်ခြင်းမှာလည်း အဟန့်အတားဖြစ်နေပါတယ်။
မသိဖာသာနေခြင်း၊ ပြုခြင်း (Indifference) ဆိုတာ သာမာန်အားဖြင့်တော့ တစုံတခုမှာ စိတ်ဝင်စားမှု့မရှိခြင်း၊ စိတ်မ၀င်စား၍ ဥပေက္ခာပြုနေခြင်းပါပဲ။ ဥပေက္ခာပြုတယ်ဆိုတာကတော့ မသိ၍မသိသလိုနေခြင်းမဟုတ်ပါဘူး။- သိပေမယ့်လည်း မသိသလိုနေခြင်းပါ။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ ဥပေက္ခာပြုတယ်ဆိုတာ သိသိကြီးနဲ့ ဂရုစိုက်ခြင်းမပြုတာပါပဲ။ ဒီလို ဥပေက္ခာပြုခြင်း (သို့) မသိဖာသာနေခြင်း၊ ပြုခြင်းဟာ ဘာကြောင့်အပြစ်ဖြစ်ရသလဲ။ အပြစ်ဆိုတာ အလွယ်ဆုံးပြောရရင်တော့ မေတ္တာထားရမယ့်တာဝန်၊ ခရစ်ယာန်တစ်ဦး ကျင့်ဆောက်တည်ရမယ့် ကျင့်စဉ်ဝတ္တရားကို ဆောင်ရွက်ဖို့ ငြင်းဆန်ခြင်းပါပဲ။ ဒါကြောင့် ဤခရစ်ယာန်ကျင့်စဉ်နှင့်ဝတ္တရားတွေ၊ အထူးသဖြင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်လေးမြတ်ခြင်းဆိုတဲ့ အဓိကပါရမီကြီးများကို မသိဖာသာပြုနေခြင်းဟာ အပြစ်သို့ဦးတည်ပေးနေပြီး အပြစ်ဖြစ်စေပါတယ်။ ၎င်းမှဖြစ်တဲ့ အပြစ်ဟာလည်း အဓိကအပြစ်ကြီးများဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်ဘ၀အသက်တာရဲ့ တံခါးဝကို ၎င်းကပိတ်ဆို့ထားလို့ပါပဲ။ ထိုကဲ့သို့သော တံခါးကိုပိတ်ဆိုထားမှတော့ ကျနော်တို့အတွက် ခရစ်ယာန်အသက်တာကို ဘယ်တော့မှမသိ၊မထိတွေ့နိုင်တော့ဘဲ ကယ်တင်ခြင်းတရားနှင့် လွဲချော်ရုံသာ ရှိပါတော့တယ်။
ဒါကြောင့် ယနေ့စဉ်းစားထောက်ရှု့သင့်တာကတော့ မိမိဟာ ဘုရားသခင်ကို ယုံကြည်ဖို့ သိလျက်နဲ့ ဥပေက္ခာပြုနေသလား။ ယုံကြည်သည်ဟုဝန်ခံနေပြီးသော်လည်း ခရစ်တော်သခင်ရဲ့ တရားတော်တွေကို ကျင့်ကြံသက်သေခံဖို့ ဥပေက္ခာပြုနေသလား။ အဓိကအားဖြင့်တော့ ခရစ်ယာန်တစ်ဦးအနေဖြင့် မိမိဟာ အကြီးမြတ်ဆုံးသော ပညတ်တော်နှစ်ခုကို ဥပေက္ခာပြုနေသလား။ သင်၏အရှင် ထာဝရဘုရားသခင်ကို ကိုယ်စွမ်းရှိသမျှ ချစ်လော့။- သင်နှင့်နီးစပ်သူအား ကိုယ်နှင့်အမျှချစ်လော့။ ...မိမိက ဥပေက္ခာပြုထားလေသလား။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏အလင်းကျေးဇူးတော်အားဖြင့် ထောက်ရှု့ကျင့်ကြံဆောက်တည်၍ တရားတော်အားသက်သေခံနိုင်ကြပါစေ။
ဒိုမီနီကန်ကိုရင်
#Dominicankoyin