Saturday, 21 November 2015

ခရစ်တော်ဘုရင်ပွဲနေ့ကြီး


သံယောဟန် ၁၈း၃၃-၃၇
"သင်သည် ရှင်ဘုရင်ဖြစ်သလော့။ မင်းကြီးဆိုသည့်အတိုင်း ငါသည်ရှင်ဘုရင်ဖြစ်သည်။"

ကက်သလစ်အသင်းတော်၏၀တ်ပြုကိုးရာပြကထိန်၏နောက်ဆုံးသော တနင်္ဂနွေနေ့အား ခရစ်တော်ဘုရင်၏ပွဲနေ့ကြီးအဖြစ် ကျင်းပလေ့ရှိပါတယ်။ ဤလောကတွင် မင်းမျိုးစုံနှင့်ကွဲပြားခြားနားမှု့တွေကို အားသာပြုကာ ဘုရားသခင်၏ကျွန်ုပ်တို့၏နေ့စဉ်ဘ၀မှ ဖယ်ထုတ်ကာ မိမိတို့ဘ၀၊ မိမိတို့ကံကြမ္မာကို ကိုယ်တိုင်ကိုယ်စွမ်းဖြင့်သာ ဖန်တီးနိုင်သည်ဟူသော မာန်မာနတက်၊ မောက်မာလှသည့် အနှောက်ယှက်ဝါဒများအား သတိပေးရန် အဓိကရည်၍ပြီး ကျွန်ုပ်တို့လူသားတွေဟာ ဤလောကမှာမတူကွဲပြားမှု့တွေရှိနေသည် မှန်သော်လည်း တူညီသည့်ဂုဏ်၊ အခွင့်အရေးနှင့် အခြေခံများစွာရှိပြီး ထိုအရာတွေအားလုံးဟာ ဘုရားသခင်ဆီမှာ အရင်းမြစ်ခံကြောင်း၊ ထို့ကြောင့် အားလုံးသောဖန်ဆင်းခံများ၊ အထူးသဖြင့် လူသားများမှာ မတူကွဲပြားနေသော်လည်း တူညီသည့် ဘုရင်တစ်ပါးတည်းရှိပြီး ထိုဘုရင်မှာလည်း အမှန်တရားနှင့် သမ္မာတရားဆိုင်ရာအားလုံး၏ အရှင်မင်းမြတ်ဖြစ်ကြောင်း အသင်းတော်မှဆက်လက်သက်သေခံရန် ယနေ့ ကျွန်ုပ်တို့ကျင်းပနေကြပါတယ်။

ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားမှာလည်း လောက၏မင်းတစ်ပါးဖြစ်သည့် ပီလာတူးမင်းနှင့် သမ္မတရား၏မင်းကြီး ခရစ်တော်ဘုရားတို့ ဆုံတွေ့ခြင်းနှင့်အတူ ခရစ်တော်ဘုရား၏ မင်းဖြစ်မင်းအင်္ဂါကို ထုတ်ဖော်ပြနေသည်ကို ဖတ်ရှု့ကြားနားရပါတယ်။ ပီလာတူးမင်းကြီးက ခရစ်တော်ဘုရားအား - သင်သည် ရှင်ဘုရင်ဖြစ်သလော ဟုမေးမြန်းသောအခါ ခရစ်တော်ဘုရား - မင်းကြီးဆိုသည့်အတိုင်း ငါသည်ရှင်ဘုရင်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထို့ကြောင့် တမန်တော်ကြီးသံပေါလူးက ခရစ်တော်သည် သေသူတို့အစုမှ ပထမဦးဆုံးသော သားဦးဖြစ်ပြီး ပထမဆုံးရှင်ပြန်ထမြောက်သူ၊ ဖန်ဆင်းခံလောကတစ်ခုလုံးအတွက် အလုံးစုံသော အခွင့်အာဏာကို ပေးအပ်ခံထားရသူ၊ လောကရှိမင်းပေါင်းများစွာတို့၏ အရှင်ဘုရင်ဖြစ်ပြီး ခရစ်တော်ဘုရားသည် ကျွနု်ပ်တို့ဖန်ဆင်းခံလောကကြီးတစ်ခုလုံး၏ အစဖြစ်၍ အဆုံးလည်းဖြစ်သည် ဟောပြောမိန့်ဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ခရစ်တော်ဘုရားသည် ရှင်ဘုရင်ဖြစ်သည်။ - မည်သို့သော ရှင်ဘုရင်နည်း။ ခရစ်တော်သည် ကျွန်ုပ်တို့၏အစအရင်းအမြစ်ဖြစ်ပြီး နောက်ဆုံးမျှော်မှန်းရာ အဆုံး၊ ပန်းတိုင်လည်းဖြစ်သည်။ - မည်သို့သော အစအရင်းမြစ်ဖြစ်ပြီး မည်သို့သော မျှော်မှန်းရာ ပန်းတိုင်ဖြစ်မည်နည်း။ ထိုသခင် ထိုဘုရင် - ကျွန်ုပ်တို့တတွေကို ဘယ်လိုလမ်းပြသွန်သင်နေသလဲ။ ဖန်ဆင်းခံလောကကြီးနှင့် ကျွန်ုပ်တို့တတွေရဲ့ ဘ၀တွေကို မည်သို့မည်ပုံ အုပ်ချုပ်နေတဲ့ ဘုရင်မင်းတရားကြီးဖြစ်နေလဲ။

ဘုရားသခင်ဟာ တစ်ဦးတည်းသောဘုရင်ပါ။ ထိုကြောင့် ရွေးကောက်ခံလူမျိုးတို့အား လောကီဘုရင် မပေးလိုပဲ ဘုရားသခင်ကိုသာ စိတ်နှလုံးထဲမှာထား၍ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိစေချင်ခဲ့ပါတယ်။ သို့သော်လည်း လူတွေဆန္ဒအရ ဘုရားသခင်ဟာ လောကီဘုရင်ကို ရွေးကောက်ပေးခဲ့ပါတယ်။ သင်ခန်းစာက ထိုဘုရင်ဟာ အားကိုးထိုက်သူမဟုတ်ခဲ့ပါ။ ထိုနောက် ကြီးမြတ်သည့်ဘုရင် ဒါဝိတ်ကို ပေးခဲ့ပြန်တယ်။ သူသည်လည်း အဖက်ဖက်ကပြည့်စုံခဲ့သည့် ဘုရင်မဟုတ်ခဲ့ပေ။ ထိုမှအစဉ်အဆက် ဘုရင်များကို ကျွန်ုပ်တို့လေ့လာနိုင်ပါတယ်။ ဤလောကီဘုရင်တွေဟာ လူသားတွေအတွက် သင်ခန်းစာတွေပါပဲ။ ထိုမှ ထာဝရဘုရင်ကို ဘုရားသခင်ခန့်အပ်သည့်အခါ လူတွေအနေဖြင့် ခဏတာဘုရင်များနှင့် နှိုင်းယှဉ်ကာ အတုယူလိုက်လျှောက်နိုင်ဖို့ပါ။ ထိုသူဟာ ခရစ်တော်ဘုရင်ပါပဲ။

ဂျူးတွေဟာ ဘုရင်တစ်ပါးစေလွှတ်မည်ဟု ဗျာဒိတ်ရသောအခါ ၎င်းတို့နားလည်သည့် ဘုရင်ပုံစံမျိုးကို မျှော်လင့်ခဲ့ပါတယ်။ သူတို့မသိလိုက်သည်က ထိုကဲ့သို့ ခဏတာဘုရင်များနှင့်ကွာခြားသည့် ထာဝရဘုရင်ပုံစံမျိုးပါ။ နိုင်ငံရေးအရလည်း ရောမတို့လက်အောက်ရောက်နေသည့်အတွက် ထိုလက်အောက်ခံဘ၀မှ လွတ်မြောက်လိုခဲ့ကြပါတယ်။ သို့ပေမယ့် ခရစ်တော်ဟာ ထိုခဏတာလွတ်မြောက်ခြင်းထက် တန်ဖိုးကြီးတဲ့ထာဝရလွတ်မြောက်ခြင်းကို ပေးလိုပါတယ်။ ထို့အပြင် ခရစ်တော်ဘုရင်ကြွလာသည့်အခါ လူမျိုးတစ်မျိုးတည်းကိုသာ ကြည့်ရှု့သည့်ဘုရင်မဟုတ်တော့ဘဲ လူသားအားလုံးကိုကြည့်ရှု့ရသည့်ဘုရင်အဖြစ်ပါ။ အားလုံးဟာ ခြားနားကုန်ပါပြီ။ ခရစ်တော်ဟာ ရုပ်ဝတ္တုတွေနဲ့ မအုပ်ချုပ်တော့ဘဲ တရားတော်ဖြင့်အုပ်ချုပ်ကာ ရှေးယခင်ကအတိုင်း လူတွေအား ဘုရားသခင်ကို စိတ်နှလုံးသားထဲမှာထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် လွတ်လပ်မှု့ပေးလိုပါတယ်။ တကယ်တော့် သူ၏နိုင်ငံတော်ဟာ ကျွန်ုပ်တို့သိမြင်သလို မဟုတ်တော့ဘူး။ ထို့ကြောင့် ဓမ္မဟောင်းကျမ်းတွင် ကြိုတင်ဟောပြောထားပါတယ် - ထာဝရဘုရားသခင်က လူသားတို့၏ ကျောက်ခဲကဲ့သို့ မာကြောနေသောနှလုံးသားများကို ဖြုတ်၍ လူသားဆန်တဲ့နှလုံးသားများကို အစားထိုးပေးမည်ဟု မိန့်ဆိုခဲ့ပါတယ်။ ထို့အပြင် ကြိုတင်ဟောပြောထားသော ရှင်ဘုရင်ပေါ်လာပြီးနောက် ကမ္ဘာကြီးမှာ အလင်းလိုအပ်တော့မည်မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်အလင်းများဖြစ်စေမည်ဟု ဆိုပါတယ်။

မိတ်ဆွေ၊ ခရစ်တော်ဘုရင်က ငါသည်အမှန်တရားကိုသက်သေခံပြီး သမ္မတရားကိုဟောပြောခြင်းငှာ မွေးဖွားခြင်းခံယူခဲ့သည်ဟုဆိုပါတယ်။ အမှန်စင်စစ် ခရစ်တော်၏ဘ၀ကို ပြန်လည်ထောက်ရှု့သည့်အခါလည်း ကိုယ်တော်ဘုရားမိန့်ဆိုသည့်အတိုင်း အမှန်တရားကိုသက်သေခံပြီး လူတွေကို သမ္မတရားလမ်းဆီဦးဆောင်ခဲ့ပါတယ်။ ဥပမာ - ငါသည် အစေခံယူဖို့ရန်လာသည်မဟုတ်ဘဲ အစေခံဖို့ရန်လာသည်ဟု မိန့်ဆိုခဲ့သလို၊ လူပေါင်းများစွာကိုလည်း ကုသခြင်းဖြင့်သော်လည်းကောင်း၊ အစာရေစာပေးပေးကမ်းကျွေးမွေးခြင်းဖြင့်သော်လည်းကောင်း၊ မှားယွင်းသောကျင့်စဉ်များကို ပြင်ဆင်ပေးပြီး မိမိကိုယ်တိုင်ကျင့်ပြခြင်းအားဖြင့်သော်လည်းကောင်း၊ နောက်ဆုံး မိမိအသက်ကိုစွန့်ရသည်အထိ မိမိမိတ်ဆွေထက်ကြီးမြတ်သောမေတ္တာမရှိဟု ဆိုသည့်အတိုင်းကျင့်ပြခဲ့ကာ၊ အလွန့်လွန်ဆုံးအားဖြင့် မိမိရန်သူကိုပင် ချစ်ရန်သွန်သင်ပြသခဲ့ပါတယ်။ ဒါတွေဟာပင် ၎င်း၏ဘုရင်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီတော့ ဘုရင်ဆိုတာ အစေခံယူဖို့ရန်မဟုတ်ဘဲ၊ အစေခံဖို့၊ ခံတတ်ဖို့လိုကြောင်း မီးမှောင်းထိုးပြနေပါတယ်။ ထို့ကြောင့် ငါ၏နိုင်ငံတော်သည် သမ္မတရားနှင့်ဆိုင်၏ ဟုမိန့်ဆိုခဲ့ပါတယ်။

သမ္မတရားအဘယ်နည်း. . . ပီလာတူးမင်းကြီးလိုပဲ ကျွန်ုပ်တို့ မေးမြန်းနေကြဦးမယ်။ အမှန်စင်စစ် သမ္မတရားဟာကောင်းကင်နိုင်ငံတော်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ဟာ ကျွန်ုပ်တို့အလယ်မှာ တည်ရှိနေပါတယ်။ မိမိတို့အလယ်၊ မိမိတို့အတွင်းမှာသာ ရှာဖွေကြည့်ဖို့ လိုပါတယ်။ သိပ်မခက်ဘူး ထင်ရပေမယ့်လည်း အခက်ဆုံးပါပဲ။ အကြောင်းရင်းကတော့ ကျွန်ုပ်တို့မျက်စိတွေမှာ မာနတွေ၊ အတ္တတွေ၊ ဒေါသတွေ၊ ရမ္မက်တွေ၊ လောဘတွေ၊ မနာလိုသ၀န်တိုမှုတွေ အစရှိသည့် အရာများက ဖုံးကွယ်ထားလို့ပါပဲ။ ဒါတွေနဲ့ဆန့်ကျင့်ဘက်က ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်ဟာ ချစ်ခြင်းမေတ္တာတည်ရာ နေရာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာသည်သာလျှင် ကောင်းကင်နိုင်ငံတော်တွေ့ရာ အကြောင်းဖြစ်ပြီး ခရစ်တော်ဘုရင် စံမြန်းရာ နှလုံးသားနန်းတော်ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေလည်း ခရစ်တော်ဘုရင်ကို အတုယူရင်း မိမိကိုယ်ကိုခရစ်ယာန်ဟု ခံယူကျွေးကြော်နေသူများဖြစ်သည့်အတိုင်း ခရစ်တော်ဘုရင်နှင့် တနေ့တခြားတူအောင် ကျင့်ကြံသွားရင် ကောင်းကင်နိုင်ငံသားများဖြစ်အောင် ကြိုးစားသွားကြပါစို့။ လိုအပ်သောကျေးဇူးတော်များကို အဖဘုရားသခင်ထံမှာ ခရစ်တော်ဘုရင်အားဖြင့် တောင်းလျှောက်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Sunday, 15 November 2015

၃၃ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


သံမာကု ၁၃း၂၄-၃၂
ဤအချင်းအရာများဖြစ်ပျက်သည်ကိုမြင်ကြသောအခါ ကိုယ်တော်သည်နီးကပ်လာ၍ တံခါးဝသို့ပင်ရောက်နေပြီဟုသိမှတ်ကြလော့။

ယနေ့ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်မှာ တရားလမ်းကြောင်း ၃ဆင့်ကိုထောက်ရှု့မြင်နိုင်ပါတယ်။ ပထမတရားမှာ လူသားဟူ၍တင်စားပြီး မိမိကိုယ်တော်တိုင်ကြွလာမည့်အကြောင်းကို ကြိုတင်ဟောပြောပြီး ဒုတိယတရားမှာ ထိုကြွလာမည့်အချိန်အခါ၏ နိမိတ်လက္ခဏာကိုဖတ်ဖို့ သတိပေးထားပါတယ်။ ထို့နောက် တတိယတရားမှာတော့ ကျွန်ုပ်တို့တတွေဟာ အချိန်အခါကို ဘယ်တော့မှအတိအကျမသိရှိနိုင်သည့်အတွက် သတိနှင့်စောင့်နေရမည်ဖြစ်ကြောင်း ဟောပြောပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာ နိမိတ်လက္ခဏာတွေ ရှိနေပါတယ်။ ဖြစ်ပေါ်လေ့ရှိနေပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ ထိုနိမိတ်လက္ခဏာတွေကို ဖတ်ရာမှာ မည်မျှကျွမ်းကျင်ကြပါသလဲ။ နက္ခဆရာတွေကိုပဲ သွားမေးကြသလား။ ဗေဒင်ဆရာတွေကိုပဲ မေးကြသလား။ အကြားအမြင်ဆရာတွေကိုပဲ သွားမေးနေကြသလား။ သိပ္ပံပညာရှင်တွေကိုပဲ မေးကြသလား။ ထို့အတူ နက္ခဆရာတွေကလည်း တချို့တတ်သိသလောက်ဟောကြတယ်။ တချို့ မတတ်လည်းဟောကြတယ်။ ထို့အတူ ဗေဒင်ဆရာတွေဟာလည်း သူတို့ပညာရှိသည့်အတိုင်းဟောကြသလို မတတ်လည်း၊ မသိလည်း ထင်ကြေးနဲ့ဟောကြတယ်။ ထို့အတူ သိပ္ပံပညာရှင်တွေလည်း သူတို့သီအိုရီအတိုင်းဟောကြတယ်။ နိယာမအတိုင်း တွက်ဆကြတယ်။ ဘယ်လောက်မှန်ပြီး ဘယ်အတိုင်းတာထိမှန်နိုင်ကြမလဲ။

ဘယ်နေ့ကမ္ဘာကြီးချုပ်ငြိမ်းတော့မယ်။ ဘယ်တွက်ဆချက်အရ မှန်တယ်စသဖြင့်လည်း ဟောကိန်းတွေထွက်ဖူးပြီ - မမှန်ကန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုအချိန်အခါကို ဘယ်သူမှမသိနိုင်သောကြောင့်ဟု ခရစ်တော်ကိုယ်တော်တိုင်ဟောပြောထားခဲ့ပါတယ်။ ဒီနေ့တရားမှာလည်း ထိုမိန့်ဆိုချက် ဆက်လက်ပါရှိပါတယ်။

လူပေါင်းများစွာက ခရစ်တော်၏ဒုတိယအကြိမ်မြောက်ကြွလာခြင်းကို ကပ်ကမ္ဘာကုန်မည်- ကမ္ဘာကြီးချုပ်ငြိမ်းတော့မည်ဟု ယုံမှားကြပါတယ်။ တကယ့်ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပေါ်လာခြင်းဖြင့် မှတ်ယူနေကြတဲ့အတွက် ယနေ့ကမ္ဘာကုန်မယ် - မနက်ဖြန် ကမ္ဘာကြီးချုပ်ငြိမ်းတော့မယ် စသဖြင့်ပြောဆိုကြပါတယ်။ အမှန်တကယ်တော့ ကောင်းကင်နိုင်ငံတော် ဤသို့ရောက်မလာပါဘူး။ တကယ်တော့ ကောင်းကင်နိုင်ငံတော်သည် ယေဇူးခရစ်တော်၌ သူကိုယ်တော်တိုင် ကယ်တင်ရှင်မက်စီးယား၊ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား (ဧမာနွေလ) စသဖြင့် သူ၏တရားဒေသနာများမှာ ထင်ထင်ရှားရှားဖော်ပြနေပါတယ်။ ယနေ့တရားမှာပင် ခရစ်တော်က ထိုအချင်းအရာများဖြစ်ပေါ်သည်ကို မြင်လျှင် ကိုယ်တော်သခင်သည် ကျွန်ုပ်တို့အနီးမှာရှိကြောင်း၊ တံခါးဝမှာပင်ရှိနေကြောင်း သိမှတ်ပါလို့ဆိုပါတယ်။

ရုပ်ဝတ္ထုတွေဆိုတာ အပြောင်းအလဲတွေနဲ့တည်ရှိနေရပါတယ်။ ဒါတွေကို အသုံးချပြီး ဘုရားသခင်ကိုသာ အမှန်တကယ်စိတ်နှလုံးသားထဲမှာ ထားနိုင်ဖို့ လိုအပ်ကြောင်း ဟောကြားခြင်း ဖြစ်ပါတယ်။ “သင်၏ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအစွမ်းရှိသမျှ၊ စိတ်အား ညဏ်အားရှိသမျှနှင့် ချစ်လော့” ဟုသော ပထမပညတ်တော်များကိုလည်း သတိပေးနေပါတယ်။ ထို့အပြင်ခရစ်တော်က နိမိတ်လက္ခဏာများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်အချိန်ဖြစ်မလဲဆိုတာထက် သူ့၌ယုံကြည်သည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း သွေဖယ်မသွားဖို့ ထိန်းသိမ်းရန်နှင့် လှည့်ဖျားခြင်းမခံကြစေရန် သတိပေးပါတယ်။ ယခုလို ပြောင်းလဲပျက်စီးတတ်သည့် ရုပ်ဝတ္ထုတွေရဲ့လောကမှာ အသက်ရှင်ချိန် ကပ်ဘေး၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကြုံသည့်တိုင်အောင် ကျွန်ုပ်တို့တတွေရဲ့ မပျက်စီးနိုင်သည့် ယုံကြည်ခြင်းနှင့် ပထမပညတ်တော်ကို စောင့်ထိန်းခြင်းဟာ မဆုံးရှုံးစေဖို့လိုပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှပင် ပျက်စီးဆုံးမှု့မရှိစေရဟု ခရစ်တော်အာမခံထားပါတယ်။

ခရစ်ယာန်ဘ၀သို့ခေါ်ခံရသူတိုင်းအတွက် ဤလောကကမ္ဘာတစ်ခုတည်းမှာသာ ရှင်သန်ဖို့မဟုတ်ပါဘူး။ ထာဝရအသက်ချမ်းသာဖြင့် ကောင်းကင်နိုင်ငံတော်မှာ ထာဝရဘုရားသခင်၏ဘုန်းတော်ကို ၀င်စားနိုင်ဖို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ခရစ်ယာန်ခေါ်တော်မူခြင်းဟာ ထာဝရရှင်သန်ခြင်းသို့ခေါ်တော်ခြင်းခံရတာပါပဲ။ ထို့ကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်၏ကျေးဇူးတော်များအားဖြင့် မိမိတို့ပတ်ဝန်းကျင်မှ နိမိတ်လက္ခဏာများကို လောကအချင်းအရာသက်သက်ဖြင့် မဖတ်ဘဲ နှလုံးသားဖြင့်ဖတ်တတ်ရပါမယ်။ တရားကို မြင်နိုင်အောင် နိမိတ်လက္ခဏာများကိုလည်း မှန်ကန်စွာဖတ်နိုင်ရန် ဘုရားသခင်ထံမှ ကျေးဇူးတော်များကို ထပ်ဆင့်ဆုတောင်းရင်း ထောက်ရှု့သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

Friday, 6 November 2015

ဒိုမီနီကန်အသင်းဂိုဏ်းကြီး၏ နှစ် ၈၀၀ ပြည့် မဟာဂျူဗီလီနှစ်ကြီး

(နိုဝင်ဘာ ၇၊ ၂၀၁၅ - ဇန်န၀ါရီ ၂၁၊ ၂၀၁၇)

တရားဟောသူတော်စင်များအသင်းဂိုဏ်း (ဒိုမီနီကန်များ)၏ မဟာဂျူဗလီနှစ်ကြီးကို စတင်တော့မှာဖြစ်ပါတယ်။ ဒီုမီနီကန်အသင်းဂိုဏ်းကြီးကို အသင်းတော်ကြီး၏အခက်ခဲဆုံးကာလဖြစ်သည့် ခေတ်လယ်ပိုင်းရာစုအတွင်း ၁၂၁၆ ခုနှစ်တွင် စပိန်ဘုန်းတော်ကြီး စိန်ဒေါမီနစ်ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အသင်းဂိုဏ်းကြီး၏ အဓိက သာသနာပြုခြင်းအမှု့တော်မှာ ဧ၀ံဂေလိသတင်းကောင်းကို ဟောပြောခြင်းပင်ဖြစ်ပါတယ်။ ထိုသို့ဟောပြောခြင်းကို နည်းမျိုးစုံဖြင့် ဟောပြောသက်သေခံလာသည်မှာ ယနေ့ နှစ်ပေါင်း ၈၀၀ တိုင်လာခဲ့ပါပြီ။

မြန်မာပြည်သို့ရောက်ရှိခဲ့သည့် အစောဆုံးသော သာသနာပြုများတွင်လည်း ဒိုမီနီကန်သာသနာပြုဘုန်းတော်ကြီးများပါဝင်ကြောင်း မှတ်သားရပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏သာသနာပြုလုပ်ငန်းများကို မြန်မာပြည်မှာ ဆက်လက်လုပ်ဆောင်ခြင်းမပြုနိုင်ခဲ့ဘဲ တရုတ်ပြည်မကြီး၊ ဖီလစ်ပိုင်နိုင်ငံ၊ ဗီယက်နန်နိုင်ငံတို့မှာတော့ သူတို့သာသနာပြုလုပ်ငန်းများကို အစဉ်တစိုက်လုပ်ဆောင်လာခဲ့တာကို တွေ့ရှိမှတ်သားရပါတယ်။

လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှာတော့ မြန်မာပြည်အတွင်း ဒိုမီနီကန်အသင်းဂိုဏ်းကို တရားဝင်ပြန်လည်ဝင်ရောက်လာခဲ့ရာ အခုလက်ရှိမှာတော့ ဒေသခံဘုန်းတော်ကြီး (၇)ပါး၊ ဦးဇင်း (၂)ပါး၊ တသက်ကတိသစ္စာခံ ဘရာသာရ် (၄)ပါး၊ သီအိုလိုဂျီလေ့လာနေသော သစ္စာခံဘရာသာရ် (၁၃)ပါး၊ နိုဗစ်ဝင်ဘရာသာရ် (၄)ပါးနှင့် ၀င်လိုသူ ၁၀ ဦးခန့်ရှိနေပါပြီ။

ဒိုမီနီကန်များ၏နှစ် ၈၀၀ ပြည့်မဟာဂျူဗီလီနှစ်ကြီးနှင့်အတူ တိုက်ဆိုင်စွာ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကလည်း ယခုနှစ်ကို အသင်းတော်ကြီး၏ ဂျူဗီလီနှစ်တစ်ခုအဖြစ်သတ်မှတ်ထားကြောင်း ကြေငြာပြီး ယခုနှစ်ကို မဟာဂရုဏာနှစ်ကြီး Year Of Mearcy)ဟု ကြေငြာထားပါတယ်။ တဆက်တည်းမှာပဲ ဒိုမီနီကန်များကလည်း အသင်းတော်ကြီး၏တရားဟောသူတော်စင်များဖြစ်သည့်အလျောက် ယခုနှစ်ကို မဟာဂရုဏာအားဟောပြောသက်သေခံသူများနှစ်ဟု သတ်မှတ်ထားပါတယ်။ အဓိက ဆောင်ပုဒ်ကတော့ "နောင်တတရား" ပင်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် နောင်တ တရားအားဖြင့် ဆန်းစစ်ကြပြီး လူများစွာကိုလည်း ဘုရားသခင်၏မဟာဂရုဏာကို ဝေငှပေးဖို့ဖြစ်ပါတယ်။ အထူးကျေးဇူးတော်အဖြစ် ပုပ်ရဟန်းမင်းကြီးကိုယ်တော်တိုင် ဒိုမီနီကန်များနှင့် ၎င်းတို့၏ဆက်နွယ်မှု့ရှိသူတိုင်းအား မဟာအင်ဒူဂျင်းသျှား (Indulgence) ဟူသော အထူးအပြစ်ခွင့်လွှတ်ခြင်းကျေးဇူးတော်ကို ပေးသနားထားပါတယ်။

အသင်းတော်ကြီး၏ မဟာဂရုဏာနှစ်ကြီးမှာ မဟာဂရုဏာအား ဟောပြောသက်သေခံနေကြသော တရားဟောသူတော်စင်များအသင်းဂိုဏ်း၏ အသင်းဂိုဏ်းဝင်များအားလုံးနှင့်အတူ နှစ် ၈၀၀ ပြည့်ဂျူဗီလီနှစ်ကြီးအား ကြိုဆိုပါဝင် ဆင်နွှဲကြပါစို့။

ကိုရင် (ဒိုမီနီကန်)

အကြောက်တရားကင်းစွာနှင့် မျက်နှာလိုက်ခြင်းမရှိဘဲ ရဲရင့်စွာမဲထည့်ကြဖို့ မြန်မာကာဒီနယ်ကြီးချားစ်ဦးဘို တိုက်တွန်း



မြန်မာပြည်သူပြည်သားအပေါင်းတို့ အကြောက်တရားကင်းစွာ၊ ထောက်ထားညှာတာခြင်းကင်းစွာ
ရဲရင့်စွာ မဲထည့်ကြပါစို့

မြန်မာနိုင်ငံအတွင်း မှီးတင်းနေထိုင်ကြပါသော နိုင်ငံသူနိုင်ငံသား မိတ်ဆွေအပေါင်းတို့
မြန်မာနိုင်ငံသမိုင်း၏ အရေးပါသော အလှည့်အပြောင်းအခါသမယကို စောင့်မျှော်နေကြသော သင်တို့အားလုံး အား မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။ နိုင်ငံတော်က ဆယ်စုများစွာစောင့်မျှော်နေခဲ့ပါတယ်။ လွဲမှားသော အာရုဏ်တက်ချိန်များစွာကို ဖြတ်ကျော်ခဲ့ပြီး ယခုအခါ ပထမဆုံးအနေနဲ့ လွတ်လပ်သော ရွေးကောက်ပွဲကို ပြန်လည် ရရှိကြပါပြီ။ ပါတီပေါင်း ၉၃ ပါတီမှ ကိုယ်စားလှယ်လောင်းပေါင်း ၅၈၀၀ နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၃၀၀၀ တို့ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ စိတ်ဆန္ဒတွေဟာ ပြည် မြန်မာတဝှမ်းလုံးကို လွှမ်းခြုံလို့ထားနေပါတယ်။

ဒီမိုကရေစီရဲ့ ရည်မှန်းချက်တွေကို ဖေါ်ဆောင်ဖို့ ပြတ်သားစွာဆုံးဖြတ်ချက်ချထားတဲ့ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင် များကို ချီးမွမ်းသြဘာပေးပါတယ်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ စွမ်းအားရှိသမျှ ကြိုးပမ်းဆောင် ရွက်နေကြသော ဝန်းထမ်းများကိုလည်း ဂုဏ်ပြုပါတယ်။ အမုန်းတရားတွေ၊ ဖျက်လိုဖျက်စီးလုပ်ချင်တဲ့ ပယောဂ တွေကလည်း ကျွန်ုပ်တို့ နိုင်ငံတော်ရဲ့ နာမည်ကောင်းကို အကျည်းတန်အောင် အစွမ်းကုန် လုပ်ဆောင် နေကြပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကို ရှောင်လွဲနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို အတတ်နိုင်ဆုံး ရင်ဆိုင်ဖို့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင် နေကြတဲ့ အာဏာပိုင် အဖွဲ့အစည်းများရှိနေလို့ ဝမ်းသာပါတယ်။
ရွေးကောက်ကော်မရှင်ဟာ ရဲရင့်ပြတ်သားဖို့အတွက် ကျွန်ုပ် အထူး ဆုတောင်းမေတ္တာပို့သပါတယ်။ ယခု အချိန်ထိ ဆောက်ရွက်နေတာတွေအတွက် အသိအမှတ်ပြုထိုက်ပါတယ်။ နောက်ဆုံးအပိုင်းက ပိုပြီး သတိ ဝီရိယ စိုက်ထုတ်ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတခြင်းနဲ့ ပွင့်လင်း မြင်သာမှုတို့ကို အာမခံချက်ပေးနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါရစေ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကမ္ဘာတစ်ခုလုံးက စိတ်ဝင်စားစွာ အလေးအနက် ထား စောင့်ကြည့်နေပါလိမ့်မယ်။ ကမ္ဘာတဝှမ်းက မြန်မာသံရုံးတွေမှာ ပေးခဲ့တဲ့မဲတွေ၊ ကြိုတင်မဲတွေဟာ စိုးရိမ်းစရာအဖြစ် ယူဆခံနေရပါတယ်၊ ဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သမာသမတ်ကျစွာ လုပ်ဆောင်ပေးလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ တိုင်းသူပြည်သားတွေက ရွေးကောက်ပွဲကို ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဖြစ်စေချင်ကြပါတယ်။

ဆန္ဒမဲပေးခြင်းသည် မွန်မြတ်သောရပိုင်ခွင့်
ဆန္ဒမဲပေးခြင်းမဲခြင်းအားဖြင့် လူတွေဟာ သူတို့ရဲ့ အနာဂတ်ကို ဖန်တီးနေကြပါတယ်။ မဲရုံကိုသွားတယ်ဆိုတာ မျှော်လင့်ခြင်းခရီးကို သွားခြင်းပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ဒီခရီးကို သွားကြပါစို့။ မဲရုံကို သွားကြပါ၊ ကျွန်ုပ်တို့ရဲ့ ကံကြမ္မာဟာ မဲပုံးထဲမှာရှိပါတယ်။ လူထုအတွက်၊ လူထုက လူထုရဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ခြင်း အားဖြင့် ကြီးမြတ်တဲ့ နိုင်ငံရဲ့သမိုင်းကို ကဗျည်းထိုးပေးပါလိမ့်မယ်။ မြန်မာပြည်ဟာ ဒီအခွင့်အရေးအတွက် အကြာကြီး စောင့်မျှော်နေခဲ့ရပါတယ်။
ယနေ့ဟာ အဲဒီ ကံကြမ္မာနဲ့ရှိနေတဲ့ ကျွန်ုပ်တို့ရဲ့ နေ့ရက်ချိန်ခါဖြစ်ပါတယ်။ ကြွေလည်းအတူ၊ ဝေလည်းအတူ ဆိုတဲ့ စကားအတိုင်း ပါပဲ။ မဲပုံးတွေဟာ ကျွန်ုပ်တို့အားလုံးရဲ့ အနာဂတ်ကို ဖန်တီးပေးပါလိမ့်မယ်။ ဘုရားသခင် က မြန်မာနိုင်ငံကို မြေပေါ်မြေအောက် သယံဇာတတွေနဲ့ ကြွယ်ဝချမ်းသာစေပါတတယ်။ သယံဇာတ အားလုံးထဲမှာ တန်ဘိုးအရှိဆုံးက အတူတကွ အေးအတူပူအမျှ ပေါင်းသင်းနေထိုင်ကြတဲ့ ၁၃၅ မျိုးသော တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမတွေရဲ့ စည်းလုံးညီညွတ်ခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ ကျွန်ုပ်တို့ ငြိမ်းချမ်းခြင်းကို အလွန်လိုအပ်နေပါတယ်။
တရားမျှတသော ရွေးကောက်ပွဲက အမိနိုင်ငံတော်နဲ့ ကျွန်ုပ်တို့ အားလုံးအတွက် ငြိမ်းချမ်းခြင်းနှင့် သာယာ ဝပြောခြင်းကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ သန့်စင်တဲ့ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ သမိုင်းဝင် ဂုဏ်ကျက်သရေကို ပြန်လည် ရရှိစေပါလိမ့်မယ်။ အဲဒီ ကြီးမြတ်သော မျှော်လင့်ချက်တစ်ခု အစစ်အမှန် ဖြစ်လာစေဖို့အတွက် ကျွန်ုပ်၏ အဆွေတော် တိုင်းသူပြည်သားအပေါင်း အကြောက်တရားကင်းစွာ၊ ထောက်ထားညှာတာခြင်း ကင်းစွာ အမှန်အတိုင်း ရဲရင့်စွာ မဲထည့်ကြပါစို့ . . .။
အမိမြန်မာနိုင်ငံတော်အား ဘုရားရှင်ကောင်းကြီးပေးတော်မူပါစေသော်။

ကာဒီနယ် ချားလ်စ်ဘို
ရန်ကုန်ကက်သလစ်သာသနာဂိုဏ်းချုပ်ဆရာတော်ကြီး
Archbishop House Press Release/ Yangon: Myanmar

Sunday, 1 November 2015

ရဟန္တာပေါင်းပွဲနေ့


သံမာတေဦး ၅း၁-၂ 

နိုဝင်ဘာလ တစ်ရက်နေ့ကို ရဟန္တာ၊သူတော်စင်များအပေါင်းပွဲနေ့အဖြစ် ကက်သလစ်အသင်းတော်ကြီးအတွင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ပွဲတော်၏အခြေခံကျင်းပရခြင်းအကြောင်းရင်းမှာ ရောမခေတ်ကာလ အင်ပါယာလက်အောက်တွင် မိမိတို့အသက်တွေကို စတေးခံပြီး ခရစ်တော်ကို သက်သေခံခဲ့ကြသော ကျွန်ုပ်တို့၏ ရှေးဦးဘိုးဘေးများအားရည်းစူးပါတယ်။ ထို့ကြောင့် ပွဲတော်ဤပွဲတော်ကို ဓမ္မအာဇာနည်များအားလုံးပွဲနေ့ဟု ခေါ်ဆိုကြပါတယ်။ သို့သော်လည်း ယနေ့ခေတ်ကာလတွင် အသင်းတော်ကြီးအတွင်း ရဟန္တာ၊ သူတော်စင်များအားလုံးပွဲနေ့ကို ကျင်းပရာတွင် ယုံကြည်ခြင်းအတွက် အသက်စွန့်ခဲ့ကြသည့် ဓမ္မအာဇာနည်များသာ မကဘဲ အခြားသောပါရမီများနှင့် ခရစ်တော်ကိုသက်သေခံခဲ့ကြသူအားလုံး၊ လူသိ-လူမသိ ရဟန္တာသူတော်စင်များအားလုံးကို ရည်စူး၍ကျင်းပပါတယ်။ ထို့ကြောင့် အသင်းတော်၏အဆိုအရ- ရဟန္တာဆိုသည်မှာ ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိသူ မည်သူမဆိုကို ရဟန္တာဟုခေါ်ဆိုပါတယ်။ ဒါကိုက ကျွန်ုပ်တို့ ခရစ်ယာန်အားလုံး၏ခေါ်တော်မူခြင်းပင်ဖြစ်ပါတယ်။ တနည်းအားဖြင့် ခရစ်ယာန်အဖြစ်ခေါ်ခံရသောသူတို့ဟာ ရဟန္တာလမ်းစဉ်နှင့်အတူ ကောင်းကင်နိုင်ငံတော်မှာ ဘုန်းဂုဏ်တော်ဝင်စားပြီး ဘုရား၏သားသမီးများဟု ခေါ်ဆိုခံရဖို့ပင် ဖြစ်ပါတယ်။

ဘုရား၏သားသမီးများအဖြစ်အခေါ်ခံထိုက်သူတွေဟာ ဘယ်သူတွေလဲ။ ဒါမှမဟုတ် ကောင်းကင်နိုင်ငံတော်အမွေကို စံစားနေသူတွေဟာ ဘယ်သူတွေလဲ။ စစ်မှန်သည့်ခရစ်ယာန်တွေဆိုတာ ဘယ်လိုလူတွေလဲ။ 

ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်ဟာ ခရစ်တော်၏ပထမဆုံးသော သြ၀ါဒဖြစ်သည့် တောင်ပေါ်တရားဒေသနာမှကောက်နှုတ်ထားသည့် မင်္ဂလာတရားတော်ရှစ်ပါးပင် ဖြစ်ပါတယ်။ ထိုမင်္ဂလာတရားဟာ စစ်မှန်သည့်ခရစ်ယာန်ဖြစ်ဖို့အတွက် အဓိကလမ်းစဉ်တွေပင်ဖြစ်ပါတယ်။ အသင်းတော်၏သွန်သင်ချက် (CCC n. 1716)မှာ ဤမင်္ဂလာတရားရှစ်ပါးဟာ ခရစ်တော်၏တရားဒေသနာများ၏အနှစ်သာရ နှလုံးသားပင်ဖြစ်သည်ဟု ဖွင့်ဆိုပါတယ်။ ထို့အပြင် ဤမင်္ဂလာတရားရှစ်ပါးဟာ ခရစ်တော်၏ဂရုဏာမေတ္တာကို အကောင်းဆုံးနှင့် အထူးဖော်ကြူးနေပါတယ်။ ထို့အပြင် ခရစ်တော်၏ ဒုက္ကစရိယာခံယူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ ဆက်စပ်၍ သေမင်းကိုအောင်မြင်သည့်ဘုန်းဂုဏ်တော်မှာ ပါဝင်ကြဖို့ ဤမင်္ဂလာတရားရှစ်ပါးအားဖြင့် ဖိတ်ခေါ်နေပါတယ်။

တကယ်တော့ ဆင်းရဲခြင်းကို အဘယ်သူလိုချင်မလဲ။ ၀မ်းနည်းငိုကြွေးနေရခြင်းကို အဘယ်သူ နှစ်သက်မလဲ။ နှိမ့်ချနေရမယ့်အခြေနေကို အဘယ်သူတင်းတိမ်မလဲ။ ဆာငတ်နေရခြင်းကို အဘယ်သူ လိုချင်ပါ့မလဲ။အနစ်နာခံပြီး ပေးဆပ်နေရတာကို အဘယ်သူကျေနပ်နေနိုင်မလဲ။ ဒါတွေဟာ သာမန်အားဖြင့်ပြောရမယ်ဆိုရင် ကောင်းတဲ့အကြံပေးခြင်း၊ အကြံညဏ်တွေမဟုတ်လောက်ပါဘူး၊ ကုန်ကုန်ပြောရရင် မင်္ဂလာတရားတွေဟုပင် မထင်နိုင်ရပါဘူး။ သို့သော်လည်း  ဒါတွေကိုပဲ မင်္ဂလာတရားအဖြစ် ယနေ့ခရစ်တော်က အထူးအရေးပေးဟောပြောနေတယ်။ ထို့ကြောင့် အလျင်စလို မဖတ်ဘဲ ကောက်ချက်မချဘဲ ဖြည်းဖြည်းချင်းဖတ်ရှု့၍ မင်္ဂလာတရားရှစ်ပါးကို ထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

(၁) အတွင်းစိတ်၌ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ - ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့တတွေ၏ ဥစ္စာဓနဆင်းရဲခြင်း၊ စိတ်ဝေဒနာဆင်းရဲခြင်းတွေကို ဆိုလိုခြင်းမဟုတ်ပါဘူး။ သို့သော်လည်း မိမိတို့၏စိတ်ဓါတ်ရေးရာများ မဆင်းရဲဘဲ ခရစ်တော်ကဲ့သို့  မိမိတို့မှာရှိတာကို အခြားသူများအား ဝေမျှတတ်ဖို့၊ ပေးကမ်းတတ်ဖို့၊ အခြားသောသူတို့၏ဒုက္ခဝေဒနာတွေမှာ မျှဝေခံစားပေးဖို့၊ နားလည်းပေးတတ်ပြီး နှစ်သိမ့်တတ်ဖို့အတွက် မိမိတို့၏အတွင်းစိတ်ဆင်းရဲရသည့် ပါရမီကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။

(၂)၀မ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ - သူတို့သည်နှစ်သိမ့်ခြင်းခံရကြလိမ့်မည်။ မိမိဟာ ကောင်းတာလုပ်နေပါလျက် ကောင်းကျိုးမခံစားရလို့ ၀မ်းနည်းနေရလား။ ဘ၀မှာ ဘယ်လောက်ထိများ ၀မ်းနည်းနေရမလဲ - အဓိက ဘုရားကိုမေ့မထားဖို့လိုပါတယ်။ ထို့ဘ၀တွေမှာ နှစ်သိမ့်ပေးမယ့်ဘုရားရှိနေတာ ယုံကြည်ပါ။ 

(၃)စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။ - မြေကိုအမွေခံကြရလိမ့်မည်။ ခရစ်ယာန်တို့အမြဲတမ်း ကျင့်ကြံရမယ့်ပါရမီတစ်ခုက အစဉ်စိတ်နှလုံးနူးညံ့နေဖို့ပါပဲ။ သူရိုင်းလို့ကိုယ်က ပြန်ရိုင်းရတာပါဆိုလျှင် ကျွန်ုပ်တို့မှာတရားမရှိသေးလို့ပါပဲ။ သူကြင်မှကိုယ်ကြင်မယ်ဆိုတာ ခရစ်ယာန်ကျင့်စဉ်မဟုတ်ပါဘူး - ခရစ်ယာန်ကျင့်စဉ်ဟာ ကိုယ့်ပါးတစ်ဖက်ကိုအခြားသူကရိုက်လျှင်ပင် ကျန်တဲ့တဖက်ကို ပေးတတ်နေရမယ်ဟု ခရစ်တော်သွန်သင်ပါတယ်။

(၄)ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်နေသူတို့သည် မင်္ဂလာရှိကြ၏။ - လိုအင်ဆန္ဒပြည့်ဝကြလိမ့်မည်။ တရားလမ်းကိုလျှောက်လှမ်းဖို့ အဓိကအခြေခံကျသည့်ပါရမီဟာ ဖြောင့်မတ်ခြင်းပါပဲ။ ဖြောင့်မတ်ခြင်းဆိုတာ အမှန်တရားလမ်းပေါ်မှာ မားမားမတ်မတ်ရပ်တည်ပြီး ဘက်လိုက်ခြင်းမရှိသည့် သမာဓိတရားပင်ဖြစ်ပါတယ်။ ဤတရားဟာ ပြည့်စုံသည့်ခရစ်ယာန်တရားတော့မဟုတ်သေးသော်လည်း ဤတရားမပါဘဲ ခရစ်ယာန်တရားဆက်ကျင့်ဖို့မဖြစ်နိုင်ပါဘူး။

(၅)သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏ - သနားခြင်းပြန်ခံရလိမ့်မည်။ ဤပါရမီဟာ ခရစ်တော်အထူးဟောပြောခဲ့သည့်မေတ္တာတရားနှင့်နီးစပ်နေပါတယ်။ ဆာလံ ၁၃၀ မှာ ဆိုထားသလိုပဲ - ကိုယ်တော်သည်အပြစ်များကို ရေးမှတ်တော်မူလျှင် အဘယ်သူခံနိုင်မည်နည်း။ တနည်းအားဖြင့် ဖြောင့်ဖြောင့်မတ်မတ်ကြီးစီရင်မည်ဆိုလျှင် ဘယ်သူကယ်တင်ခြင်းရမည်နည်း။ ထို့ကြောင့် သနားဂရုဏာအားဖြင့်သာ အကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းကို ကမ်းလင့်ခံရခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန်ဖြစ်သည့်အလျောက် သနားကြင်နာတတ်ရပါလိမ့်မယ်။

(၆)စိတ်နှလုံးဖြူစင်သူတို့သည် မင်္ဂလာရှိကြ၏။ - ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။ ဘုရားသခင်သည် သန့်ရှင်းစင်ကြယ်လွန်းသည့်အတွက် ကျွန်ုပ်တို့တတွေဖူးမျှော်ဖို့ရန် သန့်ရှင်းနေမှဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် စင်ကြယ်လော့ဟု ခရစ်တော်မိန့်ဆိုလေ့ရှိပါတယ်။ စိတ်နှလုံးဖြူစင်သူတွေဟာ မိမိကိုယ်ကို အမြဲသန့်စင်နေသူများဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေလည်း မိမိကိုယ်ကို တရားတော်အားဖြင့် အမြဲကြိုးစားသန့်စင်နေရပါလိမ့်မယ်။

(၇) ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သူတို့သည်မင်္ဂလာရှိကြ၏။ - ဘုရား၏သားသမီးများဟု ခေါ်ခံရလိမ့်မယ်။ ဘုရား၏သားသမီးများဖြစ်ဖို့ ကျွန်ုပ်တို့တတွေကြိုးစားနေကြတာပဲ။ ကမ္ဘာကြီးတစ်ခုလုံးမဆိုထားနှင့် - မြန်မာနိုင်ငံမှာပင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူတွေ အလွန်နည်းနေပြီး ကိုယ့်ကျိုးအတွက်၊ ကိုယ့်သိက္ခာ၊ မာနတွေအတွက်သာ ယောင်ပြလှုပ်ရှားနေကြသူတွေက များနေပါတယ်။ ထို့ကြောင့်လည်း အချိန်ကာလက သက်သေပြနေပါတယ်။ နှစ်ပေါင်း ၆၀ကျော်တာတောင် အိမ်တွင်းရေးပြသနာများ ဖြေရှင်းမရသေးဘဲဖြစ်နေရပါတယ်။ အခြားသောဘာသာကြီးတစ်ခု၏လွှမ်းမိုးမှု့အောက်မှာ ရှင်သန်ရသည့် ခရစ်ယာန်များအဖို့ ငြိမ်းချမ်းကို အထူးဆောင်ရွယ်ပေးဆပ်ဖို့လိုအပ်နေပါပြီ။ ခရစ်ယာန်စိတ်ဓါတ်ဖြင့် ကြိုးပမ်းဆောင်ရွယ်ဖို့လိုအပ်နေပါပြီ။ ဘုရားသားသမီးတွေဆိုတာ အကောင်းဆုံးသက်သေခံသင့်ပါပြီ။

(၈) ဖြောင့်မတ်ခြင်းတရားအတွက် ညှင်းပမ်းနှိပ်စက်ခံရသူတို့သည်မင်္ဂလာရှိကြ၏။ -ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်လိမ့်မည်။ ဖြောင့်မတ်ရာကိုပြောပြီး အမှန်တရားအတွက်လုပ်ဆောင်လို့ အာဏာရှင်အချို့ရဲ့ စနစ်ရန္တာယားတွေပျက်စီးလို့ ညှင်းပမ်းနှိပ်စက်၊ အစဖြောက်ခံနေရသလား။ အချို့သော အခွင့်ရေးသမားများ၏ ရန်သူအဖြစ်သတ်မှတ်ခံရကာ ညှင်းပမ်းနှိပ်စက်ခံနေရလား၊ ဆက်လျှောက်ပါ - ခရစ်တော်သွန်သင်ချက်အတိုင်း ခွန်အားယူပြီး ဆက်လျှောက်ကာ ကမ္ဘာလောကသားတွေကို အာဇာနည်စိတ်ဓါတ်ဖြင့် အလင်းပြဖို့ သတ္တိရှိပါ။ 

မိတ်ဆွေ၊ အထက်ပါ တရားတွေဟာ ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် မင်္ဂလာတရားတွေပါပဲ။ မင်္ဂလာ (Beatitudes) ဆိုတာ ပျော်ရွှင်ခြင်း -စစ်မှန်သောပျော်ရွှင်ခြင်း (သို့) ကောင်းကြီးတော်ပြည့်စုံသည့်ဘ၀ဟုဆိုပါတယ်။ ထိုမင်္ဂလာတရားတော်များအားဖြင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်၏ ကယ်တင်ခြင်းလမ်းစဉ်ကို မြင်တွေ့သိရှိလာကြမှာဖြစ်ပါတယ်။ ဘုရားကို သိခြင်း၊ တွေ့ခြင်းဟာ မေတ္တာတရားပေါ်မှာ ရောင်ပြန်နေပါတယ်။ ထိုပုဂ္ဂိုလ်တွေကို ဘုရားရဲ့သားသမီးများဟု ခေါ်ဝေါ်ကြပါတယ်။ သို့ဖြစ်၍ မင်္ဂလာရှိစေရာအကြောင်းလည်းဖြစ်လာပါတယ်။ ၎င်းပုဂ္ဂိုလ်တို့၏ မင်္ဂလာရှိခြင်းဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေရာအကြောင်းလည်းဖြစ်ပါတယ်။ 

ခရစ်တော်သခင်သည် မင်္ဂလာရှိပါ၏။ အဘယ်ကြောင့်ဆိုသော် ဤမင်္ဂလာတရားရှစ်ပါးကို အပြောဖြင့်မဟုတ်ဘဲ လက်တွေ့ဘ၀ဖြင့် သက်သေခံဟောပြောခဲ့သောကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်လည်း သံပေါလူးက သူ့ကို ခမည်းတော်ဘုရားမှ သေခြင်းမှထမြောက်စေခဲ့ပြီး မွေးဖွားခြင်းခံသူတို့အထဲမှ သားဦးဖြစ်စေခဲ့သည်ဟု ဆိုပါတယ်။ ချစ်စွာသော ယုံကြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့လည်း ခရစ်တော်၏မင်္ဂလာတရားတော်ရှစ်ပါးကို လိုက်နာကျင့်ကြံလျှောက်လှမ်းရင်း ဘုရား၏သားသမီးများအဖြစ် ကောင်းကင်နိုင်ငံတော်ကို ခရစ်တော်သခင်နှင့်အတူ စံစားနိုင်ရအောင် အစဉ်ကြိုးစားသွားကြပါစို့။ ၎င်းကျင့်စဉ်များအတွက် လိုအပ်သော ခွန်အားကျေးဇူးတော်များကို ရဟန္တာသူတော်စင်များအားလုံးနှင့်အတူပေါင်းစည်း၍ ခမည်းတော်ဘုရားထံမှာ ခရစ်တော်အားဖြင့် တောင်းလျှောက်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)