Saturday, 25 July 2015

မိဘတို့အား ရိုသေခြင်းကိုပြုလော့ . . .


ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာထဲမှာမှ ကျွန်တော်တို့အတွက် မိဘဆိုတာ တိတိကျပြောရလျှင်တော့ ဖေဖေနှင့်မေမေဟူသော လူသားနှစ်ဦးတည်းသာ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်တော်တို့ဘ၀မှာ ထိုဖေဖေနှင့်မေမေကဲ့သို့သော တန်ဖိုးမဖြတ်နိုင်သော မေတ္တာတရားပိုင်ရှင် ပုဂ္ဂိုလ်များဟာလည်း မိဘများအဖြစ် အရိုသေပေးခြင်း ခံထိုက်သူများဖြစ်ပါတယ်။ ထို့ကြောင့် မိဘဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ဟာလည်း ကျယ်ပြန့်လွန်းပါတယ်။ ကျွန်တော်တို့မွေးဖွားချိန်မှစ၍ ကြီးပြင်းလာရာ ဘ၀ခရီးတလျှောက် မိဘမေတ္တာကို မိမိ၏ ဖခင်နှင့် မိခင်တို့ကဲ့သို့ ပေးကမ်းနိုင်ကြသူတိုင်းဟာ မိဘတွေဟု ခေါ်ဆိုထိုက်၍ လက်ခုပ်ဦးမျှော် ပူဇော်ဂါဝရပြုခံ ထိုက်သူများဖြစ်ပါတယ်။

ဗုဒ္ဓ၏မြတ်သောဝါဒလွှမ်းမိုးထားသည့် မြန်မာ့နိတိကျမ်းသွန်သင်ချက်ထဲမှာ မိဘဆိုတာ အနန္တော အနန္တ ဂိုဏ်းဝင်ဖြစ်ပြီး ပူဇော်ရိုသေထိုက်သူများအဖြစ် သွန်သင်ထားပါတယ်။ ထို့အတူ ကျွန်တော်တို့ ခရစ်ယာန်၏ မြတ်သောဝါဒမှာလည်း မိဘဆိုတာ ရိုသေထိုက်သူသာ မဟုတ်ဘဲ ကျွန်တော်တို့လို သားသမီးများအတွက် ဤလောကတွင် ဘုရားသခင်ခန့်အပ်ထားသည့် ကိုယ်စားလှယ်များဖြစ်ကြ၍ မိဘဆိုတာ နာခံထိုက်သူများ ဖြစ်ကြောင်း၊ ကြောက်ရွံ့ရိုသေထိုက်သူများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သွန်သင်ထားပါတယ်။ သခင်ခရစ်တော်ယေဇူးကိုယ်တော်တိုင် လောကသို့ကြွဆင်းခဲ့စဉ် သံဇူဇယ်နှင့် မာရိယာတို့အား မိဘများအဖြစ် ကြောက်ရွံ့ရိုသေစွာ နာခံ၍ နေထိုင်ခဲ့ကြောင်း ဧ၀ံဂေလိကျမ်းများတွင် မှတ်တမ်းတင်ထားပါတယ်။ ထို့ကြောင့် သံပေါလူးက ထပ်ဆင့်၍ သားသမီးများတို့ မိဘတို့စကားကို နားထောင်ကြလော့။ ဤအမှုသည် ဘုရားသခင်နှစ်သက်တော်မူသော အမှုဖြစ်၏ (ကော်လောဆေ ၃း၂၀) မှာ သွန်သင်မိန့်ကြားခဲ့ပါတယ်။

မိဘဟူသည်ကား “မကောင်းမြစ်ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်း” ဟူသော ၀တ္တရားငါးခုအား ၀တ္တရားအဖြစ်မဟုတ်ဘဲ  မိမိတို့ဘ၀အဖြစ် ကျင့်ဆောက်တည်ကြသူများ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ၎င်းတို့၏မေတ္တာကျေးဇူးအား မြင့်မိုရ်တောင်ဦး မကကျူးဟု တင်စားပြောဆိုတတ်ကြသည်မှာ မလွန်ပါ။ ထို့အပြင် မိဘဟူသည်ကား လက်ဦးဆရာဟုလည်း တင်စားခေါ်ဆိုကြသည့်အတိုင်း ရင်သွေးငယ်တို့ စကားမပြောတတ်မီကပင်စ၍ ၎င်းတို့ဘ၀ချုပ်ငြိမ်းသွားသည့်တိုင်အောင် အကွက်စေ့စေ့ဖြင့် မရိုးနိုင်အောင် သွန်သင်ပေးကြပါတယ်။ မိဘတိုင်းဟာ မိမိတို့၏ရင်သွေးငယ် ရတနာများအားလုံးကို လိမ္မာစေချင်ကြပါတယ်။ အနာဂတ်ကောင်းတွေကို ပိုင်ဆိုင်စေလိုကြတယ်။ တခါတရံ မိသားစုအတွင်း ပြောဆို ဆုံးမစကားကို လုံးဝ နားမထောင်သော သားသမီးများနှင့် ရင်ဆိုင်လာကြရတဲ့အခါ အင်မတန်မှ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ သို့သော်လည်း ဘယ်မိဘမှ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိပါဘူး။

မိဘမေတ္တာကိုယ်က မြင့်မြတ်လွန်းပါတယ်။ မည်သို့မည်မျှပင် ဆိုးသွမ်းခဲ့စေကာမူ မိဘဟူသော မေတ္တာရင်မှာ စတင်ကိန်းအောင်းလာချိန်မှစ၍ ထိုပုဂ္ဂိုလ်တို့ဟာ လောကကြီးပေါ်မှာ သူတို့ရဲ့အမြင်တွေ ပြောင်းလဲလာခဲ့ပါတယ်။ တနည်းအားဖြင့် မိဘမေတ္တာအားဖြင့် လောကကို ရှု့မြင်လာတော့တာပါပဲ။ ထို့ကြောင့် မဟာသမုဒ္ဒရာ၊ မြင့်မိုရ်တောင်နှင့် အဇာ ကောင်းကင်ကြီးတို့ပင် မိဘမေတ္တာနှင့် နှိုင်းယှဉ်လျှင် သေးငယ်သွားကြရသည်ဟု ဆိုကြပါတယ်။

ကျွန်တော်တို့၏မြတ်သော ခရစ်ယာန်တရားတော်တွင် မိဘတို့အားရိုသေခြင်းကိုပြုလော့ဟု၍ ဂျူးတို့၏ဓမ္မခေတ်ကာလသွန်သင်ချက်အား အခြေခံပါတယ်။ ထိုခေတ်ထိုကာလ ကယ်တင်ရှင်ဘုရား ဆင်းမကြွလာမှီအချိန် ဘုရားသခင်သည် တမန်တော်ကြီးမိုးဇယ်မှတဆင့် ပညတ်တော်ဆယ်ပါးကို ပေးခဲ့ပါတယ်။ ပညတ်တော် ဆယ်ပါးတွင် ပထမ ပညတ်သုံးခုမှာ ဘုရားသခင်အပေါ် ကျွန်တော်တို့ လူသားများထားရမည့် စိတ်နေသဘောထားနှင့် စပ်လျဉ်း၍ သွန်သင်ထားပြီး ကျန်သည့် ခုနှစ်ချက်မှာ ကျွန်တော်တို့လူသားအချင်းချင်းကြား ထားရှိကြရမည့် စိတ်နေသဘောထားနှင့် စပ်လျဉ်း၍ သွန်သင်ထားပါတယ်။ ထိုသို့ လူသားအချင်းချင်းကြားထားရှိကြရမည့် စိတ်နေသဘောထားမှာ မိဘဟာ ပထမဦးဆုံးနေရာယူထားပါတယ်။ အမှန်တကယ်လည်း ကျွန်တော်တို့ဘ၀၏ ပထမဆုံးသောနေရာကို ပိုင်ဆိုင်သူများဖြစ်ပါတယ်။ ကျွန်တော်တို့အား လူ့ဘ၀သို့ခေါ်ဆောင်ပေးသူ ပထမဆုံးထိတွေ့ရသူတွေဟာ မိဘတွေပါပဲ။ ကျွန်တော်တို့ကို ပထမဆုံးပညာပေးသူများဟာလည်း မိဘတွေဖြစ်၍ လက်ဦးဆရာဟုပင် တင်စားခံရသူတွေပါ။ ကျွန်တော်တို့အား နားလည်ပေးနိုင်ဆုံးသော ပထမဆုံးသူတွေဟာလည်း မိဘတွေဖြစ်တာမို့ “တောင်းစုတ် ပလုပ်စုတ်တွေသာပစ်ရိုးထုံးစံရှိပေမယ့် သားဆိုးသမီးဆိုးတော့ ပစ်ရိုးထုံးစံမရှိ” စာဆိုပေါ်ထွက်လာခဲ့တာပါ။ မိဘမေတ္တာဟာ ရိုးရှင်းပေမယ့် မရိုးနိုင်တာအောင် ကြီးမြတ်တာမို့ စာပေဖွဲ့မမှီအောင်ပင် ရှိလှပါတယ်။ မြင့်မိုရ်တောင်ပင် သေးငယ်ရပါတယ်။ တကယ့်ကို မာတုရမေတ္တာပါပဲ။

သို့သော်လည်း ယနေ့ခေတ် သက်ကြီးရွယ်အိုမိဘတွေဟာ သနားစရာအဖြစ်သို့ရောက်နေပါပြီ။ စီးပွားရေးကို ဦးစားပေးလွန်းတဲ့ခေတ်မို့ အရာရာဟာ တွက်ချက်ခံနေရတဲ့အခါ မိဘတွေဆိုတာလည်း ဘယ်လောက် အသုံးဝင်သလဲလို့ တွက်ချက်ခံနေကြရပြီ။ မိဘဟာ အသက်အရွယ်ထောက်လာလို့ အသုံးမ၀င်တော့ဘူးလို့ တွက်ချက်ခံလိုက်ရပြီဆိုရင် ပို့ခံရမည့်နေရာက သက်ကြီးရွယ်အိုဂေဟာပါပဲ။ တချို့ပိုဆိုးတာက သားသမီးများက စွန့်ခွာထွက်ပြေးသွားကြတာပဲ။ လူ့မိသားစုအသိုက်အမြုံမှာ မေတ္တာတရားတွေလည်း စီးပွားရေးဆန်ဆန် တွက်ချက်ခံနေရပြီလား။ သက်ကြီးရွယ်အိုဂေဟာများကိုလည်း အသင့်ပြုလုပ်ထားတဲ့ မိဘစွန့်ပစ်ရာနေရာတစ်ခုလိုပဲ လူအများတွက်ဆလာကြတယ်။ တကယ့်ကို စိတ်မကောင်းစရာကောင်းပါတယ်။

မိတ်ဆွေများခင်ဗျာ - ကျွန်တော်တို့တတွေ ယနေ့မိဘများပွဲနေ့မှာ ဒါတွေကို လေးလေးနက်နက် စဉ်းစားဖို့ ဖိတ်ခေါ်ပါရစေ။ အထူးသဖြင့် ခရစ်တော်သခင်အား အတုယူကျင့်ကြံနေကြသော ခရစ်ယာန်၏ မြတ်သောအယူဝါဒတွင် မေတ္တာတရားဟာ အင်မတန်ကြီးမြတ်လေးနက်ပါတယ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်အထိပင် ကျွန်တော်တို့တတွေဟာ ချစ်ခြင်းမေတ္တာအားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ဒီကမ္ဘာလောကကြီးကို သက်သေခံသွားကြရမှာဖြစ်ပါတယ်။ ထိုသို့ မေတ္တာတရားကို သက်သေခံရာတွင် ဘ၀အစ ပထမဆုံး ထိတွေ့ရတဲ့ မိဘတွေဟာ သက်သေခံရာ ပထမဆုံးသော မေတ္တာရှင်တွေ ဖြစ်တာမို့ ထိုမေတ္တာရှင်တွေနဲ့ ပူးတွဲကျင့်ကြံခြင်းဟာ ဘုရားသခင်၏မိသားစု တည်ဆောက်ရာ စံနမူနာများဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် အသင်းတော်၏သွန်သင်ချက်အတိုင်း မိဘတွေဟာ ရိုသေထိုက်ပြီး နာခံထိုက်သူများဖြစ်ပါတယ်။ ၎င်းတို့၏အခွင့်အရေးအရပင် ကျွန်တော်တို့တတွေဟာ မိဘတွေကို နာခံရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘုရားသခင်အပေါ် ကျွန်တော်တို့၏ စိတ်နေသဘောထားကို မိဘများအား နာခံခြင်းအားဖြင့် လက်တွေ့ကျကျ ကျင့်ကြံနိုင်စေတာလည်း ဖြစ်ပါတယ်။

မနောအောင်



Tuesday, 21 July 2015

နိုင်ငံတော်ခေါင်းဆောင်များ မိဘများဖြစ်ပါစေ (မိဘများပွဲနေ့ -အတွက် ကာဒီနယ်ချားလ်စ်ဘို၏ အားပေးစကား)


ဒီနေ့ ဒို့တွေဟာ မိဘများရဲ့ ရတနာ လက်ဆောင်အဖြစ် မိဘများပွဲနေ့ကိုကျင်းပနေကြတယ်။ ရဟန်းမင်းကြီး ပြောသလို၊ မိဘများဟာ သားသမီးတွေ စစ်မှန်တဲ့လူသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့အတွက် ပွဲကျင်းပကြတယ်။ မိဘတိုင်းက သန့်ရှင်းတယ်။ မိဘတိုင်းက ဘုရားကိုကိုယ်စားပြုတယ်။ အင်္ဂလိပ်စာရေးဆရာ ‘ရူဒေါဖ်ကစ်ပ်လင်’ ရဲ့ ပြောကြားချက်မှာ၊ ဘုရားက နေရာတိုင်းမှာ မရှိနိုင်လို့ ဒို့အတွက် မိဘတွေကိုပေးထားတယ်။

မိသားစုရဲ့ သန့်ရှင်းစင်ကြယ်ခြင်း။

ဒီအကြောင်းကို ရဟန်းမင်းကြီးက မကြာခဏပြောလေ့ရှိတယ်။ သူက ရဟန္တာ ထရေးဇားလေးရဲ့ မိဘတွေကို ဒီနှစ်အောက်တိုဘာလမှာ ရဟန္တာအဖြစ်တင်မြှောက်မယ်။ မိသားစုတစ်ခု၊ ရဟန္တာသုံးပါး။ သန့်ရှင်းတဲ့မိသားစု။ ဒို့မိဘတွေအားလုံးက ရဟန္တာတွေဖြစ်တယ်။ သူတို့က ဒို့ကို အသက်ပေးတယ်။ ရဟန်းမင်းကြီးပြောတာက.. ရဟန္တာတွေက မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကို ခံခဲ့ကြရတယ်။ မကောင်းတဲ့အပင်က မကောင်းတဲ့အသီးကို သီးတယ်။ ကောင်းတဲ့အပင်က ကောင်းတဲ့အသီး သီးတယ်။ (လုကာ ၆း၄၃) ဘုရားက ဒို့ကို အသက်ပေးတယ်။ ဒို့ကို သန့်ရှင်းအောင်၊ ရိုးသားအောင် နဲ့ အလုပ်ကြိုးစားအောင် လုပ်ပေးတာက မိဘတွေဖြစ်တယ်။ ခရစ်တော်က မိဘတွေနဲ့ အနှစ် ၃၀ နေထိုင်ခဲ့တယ်။ သူတို့နဲ့အလုပ်လုပ်ခဲ့တယ်။ ဥာဏ်ပညာတွေ တိုးတက်ခဲ့တယ်။ ( လုကာ ၂း၄၀)

ဒို့မိဘတွေက ဒို့တွေအတွက်တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်တဲ့ ယုံကြည်ခြင်းနဲ့ အသက်ကို ပေးခဲ့တယ်။ ဒိုတွေရဲ့ ဘဝကို လမ်းညွှန်ပေးပြီး ထာဝရအသက်ကို ရရှိစေတဲ့ ယုံကြည်ခြင်းကို ပေးတယ်။ ကျမ်းစာထဲမှာ မိဘတွေ အများကြီးတွေ့ရတယ်။ ကျမ်းစာရဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ ကမ္ဘာဦးကျမ်းမှာ ဒို့မိဘတွေကို ဖန်ဆင်းတဲ့ အကြောင်းနဲ့ အစပြုထားတယ်။ ဖန်ဆင်းခြင်းက လူသားတွေအပေါ်မှာ ထားရှိတဲ့ ဘုရားရဲ့ ချစ်ခြင်းကို ဖော်ပြနေတယ်။ ဘုရားသခင်က ဖခင်/အဖေ ဖြစ်တယ်။ ကျမ်းစာထဲမှာ ဒို့တွေအတွက် ကြီးမြတ်တဲ့ အဖေနဲ့ အမေရှိတယ်။ ဒို့မိဘတွေက သူတို့နဲ့ တူကြတယ်။

ဖခင်/ အဖေများ

နောဧ။ ။ ဘုရားရဲ့စကားကို နားထောင်ပြီး မိသားစုကို ပျက်စီးခြင်းမှ ကာကွယ်ခဲ့သူ။ ကောင်းမြတ်တဲ့ဖခင်က နောဧ ကဲ့သို့ သားသမီးတွေကို ဘုရားစကားကို နားထောင်ဖို့ လမ်းညွှန်ပေးတယ်။ အာဗြဟံက ဒို့တွေရဲ့ဖခင်၊ ယုံကြည်ခြင်းရဲ့ ဖခင်ဖြစ်တယ်။ ဘုရားက သူ့ရဲ့ယုံကြည်ခြင်းကို ခဏခဏ စမ်းသပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ယုံကြည်ခြင်းက မယိမ်းယိုင်ခဲ့ဘူး။ ဒီနေ့ ဖခင်တွေက လောကကြီးရဲ့ စမ်းသပ်မှု ကိုခံကြရတယ်။ လောကီနဲ့ဆိုင်တဲ့အရာ၊ ရသမျှသုံး၊ ပေါ်သမျှဝယ် ဆိုတာတွေက မိသားစုဘဝကို ခြိမ်းခြောက်နေတယ်။ ဖခင်တွေက ဒို့တွေကို ဒီမကောင်းမှုတွေက နေကာကွယ်ပြီး အာဗြဟံကဲ့သို့ ဘုရားကို ယုံကြည်အောင် သင်ပြပေးတယ်။ မိုးဇယ်လည်း ဖခင်တစ်ယောက်ဖြစ်တယ်။ သူက ရိုးသားတဲ့သူဖြစ်တယ်။ သူက ကောင်းကောင်း စကားမပြောတတ်ဘူး။ မဟောတက်ဘူး။ ဒါပေမဲ့သူက ဟီဘရူးလူမျိုးတွေကို ကျွန်အဖြစ်ကနေ ကယ်တင်ခဲ့တယ်။ ဒို့မိဘတွေက ဘုရားရဲ့ ဦးဆောင်မှုအောက်မှာ သားသမီးတွေကို အပြစ်နဲ့ မကောင်းမှုရဲ့ ကျွန်အဖြစ်ကနေလွတ်မြောက်စေဖို့ဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ကျမ်းစာထဲမှာ အကြီးမားဆုံး ဖခင်ဖြစ်တဲ့ ဂျိုးဇက်… သူက ခရစ်တော်ရဲ့ အထိန်းတော်ဖြစ်ပြီး လောကကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို သင်ပြပေးတယ်။ ဒို့ရဲ့ ဘုရားက “အဖေ” ဖြစ်လာတယ်။ ဒို့တွေရဲ့ အခြေခံ အရင်းမြစ်က ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူဖြစ်တယ် ဆိုတာကို ခရစ်တော်က ပြသခဲ့တယ်။ ဒို့ရဲ့ ဘုရားက မိသားစုကဲ့သို့ မိသားစုထဲမှာ နေထိုင်တယ်။ ခရစ်ယာန်တစ်ယောက်အတွက် ဘုရားကို အဖေလို့ ခေါ်နိုင်တာထက်ပိုပြီးနှစ်သိမ့်ပေးနိုင်တာ ဘာမှ မရှိဘူး။ (မာကု ၁၄း၃၆၊ ရော ၈း၁၅၊ ကာလာ ၄း၆)

မိခင်များ/အမေများ

ကျမ်းစာမှာ သူတို့တွေနဲ့ ပြည့်နေတာပဲ။ ဒို့ရဲ့ ပထမဆုံးမိခင်ဖြစ်တဲ့ဧဝ နဲ့စတယ်။ သူက ဘုရားရဲ့ စကားကို နားမထောင်ခဲ့လို့ ဘုရားရဲ့ ကာကွယ်ခြင်းကို ဆုံးရှုံးခဲ့ရပေမဲ့ မိသားစုကို ဖန်တီးခြင်းမှာ သစ္စာရှိခဲ့တယ်။ ဆာရာ.. ကအီဇရာအဲလ်လူမျိုးတွေရဲ့ မိခင်ဖြစ်တယ်။ ရောဘက်ကာ… ကယာကုတ်ရဲ့အမေ။ ဟာန..ကဆာမြူအဲလ်ရဲ့အမေ။ အဲလိဇဘက်က.. ယောဟန်ဗတ္တစ်စတားရဲ့ အမေ။ ဒီမိခင်တွေ အားလုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို သစ္စာရှိရှိလိုက်ခဲ့ကြတယ်။ ဒို့မိဘတွေကလည်း ပုံသက်သေကောင်း ပြခြင်းအားဖြင့် ဒို့ကို ယုံကြည်ခြင်း၌တိုးတက်စေတယ်။

ဒီအချက်က ဒို့ကို ကောင်းကင်မိခင်ဖြစ်တဲ့ မယ်တော်မာရိယား ဆီပို့ဆောင်ပေးတယ်။ အသင်းတော်က သူမကို ဘုရားရဲ့မိခင်၊ အသန့်ရှင်းဆုံး သူလို့ခေါ်တယ်။ သူမက လူသားတိုင်းရဲ့ မိခင်ဖြစ်တယ်။ လူသားတွေအမှောင်ထဲ ကျရောက်နေတဲ့အချိန်တွေမှာ သူမက.. နေရာတော်တော်များများမှာ ထင်ရှားပြပြီး နှစ်သိမ့်မှုပေး လမ်းညွှန်ပေးတယ်။ လုဒ်မြို့၊ ဖာတီမာမြို့၊ ဗေလန်ကန်နီနဲ့ အခြားနေရာများ မှာဖြစ်တယ်။… သူမက ဒို့တွေကို ကာကွယ်ပေးသူဖြစ်တယ်။

ကျွန်ုပ်တို့ရဲ့ မိဘများကို ချစ်ခြင်းနဲ့ ကျေဇူးဆပ်တင်ခြင်း

ဒို့တွေရဲ့ ဘုရားသခင်အား ချစ်ခြင်းကို မိဘများကို ချစ်ခြင်းအားဖြင့် ပြသဖို့ ကျမ်းစာက ညွှန်ကြား ထားတယ်။ ထွက်မြောက်ရာကျမ်းထဲမှာ မိဘတွေကို ရိုသေဖို့ အလေးနက် တိုက်တွန်းထားတယ်။ (ထွက် ၂၀း၁၂) ဒါဟာ စတုတ္ထ ပညတ်တော်ဖြစ်တယ်။ နောက်ညွှန်ကြားချက်က မာတေဦးကျမ်းထဲမှာ ဘုရားသခင်အတွက် သင့်ဖခင်နဲ့မိဘကို ရိုသေလေးစားပါ။ (မာတေဦး ၁၅း၎)။ စိန်ပေါလ် (သံပေါလူး) တိုက်တွန်း ထားတာက.. သင့်ဖခင်နဲ့ မိခင်ကို ရိုသေပါ.. ဒီအချက်မှာ.. သင် ကောင်းမွန်စွာနေထိုင်နိုင်၊ အသက်ရှည်ပြီး လောကမှာ ပျော်ရွှင်ခြင်းတွေ ခံစားရမယ် (ဧဖက် ၆း၁၄) ဆိုတဲ့ ကတိထားတဲ့ ဂတိပါသော ဦးဆုံးပညတ်တော်ဖြစ်တယ်။
မိခင်၊ ဖခင်များနဲ့ မိသားစုကို ခြိမ်းခြောက်မှုများ
မိခင်၊ ဖခင်နဲ့ သားသမီးတွေက လောက သုံးပါးတစ်ဆူကို လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ ဒီနေ့ .. မိသားစုတွေက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတယ်။ ရဟန်းမင်းကြီး ဖရန်စစ်က ဒီခေတ်သစ်ရဲ့ မကောင်းမှုတွေကို ဆန့်ကျင်ဖို့ ပြောတယ်။ သူက အောက်တိုဘာ ၄-၂၅ ရက်မှာ ရောမမြို့မှာ ညီလာခံကျင်းပဖို့ ကြေငြာခဲ့တယ်။ ကမ္ဘာကြီးကို သူပြောခဲ့တာက.. အားလုံးအတွက် မိသားစုက ပထမဆုံး ခေါ်တော်မူခြင်းဖြစ်တယ်။ ခရစ်ယာန်တိုင်းအတွက် မိသားစုက သာသနာလုပ်ငန်းဖြစ်တယ်။ အနောက်တိုင်း ယဉ်ကျေးမှုတွေကနေ ခြိမ်းခြောက်မှုတွေ ဖြစ်လာတယ်။ လက်ထပ်ထိမ်းမြားခြင်းကို အဓိပ္ပာယ်တွေပြန်ဖွင့်လာကြတယ်။ တစ်ချို့မိသားစုတွေမှာ အဖေမရှိ၊ အမေမရှိ ဖြစ်ကြတယ်။ ရက်စက်မှု ပုံစံသစ်တွေကို ကလေးတွေက ခံကြရတယ်။ အနောက်တိုင်းရဲ့ နေထိုင်မှုပုံစံတွေက ကလေးတွေရဲ့ ရပိုင်ခွင့်တွေကို ဖျက်စီးတယ်။ ရဟန်းမင်းကြီးက… ကလေးတွေ မိဘနဲ့အတူ နေထိုင်နိုင်ဖို့ ဒို့တွေက ကလေးတွေရဲ့ ရပိုင်ခွင့်ကို ပြန်လည် အတည်ပြုရမယ်လို့ ပြောခဲ့တယ်။ ညီလာခံရဲ့ စာချွန်တော်ဖြစ်တဲ့ (Insutrumentum Laboris (IL) မှာ မိသားစုရဲ့ အခန်းကဏ္ဍက ကယ်တင်ခြင်း စီမံကိန်းအတွက် အခိုင်အမာ ဖြစ်တယ်လို့ဆိုထားတယ်။

ခရစ်ယာန်အဖြစ် ကျွန်ုပ်တို့က မိသားစုဘဝသို့ ခေါ်တော်မူခြင်းခံရတယ်။ မိဘတွေက ကောင်းတဲ့မိသားစုကို ဖြစ်အောင်လုပ်ကြတယ်။ အနောက်တိုင်းယဉ်ကျေးမှု၊ နေထိုင်မှုတွေက မိသားစုဘဝကို ဖျက်စီးစေတယ်။ မိသားစုနဲ့ မိဘတွေက လူ့အဖွဲ့အစည်းအတွက် သန့်ရှင်း မြင့်မြတ်တဲ့ ရတနာတွေဖြစ်တယ်။ အနောက်တိုင်းရဲ့ မိသားစုနဲ့ဆိုင်တဲ့ တချို့ခွင့်ပြုချက်တွေက ကလေးတွေရဲ့ရပိုင်ခွင့်တွေကို နည်းစေ တယ်။ ကလေးတွေမှာ အဖေနဲ့ အမေရှိဖို့ အခွင့်အရေး ရှိတယ်။ ဒီနေ့ မိသားစုက ဖျက်စီးခြင်းခံရတယ်။ မိသားစုရဲ့ တန်ဖိုးက လျော့နည်း လာတယ်။ သူတို့မရှိရင် လူသားထုကြီးက အန္တရာယ်ထဲ ရောက်သွားနိုင်တယ်။ မိသားစုတွေကို ကာကွယ်ဖို့ ရဟန်းမင်းကြီးက မနီလာမြို့မှာ တိုက်တွန်းခဲ့တာက…
“မိဘတွေက ပထမဆုံးသတင်းကောင်းဟောပြောသူတွေဖြစ်တယ်။ မိဘတွေက ဒို့တွေကို ယုံကြည်ခြင်း၌ ပြုစုပျိုးထောင်ပေးတယ်။ မိသားစုက ဒို့တွေပထမဆုံးတက်ခဲ့တဲ့ကျောင်း၊ တက္ကသိုလ်ဖြစ်ပြီး ဘဝအဓိပ္ပာယ်တွေကို သင်ပေးတဲ့နေရာဖြစ်တယ်။ မိဘတွေရဲ့ ဥာဏ်ပညာထက် ဘယ်တက္ကသိုလ်က ပရောဖက်ဆာကမှ သာတယ်ဆိုတာမရှိဘူး။ ကျမ်းစာက ဒါကိုသိပြီး ဒို့ကို တိုက်တွန်းထားတာက.. ငါ့သား သင့်အဖေရဲ့ ညွှန်ကြားချက်ကိုနားထောင်ပြီး သင့်အမေရဲ့ သင်ကြားမှုကိုလည်း မစွန့်ပယ်နှင့်။ (Prov. ၁း၈) သူတို့ရဲ့ သင်ကြားချက်တွေက ဒါတွေကို ဝမ်းဗိုက်ကနေ သချိင်္ုင်းဂူအထိ စောင်မပေးတယ်။ ဒုတိယမြောက် ဗာတီကန်အစည်းအဝေးကြီးက မိဘတွေရဲ့ လမ်းညွှန်မှု တာဝန်ကို …
“မိဘတွေက မိသားစု ဆုတောင်းမေတ္တာနဲ့ သူတို့ရဲ့ ကောင်းတဲ့အကျင့်ပုံစံနဲ့ ကလေးတွေကို လမ်းကောင်းပြပြီး မိသားစုမှာ စုရုံးနေ ထိုင်တတ်တဲ့သူတိုင်းက ရင့်ကျက်ပြီး ကယ်တင်ခြင်းနဲ့ သန့်ရှင်းခြင်းကို ရရှိဖို့လွယ်ကူတယ်။ ကျေးဇူးတော် ဂုဏ်သိက္ခာနှင့် ဖခင်နဲ့ မိခင်ရဲ့ တာဝန်ကို ယူထားရတဲ့ မိဘတွေက သားသမီးတွေအတွက်အဓိက လိုအပ်တဲ့ ပညာရေး၊ ဘာသာရေးဆိုင်ရာ တွေကို တက်တက်ကြွကြွနဲ့ ဆည်းပူးတယ်။
ကျမ်းစာထဲမှာ အမိမယ်တော်ဟာ အခန်းကဏ္ဍနှစ်ပိုင်းမှာ ပါဝင်နေတယ်။ Magnificat - ဆင်းရဲ့သူ၊ သားများအတွက် တရားမျှတမှုကို တောင်းဆိုနေတဲ့ အမျိုးသမီး “အာဏာရှိသူတွေကို အထက်အမြင့်အရာမှ ချပြီး- နှိမ့်ချသူများကို မြှင့်တင်မယ်ဆိုတဲ့- မိခင်တစ်ဦးရဲ့ မျှော်မှန်းချက် ဖြစ်တယ်” (လုကား ၁း၄၇-၅၃) -
- ဆာငတ်နေသူများကို ကောင်းသောအရာများနဲ့ ဘုရားရှင် ဖြည့်ပေးမယ်ဆိုတဲ့ ကြွေးကြော်နေတဲ့ မိခင်ရဲ့အသံဖြစ်တယ်။
- နောက်ကဏ္ဍက.. ဝမ်းနည်းကြေကွဲတဲ့ မိခင်။ သူမရဲ့နှလုံးကို ဓါး (၇) စင်းနဲ့ ထိုးဖောက်ခြင်းခံ ရတယ်။ မြန်မာပြည်မှာ ဒီအမေကို ဘယ်လိုအဖြစ်နဲ့မြင်ကြသလဲ။ တရားခြင်းကို တမ်းတတဲ့ အမေလား။ ဝမ်းနည်းကြေကွဲနေတဲ့ အမေလား။
နိုင်ငံတော်ဦးဆောင်သူများထံမှ ဘာမျှော်လင့်နေပါသလဲ။
နိုင်ငံတော်တစ်ခုလုံးအပေါ် ကောင်းတဲ့ မိဘဖြစ်ကြဖို့၊ ယနေ့ မြန်မာပြည်မှာ ကိုယ့်ရိုးရာကို သတိမူမိပါတယ်။ ဗုဒ္ဓဘာသာရိုးရာဓလေ့မှာ မိဘဆိုတာ ဘုရားလိုပဲ ရိုသေလေးစားတယ်။ မြန်မာ ထုံးတမ်းစဉ်လာမှာ နိုင်ငံတော်ဦးဆောင်သူများကို မိဘနေရာမှာထားပါတယ်။ အားလုံးကောင်းကျိုးအတွက် ကြိုးစားပန်းစားဖြစ်ဖို့၊ အုပ်ချုပ်သူများရပိုင်ခွင့်နဲ့ တာဝန်ရှိတယ်ဆိုတာ လက်ခံထားပြီးသားပါ။ အမှောင်ထုကျခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ နှစ် (၅၀) မှာ- မိသားစုကင်းမဲ့သလို ခံစားရတယ်။

အခု ဒီမိုကရေစီ ဆိုက်ရောက်တဲ့အခါ၊ မိသားစုစိတ်ဓါတ်၊ မောင်နှမစိတ်များ၊ ရကြတော့မယ်လို့ မျှော်မှန်းခဲ့တယ်။ လက်ရှိသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကြီးမားသော အမျှော်နဲ့ အားကိုးကြတယ်။ နိုင်ငံတော်တစ်ခုလုံးက သူတို့အပေါ်အားထားပြီး မိသားစုကြီးဖြစ် တော့မယ်လို့ ရည်မှန်းထားတယ်။ ဒါပေမဲ့ အခု (၄) နှစ်ကာလ ကျော်လွန်ခဲ့ပေမဲ့ မိသားစုဖြစ်ရေးအတွက် စောင့်ဆိုင်းနေဆဲပါ။

မြန်မာပြည်ရှိသားသမီး/ မိဘများကို ခြိမ်းခြောက်သံများ။

အခုစီးပွားရေးစနစ်က မိသားစုတွေကို ကွဲပြားစေတယ်။ သိန်းသန်းမက- လူငယ်တွေကို မိဘများနဲ့ ဝေးကွာပြီး အပြင်မှာ ရောက်နေကြတယ်။ ဆင်းရဲသား အဖြစ်ခံရတယ်။ ဆင်းရဲတဲ့အနေနဲ့ အထားခံရတယ်။ ဆင်းရဲခြင်းဝန်ထုပ်က မိသားစုတွေကို အစိတ်စိတ်အမွှာမွှာဖြစ်စေတယ်။ နိုင်ငံတော်ရဲ့ ဆင်းရဲမွဲတေခြင်းက မိသားစုတွေရဲ့ ဂုဏ်သိက္ခာကို နစ်နာစေတယ်။

- မိသားစုစိတ်ဓာတ်ဟာ- အားမလိုအားမရဖြစ်စေတယ်။
- ကိုယ့်မြန်မာရဲ့ သားသမီးတွေဟာ ဆင်းရဲကြတယ်။
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်းအရ (၄၀) ရာခိုင်နှုန်းဟာ အခြေခံ စားဝတ် နေရေးတောင် အဆင်မပြေကြပါဘူး။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မှာ နေရာမတည်မကျဖြစ်တဲ့ အတွက် (၇၀) ရာခိုင်နှုန်းဟာ ဆင်းရဲကြတယ်။ ဒီဒေသတွေကနေ အများဆုံး လူထုကြီးဟာ နေရာ ပြောင်းရွှေ့ကြပြီး မလုံခြုံ၊ အာမခံချက်မဲ့တဲ့ဒေသတွေမှာ သွားပြီးမှီခိုနေရတယ်။ အာမခံချက်မရှိတဲ့ ဒေသတွေကို သွားရတဲ့အတွက် မိသားစုတွေနဲ့ တကွဲတပြားဖြစ်ရတယ်။ တစ်ချို့သောရွာတွေမှာ သက်ကြီး ရွယ်အိုတွေ အများကြီးရှိတယ်။ ခလေးပေါက်စတွေနဲ့ပဲ ပုံနေတယ်။ နယ်စပ်ဒေသတွေမှာ ဆိုးဝါးတဲ့ လူကုန်ကူးမှုကြောင့် ထပ်ဆင့် မိသားစုတွေ အစိတ်စိတ် အမွှာမွှာဖြစ်ရတယ်။

မိသားစုများဘာကြောင့် ဆက်ပြီး ပျက်ပြားရသလဲ။
- လုံလုံလောက်လောက် ပညာမရှိတဲ့အတွက်
- မိဘနဲ့သားသမီးများ အဝေးတစ်နေရာစီနေရတယ်
- မူးယစ်ဆေးဝါးကြောင့်လည်း မိသားစုများ ပျက်စီးကြရတယ်။
- နယ်စပ်ဒေသတွေမှာ လူငယ်များ လူငယ်ဘဝကုန်ခန်းပြီး မူးယစ်ဆေးဝါးစွဲသူများ ဖြစ်နေကြတယ်။
- မိသားစုများ ပျက်ပြားနေတဲ့ ရခိုင်၊ ကချင်ပြည်နယ်တွေမှာ ၂၄၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်။
- မိသားစုကွဲပြားခြင်းထဲမှာ ခလေးလူငယ်တွေ စစ်မက်ဖြစ်ပွားနေတဲ့နေရာများမှာ စစ်မှုထမ်းရတယ်။ အရမ်းဆင်းရဲကြတဲ့ မိသားစုတွေ ပိုပြီး နစ်နာကြတယ်။
- အရောင်းခံရတယ်။ ဖလှယ်ခံရတယ်။ လူကုန်ကူးခံရတယ်။ အသတ်ခံရတယ်။

ဗျာဒိတ်ကျမ်းရဲ့ မြင်ကွင်းဟာ- ကျွန်ုပ်တို့ မြန်မာပြည် ဆင်းရဲတဲ့ အိမ်တွေမှာ ပေါ်ပေါက်နေပြီး အဝေးသွားရတဲ့ သားသမီးများအတွက် မိခင်များ ကျိတ်မှိတ်ပြီး ငိုကြွေး၊ မျက်ရည်ကျနေရတယ်။ မာတေဦး ၂း၁၈- ပရောဖက် ယေရမိ ဟောချက်ဟာ ရာမအရပ်၌ သည်းစွာသော ညည်းတွား ငိုကြွေးမြည်တမ်းခြင်း အသံကို ကြားရ၍ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍ စိတ်မပြေနိုင်” စကားဟာ မှန်နေပါသလား။
မယ်တော်ဟာ တရားမျှတခြင်းကို အားချိနေသူ၊ အနစ်နာခံနေရသူများကို ကြေငြာတဲ့မိခင်ထက်- မယ်တော်ဟာ ဝမ်းနည်းနေတဲ့ မယ်တော်၊ သားသမီးများနဲ့ အတူတူမရှိတဲ့ မိခင်များနဲ့ အတူတူ မျက်ရည်ကျ ငိုကြွေးနေတဲ့ မိခင်ဖြစ်တယ်။

မြန်မာပြည် မိသားစုထဲမှာ ခွဲခြားဆက်ဆံခံရတဲ့ သားသမီးများ
ဘာကြောင့်လဲ
ကျွန်ုပ်တို့နိုင်ငံကြီးက နိုင်ငံတော်ခေါင်းဆောင်များကို မိဘများအဖြစ် မှတ်ယူပါတယ်။ တပ်မတော်သည် အမိ/အဘ
ဒါပေမဲ့ ခေါင်းဆောင်များဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မြောက်မလာပါဘူး။ သောက်ဖော် သောက်ဖက် အရင်းရှင်ဝါဒီများကိုပဲ ကာကွယ်ပေးနေကြတယ်။ ရဟန်းမင်းကြီး ဖရန်စစ် တောင်အမေရိကမှာ မြွက်ကြားခဲ့သလို စီးပွားရေးဟာ အမြတ်စားဖို့ပဲ ဦးတည် ထားသလား။
ကမ္ဘာကြီးက အခု မေးခွန်းထုတ်နေတယ်။ ဒို့ရဲ့ခေါင်းဆောင်များ- ခေါင်းဆောင်နေတာ အားလုံး အတွက်လား။ တစ်ချို့သောသူများ အတွက်လား။ အကျိုးပြုနေတာ- အားလုံးကိုလား။ ကိုယ့်အတွက်လေးပဲလား။ ရာစုပေါင်းများစွာ ဒို့ ညီအစ်ကို မောင်နှမစိတ်နဲ့ နေခဲ့ကြတယ်။ နှစ်ပေါင်း (၅၀) တိတိ၊ မြန်မာပြည်သားများကို ကမ္ဘာက သနားစရာ “လူသားများ” လို့သတ်မှတ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆို တော့- လူဆိုး၊ လူယုတ်တွေရဲ့ အဖိနှိပ်ခံခဲ့ရလို့ဖြစ်တယ်။

၂၀၁၀ လွန်ခဲ့ပြီး နိုင်ငံတော်ကြီး ပွင့်လင်းချိန်လည်း- ကမ္ဘာက ဦးတည်စောင့်ဆိုင်း ကြည့်နေတယ်။ မိသားစုစိတ်ဓာတ် မကြီးမား- မဖွံ့ဖြိုးချင်တဲ့ လူပုဂ္ဂိုလ်တွေ ရှိကြတယ်။
ခေါင်းဆောင်များ၊ မိဘများ နေရာမှာရှိပေမဲ့ ဘာသာရေးကို ဗန်းပြပြီး လူနည်းစုရဲ့ အမုန်းတရား ရန်စကားများကို မထိန်းချုပ်နိုင်ကြဘူး။ အမုန်းတရား စစ်မီးတွေလောင်နေကြတယ်။ ဘာသာတိုင်း၊ လူမျိုးတိုင်း မှာရှိတဲ့ ညီအစ်ကိုများဟာ ဒီအမုန်းတရားကို ခံစားနေကြတယ်။ ကိုယ့်ညီအစ်ကို ၂၀၀,၀၀၀(နှစ်သိန်းခန့်) ပြည်တွင်းထဲမှာ အိုးအိမ်နေရာမဲ့ ဖြစ်နေတယ်။

မေတ္တာအချစ်စစ်၊ အိမ်ထောင်ရေးကို စည်းမျဉ်း၊ ဘောင်တွေနဲ့ ခတ်ချင်ကြတယ်။ တရားဝင် လွှတ်တော်မှာ သတ်မှတ်ပေမဲ့(Legal but unethical) လူ့သိက္ခာ အခြေခံ လွတ်လပ်ရေးကို ထိပါး နစ်နာစေတယ်။
သန်းခေါင်စာရင်းအရ (၃၀) ရာခိုင်နှုန်းသောပြည်သူပြည်သား များဟာ နိုင်ငံသူ/သားဖြစ်ကြောင်းအသိအမှတ်ပြုခြင်းမခံရဘူး။ နိုင်ငံတော်မိသားစုရဲ့ သုံးပုံတစ်ပုံက မိဘမဲ့ဖြစ်နေလား။ နာမည်မရှိ၊ ဂုဏ်သိက္ခာမရှိ ဖြစ်နေလား။

မကြာခင်က ရဟန်းမင်းကြီး တောင်အမေရိကမှာ ပြောသလို… ဆင်းရဲသားတွေက သူတို့ရဲ့ စီးပွားရေးမှာ ရှုံးနိမ့်ကြတယ်။ လယ်သမား တွေက မြေတွေမရှိ၊ အလုပ်သမားတွေက အလုပ် လက်မဲ့ဖြစ်ကြရတယ်။ ဒီဖြစ်ရပ်မှန်က ကျွန်ုပ်တို့ရဲ့ မွေးရပ်မြေမှာ ဖြစ်နေတယ်။ ၂၀၁၂ ခုရဲ့ မြေယာနဲ့ဆိုင်တဲ့ဥပဒေက လယ်သမားတွေကို လယ်ယာမဲ့သူတွေဖြစ်စေတယ်။ ကုမ္ပဏီတွေ နဲ့ အရင်းရှင်တွေက စီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးမြတ်တွေကို ရိတ်သိမ်းကြတယ်။ မြန်မာ့သားသမီးတွေက သူတို့ရဲ့ မိရိုးဖလာပိုင်ဆိုင်ခဲ့တယ် မြစ်စုံ၊ လက်ပံတောင်းနဲ့ ဖားကန့် မြေတွေကို ဆုံးရှုံးနေကြရတယ်။

ဒီလစ်လျူရှု၊ ခွဲခြားမှုကိုခံရတဲ့ နိုင်ငံသားသမီးတွေက သူတို့ရဲ့ မိဘတွေဖြစ်တဲ့ တိုင်းပြည်အုပ်ချုပ်သူ၊ နိုင်ငံရေးခေါင်းဆောင်တွေဆီကနေ အမှန်တရားကို ရရှိနိုင်သလား။ ဆင်းရဲသားတွေ၊ ခွဲခြားဆက်ဆံခံရသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်း သူတွေ နဲ့ လူကုန်ကူးမှုကို ခံရတဲ့ဒီနိုင်ငံရဲ့ အားနည်းတဲ့သူတွေက သူတို့ရဲ့ ပိုင်ဆိုင် ခွင့်တွေကို ရနိုင်သလား။ ဒီနိုင်ငံက မုန်းတီးခြင်းနဲ့ အမြတ်ထုတ်ခြင်းရဲ့ တံတိုင်းတွေကို ဖြတ်ပြီး မိသားစုအဖြစ်ရပ်တည်တဲ့နိုင်ငံတစ်ခုကို လုပ်နိုင်မလား။ ဒီနိုင်ငံကို ဦးဆောင်နေသူတွေက လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေကို ရှောင်ရှားပြီး လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်တဲ့ မိသားစုကို ဖန်တီးဖို့ ဆန္ဒရှိကြပါသလား။ ဆယ်စုနှစ်ကျော်က အမေရိကအတွက် မာတင်လူသယ်ကင်းက ရည်မှန်းချက်၊ အိပ်မက်နဲ့ပတ်သက်ပြီး … ငါ့ရဲ့ကလေး လေးယောက်ဟာ တစ်နေ့ သူတို့ရဲ့ အသားအရောင်ပေါ်မူတည်ပြီး ဆုံးဖြတ်ခံရတာမဟုတ်ဘဲ သူတို့ရဲ့ အကျင့်ပေါ်မူတည်ပြီး ဆုံးဖြတ်ခံရတဲ့ နိုင်ငံမှာနေထိုင် တာကို ငါ ဆန္ဒရှိတယ်။ ဒီနိုင်ငံရဲ့ ခေါင်းဆောင်တွေက လူမျိုး၊ ဘာသာကို တန်းတူရှိမှုကို လက်ခံပြီး မိသားစုကို တည်ဆောက်နိုင်မလား။

ဒို့ရဲ့ ခေါင်းဆောင်တွေက ဒို့တွေရဲ့ ဆုတောင်းမေတ္တာတွေလိုအပ်တယ်။ ဒို့တွေ ဒို့ရဲ့မိဘတွေ၊ အုပ်ချုပ်သူတွေအတွက် ဆုတောင်းကြ တယ်။
ဒီနှစ် မိဘများပွဲနေ့မှာ ဒို့နိုင်ငံအတွက် ဆုတောင်းကြမယ်။ တရားမျှတမှု၊ မျှတတဲ့ လုပ်ဆောင်မှုတွေနဲ့ ဒို့နိုင်ငံက စည်းလုံး ညီညွတ်ခြင်း အားဖြင့် ဂုဏ်ကျက်သရေရှိတဲ့ နိုင်ငံအဖြစ် တိုးတက်လာဖို့ ဆုတောင်းကြမယ်။ ဒီနိုင်ငံရဲ့မိဘတွေက နိုင်ငံကို လွတ်လပ်စေဘို့၊ အတိတ်ရဲ့ ဂုဏ်နဲ့ကြွားတဲ့ နိုင်ငံမဖြစ်ဖို့နဲ့ ဒို့ရဲ့မိဘတွေက ကိုယ်နိုင်ငံကို မိသားစု၊ အရောင်အသွေးစုံပြီး ညီညွတ်တဲ့နိုင်ငံ ဖြစ်ဖို့ လုပ်ဆောင်ချင်တဲ့ဆန္ဒရှိဖို့ ဆုတောင်းကြတယ်။ ခွဲပြားခြားနားခြင်းရဲ့ ဂုဏ်သိက္ခာကို လက်ခံပြီး မိသားစုစိတ်ဓာတ်ကို ထူထောင်ကြပါစို့။
ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့တာက…
ကျွန်မတို့နိုင်ငံက ကျွန်မတို့ကို ကာကွယ်တဲ့သူဖြစ်သင့်ပါတယ်။ ကျွန်မတို့ရဲ့ခေါင်းဆောင်တွေက နိုင်ငံကိုတိုးတက်ဖို့ လူမျိုးစုများရဲ့ မိဘများဖြစ်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီအခန်းကဏ္ဍကို ဆီလျော်အောင် လုပ်ဆောင်ခဲ့တယ်။
ကျွန်မရဲ့ထင်မြင်ချက်က တိုင်းပြည်အုပ်ချုပ်သူတွေကရရှိတဲ့အကြီးမားဆုံး ဆုလဒ်ဟာ လူထုရဲ့ ထောက်ခံမှုကိုရရှိခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ လူတွေက ပျော်နေရင်၊ ငြိမ်းချမ်းစွာရှိနေရင် တိုင်းပြည်အုပ်ချုပ်သူတွေက သူတို့အတွက် တစ်ခုခုလုပ်ဆောင်ခဲ့လို့ဖြစ်မယ်၊ ဒီအချက်က တိုင်းပြည်အုပ်ချုပ်သူတိုင်းမျှော်လင့်ရမဲ့ ဆုလဒ်ပဲဖြစ်ပါတယ်။

ဒို့တိုင်းပြည်အုပ်ချုပ်သူတွေက ထိုကဲ့သို့သော မိဘများဖြစ်အောင် မျှော်လင့်ရင်း ဆုတောင်းကြပါစို့။

ကာဒီနယ် ချာလ်းဘို

မနီလာအသံလွင့်ဌာန RVA မှ ၂၆ ဇူလိုင် ၂၀၁၅ ရက်နေ့တွင် မိဘများပွဲနေ့ - ဆရာတော်ချားလ်စ်ဘို၏ အားပေးစကားကို မြန်မာ၊ ကချင်၊ ပိုးကရင်၊ စကောကရင် ဘာသာလေးမျိုးဖြစ် အသံလွင့်မည်ဖြစ်ရာ ဘာသာသူသားသမီးများနားဆင်နိုင်ကြောင်း အကြာင်းကြား အပ်ပါသည်။

https://www.facebook.com/YangonArchdiocese?fref=ts မှကူးယူဝေငှသည်။ 

Sunday, 5 July 2015

၁၄ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


သံမာကု ၆း၁-၆ “ပရော်ဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာအရပ်မှတပါး အခြားသောအရပ် ဂုဏ်သရေမဲ့သည်ဟူ၍မရှိ။”

ယနေ့ဧ၀ံဂေလိတရားတော်တွင် ယေဇူးသခင်သည် မိမိဇာတိအရပ်သို့သွား၍ တရားဒေသနာတော် ဟောပြောသောအခါ ဒေသရှိလူများစွာတို့ဟာ ယေဇူးသခင်၏တရားတော် အံ့အားသင့်ခြင်းရှိကြသော်လည်း ယေဇူးသခင်ကို လက်ခံဖို့ထက် ဝေဖန်အတင်းပြောကြသည်ကို ကြုံတွေ့ခဲ့ရကြောင်း သံမာကုမှ မှတ်တမ်းတင်ရေးသားထားပါတယ်။ ထိုသို့တွေ့ကြုံရသောကြောင့် ယေဇူးသခင်က “ပရော်ဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာအရပ်မှတပါး အခြားသောအရပ် ဂုဏ်သရေမဲ့သည်ဟူ၍မရှိ။” ဟုမိန့်ဆိုခဲ့ပါတယ်။ ခရစ်တော်သခင်သည် မိမိအားလက်ခံခြင်းထက် ဝေဖန်အတင်းပြောကြမည်ကို ဘုရားဇာတိညဏ်တော်ဖြင့် သိသော်လည်း ထိုအရပ်သို့ အဘယ်ကြောင့်သွားခဲ့သနည်း။

ပရော်ဖက်အီဇက်ခိယကျမ်းတွင်လည်း အလားတူဖြစ်ရပ်ကို မှတ်တမ်းတင်ထားပါတယ်။ အီစ္စရာအဲလ်လူမျိုးများ ဘုရားသခင်ကို ပုန်ကန်နေကြသည့်အချိန်၊ တရားတော်ကိုလက်ခံဖို့ရန် နှလုံးသားတို့မာကြောနေသည့်အချိန်မှာ ထာဝရဘုရားသခင်က ပရော်ဖက်အီဇက်ခိယကို စေလွှတ်ခဲ့ပါတယ်။ ထိုသို့စေလွှတ်ရခြင်း၏အဓိက အကြောင်းရင်းကတော့ လူသားတို့ဘယ်လောက်ပင်ဆိုးသွမ်းနေပါစေ၊ ပုန်ကန်ပြီး တရားတော်ကို လက်မခံသည့်တိုင်အောင် ဘုရားသခင်ကတော့ ကြီးမားသောမေတ္တာတရားကို ပြသစေရန်၊ မိမိထားရကတိတော်အစဉ်တည်ကြောင်းသက်သေပြုရန်၊ လူတွေကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူသားတို့အကြားမှာ ဘုရားသခင်၏သတင်းကောင်းပြောကြားမည့် ပရော်ဖက်တစ်ပါးတော့ အမြဲတမ်းရှိကြောင်းကို ပြသရန်ဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့သော ပုန်ကန်သောင်းကျန်းနေသည့်လူများအကြား၊ တရားတော်ကို မလိုလားသည့်လူများအကြားမှာ ပရော်ဖက်ဖြစ်ရတာဟာ မိမိအသက်ကိုအရင်ဦးဆုံးရင်းထားရတာပါပဲ။ ဒုက္ခဝေဒနာတွေဟာလည်း အများတကာထက်အဆပေါင်းများစွာ ခံရပါတယ်။ ထိုအချိန်မျိုးမှာ စေလွှတ်ခံရသည့်အခါ ပရော်ဖက်ဂျေရမိယလို ငိုကြွေးသောပရောဖက်သာ ဖြစ်ရပါလိမ့်မယ်။

ဒုတိယကျမ်းတွင် သံပေါလူးက ထိုအချင်းရာကို “စာတန်နတ်ဆိုး၏စေတမန်နဲ့တူသော ဆူးညောင့်တစ်ခု” ဟုခိုင်းနှိုင်းပြောဆိုထားပါတယ်။ ထိုဆူးညောင့်ကို ဖယ်ထုတ်ပေးရန် ခရစ်တော်ထံသုံးကြိမ်တိတိ တောင်းဆိုခဲ့သော်လည်း ဖယ်ရှားပေးခဲ့ခြင်းမရှိဘဲ “ငါ၏ကျေးဇူးတော်သည် သင့်အတွက် လုံလောက်သည်” ဟုမိန့်ဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေ ယနေ့တရားတော်အား မည်သို့နားလည်ကြမည်နည်း။ မည်သို့စဉ်းစား ထောက်ရှု့ကြမည်နည်း။ ယနေ့ တရားတော်ဟာ တိုတောင်းသော်လည်း အကြောင်းအရာစုံလင်လှပါတယ်။ သို့သော်လည်း အဓိကအချက်ကို ထောက်ရှု့ရမည်ဆိုလျှင်တော့ အပြစ်သားအခြေအနေမှာ ရောက်နေသည့်တိုင်အောင် ကျွန်ုပ်တို့အကြားမှာ ဘုရားသခင်၏ကမ်းလင့်လက်တစ်စုံ အမြဲရှိနေတယ်ဆိုတာကို ညွှန်းဆိုပြသနေပါတယ်။ ထို့အပြင် ကျွန်ုပ်တို့တတွေဟာ အပြစ်၏ကျေးကျွန်ဘ၀မှာ ရောက်နေရသော်လည်း ဘုရားသခင်၏ကျေးဇူးတော်ဟာ တစ်ဦးတစ်ယောက်စီတိုင်းအတွက် လုံလုံလောက်လောက်ရှိကြောင်း မီးမောင်းထိုးပြကာ မိမိတို့၏အပြစ်သားအခြေအနေမှ သန့်ရှင်းစင်ကြယ်ခြင်းအခြေနေသို့ ရောက်ရှိနိုင်ကြောင်း မီးမောင်းထိုးပြနေတာပါပဲ။

ကျွန်ုပ်တို့တတွေလည်း ယနေ့ ဧ၀ံဂေလိတရားတော်အားဖြင့် ခွန်အားယူကာ မိမိတို့၏အပြစ်သားအခြေနေကို ဘုရားပေးသော လုံလောက်သည့်ကျေးဇူးတော်အားဖြင့် ကျော်လွှားကာ ကောင်းကင်နိုင်ငံရှိ သင်တို့၏ဖခင်သည် သန့်ရှင်းစင်ကြယ်သကဲ့သို့ စင်ကြယ်ကြလောဆိုသည့်အတိုင်း စင်ကြယ်ခြင်းကို ဆောက်တည်ကျင့်ကြံရင်း ကောင်းကင်နိုင်ငံတော်ခရီးအား ဆက်လက်လျှောက်လှမ်းသွားကြပါစို့။

ဒိုမီနီကန် (ကိုရင်)