Sunday, 26 April 2015

စတုတ္ထပါစကားတနင်္ဂနွေနေ့၊ကောင်းသောသိုးထိန်းမြတ်တနင်္ဂနွေနေ့



  1. သံယောဟန် ၁၀း၁၁-၁၈
ယနေ့ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့မှာ ဖတ်ရှုရတဲ့ ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်က မိမိကိုယ်ကို ကောင်းသောသိုးထိန်းအဖြစ်နှင့် အခြားအငှားသိုးထိန်းအား ဆန့်ကျင့်ဘက်အဖြစ် နှိုင်းယှဉ်ထားပါတယ်။ အငှားသိုးထိန်းဆိုတာတော့ မိမိအကျိုးအမြတ်အတွက်သာ သိုးကျောင်းရခြင်းအလုပ်ကို လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းအတွက်အကျိုးအမြတ်မရှိတော့လျှင် သိုးတွေကိုထိန်းကျောင်းတော့မည်မဟုတ်ပါ။ သို့သော်လည်း ကောင်းသောသိုးထိန်းကတော့ မိမိသိုးတွေကို မေတ္တာစေတနာအပြည့်ဖြင့် စောင့်ရှောက်ပြီး မိမိသိုးတွေအတွက် အသက်ကိုပင်ပဓနမထားပဲ စွန့်လွှတ်ပါတယ်။ 

ကောင်းသောသိုးထိန်းအဖြစ် မိမိတို့ခေါင်းဆောင်ကောင်းတွေကို နှိုင်းယှဉ်ခဲ့တာ အရှေ့အလယ်ပိုင်းဒေသလို သိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုရာဒေသတွေမှ စတင်ခဲ့သည်ဟု ဆိုရမည်ထင်ပါတယ်။ အီစရာအဲလ်ဒေသနှင့် လူမျိုးတို့အသိုင်းအ၀ိုင်းမှာပင် ထိုခိုင်းနှိုင်းမှုတွေကို သေချာတွေ့နေရပါတယ်။ ဥပမာ - အာဗြရာဟံ၊ ဣဇာတ်၊ယာဂုတ်၊ မိုးဇယ်၊ ဒါဝိတ် အစရှိသည့် သူရဲကောင်းကြီးများသည် သိုးထိန်းကောင်းများပင် ဖြစ်ပါတယ်။ ဓမ္မသစ်မှာလည်း ခရစ်တော်သည် မိမိကိုယ်တိုင် သိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ်။ ကောင်းကင်ဘုံသို့ မတက်ကြွမှီ သံပေတရူးကိုလည်း သိုးများကို စောင့်ရှောက်ဖို့ မိန့်မှာခဲ့ပါတယ်။ ထို့နည်းတူ မကောင်းသောသိုးထိန်း (သို့) မစစ်မှန်သောသိုးထိန်းအဖြစ်လည်း မကောင်းသော ခေါင်းဆောင်တွေကို ခိုင်းနှိုင်းကြပါတယ်။ ထို့ကြောင့် ခရစ်တော်က ယနေ့မိမိကိုယ်ကို အငှားသိုးထိန်းမှ ခြားနားသော သိုးထိန်းကောင်းအဖြစ် ခွဲခြားပြောဆိုပါတယ်။ သိုးထိန်းကောင်းဆိုတာ သိုးများ၏အသိအမှတ်ပြုခြင်းရဖို့အတွက် မိမိဘ၀ကို ပေးဆပ်သည့်တိုင်အောင်၊ လမ်းကောင်းပြနိုင်အောင်၊ စားကျက်ဆီသို့ခေါ်ဆောင်သွားနိုင်အောင် အမြဲကြိုးစားနေရသူပါ။ ဤသို့သော သိုးထိန်းကောင်းမှာခရစ်တော်သခင်ပါပဲ။ 

ယနေ့ခေတ်ကာလမှာ လူတွေကတပါးသူကို အကူအညီတစ်ခုပေးရလျှင် အတုံ့အပြန်အဖြစ် အကျိုးအမြတ်တစ်ခုခုတော့ မျှော်လင့်နေကြတတ်တာ လောကနိယာမတစ်ခုလိုပင် ဖြစ်လာနေပါပြီ။ ယနေ့ခေတ်ကာလမှာ ပရဟိတအသင်းအဖွဲ့အစည်းတွေ၊ စေတနာ့အဖွဲ့အစည်းတွေ အမြောက်အများပေါ်လာပြီး လူသားထုအား၊ အထူးသဖြင့် ဆင်းရဲသားများနှင့် လိုအပ်နေသူများအား တက်ကြွစွာ ကူညီပံ့ပိုးနေကြလို့ ၀မ်းသာစိတ်အေးရသော်လည်း သဘာဝမကျသော စေတနာတွေမှာ အတ္တတို့နှင့်အတူ အချို့လောဘများလည်း ပေါင်းစပ်ပြီး ထိုပရဟိတအသင်းအဖွဲ့များဖြင့် မိမိတို့ကိုယ်ကျိုးအတွက်လုပ်ဆောင်နေသူ အများအပြားကို တွေ့ရ၍လည်း အင်မတန်မှ စိတ်မကောင်းဖြစ်ရသလို၊ စိတ်မကောင်းလည်း ဖြစ်မိရပါတယ်။ ထိုသူတွေဟာ အငှားသိုးထိန်းတွေများလားခင်ဗျာ။ ခရစ်ယာန်တို့အတွက်လည်း ထိုကဲ့သို့သော မေတ္တာနှင့်အတ္တ၊ စေတနာနှင့်လောဘတို့ ရောယှက်နေတဲ့ ဒွိဟစိန်ခေါ်မှု့ကြီးတွေကို ရင်ဆိုင်နေရတာ သတိပြုမိဖို့လိုအပ်နေပါပြီ။ 

ငါ၏သိုးတို့သည်ငါ့ကိုသိကြ၏။ ငါ့အသံကိုလည်းသိကြ၏။ ဟုခရစ်တော်မိန့်ဆိုထားပါတယ်။ ဒီတော့ ကျွန်ုပ်တို့တတွေအနေဖြင့် ခရစ်တော်၏နောက်လိုက်ပါဟု ကြွေးကြော်နေသူတွေ အမှန်တကယ်ကော သူ့အသံကို သိကြရဲ့လား။ သိုးထိန်းအသံဆိုတာ ကျွန်ုပ်တို့အတွက် ခရစ်တော်၏အသံပင်ဖြစ်ပါတယ်။ ခရစ်တော်၏အသံဆိုသည်မှာလည်း ဘုရားသခင်ကိုယ်တော်တိုင်၏အသံပင် ဖြစ်ပါတယ် (ခမည်းတော်နှင့် ငါသည် တလုံးတ၀တည်းဖြစ်၍ တစ်ဆူတည်းဖြစ်ပေသည်)။ သိုးထိန်းအသံမှာ (၁) သူ့အားယုံကြည်ရန်၊ (၂) သူအား ကိုယ်ရောစိတ်ပါ ချစ်ရန်နှင့် (၃) မိမိနှင့်နီးစပ်သူများအား မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရန်ပင် ဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အသံ (ဘုရား၏အသံ)ကို ကြားနိုင်ဖို့ စွမ်းရည်ပေးပါတယ်။ ထိုစွမ်းရည်အားဖြင့် ယုံကြည်ပြီး ယုံကြည်ရခြင်းသည်ပင် ချစ်မြတ်နိုးရာအကြောင်းဖြစ်စေပါတယ်။ ဘုရားကို ချစ်မြတ်နိုးခြင်းသည်လည်း မိမိနှင့်နီးစပ်သူများအား မိမိကိုယ်တိုင်ကဲ့သို့ ချစ်မြတ်နိုးစေရာ အကြောင်းဖြစ်စေပါတယ်။ ဒါဟာ ပြည့်စုံတဲ့ ခရစ်ယာန်ဘ၀အသက်တာပါပဲ။

ကျွန်ုပ်တို့အတွေ သူ့အသံ (သိုးထိန်းသံ)ကို ကြားကြပြီလား။ မာသာရ်ထရေဇားဟာ ရထားဘူတာတစ်ခုမှာ အလွန်ရေငတ်နေတဲ့ ဆင်းရဲသားအဖိုးအိုကြီးမှ “ကျွန်တော်ရေငတ်တယ်”ဟု အော်ရာမှ ခရစ်တော်၏အသံကို ကြားခဲ့ရတယ်။ သူမဘ၀ကို ဆင်းရဲနုံချာသူများ၊ စွန့်ပစ်ခံများ၊ အားနည်းသူများအကြားမှ သိုးထိန်အသံအတိုင်း လိုက်လျှောက်ရင်း ဘ၀ကို ကျေနပ်စွာဖြတ်သန်းခဲ့တယ်။ ယနေ့ ကျွန်ုပ်တို့ကမ္ဘာမှာ ပတ်ဝန်းကျင်မှာ ဒီလိုဆင်းရဲသားတွေ၊ အားနည်းသူတွေ၊ အပယ်ခံတွေ အများကြီးရှိနေပါသေးတယ်။ သိုးထိန်းအသံကို ကြားရလျှင် သင်နားထောင်ကြည့်ပါ။ ပြီးလျှင် ကျွန်တော်တို့ကိုယ်တိုင်လည်း ကောင်းသောသိုးထိန်းတော်မြတ်ကြီးကို အတုယူလိုက်နာရင်း အခြားသူများအတွက်၊ အထူးသဖြင့် ဆင်းရဲသားများနှင့် လိုအပ်နေသူများအတွက် ကောင်းသောသိုးထိန်းဖြစ်ဖို့လိုအပ်ပါတယ်။ 

ကောင်းသောသိုးထိန်းမြတ် 
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့၏ ဘ၀ဖြစ်နေပေးပါ . . . 
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ အလင်းဖြစ်နေပေးပါ . . . 
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့အတွက် နှုတ်တော်ထွက်စကားတော် ဖြစ်နေပေးပါ . . . 
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ မျှော်လင့်ရာ ပန်းတိုင်ဖြစ်နေပေးပါ . . . 
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ ငြိမ်းချမ်းရာ ရင်ခွင်တော်ဖြစ်နေပေးပါ . . . 
-ကောင်းသောသိုးထိန်းတော်မြတ် ကျွန်ုပ်တို့ဘ၀၏ တည်မြဲရာ ချစ်ခြင်းမေတ္တာ ဖြစ်နေပေးပါ . . . 

ကိုရင် (ဒိုမီနီကန်)


Sunday, 19 April 2015

တတိယမြောက်ပါစကားတနင်္ဂနွေနေ့



သံလုကာ ၂၄း ၃၅-၄၈ 
ဧ၀ံဂေလိတရားတော်မှာ ရှင်ပြန်ထမြောက်ပြီးသော ယေဇူးခရစ်တော်၏ နောက်ထပ်ကိုယ်ထင်ရှားပြခြင်း အကြောင်းကို ကျမ်းရေးပုဂ္ဂိုလ်ကြီး သံလုကာမှ မှတ်တမ်းတင်ရေးသားထားသည်ကို ကြားနာရပါတယ်။ ဤသို့ကိုယ်ထင်ရှားပြခြင်းမတိုင်ခင်ကလည်း တပည့်တော်ကြီးအချို့ကို ထင်ရှားပြထားပါတယ်။ ဒါကြောင့် ကြုံတွေ့ခဲ့ရတဲ့ တပည်တော်ကြီးတွေက ထိုအကြောင်းအရာတွေကို ပြန်လည်ပြောဆိုနေကြချိန်မှာပဲ ခရစ်တော်ဟာ ၎င်းတို့အလည်မှာ ရောက်ရှိခဲ့ပါတယ်။ ထို့နောက် “သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေ သတည်း” ဟုနှုတ်ဆက်လိုက်ပါတယ်။ သို့ပင်သော်လည်း တပည့်တော်ကြီးများဟာ တစ္ဆေကို မြင်ရသည်ဟု ထင်မှတ်ကာ ကြောက်ရွံ့ခဲ့ကြပါတယ်။ ဒါဟာ အကြီးမားဆုံးသော ယုံမှားသံသယဖြစ်ခြင်းပါပဲ။ ထို့ကြောင့် ယေဇူးခရစ်တော်က သူသည် ရှင်ပြန်ထမြောက်ပြီးလည်း ခန္တာကိုယ်နှင့်အတူ ရှင်ပြန်ထမြောက်ခြင်း ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ တစ္ဆေမှာ ထိုသို့ခန္တာကိုယ်မရှိဘဲ ခရစ်တော်၌သာ ခန္တာနှင့် အပြည့်အစုံ ရှင်ပြန်သူဖြစ်ကြောင်း စမ်းသပ်ကြည့်ရှုစေပါတယ်။ ထို့အပြင် ခရစ်တော်က ငါးကင်တစ်ပိုင်းကိုပင် စားပြခဲ့ပြန်ပါတယ်။ တပည့်တော်ကြီးများလည်း ၀မ်းမြောက်၍ မယုံကြည်နိုင်အောင်ဘဲ အံ့အားသင့်ခဲ့ရပါတယ်။

ရှင်ပြန်ထမြောက်ခြင်းဟာ အမြဲတမ်း အံ့အားသင့်စရာအဖြစ်တစ်ခုပါပဲ။ ယေဇူးခရစ်တော်က ကျွန်တော်တို့တတွေကို မမျှော်လင့်မိတဲ့အံ့အားသင့်မှု့တွေနဲ့ ကယ်တင်ခဲ့တယ် - မမျှော်လင့်မိတဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့နှလုံးသားတွေကို တို့ထိတယ်။ ဒါတွေဟာ ကယ်တင်ခြင်းသမိုင်းမှာ တကယ်ဖြစ်ခဲ့တာပါပဲ။ ကျွန်တော်တို့ယုံကြည်ခြင်း၏ ဖခင်ကြီးအာဗြဟံဟာ တောင်ပေါ်သို့တက်ရင်း သူ၏တစ်ဦးတည်းသော သားငယ်ကိုပူဇော်ရတော့မှာပဲလို့ တွေးတောနေစဉ်မှာပဲ နောက်ဆုံးတော် ဘုရားသခင်ကိုယ်တိုင်က သူ့ထံပူဇော်ဖို့အတွက် သူကိုယ်တိုင်ဖန်တီးပေးခဲ့တယ်။ တမန်တော်ကြီးမိုးဇယ်လည်း အီစ္စရာအဲလ်လူမျိုးတွေကို ဖာရောဘုရင်လက်ကနေ ကယ်တင်ထွက်ပြေးလာချိန် ပင်လယ်အရောက် ရန်သူအမှီမှာ အားလုံးအသတ်ခံရတော့မှာပဲ - ဒါဟာ ခရီးအဆုံးလို့ ကောက်ချက်ချလိုက်ချိန်မှာပဲ ဘုရားသခင်က ပင်လယ်ကြီးကိုနှစ်ခြမ်းကွဲစေပြီး ရန်သူလက်ကနေ လွတ်မြောက်စေပြီး ကယ်တင်ခြင်းခရီးစဉ်ကို ဆက်စေခဲ့ပါတယ်။ ယနေ့ကျွန်တော်တို့ဘ၀ အခြေအနေ နေရာတွေမှာလည်း ကယ်တင်ရှင်ခရစ်တော်ဟာ တက်ကြွစွာ ကူညီပေးနေပြီး အမြဲအံ့အားသင့်စေကာ ၀မ်းမြောက်စေပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့ဘ၀မှာ ရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ဖူးဖို့ ကျွန်ုပ်တို့ သေဆုံးဖူးပါသလား။ ရှင်ပြန်ထမြောက်တယ်ဆိုတာ သေဆုံးခြင်းမရှိဘဲ၊ သေဆုံးခြင်းကို မဖြတ်ကျော်ဘဲ မကြုံဖူးနိုင်ပါ။ ဇီဝခန္တာအတိုင်းတော့ ကျွန်ုပ်တို့ကိုယ်တိုင် ကြုံဖူးမည်မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့ ဘ၀မှာ အကြိမ်ပေါင်းများစွာသေဆုံးနေတဲ့ မိတ်ဆွေတွေကိုတွေ့ဖူးပါလိမ့်မယ်။ မိမိကိုယ်တိုင်လည်း သေဆုံးဖူးပါလိမ့်မယ်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့တတွေ ရှင်ပြန်ထမြောက်ခြင်းကိုလည်း မြည်းစမ်းကြည့်လို့ ရပါပြီ။ ဘ၀မှာ ထိုသို့မြည်းစမ်းဖူးသူများလည်း ဒုနဲ့ဒေးပါပဲ။ ထို့အတူပဲ ဘ၀သေဆုံးနေသူများလည်း ဒုနဲ့ဒေးပါပဲ။ ဒါတွေဟာ ကျွန်တော်တို့မျက်ကွယ်ပြုလို့မရတဲ့ အမှန်တွေပါပဲ။ ထို့အတူ ကျွန်တော်တို့ ပါဝင်ဖြေရှင်းကူညီခြင်းအားဖြင့် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် ကယ်တင်ခြင်းတရားတော်ကို ဝေမျှသက်သေခံကြရမှာ ဖြစ်ပါတယ်။ ဒီအတွက်ပင် ခရစ်ယာန်များဟု ခေါ်ဆိုခံကြရခြင်း ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာကြီး သိပ်ကိုတိုးတက်ပါတယ်။ သို့ပေမယ့်လည်း ဘယ်လိုပုံမျိုးနဲ့ ထိုတိုးတက်ခြင်းကို တိုင်းတာရမလဲဆိုတာ ဝေခွဲမရသလိုပါပဲ။ ကမ္ဘာကြီးဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေမှာ တိုးတက်လွန်းတာတော့ သိသာထင်ရှားလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ၀ိညာဉ်ရေးရာတွေမှာတော့ ပို၍ပို၍အားနည်းလာနေပါတယ်။ သိပ္ပံနှင့် နည်းပညာတွေမှာလည်း Objective အနေဖြင့် တိုးတက်နှုန်းတွေမြင့်တက်လာသော်လည်း မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Subjective အနေဖြင့်တော့ တချို့ဘ၀အဓိပ္ပာယ်တွေပျောက်သည့်တိုင်အောင် အားနည်းပျောက်ဆုံးလာပါတယ်။ ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်မှာ အသက်ရှင်လျက် သေဆုံးနေသူများစွာ ရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ယုံကြည်ချက်တွေပျောက်၊ မျှော်လင့်ချက်တို့သေဆုံး၊ ချစ်ခြင်းမေတ္တာ လုံးဝဆာလောင်နေသူများစွာ ရှိနေပါတယ်။ မျက်စိတချက်ဖွင့်ကြည့်လို့ နားတဖက်စွန့်ကြည့်လိုက်ပါ။ ကျွန်တော်တတွေ အံ့အားသင့်စရာကောင်းလောက်အောင် မှန်နေတာကို ငြင်အားဖို့အင်အားရှိမယ် မဟုတ်ပါဘူး။ ထိုအံ့အားသင့်စရာကောင်းတဲ့ အဖြစ်မှန်တွေကို ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်း အံ့အားသင့်စရာဖြင့် ကျွန်တော်တို့ခရစ်ယာန်တွေ ကုစားပေးရလိမ့်မယ်။

ခရစ်တော်ဟာ ယနေ့အထိ အသက်ရှင်နေပြီး နောင်ကာလအစဉ်အဆက်ဆက် အသက်ရှင်နေမည့်သူပါ။ ကိုယ်တော်၏ဧ၀ံဂေလိတရားတော်များဟာလည်း အမြဲရှင်သန်နေသည့် လမ်းပြတာရာပါပဲ။ ဘ၀အတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်တဲ့ ပထမ - ယုံကြည်ခြင်း၊ ဒုတိယ - မျှော်လင့်ခြင်း၊ နှင့် တတိယ- ချစ်ခြင်းမေတ္တာဆိုသည့် အမြင့်ဆုံးသောပါရမီများကိုလည်း ကျွန်တော်တို့တတွေအတွက် ပေးခဲ့ပါတယ်။ ကျွန်တော်တို့တတွေလည်း ခရစ်ယာန်များဖြစ်သည့်အလျောက် ရှင်ပြန်ထမြောက်သော ခရစ်တော်ဆရာသခင်လို အမြဲရှင်ပြန်ထမြောက်နေသူများဖြစ်နေရပါမယ်။ မိမိတို့၏ယုံကြည်ခြင်းမှာ ခိုင်မာစွာ အသက်ရှင်နေရပါမယ်။ မျှော်လင့်ခြင်းဖြင့်လည်း ရှင်သန်တဲ့ဘ၀ဖြင့် လျှောက်လှမ်းရမယ်။ ချစ်ခြင်းမေတ္တာဖြင့် ပြုမူရှင်သန်ရင်း ခရစ်ယာန်ဘ၀အသက်တာကို အကောင်းဆုံး သက်သေခံရပါမယ်။ ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့အသက်ဆက်လက်ရှင်သန့်ဖို့နှင့် ထာဝရအသက်ရှင်သန့်ဖို့ အကောင်းဆုံး ဆေးပါ။ ဘုရားသခင်ကိုယ်တိုင် ထိုဆေးဖြစ်နေ၍ ကျွန်ုပ်တို့မှီဝဲရန် လိုအပ်ပါတယ်။ ဤဆေးကို မှီဝဲပြီး ယနေ့ကမ္ဘာမှာ ထာဝရအသက်ရှင်နေသူများစွာ တွေ့မြင်နိုင်ပါတယ်။ ဥပမာ- မာသာရ်ထရေးဇားနှင့် ရဟန္တာသူတော်စင်အပေါင်းတို့ပင် ဖြစ်ပါတယ်။ 

မိတ်ဆွေ၊ ကျွန်တော်တို့တတွေလည်း ဘ၀အဓိပ္ပာယ်ပျောက်ဆုံးနေပြီး ဘ၀သေဆုံးနေသူများ ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘ၀သေဆုံးနေလျှင်လည်း ယေဇူးခရစ်တော်ထံချည်းကပ်ပါ။ ကျွန်ုပ်တို့၏မိတ်ဆွေများဘ၀ သေဆုံးနေလျှင်လည်း သူ့ထံ ညွှန်ပြလိုက်ပါ။ သူ့ထံသို့ ခေါ်ခဲ့ပါ။ သူဟာ ကျွန်ုပ်တို့အားလုံးကို အစဉ်အမြဲဖိတ်ခေါ်နေသူပါ။ နောင်တတရားနှင့် ခွင့်လွတ်ခြင်းတရားကို အပြည့်အ၀ကမ်းလင့်ကာ အားလုံးကို သဟာဇာတအဖြစ်အခြေနေသို့ အစဉ်အမြဲဖိတ်ခေါ်နေပါတယ်။ ကျွန်တော်တို့တတွေဟာလည်း ထိုနောင်တတရားနှင့် ခွင့်လွတ်ခြင်းတရားကို ဆက်လက်ဟောပြော သက်သေခံကျင့်ကြံရင်း အချင်းချင်းအပြင် တပါးသူများလည်း သဟာဇာတအဖြစ်အခြေနေသို့ ရောက်ရှိရန် ဟောပြောသက်သေခံသွားကြရမှာ ဖြစ်ပါတယ်။
ထာဝရအသက်ရှင်သူ ယေဇူးခရစ်တော်သည် ဒီနေ့မှာလည်း သူ၏တရားနှင့် သူကိုယ်တိုင်ဟာ ကျွန်ုပ်တို့လူသားတွေကြားမှာ အသက်ရှင်ကာ သူ၏ချစ်ခြင်းမေတ္တာတရားကို ရှင်သန်စေရာ မြေစည်ထည့်ပေးနေသူဖြစ်ကြောင်း ကျွန်ုပ်ကြွေးကြော်ပါတယ်။ ကျွန်ုပ်တို့တတွေဟာလည်း သူ၏ချစ်ခြင်းမေတ္တာတရားကို နားလည်ကြိုးစားအားထုတ်လေတိုင်း သူနှင့်တသားတည်း ရှိနေကြောင်း သိသာပါတယ်။ ကျွန်ုပ်တို့မျက်နှာမှာ ဘုရားရဲ့ပုံရိပ်တွေပေါ်နေတာကို သတိထားမိကြပါသလား။ သေးငယ်သည့်လုပ်ရပ်ပင်ဖြစ်ပါစေ ချစ်ခြင်းမေတ္တာပါသည့် ဂရုဏာလုပ်ရပ်ဆိုလျှင် ကျွန်ုပ်တို့မျက်နှာများ ထွန်းထောက်လာသည်မှာ နေမင်း၏ထွန်းတောက်မှု့ကိုပင် မှေးမှိန်ပျောက်ကွယ်သွားစေပါတယ်။ 

ရှင်ပြထမြောက်လေသော ယေဇူးခရစ်တော်၌ မှီခိုရင် ကျွန်ုပ်တို့တတွေသည်လည်း ရှင်ပြန်ထမြောက်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . . ကိုရင် (ဒိုမီနီကန်)

Saturday, 11 April 2015

ပါစကားကာလ ဒုတိယတနင်္ဂနွေနေ့


ယနေ့ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်မှာ တပည့်တော်ကြီးများအား ယေဇူးသခင် ထင်ရှာပြတော်မူခြင်းနှင့်အတူ ယုံကြည်ဖို့အင်မတန်ခေါင်းမာသည့် တပည့်တော်ကြီးသောမအား သူဆန္ဒရှိသည့်အတိုင်း ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်တွေကို မျက်တွေ့စေပြီး ထိတွေ့စေခဲ့သည့်အကြောင်း ရေးသားထားပါတယ်။ 

အကြောက်တရားဖြင့်လွှမ်းမိုးခံနေရသည့် တပည့်တော်ကြီးတွေရှိရာ သော့ခ်ခပ်အလုံပိတ်ထားတဲ့ အခန်းအတွင်းသို့ ရှင်ပြန်ထမြောက်ပြီးသော ခရစ်တော်က အံ့သြစွာဝင်ရောက်လာခဲ့ပါတယ်။ ထို့နောက် “သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း” ဟု နှုတ်ခွန်းဆက်လိုက်တယ်။ ထို့အပြင် အရေးအကြီးဆုံးအဖြစ် ၀ိညာဉ်တော်မြတ်ကိုပေး၍ ခံယူစေခဲ့တယ်။ ထိုဝိညာဉ်တော်ကျေးဇူးတော်အားဖြင့် တပည့်တော်ကြီးတွေဟာ အကြောက်တရားမှကင်းလွတ်ပြီး ကောင်းမြတ်မှန်ကန်ရာတွေကို သင်ကြားပို့ချပြီး ကောင်းကင်နိုင်ငံတော်အား ဟောပြောသက်သေခံရင်း သာသနာပြုနိုင်မှာ ဖြစ်ပါတယ်။ 

အမှန်တော့ ခရစ်တော်ရှင်ပြန်ထမြောက်ကြောင်းကို တနင်္ဂနွေနေ့ နံနက်ခင်းမှာ ကိုယ်တော်၏ ကျောက်ဂူကိုသွားခဲ့ကြတဲ့ အမျိုးသမီးတစ်စုက ပြောပြခဲ့ကြတယ်။ နောက် ဧမာဦးမြို့အသွားမှာ ကြုံတွေ့ခဲ့ရတဲ့ တပည့်တော်ကြီး နှစ်ဦးက ပြောပြခဲ့ကြတယ်။ ကျန်တဲ့သူတွေကတော့ ရှင်ပြန်ထမြောက်ပြီးသော သူတို့ဆရာ ယေဇူးသခင်ကို မတွေ့ကြုံကြရသေးပါဘူး။ အဆိုးဆုံးကတော့ တပည့်ကြီး သောမဟာ အများတကာ ကြုံတွေ့ပြီးတာတောင် သူမတွေ့ကြုံရသေးပါဘူး။ သူဟာ ယုံကြည်ဖို့ အင်မတန်ခေါင်းမာတဲ့သူပါပဲ။ ထို့ကြောင့်လည်း ခရစ်တော်ဟာ သူဆန္ဒရှိသည့်အတိုင်း ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်တွေကို မျက်တွေ့စေခြင်း ဖြစ်ပါတယ်။ သို့မှသာ - "ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ ဘုရား"ဟူ၍ ကြွေးကြော်နိုင်ပါတော့တယ်။

ယနေ့တရားတော်ဟာ အကြောက်တရားဖြင့်လွှမ်းမိုးခံနေရသည့် ကျွန်တော်တို့ဘ၀ ကိုယ်စီကိုယ်စီကို ပြန်လည်သုံးသပ်စေဖို့ ဖိတ်ခေါ်နေပါတယ်။ကာင်းကင်နိုင်ငံတော်၏သတင်းကောင်းကို ဟောပြောသက်သေခံဖို့ရန်၊ ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်းကို လက်ဆင့်ကမ်းအသိပေးကြရန်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတွေကို မျှဝေလက်ဆင့်ကမ်းကြဖို့ရန်နှင့် ကယ်တင်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားကြဖို့ သတ္တိတွေ လိုအပ်တယ် - အကြောက်တရားက လွတ်မြောက်နေဖို့ လိုအပ်တယ်။ ဒီနေ့လိုခေတ်ကြီးမှာ - တရားမမျှတမှု့တွေနည်းမျိုးစုံနဲ့ လွှမ်းမိုးနေချိန်၊ မညီမျှမှု့တွေ အလွှာအစုံနဲ့ မြင့်တက်နေချိန်၊ တကိုယ်ကောင်းဆန်ဆန်ဖြင့် အတ္တတို့ပို၍ပို၍ ကြီးစိုးလာချိန်၊ မေတ္တာတရားတို့လည်း နှလုံးသားမှာ နေရာမရှိဖြစ်လာသည့်အချိန်တွေမှာ ကျွန်တော်တို့တတွေရဲ့ အသံတွေ အကြောက်တရားကြောင့် ပျောက်ပျက်နေလား။ နိုင်ငံရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ ဘာသာရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ လူမှု့ရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ အခြားသော နယ်ပယ်တွေမှာပဲ ဖြစ်ဖြစ် မိမိတို့အကူအညီကို လိုအပ်နေသူတွေ၊ ဆင်းရဲသားတွေ၊ အပယ်ခံတွေ၊ ဝေဒနာသည်တွေ၊ နာမကျန်းသူတွေ၊ အကျဉ်းသားတွေအတွက် အမှန်တရား၊ တရားမျှမှု့၊ ညီမျှမှု့၊  မေတ္တာစေတနာတွေ ဖြန့်ကျဲရင်း ကောင်းကင်နိုင်ငံကို သက်သေခံဖို့ ကြောက်ရွံ့နေကြသလား။

ဒေါ်အောင်ဆန်းဆုကြည် Freedom from Fear စာအုပ်ကို အောက်မေ့မိပါတယ်။ သူမပြောသလိုပဲ - “It is not power that corrupts but fear.” တကယ်တော့ ကျွန်တော်တို့ကို ဖျက်စီးတာ အာဏာမဟုတ်ဘဲ အကြောက်တရားသာဖြစ်တယ်လို့ ဆိုလိုပါတယ်။ မှန်ပါတယ် - ကျွန်တော်တို့တတွေဟာ အကြောက်တရားကြောင့်သာ ပျက်စီးခြင်းရဲ့ ပစ်မှတ်ဖြစ်နေရပါတယ်။ အကြောက်တရားကြောင့် မှန်တာတွေကို ကျွန်တော်တို့ မလုပ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မှန်တာတွေကို မပြောရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ တရားမျှတခြင်းကို မထောက်ခံရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မေတ္တာတရားမထားရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ အချင်းချင်း မခွင့်လွှတ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ ပြန်လည်ကျေအေးခြင်း မလုပ်ဆောင်ရဲကြဘူး။

ဒီအကြောက်တရားတွေပါပဲ ကျွန်တော်တို့တတွေရဲ့ အပြစ်တွေနှင့်ဆိုင်ရာ လုပ်ရပ်တိုင်းရဲ့ နောက်ခံ အကြောင်းရင်း ဖြစ်နေပါတယ်။ ဒီအကြောက်တရားကြောင့်ပဲ ကျွန်တော်တို့တတွေ လုပ်သင့်လုပ်ထိုက်တာနှင့် ကောင်းတာတွေလုပ်ဆောင်ဖို့ ပျက်ကွက်နေကြရတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ဖို့ အကြောက်တရားကြောင့် ကျွန်တော်တို့တတွေ ပုန်းအောင်းနေကြတယ်။ နောက်ဆက်တွဲအနေဖြင့် ကျွန်တော်တို့တတွေရဲ့ အခုလို သူရဲဘောင်ကြောင်တဲ့ စိတ်တွေဖြစ်ပေါ်လာစေပြီး ဒီလို သူရဲဘောင်ကြောင်တဲ့ စိတ်တွေကြောင့် ကျွန်တော်တို့တတွေဟာ တနည်းမဟုတ်တနည်းအားဖြင့် သူတစ်ပါးတွေရဲ့ အကျိုးကို ပျက်စီးဆုတ်ယုတ်စေလာပါတယ်။ အဆိုးဆုံးကတော့ မိမိရဲ့ကိုယ်ကျိုးတွေ ပျက်စီးလာစေပြီး ကျွန်တော်တို့တတွေ ဒဏ်ရာတွေရလာတယ် - ဒဏ်ရာတွေလည်း ပြင်းထန်လာတယ် . . . နောက်ဆုံး ကျွန်တော်တို့ဘ၀ အနာတွေနဲ့ ပုန်းအောင်းနေရတယ်။ 

မိတ်တွေ၊ သင်နှင့်ကျွန်တော်လည်း ဒီအကြောက်တရားကြီးမှာ ပုန်းအောင်းမနေသင့်တော်ပါဘူး။ ကျွန်တော်တို့ ရဲရင့်ဖို့လိုအပ်ပါတယ်။ ဘ၀မှာ လုပ်သင့်လုပ်ထိုက်တာတွေနှင့် ကောင်းတာတွေလုပ်ဖို့ ကျွန်တော်တို့မှာ သတ္တိတွေ ရှိနေသင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့နောက်မှာ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင်ကိုယ်တော်တိုင် မားမားမတ်မတ်ရပ်တည် ခွန်အားပေးနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ဒီခွန်အားတွေ စီးဆင်းရာ စမ်းချောင်းပါပဲ။ ထို့ကြောင့် ကျွန်တော်တို့တတွေရဲ့ ယုံကြည်ခြင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ခွန်အားသတ္တိများ ရယူကာ ကောင်းကင်နိုင်ငံတော် အကြောင်းကိုဆက်လက်ဟောပြော သက်သေခံသွားကြဖို့ လိုအပ်ပါတယ်။ ဒီယုံကြည်ကြောင့် အကြောက်တရားကို ကျော်လွှားကာ ကျွန်တော်တို့ မှန်တာတွေလုပ်ကြမယ်၊ မှန်တာတွေ ပြောကြမယ်၊ တရားမျှတခြင်းကို အားပေးထောက်ခံသွားမယ်၊ မေတ္တာတရားထားပြလိုက်ကြမယ်၊ အချင်းချင်း ခွင့်လွှတ်သည်းခံကြမယ်၊ အချင်းချင်းပြန်လည်ကျေအေးကာသဟဇာတကြတဲ့ ကမ္ဘာကြီးကိုတည်ထောင်ပြီး ကောင်းကင်နိုင်ငံတော်၌ဖြစ်သကဲသို့ မြေကြီးပေါ်၌လည်း ဖြစ်စေကြမယ်။ 

ဘယ်လိုလဲ မိတ်ဆွေ၊ အကြောက်တရားက သင့်ကိုလွှမ်းခြုံထားဆဲလား၊ ဒီအကြောက်တရားကို ကျော်လွှားဖို့ လုံလောက်တဲ့ သတ္တိခွန်အား သင့်မှာ ရှိနေပြီလား။ ဆက်လက်စဉ်းစား ကျင့်ကြံနိုင်ကြပါစေ။

သောမအား ယေဇူးခရစ်တော်မိန့်ဆိုခဲ့သော စကားသံလေးကို ပြန်လည်ကြားယောင်မိတယ် . . . “သောမ၊ သင်သည် ငါ့ကိုမြင်ရသောကြောင့် ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏။” . .

ယေဇူးခရစ်တော်သည် ဧကန်မုချ ရှင်ပြန်ထမြောက်ခဲ့လေပြီ။ အာလေလုယာ. . . 

ကိုရင် (ဒိုမီနီကန်)

Sunday, 5 April 2015

အီစတာပွဲတော်ကြီးနှင့် အီစတာသတင်းကောင်း


ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမများ အားလုံးကို ၀မ်းမြောက်ပျော်ရွှင်ဖွယ် အီစတာပွဲတော်ပါဟု နှုတ်ခွန်းဆက်ပါရစေ။

သမိုင်း၏သေချာလှတဲ့ အချိန်အခါတစ်ခုမှာ၊ တိကျတဲ့နေရာနှင့် ကြီးကျယ်ထင်ရှားသော ရောမအင်ပါယာကြီးတွင် သမရိုးကျဖြစ်စဉ်တစ်ခုလို ရိုးရှင်းစွာဖြစ်ခဲ့သော်လည်း ထူးဆန်းနက်နဲဖွယ်ရာတို့ဖြင့် လွှမ်းခြုံနေတဲ့ ထိုအဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။ အဖြစ်အပျက်တို့က သုံးရက်အတွင်း လျင်မြန်လွန်းစွာဖြစ်ပျက်သွားခဲ့သော်လည်း ထိုအဖြစ်အပျက်လေးကိုတော့ ယနေ့နှစ်ပေါင်း နှစ်ထောင်ကျော်သွားသည့်တိုင် မရိုးနိုင်ဘဲ ပြော၍မဆုံး ဖြစ်နေသလို၊ ၎င်း၏နက်ရှိုင်းမှု့မှာလည်း ယနေ့တိုင် ဓမ္မသဂြိုလ်ပညာရှင်တို့ အပြည့်အ၀ နားမလည်နိုင်ကြသေးဘဲ ဖြစ်နေလျက်ပါ။ ထိုအဖြစ်အပျက်လေးကို ယနေ့မှာတော့ အီစတာပွဲတော်ဟု လူသားတို့သိရှိနေကြပါပြီ။ ထိုအီစတာပွဲတော်မှာ နာဇရက်မြို့သား ယေဇူးခရစ်တော်၏ အသေခံယူခြင်း၊ သင်္ဂြိုလ်ခံယူခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းတို့ပါပဲ။

ခရစ်တော်သခင်ဟာ ငရဲတံခါးတို့ကိုဖြိုခွင်းပြီး ငရဲမှကျေးကျွန်များအားလုံးကို လွတ်မြှောက်ပေးလိုက်ပါပြီ။ သူအရှေ့မှ လူသားတို့သမိုင်းကြွေးများကို ပေးဆပ်လိုက်ပြီ။ မိုးဇယ်၏ဥပဒေအချုပ်အနှောင်မှ လွတ်မြောက်စေပြီး ချစ်ခြင်းမေတ္တာအားဖြင့် သေဆုံးခြင်းမရှိ၊ ထာဝရအသက်နှင့် ဖြောင့်မတ်ခြင်းတရားတို့ တည်ရှိသော ကောင်းကင်နိုင်ငံခရီးလမ်းသို့ ခရစ်တော်ဦးဆောင်ခေါ်နေပါပြီ။ ထို့ကြောင့် ခရစ်တော်၏သေခြင်းတရားမှာ ကျွန်တော်တို့အတူတကွပါဝင်ကြလျှင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းမှာလည်း အတူတကွပါဝင်နိုင်ကြပါလိမ့်မယ် (ရောမ ၆း၈)။ သို့ဖြစ်၍ ကျွန်တော်တို့ ခရစ်ယာန်များဟာ ဆေးကြောခြင်းမင်္ဂလာခံယူစဉ်ကတည်းကစပြီး မိမိတို့၏ဘ၀အဟောင်း၊ အပြစ်များအားလုံးနှင့်အတူ ခရစ်တော်နှင့်အတူတကွ အသေခံခဲ့ကြပြီးဖြစ်၍ ယနေ့ ခရစ်တော်နှင့်အတူ ရှင်သန်နေကြပြီး နောင်တမလွန်မှာလည်း ခရစ်တော်နှင့်အတူတကွ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်ကျင့်ကြံစောင့်တည်နေကြသည်မှာ ဧကန်မုချပင် ဖြစ်ပါတယ်။

ခရစ်တော်နှင့်အတူ ကျွန်တော်တို့ခရစ်ယာန်တွေ ဘယ်လိုအသေခံပြီး ဘယ်လိုအသက်ရှင်နေကြပါသလဲ။
တစ်နေ့က ဗုဒ္ဓဘာသာဝင်လူငယ်တစ်ဦးက ကျွန်တော်ရဲ့စာလုံးပေါင်းအမှား ဒုက္ခစရိယာကို ဒုက္ကစရိယာ ရေးမိခြင်းအား ဖတ်မိပြီး ဒုက္ကစရိယာတော့ မဖြစ်နိုင်ဘူး - ဒုက္ကရစရိယာပဲ ဖြစ်ရမယ်လို့ ယူဆပြီး ထိုဝေါဟာရအကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။ ဒုက္ကရစရိယာဆိုတာ ဗုဒ္ဓဘာသာမှာ ပြင်းထန် အစွန်းရောက်သည့်လမ်းစဉ်မှားလို့ အနက်ဖွင့်ဆိုပါတယ်တဲ့။ ထို့နောက် ခရစ်ယာန်မှာလည်း ဒုက္ကရစရိယာရှိပါသလားဟု မေးမြန်းပါတယ်။ ကျွန်တော်လည်း ဒုက္ခစရိယာရေးခြင်းဖြစ်၍ ဒုက္ကစရိယာမဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ ထို့နောက် ခရစ်ယာန်ဘာသာတရားမှာ ဒုက္ကရစရိယာဟူသော ပြင်းထန်သည့်လမ်းစဉ်မှားဆိုတာလည်း မရှိသလို၊ အခြားသော မဇ္မိပဋိပဌာဆိုသည့် အလယ်လတ်လမ်းစဉ်ဆိုတာလည်း ခွဲမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုလမ်းစဉ်တွေဆိုတာ ဒဿနတစ်ခုခုသာ ဖြစ်တယ်လို့မြင်ပါတယ်။ အစွန်းရောက်ခြင်းဟာ မကောင်းပါ။ ခရစ်တော်သွန်သင်ချက်မှာတော့ မေတ္တာတရားပါပဲ - ဘုရားသခင်ကို ကိုယ်စိတ်နှလုံးဖြင့် အစွမ်းကုန်ချစ်ရမယ်၊ မိမိနှင့်နီးစပ်သူ တစ်ပါးသူကိုလည်း မိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ခင်ရမယ်၊ ထို့အပြင် ရန်သူကိုပင် ချစ်ခင်ရမယ်ဟူ၍ မေတ္တာတရားမှာ အရင်းတည်ကာ မေတ္တာတရားမှာ အကျဉ်းချုပ်နိုင်သည့် တရားလမ်းစဉ်ပင် ဖြစ်ပါတယ်။

အစွန်းရောက်ခြင်းဟာ ဘာသာတရားတိုင်းမှာလိုလို၊ နိုင်ငံရေးတိုင်းမှာလိုလို၊ အတွေးအခေါ်အယူဝါဒတိုင်းမှာလိုလို ရှိတတ်စမြဲပါ။အကြောင်းရင်းကတော့ တရားကို ညဏ်ဖြင့် တွဲပြီး မကျင့်ကြံဘဲ တစ်ဘက်ဘက်မှာ အယူသန်ပြီး ၀ါဒဆွဲတွေဖြစ်သွား၍ကြောင့်သာ ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့တတွေဟာ အမှန်တရားနှင့်  မေတ္တာတရားကို သက်သေခံကြရမည့်သူများ ဖြစ်ပါတယ်။ ထို့ကြောင့် ခရစ်ယာန်ဟုခေါ်ခံထိုက်ပါတယ်။ 

ထို့ကြောင့်၊ ချစ်စွာသော ခရစ်ယာန်ညီအစ်ကိုမောင်နှမများ၊ ခရစ်တော်နောက်တော်သို့လိုက်နေလျက် ခရစ်တော်၏သွန်သင်ချက်တွေကို မမေ့ကြပါနှင့်။ အထူးသဖြင့် မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်းကို မမေ့ကြဘဲ ထိုတရားများအား ကမ္ဘာလောကကြီးတစ်ခုလုံးအား ဝေမျှဖို့ တာဝန်ကိုယ်စီ ရှိနေတာကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပါ။ 
ဤနေ့ပါစကားပွဲတော်နေ့။ ခရစ်သခင်ဟာ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် လောကသား အားလုံးအတွက် ပျောက်ဆုံးနေသော ကောင်းကင်နိုင်ငံတော်အနာဂတ်မျှော်လင့်ချက်ကို ပေးစွမ်းခဲ့ပါပြီ။ ကျွန်တော်တို့တတွေဟာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းကျေးဇူးတော်များကို  မေတ္တာတရားနှင့် ကျင့်ဆောက်တည်နိုင်ပါပြီ။ ဘ၀ဆိုတာ တစ်ခုခုကို အမြဲရှာဖွေနေခြင်းပါပဲ။ ဘ၀မှာ ရှာဖွေစရာမရှိတော့ဘူး ဆိုတာနဲ့ ကျွန်တော်တို့တတွေဟာ စိတ်လေပြီး ငြီးငွေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ဘ၀ကို အမြဲရှင်သန်နေဖို့ ရှာဖွေခြင်းတစ်ခုခုကို အမြဲပြုလုပ်နေရပါလိမ့်မယ်။ 

မာရိယာမာဒလေနားလည်း ကိုယ်တော်ဘုရားကို ရှာဖွေနေပါတယ်။ သူမ၏စိတ်ထဲမှာ ကိုယ်တော်ဘုရားကို အခြားလူတစ်စုက အဝေးတစ်နေရာသို့ ယူဆောင်သွားကြပြီလို့ ထင်မှတ်နေပါတယ်။ သို့သော်လည်း ဘယ်ကို သယ်ဆောင်သွားကြသလဲဆိုတာ သူမ မသိပါ။ ထို့ကြောင့် သူမလည်း ကိုယ်တော်ဘုရား၏အလောင်းတော် သွင်းထားရာ ကျောက်ဂူဝမှာ ထိုင်ငိုနေပါတယ်။ ၎င်းကိုသိ၍ ကိုယ်တော်ဘုရား ကြွလာပြီး သူမအား မည်သူ့ကို ရှာဖွေနေပါသလဲလို့ မေးမြန်းပါတော့တယ်။အမှန်တကယ်တော့ ကိုယ်တော်ဘုရားကို ရှာဖွေဖို့ ကိုယ်တော်ဘုရားကိုယ်တော်တိုင် ပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤရှာဖွေခြင်းမှာပဲ ကျွန်တော်တို့ဘ၀၏ ရှင်သန်ရာ အကြောင်းအရင်း ဖြစ်နေလို့ပါ။ ဘုရားကို ရှာဖွေတယ်ဆိုတာ ဘ၀မှာ အကြီးမြတ်ဆုံး ရှင်သန်ရာအကြောင်းရင်းပါပဲ။ ကိုယ်တော်ဘုရားကို တွေ့ရှိ သိမှတ်ချိန်မှာတော့ မာရိယာတစ်ယောက် "ရာဘောနီ" ဟုဝမ်းသာအားရဖြင့် ခေါ်ဆိုလိုက်ပါတော့တယ်။ ရာဘောနီဆိုသည်မှာ ဆရာသခင်ဟု ဆိုလိုပါတယ်။ 

မိတ်ဆွေခရစ်ယာန်အပေါင်းတို့၊ ဒီနေ့ ကျွန်တော်တို့တတွေလည်း မာရိယာမာဒလေနားလို ကိုယ်တော်ကို ရှာဖွေနေတဲ့ ဘ၀ခရီးရှာပုံတော်မှ ရှာဖွေနေသူတွေပါပဲ။ ရာဘောနီ (ဆရာသခင်)ကို တွေ့ကြပြီလား။ ထိုဆရာသခင်ကို ဘယ်မှာရှာဖွေနေကြပါသလဲ။ ခရစ်တော်သခင် အသေအချာမှာခဲ့တာတော့ - အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင် ပြုစုကြပြီ (မာတေဦး ၂၅း၄၀)။ ထို့ကြောင့် ကျွန်တော်တို့တတွေလည်း ကိုယ်တော်သခင် ရာဘောနီ ယေဇူးခရစ်တော်အား အသိမ်ငယ်ဆုံးသော ကျွန်တော်တို့၏ညီအစ်ကိုများဖြစ်သည့် ဆင်းရဲသောသူများ၊ ဒုက္ခရောက်နေသူများ၊ ဝေဒနာခံစားနေရသူများ၊ နာမကျန်းသူများ၊ အစွန့်ပစ်ပယ်ခံရသူများ၊ လူ့အသိုင်းဝိုင်းမှ ပစ်ပယ်ခံရသူများ၊ အကျဉ်းခံနေရသူများ၊ စသည့် အကူအညီလိုအပ်နေသူများကြားမှာ ရှာဖွေရင် ပြီးပြည့်စုံလင်သော ပါစကားပွဲတော်၏ အနှစ်သာရကို ခံစားရရှိကာ ခရစ်တော်ဘုရားအား ဖူးမျှော်နိုင်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . . 

ဒိုမီနီကန် (ကိုရင်)