Wednesday, 31 December 2014

ဖာသာရ်ဂျွန်စောယောဟန်အား ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်အကူ ဆရာတော်အဖြစ် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ခန့်အပ်



ဒီဇင်ဘာ ၃၀၊ ၂၀၁၄ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကရင်လူမျိုးဖြစ်သော ဖာသာရ်ဂျွန်စောယောဟန် (အသက်တော် ၄၆နှစ်)အား ၎င်းဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်ကြောင်း ဗာတီကန်ရေဒီယိုမှတဆင့် ကြေငြာခဲ့ပါတယ်။

ဆရာတော်လောင်းသည် လက်ရှိရန်ကုန်ရဟန်းဖြစ်တက္ကသိုလ်ကျောင်းတော်ကြီးတွင် ကျောင်းအုပ်တာဝန် ထမ်းဆောင်လျက်ရှိပါတယ်။ 

ဆရာတော်လောင်းအား ၁၉၆၈ ခုနှစ်တွင် ဟုမ္မလင်းရွာတွင် မွေးဖွားခဲ့ပါတယ်။ ရဟန်းဖြစ်ကျောင်းအား စိန်ဂျိုးဇက်အခြေခံရဟန်းဖြစ်သင်ကျောင်းမှစတင်ကာ ပြင်ဦးလွင်ရှိ ဒဿနိကဗေဒကျောင်းနှင့် ရန်ကုန်ရဟန်းဖြစ်တက္ကသိုလ်တို့မှာ ရဟန်းတို့တတ်အပ်သော ပညာရပ်များကို ဆည်းပူးလေ့လာခဲ့ပါတယ်။ ထို့အပြင် အမေရိကသို့လည်း ပညာတော်သင်သွားရောက်ကာ ပညာရပ်အချို့ကို ဆက်လက်လေ့လာခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်၊ မတ်လ ၁၈ရက်နေ့တွင် ရဟန်းသိက္ခာတော်ကို ခံယူရရှိခဲ့ပါတယ်။ 

ရဟန်းသိက္ခာခံယူရရှိပြီးနောက် တမန်တော်လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး တာဝန်အချို့လည်း ပေးအပ်ခံခဲ့ရပါတယ်။ ၂၀၀၈ မှ ၂၀၁၁ ခုနှစ်အထိ ပဲခူးမြို့ရှိ အခြေခံရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ထို ၂၀၁၁ မှစ၍ ယနေ့ထိ ကိုယ်တော်အား ရန်ကုန်မြို့ရှိ ရဟန်းဖြစ်တက္ကသိုလ်ကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ယူထမ်းဆောင်လျက်ရှိပါတယ်။ 

ဆရာတော်လောင်း ဖာသာရ်ဂျွန်စောယောဟန်အတွက် ဂုဏ်ယူဆုတောင်းပေးကြရင်း ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းတေးဆိုကြပါစို့။ 

မနောအောင်

Sunday, 21 December 2014

ဂလိုရီးယားဂျာနယ် ဒီဇင်ဘာလ ၂၀၁၄

ဂလိုရီးယားဂျာနယ် ဒီဇင်ဘာလ ၂၀၁၄

စတုတ္ထအာဝင်ဒူးလ်တနင်္ဂနွေနေ့





သံလုကာ ၁း၂၆-၃၈

ခရစ္စမတ်ပွဲတော်ကြီး နီးလာသည်နှင့်အမျှ ဖတ်ရှု့ရသည့်ကျမ်းပိုဒ်တွေဟာလည်း အင်မတန်မှ မျှော်လင့်ချက်တွေနဲ့ ပြည့်စုံလှပါတယ်။ ယနေ့ဖတ်ရှု့ရသည့် ကျမ်းပိုဒ်တွေဟာလည်း ထာဝရဘုရားသခင်က သူ၏တစ်ပါးတည်းသော သားတော်အား ကျွန်ုပ်တို့လူသားများအကြား၊ ကျွန်ုပ်တို့ကဲ့သို့သော လူသားတစ်ဦးအဖြစ်မွေးဖွားလာဖို့အတွက် ပြင်ဆင်နေကြောင်းကို ဖော်ပြနေပါတယ်။ ယနေ့ဧ၀ံဂေလိတရားတော်တွင် ဒါဝိတ်မျိုးနွယ်ဝင် ဂျိုးဇက်နှင့် စေ့စပ်ထားသည့် အပျိုကညာစင် မာရိယာထံသို့ သိကြားတမန်တော်ဂေဗြီအဲလ်ရောက်လာပြီး ၀ိညာဉ်တော်တန်ခိုးအားဖြင့် ပိသနေစွဲ၍ သားယောက်ျားကို ဖွားမြင်ကာ ယေဇူးဟုအမည်ပေးရန် အမိန့်တော်ပြန်ကြောင်းကို ဖတ်ရှု့ရပါတယ်။ ထို့အပြင် ထိုသားယောက်ျားဟာ သူ၏ဘိုးဘေးဖြစ်တဲ့ ဒါဝိတ်၏ရာဇပလ္လင်ကို ဆက်ခံလိမ့်မည်ဟု ဆက်လည်ဖော်ပြထားပါတယ်။

ပထမကျမ်းထဲမှာတော့ ထိုဘိုးဘေး ဒါဝိတ်မင်းကြီးအကြောင်းကို ကြားနာရပါတယ်။ ထိုဒါဝိတ်မင်းကြီးလက်ထက်မှာပဲ ဘုရားသခင်ဟာ အီစ္စရေးလူမျိုးများထံ ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးခဲ့သလို သြဇာတန်ခိုးလည်း ကြီးထွားစေခဲ့ပါတယ်။ ထို့ကြောင့် ဒါဝိတ်မင်းကြီးဟာ ထာဝရဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ရန် စတင်ခဲ့ပါတော့တယ်။ ထိုဗိမာန်တော်ဟာ အီစ္စရေးတစ်မျိုးသားလုံးအတွက် ဗဟိုဖြစ်လာပြီး ဘုရားသခင်တည်ရှိခြင်း အမှတ်လက္ခဏာ သင်္ကေတဖြစ်လာခဲ့ပါတော့တယ်။ ၎င်းကြီးမြတ်သည့်အရာတွေထက် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဘုရားသခင်၏တုန့်ပြန်မှု့ပါပဲ။ ဒါဝိတ်မင်းကြီးဟာ ဗိမာန်တော်တည်ဆောက်ပေးတာထက် ဘုရားသခင်ကိုယ်တော်တိုင်က လူမျိုးတော်အတွက် အိမ်တော်တည်ဆောက်ပေးမည်ဖြစ်ပြီး ထိုအိမ်တော်ဟာ ဘုရားသခင်မှလွဲ၍ မည်သူမျှတည်ဆောက်ပေးနိုင်သည့်အိမ်တော် မဟုတ်ပါ။ ထိုအိမ်တော်ဟာ ထာဝရအသက်နှင့် ပျော်ရွှင်ခြင်းတည်ရှိရာအိမ်တော်- ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပါတယ်။ ထိုထာဝရအသက်နှင့် ပျော်ရွှင်ခြင်းတည်ရှိရာအိမ်တော်- ကောင်းကင်နိုင်ငံတော် တည်ဆောက်ပေးဖို့အတွက်ပင် ယေဇူးခရစ်တော်ကြွလာတော်မူခဲ့ပါတယ်။ 

မိတ်ဆွေ။ ကျွန်တော်တို့တတွေလည်း ထိုအိမ်တော်အမွေကို ဆက်ခံဖို့ ကြိုးစားနေသူတွေပင် မဟုတ်ပါလား။ သို့ဖြစ်လျှင် ထိုအိမ်တော်ကို တည်ဆောက်ပေးမည့် သူငယ်တော်ယေဇူးကိုတော့ ကြိုဆိုလက်ခံဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်လိုကြိုဆိုလက်ခံကြမလဲခင်ဗျာ။
အာဝင်ဒူးလ်ဆိုသည့်အဓိပာယ်ဟာ လာတင်ဘာသာစကား Adventus ဆိုသည့် ကြွလာခြင်း ဖြစ်ပြီး ယေဇူးခရစ်တော်၏ ဒုတိယအကြိမ်မြောက်ကြွလာခြင်းအား ရည်ညွန်းဆိုလိုခြင်းဖြစ်ပါတယ်။ အမှန်တကယ်ပါပဲ -ယေဇူးခရစ်တော်ဟာ ကြွလာနေပါပြီ။ ထိုကြွလာခြင်းအတွက်ပဲ သံယောဟန်ဗတ္တိဇံလို ကျွန်တော်တို့တတွေ ပြင်ဆင်ရပါလိမ့်မယ်။ ထိုသို့ ပြင်ဆင်ခြင်းမှာ ဘုရားသခင်အား ဆာလောင်ခြင်း၊ ရှာဖွေခြင်းနှင့် ဘုရားသခင်ဆီရောက်ရှိခြင်း စသဖြင့်ကြိုးစားနေရပါလိမ့်မယ်။ ထို့ကြောင့် Adventus ဟူသော ကြွလာခြင်းဟာ ခရစ်တော်၏ကြွလာခြင်းအပြင် ကျွန်တော်တို့ကိုယ်တိုင် ခရစ်တော်ထံ လာရောက်ခြင်းဟုလည်း ဆိုလိုနိုင်ပါတယ်။ ခရစ်တော်ဆီ ကျွန်တော်တို့လာရောက်သည့်အခါ ကျွန်တော်တို့နှလုံးသားများကိုဖွင့်၍ ၀ိညာဉ်ရေးမြုံခြင်း ကင်းဖို့လိုအပ်ပါတယ်။

ဒီနေ့ခေတ်ကာလမှာ ခရစ္စမတ်ကာလဆိုတာ ကမ္ဘာအ၀ှမ်း လူတိုင်းသိတဲ့အရာပါ။ သို့ပေမယ့်လည်း သိတာချင်းမတူနိုင်ပါဘူး။ ခရစ်ယာန်ယဉ်ကျေးမှု့တစ်ခု ကမ္ဘာကိုပြန့်နှံ့သွားတယ်ဆိုပါစေ - အဲဒီ ယဉ်ကျေးမှု့ကို ပိုင်ဆိုင်တဲ့ ခရစ်ယာန်တွေပင် ခရစ္စမတ်ကို သိတာချင်းမတူသေးပါဘူး။ ဒီနေ့ဒီခေတ်မှာ ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ပြောင်းလဲလာနေပြီ။ ပြောင်းလဲလာတဲ့ အဓိပ္ပာယ်နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ကျင်းပတာတွေလည်း မတူနိုင်ကြတော့ဘူး။ ဥပမာ- ခရစ္စမတ်ပွဲမို့ ကျွန်ုပ်တို့ပတ်ဝန်းကျင်ကို အလှဆင်ကြတယ်။ ရုံးတွေ၊ အိမ်တွေ၊ လမ်းတွေမှာ ခရစ္စမတ်အလှဆင်ထားမှု့တွေက အငွေ့သက်နေပြီ။ ကုန်စည်တွေက ခရစ္စမတ်လျော့ဈေးတဲ့ - စီးပွားရေးကိရိယာတစ်ခုလိုပဲ။ လူတွေကလည်း ခရစ္စမတ်မို့ အလှတွေဆင်ကြတယ် - လက်ဆောင်တွေပေးကြ - ယူကြနဲ့ ပွဲတော်တစ်ခုပါပဲ။ သို့သော်လည်း ခရစ်တော်ပျောက်နေတဲ့ ခရစ္စမတ်ပဲ။ ခရစ္စမတ်၏ အဓိပ္ပာယ်စစ်စစ်ကို ဖာသိဖာသာထားလိုက်ကြပြီ။ ဒီနေ့ ဒီအချိန်မှာ ခရစ္စမတ်ပွဲတော်အတွက် ၀ိညာဉ်ရေးအလှဆင်သူ ရှားပါးလာပြီ။ မျှော်လင့်ချက်တွေက ၀ိညာဉ်ရေး အလှတရားမှာထက် အပြင်ဘမ်းအလှတရားမှာ ပိုနေပြီ။

ကျွန်တော်တို့ခရစ်ယာန်များအတွက် အပြင်ဘမ်းအလှတရားများထက် ၀ိညာဉ်ရေးအလှဆင်ဖို့ ပို၍လိုအပ်ပါတယ်။ ထို့အတွက် ကျွန်တော်တို့ယုံကြည်ခြင်းနှင့်အတူ အမြဲတမ်း တရားထောက်ရှု့နေဖို့ လိုအပ်ပါတယ်။ တချိန်တခါက ပရော်ဖက်များဟာ ယေဇူးခရစ်တော်ကြွလာခြင်း (လူ့အဖြစ်ကိုယူခြင်း) အတွက် ပြင်ဆင်ဖို့တာဝန်ကို ယူခဲ့ကြသလို ယနေ့ခေတ် ကျွန်တော်တို့ခရစ်ယာန်များအတွက် ယေဇူးခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းအတွက် ပြင်ဆင်နေကြဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ဟာ ခက်ခဲပါတယ် သို့ပေမယ့်လည်း ဘုရားသခင်၏အကူညီအားဖြင့် အားလုံးကို အောင်မြင်စေပါတယ်။

မိတ်ဆွေ၊ ဒီအချိန် ဒီခရစ္စမတ်ဟာ ကျွန်တော်တို့ခရစ်ယာန်များအတွက် စစ်မှန်သည့် ခရစ္စမတ်စိတ်ဓါတ်ဖြင့် ၀ိညာဉ်ရေးရာမှာ သက်သေခံဖို့ အခွင့်အခါကောင်းပါပဲ။ ယနေ့ခေတ်လို လောကကြီးမှာ စစ်မှန်သည့် ခရစ္စမတ်စိတ်ဓါတ်ဖြင့် ခရစ်တော်အားသက်သေခံဖို့ရန် အကောင်းဆုံးအချိန်ကာလပါပဲ။ အသင်းတော်အသင်းတော်၌လည်း ခရစ္စမတ်ပွဲတော် မရောက်ခင်၊ ယေဇူးခရစ်တော်၏မွေးနေ့ပွဲတော် မရောက်ခင် ပြင်ဆင်ဖို့ရန်အတွက် ၎င်း၏၀တ်ပြုကိုးကွယ်ရာ ပြကဒိန်မှာ အာဝင်ဒူးလ်ကာလ ရက်သတ္တပတ်လေးပတ်ကို ထည့်သွင်းပေး၍ ၀ိညာဉ်ရေးရာမှာ ပြင်ဆင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ထိုပြင်ဆင်ခြင်းဟာ ခရစ်တော်၏ဒုတိယအကြိမ် ကြွလာခြင်းထိအောင်ပင် အရေးပါနက်ရှိုင်းပါတယ်။ ထိုကြောင့် အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်ဖြင့် အသက်သွင်းစေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့မျှော်လင့်ချက်ဟာ အနာဂတ်ကာလ၏ ကယ်တင်ခြင်းဖြစ်ပြီး ထိုကယ်တင်ခြင်းတရားကို သမိုင်း၏ဖြစ်ရပ်မှန်ဖြင့် သက်သေတည်ပါတယ်။ ဒါကြောင့် ခရစ္စမတ်ဆိုတာ အောက်မေ့သတိရလျက် ဂုဏ်ပြုရုံမကဘဲ ကျွန်ုပ်တို့၏ အနာဂတ်မျှော်လင့်ချက်တို့ကို အပ်နှံစေပါတယ်။ 

ခရစ္စမတ်အတွက် ကောင်းဆုံးပြင်ဆင်သွားကြပါစို့။ ကျွန်ုပ်တို့မျှော်လင့်ချက်တွေဟာ ဧ၀ံဂေလိတရားတော်ဖြင့် မှန်ကန်ကိုက်ညီနေပါစေ။ လူ့အဖြစ်ကို ယူတော်မူသော ဧမာနူအဲလ်အရှင်သခင်၏ ဧ၀ံဂေလိတရားတော်သည် ကျွန်ုပ်တို့အားလုံး၏ ခွန်အားနှင့် လမ်းဖြစ်စေ၍ ကမ္ဘာမြေကြီးပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိပါစေ။

ကိုရင် (ဒိုမီနီကန်)

Saturday, 6 December 2014

ဒုတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့ ကမ္မဌာန်းရှု့ချက်


ဒုတိယအာဝင်ဒူးလ်တနင်္ဂနွေနေ့မှာ ယေဇူးခရစ်တော်၏နိမိတ်ရှေ့ပြေးဖြစ်တဲ့ သံယောဟန်ဗတ္တိဇံ၏ ဟောပြောချက်ကို ဧ၀ံဂေလိတရားတော်အဖြစ် အသင်းတော်၏၀တ်ပြုကိုးကွယ်ခြင်းမှာ ထည့်သွင်းထားပါတယ်။ ဓမ္မဟောင်းမှပရော်ဖက် အီဇာယ ကြိုတင်ဟောခဲ့သည့်အတိုင်း သံယောဟန်ဗတ္တိဇံဟာ တောကန္တာရတွင် - ဘုရားသခင်ကြွလာတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့၊ ကိုယ်တော်၏လမ်းများကို ဖြောင့်တန်းစေကြလော့ဟူ၍ ဟောပြောပြီး အပြစ်များခွင့်လွှတ်ခြင်းခံရရန်အတွက် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းမင်္ဂလာပေးနေပါတယ်။ ထိုနောက် ခရစ်တော်အား ရည်ညွှန်း၍ - ငါ့နောက်မှကြွလာမည့်သူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ သူ၏ခြေနင်းတော်ကိုမျှပင် သယ်ဆောင်ခြင်းငှာ ငါမထိုက်။ သူသည် သင်တို့ကို ၀ိညာဉ်တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည် ဟူ၍ ဟောပြောသက်သေခံနေပါတောတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း သံယောဟန်ဗတ္တိဇံ၏ဟောပြောချက်ကို ကြားမိရဲ့လား။ ထိုတရားကိုကော ကျွန်ုပ်တို့ဘယ်လိုတုန့်ပြန်ကြမလဲ။

သခင်ကြွလာမည့်လမ်းကို ပြင်ဆင်ထားဖို့ဆိုသည်မှာ ကျွန်ုပ်တို့တတွေအနေဖြင့် လမ်းတည့်တည့်ကို မျက်နှာမူလျှောက်လှမ်းဖို့ဖြစ်ပါတယ်။ ဒီတော့ သခင်လာမည့်လမ်းတည့်တည့်ကို မျက်နှာမူလျှောက်လှမ်းဖို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။

လက်တွေ့မှာသေချာကြုံတွေမိတတ်တာတွေက ကျွန်ုပ်တို့တတွေဟာ ကိုယ်ပိုင်လမ်းတွေဖြစ်တဲ့ ကိုယ့်အစီအစဉ်တွေ၊ ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ့်လောဘတွေ၊ ကိုယ့်အကျိုးမြတ်တွေ၊ ကိုယ့်ကောင်းစားရေးတွေ စသဖြင့်သောလမ်းတွေဘက်မှာ မျက်နှာမူနေလျက်သား ဖြစ်နေတတ်ကြပါတယ်။ ထိုကြောင့် သခင့်လမ်းဘက်သို့ မျက်နှာမူလျှောက်လှမ်းဖို့ ပြင်ဆင်ဖို့ ဟောပြောနေရခြင်းဖြစ်ပါတယ်။ သခင့်လမ်းဘက်သို့ မျက်နှာမူလျှောက်လှမ်းခြင်းဟာ ဘုရားသခင်ဖြစ်စေချင်တာကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။

ဘုရားသခင်ဖြစ်စေချင်တာ ခရစ်တော်၏တရားတော်အရ အဓိကနှစ်ချက်တည်းသာ ရှိပါတယ်။ ဘုရားသခင်ကို ကိုယ်စွမ်းရှိသမျှ ချစ်ဖို့နှင့် မိမိနှင့်နီးစပ်သူများကို ချစ်ဖို့သာဖြစ်ပါတယ်။ သို့သော်လည်း နှစ်ချက်တည်းသာ ဆိုသော်လည်း ကျွန်ုပ်တို့တတွေအတွက် ယုံကြည်ခြင်းနှင့် ကျေးဇူးတော်မပါပဲ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ထိုအချက်နှစ်ချက်ဟာ ကျွန်ုပ်တို့ဘ၀ကို တရားတော်နှင့်ပြည့်ဝစေပြီး ဘုရားသခင်၏အသွင်သဏ္ဍာန်ကို ပြောင်းလဲစေပါတယ်။ ထိုကြောင့်ပင် ခရစ်တော်လူ့ပြည်ကြွလာချိန်မှာလည်း လူတွေထင်မှတ်ထားသည့် ကယ်တင်ခြင်းမဟုတ်ဘဲ ထိုကဲ့သို့ ဘုရားသခင်၏အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲပေးသည့် ကယ်တင်ခြင်းတရားပင်ဖြစ်ပါတယ်။ ထိုကြောင့် သူ၏တရားတော်တွေဟာ ကျွန်ုပ်တို့အတွက် ထိုကဲ့သို့ ဘုရားသခင်၏အသွင်သဏ္ဍာန်ပြောင်းလဲပေးသည့် ဆေးများပင် ဖြစ်ပါတယ်။ သူ၏ လူ့အဖြစ်ယူခြင်းနှင့်အတူ၊ အသက်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းတရားကို ယခင် လုံးဝမရနိုင်သည့်အခြေအနေမှ ယခု ရယူနိုင်သည့်အခြေအနေသို့ ပြောင်းလဲပေးခဲ့ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်ဆုံးဖြတ်ခွင့်ကို ဘုရားသခင်လေးစားသောကြောင့် ယခင် ပိတ်ထားသည့်ကောင်းကင်နိုင်ငံတံခါ - ယခုစေ့ရုံသာစေ့ထားသည့် ကောင်းကင်နိုင်ငံတံခါးကို သင်နှင့်ကျွန်ုပ် ဆန္ဒရှိလျှင် တွန်းဖွင့်ဝင်လို့ရနေပါပြီ။

ကျွန်ုပ်တို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ခွင့်တွေကြောင့် ကယ်တင်ခြင်းတရားဟာ ကျွန်ုပ်တို့အပေါ် ကျရောက်နေသလို ထင်ရသော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို ပစ်မထားပါဘူး။ ဓမ္မဟောင်းသမိုင်း တလျှောက်မှာလည်း ရဟန်းအကြီးအကဲတွေ၊ ပရော်ဖက်တွေ အားဖြင့် လမ်းပြပေးခဲ့သလို နောက်ဆုံး တစ်ပါးတည်းသောသားတော် ခရစ်တော်ကိုစေလွှတ်ပြီးတောင်လမ်းပြပေးခဲ့ပါတယ်။ ခရစ်တော် ကောင်းကင်ဘုံသို့ကြွသွားသည့်တိုင်အောင် အသင်းတော်အားဖြင့်၊ စက္ကရမင်တူးများစွာနှင့် ကျွန်ုပ်တို့အား ဆက်လက်ပြီးလမ်းပြနေတာဖြစ်ပါတယ်။ ထို့အပြင် အကြီးမားဆုံးလမ်းပြအဖြစ် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို စေလွှတ်ပေးထားပြီး ကျေးဇူးတော်များသည် ကျွန်ုပ်တို့အား အလင်းမှန်မြင်စေတာပါပဲ။

ကျွန်ုပ်တို့တတွေ အလင်းမှန်မြင်လာသည့်နှင့်အမျှ ကိုယ့်အမှားတွေ၊ ကိုယ့်အပြစ်တွေကို သိမြင်လာပါလိမ့်မယ်။ ကိုယ့်အမှားတွေ၊ ကိုယ့်အပြစ်တွေသိမြင်လာသည့်နှင့်အမျှ နောင်တရစိတ်အလိုလို ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ နောင်တရစိတ်ဖြစ်ပေါ်လာသည့်နှင့်အမျှ အပြစ်ခွင့်လွှတ်ချမ်းသာရဖို့ နည်းလမ်းရှာလာကြမှာ ဖြစ်ပါတယ်။ ဒါတွေဟာ အကြောင်းအကျိုးဆက်တွေသာဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်ုပ်တို့တတွေလည်း ယောဟန်ဗတ္တိဇံဆီမှာ ကိုယ့်အပြစ်များကိုထုတ်ဖော်ဝန်ခံပြီး ဆေးကြောခြင်းခံယူသည့် လူများလို ပြောင်းလဲလာကုန်မှာ ဖြစ်ပါတယ်။ ယနေ့အသင်းတော်အတွင်း ဆေးကြောခြင်းခံယူပြီးသူများအတွက်လည်း အာပတ်ဖြေခြင်းစက္ကရမင်တူးအားဖြင့် သန့်ရှင်းခြင်းကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ထိုမှသာ ကျွန်ုပ်တို့တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ခွင့်အားဖြင့် တရားတော်နှင့်ပြည့်ဝပြီး ဘုရားသခင်၏အသွင်သဏ္ဍာန်သို့ ပြောင်းလဲရန် ခရစ်တော်၏လမ်းဘက်သို့ မျက်နှာမူ လျှောက်လှမ်း ကြတော့မှာဖြစ်ပါတယ်။ ဤသည်ပင် ယနေ့ယောဟန်ဗတ္တိဇံမိန့်ဆိုသည့် သခင့်အတွက် လမ်းကို ပြင်ဆင်ခြင်းပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေ သခင့်လမ်းဘက်သို့ တည့်တည့်ဦးတည်ကာ လျှောက်လှမ်းရင် ထိုလမ်းအတွက် အကောင်းဆုံးပြင်ဆင်နိုင်ရန် ကြိုးစားရင်း သန့်ရှင်းသောဝိညာဉ်တော်အလင်းကျေးဇူးများ ဆက်လက်တောင်းခံသွားကြပါစို့

ကိုရင် (ဒိုမီနီကန်)